← Chapters

အယောင်ဆောင်ထောင်မှုး

Vol. 33 Ch. 330

အယောင်ဆောင်ထောင်မှုး

Vol. 33 Ch. 330

ရုတ်တရက် ထွက်ပေါ်လာသော အသံသည်လူတိုင်းကို ကြောက်လန့်သွားစေ၏။

လူတိုင်းလိုလိုသည် အသံထွက်ပေါ်လာရာ အရပ်ဆီသို့ လှည့်ကာ မျက်နှာမူလိုက်ကြသည်။ ထိုအထဲမှ တချို့သည် လက်နက်အသီးသီးကို ဆွဲထုတ်ထားကြ၏။ တချို့ကတော့ မူလစွမ်းအင်များကို စုစည်းထားကြ၏။ တနည်းအားဖြင့် လူတိုင်းသည် လက်နက်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ တိုက်ခိုက်ရန် ကြိုတင်ပြင်ဆင်ထားကြလေသည်။

သို့သော် အသံထွက်ပေါ်လာသော နေရာဆီသို့ မျက်နှာမူလိုက်သည်နှင့် အသံရှင်သည် လူအစစ်မဟုတ်မှန်း သူတို့အားလုံး နားလည်သဘောပေါက်လိုက်ကြ၏။

သူတို့နှင့် သိပ်မဝေးလှသော နေရာတွင် ကျောက်သားစားပွဲကြီးတလုံး ရှိနေ၏။ စားပွဲပေါ်တွင် မီးခိုးရောင် ကျောက်ပြားတချပ် ရှိနေသည်။ ကျောက်သားစားပွဲနှင့် ကျောက်ချပ်ကြီးကို လှပသော လိပ်ကာများနှင့် ဖုံးအုပ်ထားလေရာ အဆန်းတကြယ်နိုင်သော အရှိန်အဝါတမျိုး ပေါ်ထွက်နေသကဲ့သို့ ထင်မှတ်ရသည်။

ထိုအချိန်မှာပင် ကျောက်သားစားပွဲပေါ်တွင် လူတယာက်၏ သုံးဘက်မြင်ပုံရိပ်တခု ထွက်ပေါ်လာ၏။ ထိုပုံရိပ်သည် ရှေးဟောင်အာကင်နာမှော်ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားပြီး လက်ထဲတွင်လည်း ခေါင်းသုံးလုံးပါသည့် မြွေတုတ်ကောက်ကို ကိုင်ထား၏။ ၎င်းသည် အရပ်ပုပြီး မျက်လုံးများမှာ အပြာရင့်ရောင် သန်းနေလေသည်။ ၎င်းသည် အာကင်နာမျိုးစိတ်ဝင်တဦးမှန်း အထူးတလည် မေးခွန်းထုတ်နေစရာ မလိုတော့။

"ဘာတွေ ဖြစ်နေတာလဲဟ"

လူတိုင်းလိုလိုသည် စိတ်ဝင်တစားနှင့် ကျောက်စားပွဲကြီးကို ဝိုင်းဝန်းကြည့်ရှုနေကြသည်။ စုချန်းသည် ကျောက်စားပွဲနှင့် ကျောက်ချပ်ကြီးကို အကဲခတ်လိုက်၏။ ထိုအခါ ကျောက်စားပွဲကြီးကို ဖုံးအုပ်နေသော လိပ်ကာသည် ကြမ်းပြင်ပေါ်တွင် ပင့်ကူမျှင်ကဲ့သို့ ပြန့်ကျဲလျက်ရှိကြောင်း သူ သတိထားမိလိုက်သည်။ ထိုအခါ သူက လွှတ်ခနဲ မေးမြန်းလိုက်၏။

"ကြည့်ရတာတော့ မင်းဟာ ဒီနေရာရဲ့ ဗဟိုထိန်းချုပ်ရေးစနစ်နဲ့ တူတယ်"

ဗဟိုထိန်းချုပ်ရေးစနစ်ဆိုပါလား...

