← Chapters

ကမ္ဘာအား ပျော်ရွှင်စေခြင်း

Vol. 8 Ch. 780

ကမ္ဘာအား ပျော်ရွှင်စေခြင်း

Vol. 8 Ch. 780

“ချန်းပေ့ရွှမ်း ပြန်လာပြီ …”

လူတိုင်း၏ နှလုံးသားများကား တဒိတ်ဒိတ် ခုန်နေကြ၏။

ချန်းဖန်သည် သုံးနှစ်တိုင်တိုင် ပျောက်ကွယ် နေသည့်တိုင် လူများသည် သူနှင့် ပတ်သက်သော အဖြစ်အပျက်များကို အမှတ်ရနေကြဆဲ ဖြစ်သည်။

“အရမ်း ကောင်းတယ် …”

မရေမတွက်နိုင်သော လူများက ဝမ်းသာအားရ ချန်းဖန်အား ကြိုဆိုကြ၏။

အရှေ့တိုင်း တစ်ခုလုံးကား အမှန်တကယ်ပင် အကြပ်အတည်းအတွင်း ကျရောက်နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ ချန်းပေ့ရွှမ်း ပြန်ပေါ်လာပြီ ဖြစ်ရာ ကမ္ဘာနှင့် အရှေ့တိုင်း၏ ချိန်ခွင်လျှာမှာလည်း ပြန်လည် ညီမျှ သွားပေတော့မည် ဖြစ်သည်။

“ရှောင်ဖန် အသက်ရှင် နေသေးတယ် …”

TV မှ ကြည့်နေသော ချန်းဖန်၏ သူငယ်ချင်းဟောင်းများ၊ မိတ်ဆွေများမှာ ထခုန် လိုက်မိကြ၏။

အချို့ဆိုလျှင် လက်သီး လက်မောင်းတန်းကာ “ရှောင်ဖန်” ဟုပင် အော်ဟစ် နေကြလေသည်။

တစ်ချိန်တည်း၌ သိုင်းလောကသား များမှာလည်း ချန်းဖန်၏ ပြန်လည် ပေါ်လာမှုအတွက် ပျော်ရွှင်နေကြသည်။

“ချန်းပေ့ရွှမ်း ပြန်လာပြီ …”

“ဘုရားရေ ... ဒါဆို ခွန်ရှု နယ်မြေကတောင် သူ့ကို မတားနိုင်ဘူးပေါ့ ... သူက တကယ့်ကို အသက်ရှင်ပြီး ပြန်လာခဲ့တာပဲ …”

“ဒါတင် မကသေးဘူး ... သူက ပြန်ပေါ် လာလာချင်းပဲ မြေကမ္ဘာ နတ်ဘုရား ဆယ့်ငါးယောက်ကို သတ်ဖြတ်ခဲ့တာ ... ကမ္ဘာရဲ့ လျှို့ဝှက် နယ်မြေက လူတွေတော့ ဘုရားတ နေလောက်ပြီ”

“ပြိုင်ဘက်ကင်း ... အရှင်ချန်းက တကယ့်ကို ပြိုင်ဘက်ကင်းပဲ …”

အရှေ့တိုင်း၏ သိုင်းသမားများ ဖြစ်စေ၊ အနောက်တိုင်း၏ အမှောင်ကမ္ဘာ အရှင်သခင်များ ဖြစ်စေ အားလုံးမှာ ချန်းဖန်၏ ပြန်လည် ပေါ်လာမှု အတွက် ပျော်ရွှင် နေကြ၏။

ချန်းဖန် မရှိသည့် အတောအတွင်း၌ လျှို့ဝှက် နယ်မြေနှင့် စွန့်ပစ်ခံ နယ်မြေများမှ ရှေးဟောင်း သက်ရှိများသည် ကမ္ဘာအား သိမ်းပိုက်ကာ အင်အားကြီး နိုင်ငံများကိုပင် ထိန်းချုပ် လာကြသည်။ ၎င်းတို့၏ ကြမ်းတမ်း ရက်စက်မှုများ အောက်၌ လူသားများကား ခွန်အား အလျင်း ကင်းမဲ့ကာ ဗိုလ်ကျ စိုးမိုးခံခဲ့ရသည်။

