← Chapters

အဆုံးသတ်လား

Vol. 8 Ch. 778

အဆုံးသတ်လား

Vol. 8 Ch. 778

“BBC သတင်းဌာနမှ ကြိုဆို ပါတယ်ရှင် ... ကျွန်မကတော့ အစီအစဉ် တင်ဆက်သူ ကက်တယ်လီနာပါ ... အခုက စပြီး နတ်ဘုရားအဖွဲ့ တွေ့ဆုံပွဲ အကြောင်းကို တိုက်ရိုက် ထုတ်လွှင့် တင်ပြပါမယ်”

အရှေ့တိုင်း၏ မီဒီယာများသာမက အနောက်တိုင်း၏ တီဗီ ချန်နယ် များကလည်း ယင်ဖုန်း မျှော်စင်ရှိ အဖြစ်အပျက်အား တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ကြ၏။

မည်သို့ပင် ဆိုစေ ထိုတိုက်ပွဲက ကမ္ဘာ့ လူဦးရေ သုံးပုံတစ်ပုံ၏ အနာဂတ်ကို အဆုံးအဖြတ် ပေးမည့် တိုက်ပွဲ ဖြစ်သည်။ ကမ္ဘာကြီး စတင် ပြောင်းလဲစဉ်မှ စ၍ အရှေ့တိုင်းသည် အစဉ်အမြဲ အားနည်းခဲ့သည်။

အကယ်၍ မြေကမ္ဘာ နတ်ဘုရား အားလုံးသာ နဂါးရေကန်၏ လက်အောက်၌ စုစည်းမိပါက အရှေ့တိုင်းသည် ခရစ်ယာန် ဘုရားကျောင်းကို ပြန်လည် ပခုံးချင်း ယှဉ်နိုင်လိမ့်မည် ဖြစ်သည်။

တစ်ချိန်တည်း၌ စီအိုင်အေ၏ လျှို့ဝှက် ဖိုရမ်တွင် များစွာသော လူများသည် ဆွေးနွေး နေကြသည်။

“ငါ့အထင် နတ်ဘုရားအဖွဲ့ အကောင်အထည် ပေါ်လာဖို့ မဖြစ်နိုင်ဘူး ... အရှေ့တိုင်းရဲ့ မြေကမ္ဘာ နတ်ဘုရား တော်တော်များများက နတ်ဆိုးတွေ မွန်းစတားတွေ ... တကယ်လို့ ရဲ့ချင်စန်းတို့ သေရင်တောင် အရှေ့တိုင်းရဲ့ လူသားတွေက နဂါးအိုကြီးကို သူတို့ရဲ့ ခေါင်းဆောင်အဖြစ် လက်ခံမယ် မထင်ဘူး …”

“ဒါပေမဲ့ ဘာလုပ်နိုင်မှာလဲ ... မြောက်ပိုင်းချုံး ဂိုဏ်းက ကမ္ဘာရဲ့ အင်အား အကြီးဆုံး ဂိုဏ်းဖြစ်ခဲ့ပေမဲ့ ချန်းပေ့ရွှမ်း မရှိတည်းက တဖြည်းဖြည်း အားနည်းလာနေခဲ့တာ ... အခုဆိုရင် သူတို့က နဂါးရေကန် မပြောနဲ့ ... ကူနတ်ဘုရား ဂိုဏ်းကိုတောင် မယှဉ်နိုင် တော့ဘူး”

အနောက်တိုင်းရှိ လူတိုင်းသည် အရှေ့တိုင်း၏ အစည်းပြေမှုကို သိသိသာသာ မြင်ကြရ၏။

တစ်ဖက်၌ နဂါးရေကန်၏ နဂါးအိုကြီးသည် အလွန် အစွမ်းထက်သည် ဆိုသော်လည်း ၎င်းကား သားရဲသာ ဖြစ်သည်။ လူသားများက သူ၏ ခေါင်းဆောင်မှုကို မလိုလားကြချေ။

အခြားတစ်ဖက်၌ ရဲ့ချင်စန်းနှင့် မြောက်ပိုင်းချုံးတို့မှာ လူသားမျိုးနွယ်၏ ထောက်ခံမှုကို ရရှိသည့်တိုင် သူတို့သည် နဂါးအိုကြီးကို ယှဉ်နိုင်သည် အထိ အစွမ်း မထက်ချေ။