ထိုအခါကျမှ လူတိုင်းလိုလိုသည် ဘာတွေဖြစ်နေမှန်း နားလည်သဘောပေါက်သွားကြ၏။

အစောပိုင်း ဝင်္ကပါကို ဖြတ်သန်းစဉ်ကာလတလျှောက်တွင် သူတို့ ရင်ဆိုင်ခဲ့ရသည့် မူလပုံစံများသည် သက်ရှိတစုံတရာက ထိန်းချုပ်နေသယောင် လွန်စွာ ရင်ဆိုင်ရခက်ခဲခဲ့၏။ သို့သော် မည်သည့်သက်ရှိမှ နှစ်ပေါင်း သုံးသိန်းကျော်ကြာအောင် အသက်ရှင်နိုင်စွမ်းမရှိပေ။

ယခုတော့ လျှို့ဝှက်ဆန်းကြယ်မှု၏ အဖြေက သူတို့ရှေ့မှောက်တွင် ရောက်ရှိနေခဲ့လေပြီ။

ကျိယွာယုက ဗဟိုထိန်းချုပ်ရေးစနစ်၏ သုံးဘက်မြင်ရုပ်ပုံကို တချက်လှမ်းကြည့်ရင်း မေးလိုက်သည်။

"ဒါက ဗဟိုထိန်းချုပ်ရေးစနစ်ပေါ့ ဟုတ်လား ဒီလူကကော ဘာလဲ မူလကိရိယာ ဝိညာဉ်လားဗျ"

စုချန်းက ရှင်းပြလိုက်သည်။

"ထိပ်တန်းအဆင့် မူလကိရိယာတွေမှာ ကိရိယာဝိညာဉ် ဆိုတာတွေ ရှိတတ်တာတော့ မှန်တယ် ဒါပေမဲ့ သူတို့ဟာ အာကင်နာနိုင်ငံတော်ကြီး ပျက်သုန်းပြီး နောက်ပိုင်းမှ ပေါ်လာတာ ဒါကြောင့် ဒီပုံရိပ်က ကိရိယာဝိညာဉ်တော့ မဖြစ်နိုင်ဘူး ဒါဟာ ထိန်းချုပ်ရေးစနစ်ထဲက ဝိညာဉ်ပဲ ဖြစ်လိမ့်မယ်"

ထိုစကားကို ကြားလိုက်သည်နှင့် လူတိုင်းက သုံးဘက်မြင်ပုံရိပ်ကို အံ့သြတကြီးနှင့် စိုက်ကြည့်လိုက်ကြသည်။

ပုံရိပ်ကိုယ်တိုင်သည်လည်း သိသိသာသာပင် တုန်လှုပ်သွားဟန်တူ၏။ သူက ပြန်မေးလိုက်သည်။

"ဒါဆို အာကင်နာနိုင်ငံတော်ကြီး ပြိုကွဲပျက်စီးသွားပြီပေါ့ ဟုတ်လား အဲဒီနောက်တော့ မူလကမ္ဘာကြီးက လူသားတွေရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီပေါ့လေ"

"အဲဒီလို တွေးမယ်ဆိုရင်လည်း တွေးလို့ရတယ် ဒါနဲ့ မင်းက ဘယ်သူလဲ ဘာဖြစ်လို့ ဒီကျောက်ချပ်ကြီးထဲကို ရောက်နေတာလဲ"

တွန့်ကျန့်ချန်းက ဝင်မေးလိုက်၏။

"ငါ............."

သုံးဘက်မြင်ရုပ်ပုံ၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသော အရိပ်အယောင်များ ယှက်သန်းလာ၏။ အတန်ကြာမှ သူက စကားဆက်လိုက်သည်။

"ငါ့...ငါနာမည် အယ်လိန်း...အယ်လိန်းလာဗန်း ကြီးမြတ်တဲ့ အရှင်သခင် ပိတ်လော့ရဲ လက်ထောက်ပဲ...ငါဟာ ဒီနေရာမှာ နှစ်တွေ အကြာကြီး နေလာခဲ့ရတော့ ကိုယ့်နာမည်တောင် မမှတ်မိဘူး ဖြစ်နေတယ် ဒီအတွက် တောင်းပန်ပါတယ်ကွာ"

"ဒါပေမဲ့ ငါတို့ကို ဒုက္ခရောက်အောင်လုပ်ဖို့တော့ မင်းမမေ့ဘူးမလား"

ယုမင်းနန်က လက်ပိုက်ကာ ပြောလိုက်သည်။

"အိုး ခုနက မင်းတို့ ကြုံခဲ့ရတာကို ပြောနေတာလား ဟုတ်တယ် အဲဒါ ငါပဲလေ"

အယ်လိန်းလာဗန်းက ပြန်ပြောလိုက်သည်။

"ဒါပေမဲ့ အသုံးမဝင်ဘူးဆိုတာ အသိသာကြီးပဲလေကွာ"

"သတ်ဖြတ်သူတွေ ကြုံခဲ့ရတာလဲ မင်းလက်ချက်ပဲလား"

စုချန်းက ကြားဖြတ်မေးမြန်းလိုက်ပြန်သည်။

သတ်ဖြတ်သူတွေ ဆိုပါလား....သတ်ဖြတ်သူတွေက ဘာတွေ ကြုံခဲ့ရလို့လဲဟ....