သို့သော်လည်း ယခုတွင်မူ လူသားတို့၏ နောက်ဆုံး မျှော်လင့်ချက် ဖြစ်သည့် ချန်းပေ့ရွှမ်းကား ပြန်လည် ပေါ်လာခဲ့ပြီ ဖြစ်လေသည်။

“သူက ငါတို့ရဲ့ ကျက်သရေကို ပြန်ပြီး ယူဆောင် ပေးနိုင်လိမ့်မယ် …”

“ကြိုးစားထား ချန်းပေ့ရွှမ်း ... ငါတို့ အတွက် နဂါးအိုကြီးကို သတ်ပေး …”

“အရှင်ချန်းကွ …”

စီအိုင်အေ၏ ဖိုရမ်၌ များစွာသော ပို့စ်များက ပြည့်နှက်နေသည်။

ထိုပို့စ်များ၌ အချို့က ကမ္ဘာ၌ ဗိုလ်ကျ စိုးမိုးနေသော လျှို့ဝှက် နယ်မြေများကို ရှင်းထုတ်ပေးရန် ချန်းဖန်အား တောင်းဆိုကြသည်။ အချို့ကလည်း ချန်းဖန် ကမ္ဘာမြေသို့ ပြန်လာခြင်းအား ကြိုဆိုကြောင်း ရေးသားကြ၏။

တစ်ချိန်တည်း၌ လျှို့ဝှက် နယ်မြေများမှ ရှေးဟောင်း ကျင့်ကြံသူများမှာမူ မှုန်ကုပ် နေကြ၏။

စက္ကန့်ပိုင်း အတွင်းမှာပင် ဧကရာဇ် ကန်နယ်ဟာ အပါအဝင် မြေကမ္ဘာ နတ်ဘုရား ဆယ့်ငါးယောက်မှာ ချန်းဖန်၏ သတ်ဖြတ်ခြင်းကို ခံကြရသည်။ ထိုအရာက သူတို့ အတွက် သုံးနှစ်အတွင်း အကြီးမားဆုံးသော ရှုံးနိမ့်မှု ဖြစ်၏။

“ငါတို့ လက်စားချေရမယ် …”

“ဟုတ်တယ် ... ငါတို့ သူ့ကို တိုက်ခိုက်ပြီး သတ်ပစ်ရမယ်”

အချို့ မူလ အဆင့်များက ဒေါသတကြီး ဆိုကြ၏။ သို့သော်လည်း အများစုမှာမူ မျက်မှောင်ကြုတ်ကာ တိတ်ဆိတ် ငြိမ်သက် နေကြသည်။

“သူက ဘယ်သူလဲ ... ကြည့်ရတာ ဝိညာဉ်တစ္ဆေနဲ့ ရွှေရောင် နတ်ဘုရားတို့တောင် သူ့ကို ယှဉ်နိုင်မယ် မထင်ဘူး ... ဘယ်လို လုပ်ပြီး လူသားတွေထဲမှာ ဒီလို အစွမ်းထက်တဲ့ လူတစ်ယောက် ရှိနေရတာလဲ”

ချန်းဖန်၏ တိုက်ခိုက်မှုနှင့် ခွန်အားက လူတိုင်းအား ထိတ်လန့်စေသည်။

ရှေးဟောင်း နတ်ဘုရားများ၊ သူတော်စင်များသည် ကမ္ဘာပေါ်၌ သူတို့အား ခြိမ်းခြောက်နိုင်သူ မရှိဟု ထင်မှတ် ထားခဲ့ကြသည်။ ယခုကဲ့သို့ အစွမ်းထက်သည့် တစ်စုံတစ်ယောက် ပေါ်လာမည်ဟု တွေးပင် မတွေးမိကြချေ။

“သူက မြောက်ပိုင်းချုံးရဲ့ ဂိုဏ်းချုပ် ချန်းပေ့ရွှမ်းတဲ့ ... လွန်ခဲ့တဲ့ သုံးနှစ်မှာ သူက ခရစ်ယာန် ဘုရားကျောင်းနဲ့ အမေရိကန်ကိုတောင် အနိုင်ယူဖူးတယ်”