အကယ်၍ နှစ်ဖက်စလုံးကသာ နောက်သို့ ခြေတစ်လှမ်းဆုတ်ရန် ငြင်းဆန်ပါက တိုက်ပွဲက မလွဲမသွေ ဖြစ်လာလိမ့်မည် ဖြစ်သည်။

“ဟဟ ... အနည်းဆုံးတော့ အရှေ့တိုင်းရဲ့ လူသားတွေက အဲဒီ နတ်ဆိုးတွေကို တိုက်ခိုက် ရဲသေးတယ် ... ငါတို့ ဥရောပကတော့ တန်ပြန် တိုက်ခိုက်ဖို့ မပြောနဲ့ တန်းပြီး ဒူးထောက်ခဲ့တာ ... နှစ်ငါးရာ တည်ဆောက် လာခဲ့ရတဲ့ လူနေမှု ဘဝ၊ လွတ်လပ်မှုတွေ အကုန်လုံး ဒီလိုပဲ လွယ်လွယ်နဲ့ ဖျက်ဆီး ခံလိုက်ရတာ”

တစ်စုံတစ်ယောက်က ခံပြင်းစွာ ဆိုလိုက်သည်။

လူတိုင်းသည် နောက်တစ်ကြိမ် ပြန်လည် တိတ်ဆိတ် သွားကြ၏။ ထိုအရာက မှန်ပေသည်။ သူတို့တွင် သူတော်စင်များကို တန်ပြန် တိုက်ခိုက်ရဲသည်အထိ သတ္တိ အနည်းငယ်ပင် မရှိခဲ့ချေ။

“ဒါတွေ ထားလိုက်ပါလေ ... တိုက်ပွဲ ဘယ်လို အဆုံးသတ်မလဲ ဆိုတာပဲ ကြည့်ရအောင် ... တကယ်လို့ မြောက်ပိုင်းချုံး ရှုံးရင် ကမ္ဘာရဲ့ လူသား မျိုးနွယ် တစ်ခုလုံးက မျိုးနွယ်ခြားတွေ ရှေ့မှာ ဒူးထောက် ကြရတော့မှာ”

အတန်ကြာမှ မစ္စတာ လေ့လာသူက သက်ပြင်းချရင်း ပြောလိုက်၏။ သူကား ချန်းဖန် ပျောက်ကွယ်သွားသော လွန်ခဲ့သည့် သုံးနှစ်ခန့်မှ စ၍ ပေါ်မလာခဲ့ခြင်း ဖြစ်ပြီး ယခုမှသာ ဖိုရမ် အတွင်း၌ ပထမဆုံး ပြန်လည် စကားပြောခဲ့ခြင်း ဖြစ်သည်။

ထိုအချိန် ကျောင်းဟိုင်၏ ကောင်းကင် အထက်၌ …

“ဟူး ... ဟူး …”

မြေကမ္ဘာအဆင့် အယောက် နှစ်ဆယ်သည် နှစ်ဖွဲ့ခွဲကာ မျက်နှာချင်းဆိုင်လျက် ရပ်နေကြသည်။

တစ်ဖွဲ့၌ မျိုးနွယ်ခြား နတ်ဘုရားများ ပါဝင်ကာ အခြားတစ်ဖွဲ့တွင်မူ လူသား ကျင့်ကြံသူ ငါးယောက် ပါဝင်၏။

လူတိုင်းသည် တိုက်ပွဲ မစခင်မှာပင် တိုက်ပွဲ၏ ရလဒ်အား ရေးတေးတေး မြင်ယောင်မိ နေကြပြီ ဖြစ်သည်။ သို့သော်လည်း သူတို့သည် မျှော်လင့်ချက် အရိပ်အယောင်ကို ဆွဲကိုင်ကာ တိုက်ပွဲအား ဆက်လက် ကြည့်ရှု့ ကြ၏။