လူတိုင်းလိုလိုသည် စိတ်ရှုပ်ထွေးကုန်ကြ၏။

အယ်လိန်းလာဗန်းက ပြန်ဖြေလိုက်သည်။

"ဟုတ်တယ် ငါ့လက်ချက်ပဲ တောင်ပတ်ပတ်လည်မှာရှိတဲ့ မူလပုံစံတွေကို ငါက ပိတ်ချလိုက်တော့ သူတို့ မင်းနောက် လိုက်လာနိုင်တာပေါ့"

"ဘာကွ"

တွန့်ကျန့်ချန်း ဒေါသအိုး ပေါက်ကွဲသွား၏။

"ဒီကောင်တွေ ငါတို့နောက် လိုက်လာနိုင်တာ မင်းလက်ချက်ကိုး ခွေးမသား"

ဤမတိုင်ခင်အထိ သတ်ဖြတ်သူများ သူတို့နောက် မည်သို့မည်ပုံ မြန်မြန်ဆန်ဆန် လိုက်လာနိုင်သည်ကို သနားစရာ တွန့်ကျန့်ချန်းခမျာ မသိသေးချေ။

ဒေါသထွက်နေသော တွန့်ကျန့်ချန်းသည် အယ်လိန်းလာဗန်း၏ သုံးဘက်မြင်ရုပ်ပုံကို လက်သီးနှင့် ထိုးချလိုက်၏။ သို့သော် ရုပ်ပုံသည် အနည်းငယ်မျှသာ တုန်ခါသွားပြီး တွန့်ကျန့်ချန်း၏ လက်က လေကိုသာ ဖြတ်သန်းသွား၏။ မည်သည့် သက်ရောက်မှုမှ ဖြစ်ပေါ်လာခြင်းမရှိပေ။

"တော်လောက်ပြီ ကျန့်ချန်း နှစ်ပေါင်းသုံးသိန်းကျော်လောက် အပိတ်ခံထားရတဲ့ ဝိညာဉ်တကောင်နဲ့ တိုက်ခိုက်နေလို့ ဘာအကျိုးမှမရှိဘူး"

စုချန်းက ဟန့်တားလိုက်၏။

"ဒီကောင် သူ့လုပ်ရပ်အတွက် တာဝန်ယူရမယ်ကွ"

တွန့်ကျန့်ချန်းကား ဒေါသမပြယ်နိုင်သေးချေ။

"ကျုပ် သိပါတယ် ဒါပေမဲ့ ဒီလိုလုပ်လို့ ယီကု ပြန်မလာတော့ဘူး ဒါ့အပြင် သူက ဒီနေရာရဲ့ အိမ်ရှင် ဖြစ်နေတယ် ကျုပ်တို့ကတော့ မဖိတ်ခေါ်ပဲ ရောက်လာတဲ့ ဧည့်သည်တွေပဲ အိမ်ရှင်ကသာ လက်မခံချင်ဘူးဆိုရင် ဧည်သည်ကို ငြင်းပယ်ခွင့်ရှိနေတယ် ကျုပ်တို့အနေနဲ့ ကျုပ်တို့ကို နွေးနွေးထွေးထွေး မကြိုဆိုလို့ဆိုပြီး သူ့ကို အပြစ်မတင်သင့်ဘူးလေဗျာ"

စုချန်း၏ စကားကြောင့် လူတိုင်းလိုလိုသည် ကြက်သေသေသွား၏။ အယ်လိန်းလာဗန်းက ပြုံးလိုက်သည်။

"မင်းလို သူ့ဘက်ကိုယ့်ဘက် တွေးတတ်တဲ့လူငယ်မျိုးနဲ့ တွေ့ရတာ ဝမ်းသာပါတယ်ကွာ ငါတို့ စကားကောင်းကောင်းပြောလို့ရမယ်ထင်တယ်"