သမန်း ဝံပုလွေ တစ်ကောင်က ရှင်းပြ လိုက်သည်။

အမှောင်ဝံပုလွေ ကလန်သည် ရှေးဟောင်း ခေတ်များ၌ အဓိက ကလန်တစ်ခု ဖြစ်ခဲ့သည်။ သူတို့သည် ဆိုက်ဘေးရီးယားနှင့် ဝင်ရိုးစွန်းအား စိုးမိုးကာ ဥရောပအထိ နယ်ပယ် ချဲ့ထွင် နိုင်ခဲ့သည်။

“ဘယ်လို …”

လျှို့ဝှက် နယ်မြေ ကျင့်ကြံသူများမှာ ဆွံ့အသွားကြ၏။

သူတို့သည် ချန်းဖန်၏ နာမည်ကို အကြိမ်ပေါင်းများစွာ ကြားဖူးသော်လည်း တစ်ခါမှ ကြောက်လန့်စရာဟု မမြင်ခဲ့ကြချေ။ သူတို့၏ အမြင်၌ လူသားကမ္ဘာ၏ မြေကမ္ဘာ အဆင့်များမှာ ကြွက်များသာ ဖြစ်ပြီး ချန်းဖန်မှာလည်း ပိုမို သန်မာသော ကြွက်တစ်ကောင်သာ ဖြစ်သည်။

သို့သော်လည်း ယင်ဖုန်း မျှော်စင် တိုက်ပွဲ၌ ချန်းဖန်သည် သူ၏ ပြိုင်ဘက်ကင်း စွမ်းအားကို ထုတ်ဖော် ပြသခဲ့သည်။ သူကား မည်သည့် နေရာတွင်မဆို ပြိုင်ဘက်ကင်းသူ ဖြစ်ကြောင်း တစ်ကမ္ဘာလုံးအား သက်သေပြခဲ့၏။

“ဒီသုံးနှစ် အတွင်းမှာ သူက ပိုပြီး အစွမ်းထက် လာမယ်လို့ ဘယ်သူက ထင်မိမှာလဲ …”

စီနီယာ မြေကမ္ဘာ နတ်ဘုရား တစ်ယောက်က ပြောလိုက်၏။

ထိုနှစ်များ အတွင်း၌ ကမ္ဘာပေါ်၌ အရှင်သခင် ခြောက်ယောက် ရှိခဲ့ပြီး ထိုခြောက်ယောက် စလုံးမှာ လျှို့ဝှက် နယ်မြေများမှ ရှေးဟောင်း ကျင့်ကြံသူများ၊ မွန်းစတားများသာ ဖြစ်သည်။ ယခု ချန်းပေ့ရွှမ်း ပြန်ပေါ်လာပြီ ဖြစ်ရာ ကမ္ဘာကြီး၌ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ပေသည်။

ခရစ်ယာန် ဘုရားကျောင်း၊ ရွှေရောင်ဂိုဏ်း၊ သမုဒ္ဒရာဂိုဏ်းနှင့် အခြား လျှို့ဝှက် ဂိုဏ်းများမှ ထိပ်သီး ပုဂ္ဂိုလ်များမှာ အရှေ့ အရပ်သို့ လှမ်းမျှော်ကာ ကြည့်ကြသည်။ အချို့ဆိုလျှင် သူတို့၏ ကိုယ်စားလှယ်များကိုပင် စေလွှတ်ကာ ချန်းဖန်နှင့် ဆက်သွယ်ရန် ကြိုးစားကြသည်။

***

တစ်ချိန်တည်း၌ ကျောင်းဟိုင်မြို့သို့ ရောက်ရှိနေသော လူများစွာမှာလည်း ကောင်းကင်သို့ ကြည့်ကာ မယုံကြည်နိုင်မှုကို ခံစား နေကြရသည်။

“သူ ... သူက တကယ်ကြီး ချန်းပေ့ရွှမ်းလား …”

ကျားဖြူက အထစ်ထစ်အငေါ့ငေါ့ ရေရွတ်လိုက်၏။ သူကား သုံးနှစ်ကြာပြီးနောက် တန်ခိုးရှင် အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ပျံလွှားနီလေးက ကျားဖြူ၏ မေးခွန်းအား ပြန်မဖြေခဲ့ချေ။ သူမက ကောင်းကင်သို့သာ ငေးမော ကြည့်ရှု့ နေခဲ့၏။ သူမ၏ မျက်လုံးများက ရှုပ်ထွေးပြီး အားကောင်းသော ခံစားချက်များနှင့် ပြည့်နှက်နေသည်။