“ရဲ့ချင်စန်း ... ချန်းဟွိုက်အန်း ... နောက်ဆုံးတော့ မင်းတို့ ရောက်လာပြီပေါ့ ... ငါက မင်းတို့ကို ပုန်းနေတယ်လို့ ထင်နေတာ ... ဟား ... ဟား …”

မရဏသခင်က ဟားတိုက် ရယ်မောရင်း သရော်လိုက်၏။

“ဟမ့် ... မင်းတို့ကို ကြောက်မယ် ထင်နေတာလား”

ရဲ့ချင်စန်းက မောက်မာစွာ ကြည့်ရင်း ပြန်လည် ချေပလိုက်သည်။

လွန်ခဲ့သည့် နှစ်များ အတွင်း၌ ခွန်းလွန်သည်များစွာ အထိနာခဲ့ပြီး သူကိုယ်တိုင်မှာလည်း ဆံပင်များပင် ဖြူသည်အထိ ဖိအားများကို ကြုံတွေ့ခဲ့ရသည်။ သို့သော်လည်း ရဲ့ချင်စန်းကား မားမားမတ်မတ် ရပ်နေဆဲ ဖြစ်၏။

“ဟဟ ... နျူကလိယ အားကိုးနဲ့ ငါတို့ကို ယှဉ်နိုင်မယ် မထင်လေနဲ့ ... အကောင်းဆုံးက နဂါးဘိုးဘေး အမိန့်ကို နာခံပြီး ငါတို့နဲ့ ပူးပေါင်းလိုက် ... အဲဒီလို မဟုတ်ပဲ နတ်ဘုရား အဖွဲ့ကို ပါဝင်ဖို့ ငြင်းဆန်မယ် ဆိုရင်တော့ ငါတို့ကို အပြစ် မတင်နဲ့တော့”

ကူနတ်ဘုရားက အနည်းငယ် ပြုံးရင်း ဆိုလိုက်သည်။

သူကား ပိန်ပါးပြီး အမူအရာ ကင်းမဲ့သော သက်လတ်ပိုင်း လူတစ်ယောက် ဖြစ်သည်။ သူ၏ ပုံစံက အနေအေးဟန် ရသော်လည်း သူ၏ မျက်လုံးများကမူ ရက်စက်မှုဖြင့် တလက်လက် တောက်ပနေ၏။

“ဟမ့် ... မင်းတို့ နဂါးအိုကြီးက အရှေ့တိုင်းရဲ့သခင် ဖြစ်ချင်ရင် သူ ကိုယ်တိုင် ဘာလို့ မလာတာလဲ”

ဟွာရန်ဖန်းက နှာခေါင်းရှုံ့ရင်း ဆိုလိုက်သည်။

“ငါတစ်ယောက်တည်းကပဲ မင်းတို့ အကုန်လုံးကို အနိုင်ယူဖို့ လုံလောက်တယ် ... ဘိုးဘေးသခင် ကိုယ်တိုင်လာဖို့ မလိုဘူး”

ရွှေရောင် ဝတ်စုံ ဝတ်ဆင်ထားသော မြေကမ္ဘာ နတ်ဘုရားက ရှေ့သို့ တစ်လှမ်း တိုးရင်း ဆိုလိုက်၏။

ထိုမြေကမ္ဘာ နတ်ဘုရား၏ ခြေအစ၊ ခေါင်းအဆုံး ခန္ဓာကိုယ် တစ်ခုလုံးသည် ရွှေရောင် တောက်ပနေ၏။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စွမ်းအင် ဖိအားမှာ မရဏသခင်ထက်ပင် ပိုမို ပြင်းထန် နေသေးသည်။

“ဧကရာဇ် ကန်နယ်ဟာ …”

ရဲ့ချင်စန်းနှင့် အခြားလူများ၏ အမူအရာများမှာ အလွန်တရာ လေးနက် သွားကြသည်။

ဧကရာဇ် ကန်နယ်ဟာ …

သူကား မြေကမ္ဘာ သတ်မှတ်ချက် နံပါတ် ၅ ဖြစ်ပြီး မွန်းစတားများထဲ၌ နဂါးအိုကြီး ပြီးလျှင် အစွမ်းအထက်ဆုံး ဖြစ်သည်။ သူ၏ မူလ ပုံစံမှာ ရွှေရောင် လင်းယုန် ဖြစ်ပြီး အသံထက် ဆယ်ဆအထိ ပျံသန်း နိုင်၏။