"မင်းဟာမင်း စကားကောင်းကောင်းပဲပြောပြော ဆိုးဆိုးပဲပြောပြော ငါတို့ကိုတားလို့မရပါဘူးကွ ငါတို့ ဒီနေရာက ရတနာတွေအကုန်လုံးကို ယူသွားမှာပဲကွ"

တွန့်ကျန့်ချန်းက ပြောလိုက်ပြန်သည်။

"ဒီအခန်းထဲက ပစ္စည်းပစ္စယတွေကို ပြောနေတာလားကွ မင်းရည်ရွယ်ချက်က ဒီလောက်ပဲဆိုရင် ငါ့အနေနဲ့ ငြင်းစရာမရှိပေါင်ကွာ"

အယ်လိန်းလာဗန်းက ပြန်ပြောလိုက်၏။

"ဟမ်"

တွန့်ကျန့်ချန်း ဘာပြန်ပြောရမှန်းမသိပဲ ဖြစ်သွားသည်။

ထိုအခါ အယ်လိန်းလာဗန်းက ထပ်ပြောလိုက်ပြန်သည်။

"မင်းတို့တွေ့တဲ့အတိုင်း ငါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသိန်းကျော်ကတည်းက သေဆုံးပြီးသား ဝိညာဉ်တကောင်ပဲ အခြေအနေတခုကြောင့်သာ ဒီမှာရှိနေသေးတာ ဒီပစ္စည်းတွေကို ငါမလိုဘူး ဒီတော့ မင်းတို့ ယူချင်ယူမယူချင်နေ ငါ စိတ်မဝင်စားဘူးကွ"

"ဒါဆိုရင် ငါတို့ ဝင်လာမှာကို မင်းဘာကြောင့် တားရတာလဲ"

ယွဲ့လောင်ရှ၏ မေးခွန်း ဖြစ်သည်။

"အမှားကြီးလုပ်မိကြမှာ စိုးလို့ပေါ့ကွာ အမှားကြီးလုပ်မိကြမှာ စိုးလို့ပေါ့"

အယ်လိန်းလာဗန်းက ပြန်ဖြေလိုက်သည်။

"မင်းတို့ ရတနာတွေ ယူချင်လို့ ဒီကို ဝင်လာကြတာမလား ယူကြ ယူကြ အကုန်သာ ယူသွားကြ ဒါပေမဲ့ အဲဒီ သလင်းစက်လုံးကိုတော့ ယောင်လိုတောင် သွားမထိကြလေနဲ့"

"အဲဒါက ဘာလဲ"

ယုမင်းနန်က မေးလိုက်သည်။

"သော့တချောင်း ဆိုပါတော့"

"ဘာအတွက် သော့လဲ"

အယ်လိန်းလာဗန်းက ဘာမှပြန်မပြောပဲ လက်နှစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ သူတို့နှင့် မလှမ်းမကမ်းရှိ နံရံတခုလုံးသည် ဖောက်ထွင်းမြင်ရသော မှန်သဖွယ် ဖြစ်လာ၏။ နံရံ၏ တဖက်ခြမ်းတွင်တော့ ထူးဆန်းသော သက်ရှိပုံစံတခု လဲလျောင်းနေကြောင်း မြင်တွေ့ရလေသည်။ ၎င်း၏ ပုံစံမှာ ထူးဆန်းနေ၏။ အသားပုံကြီးတပုံ နှင့်သာ တူလှသည်။ ပါးစပ်သာမပါခဲ့လျင် အသားပုံကြီးဟု သေချာပေါက် ယူဆမိပေလိမ့်မည်။

"အဲဒါ ဘာလဲ"

"ပိတ်လော့ရဲ့ အိပ်မက်ဆိုးပဲ"

အယ်လိန်းလာဗန်းက သက်ပြင်းချရင်း ဖြေလိုက်သည်။

"ဒါကြီးကို ကြည့်ရင် ဘာအင်အားမှမရှိဘူးလို့ မင်းတို့ ထင်ကောင်းထင်လိမ့်မယ် ဒါပေမဲ့ ငါ့ကို ယုံပါ ဒီနေရာကြီးတခုလုံးမှာ ဒီကောင်ဟာ ကြောက်စရာအကောင်းဆုံးပဲ ဒီကောင်သာ အပြင်ကို ရောက်သွားကြည့် ဆယ်နှစ်မပြည့်ခင် ကမ္ဘာကြီးတခုလုံးကို ဒီကောင်တွေ ဖုံးလွှမ်းသွားလိမ့်မယ်"