“ငါ သူ့ကို မေ့နိုင်ခါမှ သူက ဘာလို့ ပြန်ပြီး ပေါ်လာရတာလဲ …”

အဆုံး၌ ပျံလွှားနီလေးက သက်ပြင်း တစ်ချက် ချလိုက်၏။

ထိုအချိန်၌ ဟန်ကျန်းတုနှင့် ရှောင်ရွှမ်တို့၏ မျက်နှာများမှာ အရောင် ပြောင်းလဲကာ သူတို့၏ ခန္ဓာကိုယ်များမှာလည်း မထိန်းချုပ်နိုင်အောင် တုန်ရီ နေကြသည်။

“မဖြစ်နိုင်ဘူး ... သူက ခွန်ရှု နယ်မြေကို ဝင်သွားတာမလား ... ဘယ်လိုလုပ်ပြီး ပြန်လာ နိုင်ခဲ့တာလဲ”

ရှောင်ရွှမ်၏ စိတ်များအား ရူးသွပ်တော့မလိုပင် ဖြစ်နေခဲ့၏။

“ရှောင်ရွှမ် ... ငါတို့တော့ သူ့ကို နောက်တစ်ကြိမ် လျှော့တွက် မိပြန်ပြီ ထင်တာပဲ”

ဟန်ကျန်းတုက ဖြူရော်စွာ ပြုံးရင်း ဆိုလိုက်သည်။

တစ်ချိန်တည်း၌ ဆမ်ဆောင်း လီမိသားစု ခေါင်းဆောင်၊ မစ်ဆု ယူတိုနှင့် အခြား မိသားစု ခေါင်းဆောင်များမှာလည်း သွေးပျက် ချောက်ချား နေကြ၏။

သို့သော်လည်း ချန်းဖန်ကမူ သူတို့အား သတိထားမိရန် မပြောနှင့်၊ တစ်ချက်ပင် လှည့်မကြည့်ခဲ့ချေ။ သူက လက်နှစ်ဖက်ကို နောက်ပစ်ရင်း ကောင်းကင်တွင်သာ တည်ငြိမ်စွာ ရပ်တန့်နေ၏။ ထို့နောက် သူက အေးဆေးစွာပင် ဆိုလိုက်သည်။

“ကမ္ဘာကြီးကို လူသားတွေ ပိုင်တယ် ... မျိုးနွယ်ခြားတွေ မပိုင်ဘူး ... ငါတို့ရဲ့ နယ်မြေကို ကျူးကျော်တဲ့ ဘယ်သူ့ကိုမဆို သတ်ပစ်မယ်လို့ ငါ ကျိန်ဆိုတယ်”

ချန်းဖန်၏ မိုးကြိုးအလား ကျယ်လောင်သော အသံက ကျောင်းဟိုင် တစ်မြို့လုံးကို ဖုံးလွှမ်းသွားရုံသာမက TV နှင့် အင်တာနက်မှ တစ်ဆင့်လည်း တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့ ရောက်ရှိ သွားသည်။

သူ၏ ကြေညာမှုအား ကမ္ဘာအရပ်ရပ်ရှိ လူသားများက လက်ခုပ်တီးကာ ကြိုဆို လိုက်ကြ၏။

လူသားမျိုးနွယ်ကား အောက်ကျ ခဲ့ရသည်မှာ သုံးနှစ်တိုင်ခဲ့ပြီ ဖြစ်သည်။ ယခုတွင်မူ သူရဲကောင်းကား ပြန်လည် ရောက်ရှိလာပြီ ဖြစ်ရာ လူသားများမှာ ဦးမော့ နိုင်ကြတော့မည် ဖြစ်သည်။

ရှုယုံဖေးမှာ ချန်းဖန်အား ကြည့်ရင်း မျက်ရည်များ စီးကျလာ၏။ ထိုလူငယ်ကား သူမ၏ ကယ်တင်သူ ဖြစ်သလို သူမ၏ လူလည်း ဖြစ်သည်။ ယခုတွင်မူ သူကား ကမ္ဘာ၏ အမြင့်ဆုံးထိတိုင် ထွန်းတောက်နေခဲ့ပြီ ဖြစ်တော့၏။

***

All Chapters