“ကန်နယ်ဟာ ... မင်းက နဂါးအိုကြီးရဲ့ အစေခံ တစ်ယောက်ပဲ ... မင်းက မင်းကိုယ်မင်း ဧကရာဇ် နာမည်တပ်ပြီး ခေါ်နေတာ မရှက်ဘူးလား”

ဟွာရန်ဖန်းက အော်ဟစ် လှောင်ပြောင် လိုက်၏။

“သောက်ရူးကောင် ... မင်းပါးစပ်ကို ပိတ်ထားစမ်း”

မြေကမ္ဘာ နတ်ဘုရားများက ဒေါသတကြီး အော်ဟစ် လိုက်ကြသည်။

ဧကရာဇ် ကန်နယ်ဟာ၏ မျက်လုံးတွင်လည်း ရွှေရောင်အလင်းအချို့ ဖြတ်ပြေး သွား၏။ သို့သော်လည်း သူက အေးဆေးစွာပင် ဟွာရန်ဖန်းကို ကြည့်ရင်း ပြောလိုက်သည်။

“ဟွာရန်ဖန်း ... မင်းက အရှေ့တိုင်းရဲ့ မြေကမ္ဘာ နတ်ဘုရားတွေထဲမှာ ခေါင်းအမာဆုံးလို့ ငါကြားဖူးတယ် ... လွန်ခဲ့တဲ့ နှစ်အတွင်းမှာ မင်းက ရေမွန်းစတား သုံးယောက်နဲ့ ရင်ဆိုင် တွေ့ခဲ့တယ် ... ဒါပေမဲ့ မင်းက ထွက်မပြေးဘဲ သုံးရက် တိုင်တိုင် တိုက်ခိုက်ပြီး မွန်းစတား နှစ်ယောက်ကို သတ်နိုင်ခဲ့တယ် ... ဒါပေမဲ့ ငါက အဲဒီ ရေမျှော့လေးတွေလို အားနည်းတဲ့သူ မဟုတ်ဘူး ... လှုပ်ရှားမှု သုံးခုနဲ့တင် ငါမင်းကို သတ်နိုင်တယ်”

ဧကရာဇ် ကန်နယ်ဟာ၏ အသံက သံပြားတစ်ပြားကို စတီးဓားဖြင့် လှီးဖြတ်နေသည့်အလား စူးရှ အေးစက်လှသည်။

“ဒါဆို လာလေကွာ …”

ဟွာရန်ဖန်းသည် ဧကရာဇ် ကန်နယ်ဟာအား ကြောက်ရွံ့ခြင်း မရှိချေ။

သို့သော်လည်း သူသည် ယခုမှ မြေကမ္ဘာ အဆင့် အစောပိုင်းသို့သာ ရောက်ရှိသေးရာ ဧကရာဇ် ကန်နယ်ဟာကို ယှဉ်ပြိုင် တိုက်ခိုက်ရန် ယုံကြည်ချက် အပြည့်အဝ မရှိချေ။ မည်သို့ပင်ဆိုစေ ဧကရာဇ် ကန်နယ်ဟာသည် မူလအလယ်ဆင့်ဖြစ်ရာ သူ၏ နတ်ဘုရား စွမ်းအားများက အစောပိုင်း အဆင့်များထက် များစွာ ပိုမို အစွမ်းထက်သည်။

“မင်းတို့ကရော သူနဲ့ အတူတူပဲလား”

ဧကရာဇ် ကန်နယ်ဟာက ချန်းဖန် အပါအဝင် မြေကမ္ဘာ နတ်ဘုရား ငါးယောက်ကို ခြုံငုံ ကြည့်ရင်း မေးလိုက်၏။

“အရှေ့တိုင်းကို လူသားတွေကပဲ ပိုင်တယ် ... ဒီနေရာမှာ မင်းတို့တွေကို စိုးမိုးခွင့် မပေးနိုင်ဘူး”

ရဲ့ချင်စန်းက ပြောလိုက်သည်။

“မင်းတို့က သေဖို့ ဆုံးဖြတ် ပြီးပြီပဲကိုး …”