ကျောင်းသားများအားလုံး တယောက်မျက်နှာကို တယောက် စိုက်ကြည့်လိုက်ကြ၏။

စုချန်းက မေးလိုက်သည်။

"အဲဒါ ဘာကြီးလဲဆိုတာ တိတိကျကျ ပြောပြစမ်းပါ"

"ပိတ်လော့ရဲ့ ဓာတ်ခွဲခန်းထုတ်ကုန်တမျိုး၊ သက်ရှိပုံစံအမျိုးမျိုးကို ပေါင်းစပ်ထားတဲ့ပုံစံပဲ ဆိုပါတော့"

အယ်လိန်းလာဗန်းက ရှင်းပြလိုက်သည်။

"ဒီသတ္တဝါကြီးဟာ လုံးဝ အနှိုင်းမဲ့ပဲကွ မင်းတို့ မီးနဲ့ပဲသတ်သတ် ရေနဲ့ပဲသတ်သတ် ဘယ်လိုနည်းလမ်းမျိုးပဲ သုံးသုံး မသေနိုင်ဘူး ပြီးတော့ ဒီကောင်ဟာ အခါမလပ် ဆာလောင်မွတ်သိပ်နေပြီး အပင်တွေ သတ္တုတွေ တွေ့ကရာအကုန်စားတယ် အတိုင်းအတာတခုထိ စားသောက်ပြီးရင်တော့ တကောင်ကနေ နှစ်ကောင် နှစ်ကောင်ကနေ လေးကောင် စသဖြင့် အဆုံးမရှိ ကွဲထွက်နေလိမ့််မယ်"

စုချန်းအပါအဝင် လူတိုင်းလိုလိုသည် အံ့သြသင့်လွန်း၍ စကားပင် မပြောနိုင်တော့။

အယ်လိန့်လာဗန်းက အိပ်မက်ဆိုးဟု တင်စားသည်မှာ အံ့သြစရာတော့မရှိ။ ဤသတ္တဝါမျိုးသာ အပြင်လောကသို့ ရောက်လာပါက ကမ္ဘာကြီးတခုလုံး ကပ်ဆိုက်သည်နှင့် အတူတူသာ။

"ဒီလောက်တောင်ဆိုးတဲ့ သတ္တဝါမျိုးကို မင်းတို့ ဘာကြောင့် ဖန်တီးခဲ့တာလဲ"

တွန့်ကျန့်ချန်းက ဒေါသထွက်ထွက်နှင့် မေးလိုက်သည်။

"တကယ်တော့ ငါတို့ဟာ ထာဝရ ရှင်သန်နေမဲ့ သက်ရှိတမျိုးကို ဖန်တီးဖို့ ကြိုးစားခဲ့ကြတာပါကွာ"

အယ်လိန်းလာဗန်းက သက်ပြင်းချရင်း ပြောလိုက်သည်။

ထာဝရရှင်သန်နေမဲ့ သက်ရှိ ဆိုပါကလား..

အယ်လိန်းလာဗန်းက ထပ်မံရှင်းပြလိုက်ပြန်သည်။

"ပိတ်လော့ရဲ့ အန္တိမရည်မှန်းချက်က ထာဝရရှင်သန်ခြင်းပဲ ပြီးတော့ သူဟာ ဇီဝဗေဒပညာရပ်တွေမှာ ဆရာတဆူလို့လည်း ဆိုနိုင်တယ် စမ်းသပ်မှုတွေ အများကြီး ပြုလုပ်ခဲ့ပြီးတဲ့ နောက်မှာတော့ ခု မင်းတို့ မြင်နေရတဲ့ သတ္တဝါကြီးကို ဖန်တီးနိုင်ခဲ့တော့တာပဲ ပိတ်လော့ရဲ့ အိပ်မက်ဆိုးပဲ ဆိုပါတော့ ဒါပေမဲ့ အစတုန်းက ဒီကောင်ကြီးရဲ့နာမည်က ဒါမျိုးမဟုတ်ဘူးကွ အရင်တုန်းက သူ့နာမည်က ထာဝရရှင်သန်ခြင်းအိပ်မက်လို့ ခေါ်တယ် ငါတို့ မျိုးစိတ်တခုလုံးရဲ့ မျှော်လင့်ချက်တွေ အိပ်မက်တွေအကုန်လုံးကို ဒီကောင်ကြီးအပေါ်မှာ တင်ပေးထားလိုက်တဲ့ သဘောပဲ"

