လျှို့ဝှက် နယ်မြေများ၏ အံ့အားသင့်မှု
Vol. 8 Ch. 781
ချန်းဖန်သည် သုံးနှစ်ကြာ ပျောက်ကွယ်ပြီးနောက် ရုတ်တရက် ပြန်ပေါ်လာကာ ကြေညာချက် တစ်ခုကို ထုတ်ပြန်ခဲ့သည်။
တစ်ကမ္ဘာလုံးသည် အလွန်အမင်း အံ့အားသင့် နေကြ၏။ မရေမတွက်နိုင်သော လူသားများသည် လမ်းမများသို့ ထွက်ကာ အောင်ပွဲခံလျက် ချန်းဖန်အား ထောက်ခံ နေကြသည်။
“နတ်ဘုရားအဖွဲ့ တွေ့ဆုံပွဲက တကယ့်ကို မျက်လှည့်ဆန်ခဲ့ပါတယ် ... အခုဆိုရင် ဗိုလ်ချုပ်ချန်း ပြန်ပေါ်လာတဲ့ အပြင် နဂါးအိုကြီးရဲ့ အရှေ့တိုင်းကို ထိန်းချုပ်မယ့် အစီအစဉ်လည်း ပျက်စီး သွားခဲ့ရပြီ …”
ဝေါစရိ (wall street) သတင်း ဌာနက ကြေညာသည်။
စီအိုင်အေကလည်း ချက်ချင်းပင် ချန်းဖန်အား ခုနစ်ယောက်မြောက် အရှင်သခင်အဖြစ် သတ်မှတ်၏။
အခြား တစ်ဖက်၌ လျှို့ဝှက် နယ်မြေများမှာ ငြိမ်သက် နေကြသည်။ နဂါးအိုကြီး ပင်လျှင် မွန်းစတားများ၊ မျိုးဆက်များကို ဆုံးရှုံးထားရသည့်တိုင် တိတ်ဆိတ်နေ၏။ ထိုအရာက လူများအား ပိုမို၍ စိုးရိမ် စေသည်။
“နဂါးရေကန်နဲ့ ခရစ်ယာန် ဘုရားကျောင်းက တစ်ခုခု လုပ်ဖို့ ကြိတ်ပြီး ကြံနေတာလား …”
များစွာသော လူသား အရှင်သခင်များက ခန့်မှန်းရန် ကြိုးစားကြသော်လည်း ခန့်မှန်း နိုင်လောက်သည့် လျှို့ဝှက် အချက်အလက်များ သူတို့တွင် မရှိချေ။ သို့ဖြစ်ရာ သူတို့ လုပ်နိုင်သော အရာ ဟူ၍ စောင့်ဆိုင်းခြင်းသာ ရှိတော့၏။
***
ထိုအချိန် ယင်ဖုန်း မျှော်စင်၏ အထပ် ၁၅၀ မြောက်၌ …
ခွန်းလွန်နှင့် မြောက်ပိုင်းချုံးနှင့် အရှေ့တိုင်း၏ ပညာရှင်များသည် အတူတကွ စုစည်း နေကြ၏။ ချန်းဖန်သည် ရဲ့ချင်စန်း၊ ချန်းဟွိုက်အန်းတို့ကို ခြံရံလျှက် စားပွဲ၏ ထိပ်ဆုံးနေရာ၌ ထိုင်နေကြသည်။
များစွာသော တန်ခိုးရှင် အဆင့်များသည် ချန်းဖန်ထံသို့ တစ်ယောက်ပြီး တစ်ယောက် လျှောက်လာကာ နှုတ်ဆက် ဂါရဝ ပြုနေကြ၏။
“နှုတ်ဆက်ပါတယ် အရှင်ချန်း…. ကျွန်တော်က ပါးကျီဂိုဏ်းက လီရှုဟွမ်ပါ”
“နှုတ်ဆက်ပါတယ် အရှင်ချန်း ... ကျွန်တော်က ရှင်းရီဂိုဏ်းက စွန်းတျဲကောပါ”