ဧကရာဇ် ကန်နယ်ဟာက စိတ်မကောင်း ဟန်ဖြင့် ခေါင်းအား ခါလိုက်သည်။

“ဒီနေ့မှာ ကျောင်းဟိုင်တော့ နတ်ဘုရား သွေးနဲ့ စွန်းထင်းတော့မယ် ထင်တယ်”

“ဘုန်း ... ဘုန်း ... ဘုန်း …”

ဧကရာဇ် ကန်နယ်ဟာက အချက်ပြသည်နှင့် မြေကမ္ဘာ နတ်ဘုရား များစွာမှာ သူတို့၏ အရှိန်အဝါများကို ထုတ်ဖော်ကာ ရဲ့ချင်စန်းနှင့် အခြားလူများထံ တိုးဝင်ကြ၏။

“ဟိုဆံပင်ဖြူနဲ့ ကောင်လေးကို ငါ့ဖို့ ထားလိုက် ... ငါ သူ့ရဲ့ ဝိညာဉ်ကို ထုတ်ယူပြီး ငရဲမှာ နှစ်တစ်ထောင် နှိပ်စက်ပစ်မယ်”

မရဏ သခင်က ချန်းဖန်အား စူးစိုက် ကြည့်ရင်း ပြောလိုက်သည်။

“ဘုန်း …”

ဧကရာဇ် ကန်နယ်ဟာက ထိပ်ဆုံးမှ တိုက်ခိုက် လိုက်သည်။

သူသည် ရွှေရောင် အလင်း အသွင်သို့ ပြောင်းလဲကာ ဓားချီအား ဆန့်ထုတ်လျက် ဟွာရန်ဖန်းကို တိုက်ခိုက်၏။ ဟွာရန်ဖန်းသည် ချန်းဖန် သင်ကြား ပေးထားသည့် ကောင်းကင် မီးတောက် ဆယ့်နှစ်ခု ကျင့်စဉ်ကို သုံးကာ ဧကရာဇ် ကန်နယ်ဟာ၏ တိုက်ခိုက်မှုကို ခုခံလိုက်သည်။

“ဘုန်း …”

ရုတ်တရက် ကောင်းကင် တစ်ခုလုံး မီးဖြင့် ဖုံးလွှမ်းသွား၏။

သို့သော်လည်း ထိုအရာက ဧကရာဇ် ကန်နယ်ဟာအား တိုက်ခိုက်ရာ၌ အသုံးဝင်ခြင်း မရှိချေ။ ဧကရာဇ် ကန်နယ်ဟာက မီးပင်လယ်အား ထက်ပိုင်းပိုင်းကာ ရှေ့သို့ ဆက်လက် တိုးဝင် လာ၏။

“သွား …”

ဟွာရန်ဖန်းက လပ်သီး ဆယ့်ခုနစ်ချက် ထိုးကာ ဧကရာဇ် ကန်နယ်သာ၏ လမ်းကြောင်းကို ထပ်မံ ပိတ်ဆို့ လိုက်သည်။

“လူသား ... မင်းက အားနည်းလွန်းတယ်”

ဧကရာဇ် ကန်နယ်၏ နောက်ကျော၌ အတောင်ပံတစ်ခု ဖြစ်ပေါ်လာကာ ဟွာရန်ဖန်း၏ လက်သီးချက်များကို ရှောင်တိမ်းလိုက်၏။

“ဘုန်း ... ဘုန်း …”

အခြား မြေကမ္ဘာအဆင့် နှစ်ယောက်ကလည်း ဧကရာဇ် ကန်နယ်ဟာနှင့် ဟွာရန်ဖန်းတို့၏ တိုက်ပွဲအတွင်း ဝင်လာကြသည်။

တစ်ချိန်တည်း၌ ရဲ့ချင်စန်းသည် နဂါး ရေကန်မှ ကောင်းကင် မြွေဧကရာဇ်ဟု ခေါ်သော မွန်းစတား တစ်ကောင်နှင့် တိုက်ခိုက် နေရ၏။