အယ်လိန်းလာဗန်းက စကားဆက်ပြန်၏။

"တကယ်တော့ အဲဒီမတိုင်ခင်မှာ ငါတို့ဟာ အရေးကြီးတဲ့ သဘောတရားရေးရာတခုကို ရှာဖွေတွေ့ရှိထားပြီးသားကွ အဲဒါက ဘာလဲဆိုတော့ ငါတို့ရဲ့ အသက်ဓာတ်ဟာ ငါတို့ကိုယ်ထဲက အခြေခံအကျဆုံး ပစ္စည်းတမျိုးနဲ့ သက်ဆိုင်နေတယ်ဆိုတဲ့ သဘောတရားပဲ ဒီလိုကွာ သတ္တဝါတကောင်ရဲ့ အသက်ဓာတ်ဟာ အဲဒီ အခြေခံ ပစ္စည်းလေး ဘယ်နှစ်ကြိမ်ကွဲသလဲဆိုတာနဲ့ သက်ဆိုင်နေတယ် ဒီပစ္စည်းလေး ကွဲထွက်တဲ့ အကြိမ်ရေ ကန့်သတ်ချက်ရှိသလို ငါတို့ရဲ့ အသက်ဟာလည်း ကန့်သတ်ချက်ရှိနေတဲ့ သဘောပဲ ဒီတော့ ငါတို့က အဲဒီပစ္စည်းလေး အကန့်အသတ်မရှိ ကွဲထွက်နိုင်တဲ့ သက်ရှိတမျိုးကို ဖန်တီးဖို့ ကြိုးစားခဲ့ကြတယ် ပြီးရင်တော့ အဲဒီစွမ်းအားကို ဆွဲထုတ်မယ်ပေါ့ကွာ"

"ငါတို့ ဒါကို အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့တယ် ဒါပေမဲ့ တဖက်မှာလည်း ရှုံးနိမ့်သွားခဲ့တယ် ဒီသတ္တဝါရဲ့ ကိုယ်ထဲက အခြေခံပစ္စည်းလေးဟာ အကန့်အသတ်မရှိ ကွဲထွက်နိုင်စွမ်းရှိနေတယ် ဒါပေမဲ့ ဒီလို ကွဲထွက်နိုင်ဖို့ သူ့လမ်းကြောင်းမှာရှိတဲ့ အရာမှန်သမျှကို စားသောက်ပစ်ရတယ်ဆိုတာကိုတော့ ငါတို့ မသိခဲ့ကြဘူး သိလိုက်တဲ့အချိန်လည်းကျရော နောက်ကျသွားပြီလေ"

သူ့မျက်လုံးထဲမှ မျက်ရည်များစီးကျလာ၏။

"အဲဒီလို သိလိုက်ရတော့ ငါတို့အားလုံး သိပ်ကြောက်သွားခဲ့တယ် ဒါကြီးကို အမြန်ဆုံး အဆုံးသတ်ဖို့ ကြိုးစားကြတယ် ဒါပေမဲ့ အရာအားလုံးဟာ အရှိန်ရနေခဲ့ပြီ ငါတို့ ဒါကို ထိန်းချုပ်လို့ မရတော့ဘူးလေ"

အချိန်အတော်လေးကြာမှ သူက စကားဆက်ပြန်၏။

"ငါတို့ ရှိသမျှ စွမ်းအားတွေ ထုတ်သုံးခဲ့ကြတယ် ဒါပေမဲ့ ဒီကောင်ကြီးကို ဘယ်လိုမှ မသတ်နိုင်ခဲ့ကြဘူး တဖက်မှာလည်း ဒီကောင်ကြီးရဲ့ တိုက်ခိုက်မှုကြောင့် ငါတို့တတွေ ဒဏ်ရာရကုန်ကြတယ် နောက်ဆုံးတော့ ငါတို့ သိလိုက်တာက ဒီကောင်ကြီးကို ထောင်သွင်းအကျဉ်းချထားလိုက်တာဟာ အကောင်းဆုံးနည်းလမ်းဆိုတာပဲ ငါဟာလည်း တိုက်ပွဲအတွင်းမှာ သေဆုံးသွားခဲ့တယ် ငါ ပြန်နိုးလာတော့ ဒီလိုဘဝမျိုး ရောက်နေတာ တွေ့လိုက်ရတယ် ဒီလိုနဲ့ ငါဟာ ဒီအခြေအနေထိ အသက်ရှင်နေထိုင်လာခဲ့တာပဲ"

လက်စသတ်တော့ ဒီလိုကိုး....

"တခြား အသက်ရှင်နိုင်ခဲ့တဲ့ အာကင်နာတွေ ဘယ်ရောက်ကုန်သလဲ"

ယုမင်းနန်က မေးလိုက်၏။

"ငါ့အထင်တော့ သူတို့အားလုံး ဒီနေရာက ထွက်ခွာသွားတာပဲ ဖြစ်ရမယ် သူတို့လုံခြုံရေးအတွက် အကောင်းဆုံးကတော့ ဓာတ်ခွဲခန်းကြီးတခုလုံးကို လေဟာနယ်ထဲမှာ ပိတ်ထားလိုက်ဖို့ပဲလေ ငါကတော့ ပိတ်လော့ရဲ့ အိပ်မက်ဆိုးကို စောင့်ကြည့်ဖို့ တာဝန်ရှိနေတယ် ဒါကြောင့် ငါ့ကို ဒီဘဝရောက်အောင် သူတို့ လုပ်ခဲ့ကြပုံပဲ"

အယ်လိန်းလာဗန်း၏ စကားကို နားထောင်ရင်း သူ့လုပ်ရပ်များကို လူတိုင်း နားလည်သဘောပေါက်လာ၏။ သူ့အနေနှင့် ဓာတ်ခွဲခန်းအတွင်းသို့ မည်သူ့ကိုမှ အဝင်မခံနိုင်။ မတော်၍ သတ္တဝါဆိုးကြီး လွတ်မြောက်သွားလျင် ခက်ချေပြီ မဟုတ်ပါလား။

"မင်းတို့သာ သလင်းစက်လုံးကို မထိဘူးဆိုရင် ဒီနေရာမှာရှိတဲ့ ရတနာတွေ အကုန်လုံး မင်းတို့လက်ထဲ ရောက်သွားအောင် ငါ ကူညီပေးနိုင်တယ် ဒီနေရာမှာ အင်မတန် လျှို့ဝှက်တဲ့ ရတနာသိုလှောင်ခန်းတွေတောင် ရှိနေတယ်ကွ"

ထိုစကားကြောင့် လူတိုင်း စိတ်လှုပ်ရှားသွား၏။

"သိပ်ကောင်းတာပေါ့"

ကျိယွာယုက ခေါင်းညိတ်ရင်း ပြောလိုက်၏။

"သဘောတူတယ်ဗျို့"

ကျန်လူများကလည်း ခေါင်းညိတ်လိုက်ကြသည်။ သူတို့အတွက် သဘောမတူစရာ အကြောင်းလည်းမရှိချေ။

ထိုအခါ စုချန်းက မေးလိုက်၏။

"ဒီတော့ လျှို့ဝှက် ရတနာသိုလှောင်ရေးအခန်းက ဘယ်မှာလဲ"

"ဖြေးဖြေးပေါ့ ဒီလောက်လည်း အလျင်မလိုပါနဲ့ကွာ"

အယ်လိန်းလာဗန်းက ရယ်မောရင်း ပြောလိုက်၏။

"ပထမဆုံး မင်းအနေနဲ့ စားပွဲပေါ်က ကျောက်ချပ်လေးကို ယူရမယ်ကွ အဲဒီမှာ ပုံသွင်းထားတဲ့ အပေါက်လေး ရှိနေလိမ့်မယ် ကျောက်ချပ်ကို အဲဒီအပေါက်ထဲ အံကျအောင်ထည့်ပြီး သုံးကြိမ်လှည့်လိုက် ဒါဆိုရင် ရပြီ"

"ကောင်းပြီ"

ကျိယွာယုက ကျောက်ပြားကို လှမ်းယူရန် ဟန်ပြင်လိုက်သည်။ သို့သော် စုချန်းက ဟန့်တားရင်း အယ်လိန်းလာဗန်းကို မေးခွန်းထုတ်လိုက်၏။