ကောင်းကင် မြွေဧကရာဇ်သည် နတ်ဆိုးတစ်ဦး၏ အသွင်ဖြင့် ကြီးမားသော မြွေ ပုံရိပ်ယောင်များကို ဖန်ဆင်းကာ ရဲ့ချင်စန်းအား ဝါးမျိုရန် ကြိုးစား နေသည်။

တစ်ချိန်တည်း၌ ရှဲ့ရန်နှင့် ချန်းဟွိုက်အန်း တို့မှာလည်း ရန်သူများ၏ ဝန်းရံ တိုက်ခိုက်မှု၌ ခက်ခဲစွာ ရုန်းကန် နေရ၏။

“ငါတို့မှာသာ နောက်ထပ် ဆယ်နှစ် အချိန်ရရင် အခြား မြေကမ္ဘာ နတ်ဘုရား ဆယ်ယောက်ကို ပိုင်ဆိုင်လာမှာ သေချာတယ်”

ပါးကျီဂိုဏ်း ဘိုးဘေးက လက်သီးအား တင်းကျပ်စွာ ဆုပ်လိုက်သည်။

“နောက်ကျသွားပြီ ... သူတို့က အရူးတွေ မဟုတ်ဘူး ... သူတို့က ငါတို့ အင်အား ကြီးလာတဲ့အထိ စောင့်မှာ မဟုတ်ဘူး”

အခြား တန်ခိုးရှင် အိုကြီး တစ်ယောက်က ခေါင်းကိုခါရင်း ဖြူရော်စွာ ပြုံးလိုက်သည်။

“ဘုန်း ... ဘုန်း ... ဘုန်း …”

လူသားများဘက်မှ မြေကမ္ဘာ နတ်ဘုရား လေးယောက်မှာ ခဏအတွင်းမှာပင် ဒဏ်ရာ ကိုယ်စီ ရသွားကြ၏။ ရဲ့ချင်စန်းမှ လွဲ၍ အခြား သုံးယောက်မှ နောက်သို့ ဆုတ်ကြရပြီး ဟွာရန်ဖန်း ဆိုလျှင် သွေးပင် အန်လိုက်ရသည်။

ထိုအခိုက် TV များ အရှေ့၌ …

လူသားများစွာမှာ ဝမ်းနည်း ကြေကွဲမှုကို ခံစားနေကြရသည်။ အချို့ဆိုလျှင် ဆက်လက်ပင် မကြည့်ရဲ ကြတော့ချေ။

“ငါတို့ မျှော်လင့်နိုင်တာ ဆိုလို့ ဟိုဆံပင်ဖြူ နေကာမျက်မှန်နဲ့ အကြီးအကဲပဲ ရှိတော့တယ် …”

များစွာသော လူများက ချန်းဖန်အား ကြည့်ကြသည်။

သို့သော်လည်း သူတို့၏ အမြင်၌ ချန်းဖန်ကား နာမည်မဲ့ မြေကမ္ဘာ နတ်ဘုရား အသစ်လေးသာ ဖြစ်သည်။ မြေကမ္ဘာ နတ်ဘုရား ဆယ့်ငါးယောက်ကို မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ချေ။

“ဒါက ငါတို့ အရှေ့တိုင်းရဲ့ အဆုံးသတ်လား …”

မရေမတွက်နိုင်သော လူများက ကြေကွဲစွာ တွေးမိကြ၏။

တန်ခိုးရှင် အဆင့်များ၊ မိသားစု ခေါင်းဆောင်များပင် သူတို့၏ မျက်လုံးများကို ပိတ်လိုက်မိကြသည်။

ထိုအချိန်မှာပင် ချန်းဖန်က သက်ပြင်း တစ်ချက် ချလိုက်၏။ ထို့နောက် သူက မြေကမ္ဘာ နတ်ဘုရား ဆယ့်ငါးယောက်အား ကြည့်ကာ မေးလိုက်သည်။

“မင်းတို့က အရှေ့တိုင်းကို အနိုင်ယူနိုင်ပြီလို့ ထင်နေတာလား ... ကမ္ဘာက ငါ့ရဲ့ ပိုင်နက် ဆိုတာ မင်းတို့ မသိတာလား …”

***

All Chapters