"ဒီလိုလုပ်တာနဲ့ ရတနာသိုလှောင်ခန်းနဲ့ ဘာဆိုင်လို့လဲ"

"ဘာကြောင့်လဲဆိုတော့ အဲဒီလိုလုပ်မှ ရတနာသိုလှောင်ခန်းက ပွင့်လာမှာမို့လို့ပေါ့ကွာ"

စုချန်းက ထပ်မံ မေးခွန်းထုတ်လိုက်ပြန်သည်။

"မင်းက ဒါကို ကိုယ့်ဟာကိုယ် မဖွင့်နိုင်ဘူးလား"

"ငါက ဝိညာဉ်ပဲလေကွာ"

အယ်လိန်းလာဗန်းးက ပြန်ဖြေလိုက်သည်။

"ငါ့မှာ အသိညဏ်ရှိပေမဲ့လို့ အရာဝတ္တုတွေက်ိုတော့ မထိတွေ့နိုင်ဘူးလေ"

"အော် အဲဒီလိုလား"

စုချန်းက ရေရွတ်လိုက်သည်။

"ဟုတ်တယ် အဲဒီလိုပဲ ခုတော့ ကိုယ့်ဟာကိုယ်လုပ်ရမယ်မှန်း မင်း သိသွားပြီမလား"

အယ်လိန်းလာဗန်းက ရယ်မောရင်း ပြောလိုက်သည်။

ထိုအချိန်တွင် ကျိယွာယုက ကျောက်ပြားကို ယူရန် ဟန်ပြင်လိုက်ပြန်၏။ ထိုအခါ စုချန်းက နောက်တကြိမ် ဟန့်တားရပြန်သည်။

လူတိုင်းလိုလိုသည် စိတ်ရှုပ်ထွေးဟန်ဖြင့် စုချန်းကို လှမ်းကြည့်လိုက်ကြသည်။ စုချန်းကား ခေါင်းကိုငုံ့ကာ တွေတွေကြီး စဉ်းစားလျက်ရှိ၏။

ဤတကြိမ်တွင်တော့ အယ်လိန်းလာဗန်းကိုယ်တိုင်

စိတ်မရှည်နိုင်တော့ဟန် ပေါ်လာသည်။

"မင်း ဘာတွေစဉ်းစားနေတာလဲ ကောင်လေး ရတနာတွေကို မလိုချင်ဘူးလား"

စုချန်းက နှေးကွေးလေးလံသော လေသံနှင့် တလုံးချင်း ပြောလိုက်သည်။

"ငါစဉ်းစားနေတာက မင်းသာ အရာဝတ္တုတွေကို မထိတွေ့နိုင်ဘူးဆိုရင် မူလပုံစံတွေကို ဘယ်လို ထိန်းချုပ်ခဲ့သလဲ ဆိုတာပဲ ပြီးတော့ ဘာတခုမှ မလုပ်နိုင်ပဲ ဘာဖြစ်လို့ ပိတ်လော့ရဲ့ အိပ်မက်ဆိုးကို ဆက်ပြီး စောင့်ကြည့်နေသလဲ ဆိုတာပဲ ငါသာဆိုရင် ဒီကနေ ထွက်သွားလိုက်မှာပဲ"

အယ်လိန်းလာဗန်း ကြက်သေသေသွား၏။

သူသာမက လူတိုင်းလိုလို ကြက်သေသေသွားလေသည်။

စုချန်းက စကားဆက်ပြန်သည်။

"ထောင်စောင့်တယောက်ဟာ သူ့သော့ကို သူကိုယ်တိုင်တောင် မယူနိုင်ဘူး ဒါတောင်မှ သူဟာ ဒီနေရာကို စောင့်ရှောက်နေတယ်လို့ ပြောနေသေးသတဲ့ ဒါ ရယ်စရာမကောင်းဘူးလားဗျ"

"ဒီတော့ ငါက ဒီလိုပြောကြည့်မယ် မင်းဟာ ထောင်စောင့်တော့မဟုတ်ဘူး အကျဉ်းချခံထားရတဲ့ ရာဇဝတ်သားပဲ ဖြစ်လိမ့်မယ် ငါ ပြောတာ ဟုတ်ရဲ့လား သခင်ကြီး ပိတ်လော့"

All Chapters