“နှုတ်ဆက်ပါတယ် အရှင်ချန်း ... ကျွန်တော်က ဗုဒ္ဓတန်ဒြာဂိုဏ်းက ဓမ္မရာဇာ ကြာပန်းပါ”
“ ... ”
ထိုတန်ခိုးရှင် အဆင့်များကား အပြင်လောကသို့ တစ်ခါမှ မထွက်ဘဲ ပုန်းအောင်း နေကြသူများ ဖြစ်သည်။
အသက်အားဖြင့် ပြောရလျှင် သူတို့သည် ချန်းဖန်၏ အဘိုးအရွယ်တွင် ရှိနေကြသူများ ဖြစ်သည်။ သို့သော်လည်း သူတို့သည် ချန်းဖန်၏ အရှေ့၌ အလယ်တန်း ကျောင်းသား တစ်ယောက်အလား ရိုကျိုးမှု ရှိနေခဲ့၏။
“ကျုပ်တို့မှာ အရမ်းကို ပါရမီပါတဲ့ ကျင့်ကြံသူတွေ ရှိတယ် ... အရှေ့တိုင်း လူသား ကျင့်ကြံသူတွေထဲမှတင် တန်ခိုးရှင် အဆင့်က အယောက်လေးဆယ်အထိ ရှိတယ် ... တကယ်လို့ နှစ်ဆယ်ဂဏန်းသာ အချိန်ရရင် အနည်းဆုံး မြေကမ္ဘာ နတ်ဘုရား ဆယ်ယောက်လောက် ပေါ်ထွက်လာမှာ သေချာတယ် …”
ရဲ့ချင်စန်းက လေးပင်စွာ ခေါင်းအား ခါယမ်း လိုက်သည်။
“ဘာမှ စိုးရိမ် မနေနဲ့ ... အခု ငါတို့မှာ ဆရာရှိနေပြီ ... သူက လျှို့ဝှက်နယ်မြေ အားလုံးကို အနိုင်ယူပြီး လေးစားမှုက ဘာလဲ ဆိုတာ သင်ပေးလိမ့်မယ်”
ဟွာရန်ဖန်းက ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်၏။
ရဲ့ချင်စန်းက ထိုင်ရာမှ ထကာ ချန်းဖန်အား ကျေးဇူးတင်လိုက်သည်။
“အရှင်ချန်း ... ကျုပ်တို့ကို ကယ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်”
“ရပါတယ် …”
ချန်းဖန်က အေးဆေးစွာပင် ပြန်လည် ခေါင်းညိတ် ပြလိုက်၏။
ထိုတိုက်ပွဲ၌ သူ အလျင်စလို မလှုပ်ရှားခဲ့ခြင်းမှာ သူ၏ တပည့်များနှင့် ချန်းဟွိုက်အန်းတို့ တိုက်ပွဲ စွမ်းရည် တိုးတက် လာစေရန် အတွက်သာ ဖြစ်သည်။ သူ ကိုယ်တိုင်မှာမူ ထိုသို့သော စွမ်းရည်ကို အတိတ်ဘဝ ရာစုနှစ် ငါးရာ တိုက်ပွဲများမှ တစ်ဆင့် ရရှိခဲ့ပြီး ဖြစ်၏။
“ဒါပေမဲ့ ဧကရာဇ် ကန်နယ်ဟာနဲ့ မရဏ သခင်တို့ ဆိုတာက ပုရွက်ဆိတ် လေးတွေပဲ ရှိသေးတာ ... ကျုပ်တို့ရဲ့ အကြီးမားဆုံး ရန်သူက နဂါးအိုကြီးပဲ ... တကယ်လို့ တွေ့ဆုံပွဲက ယင်ဖုန်း မျှော်စင်မှာသာ မဟုတ်ရင် နျူကလိယဗုံးချပြီး အဲဒီ ကောင်တွေကို သတ်ပစ်လို့ ရတယ်”
ရဲ့ချင်စန်းက လေးပင်စွာ သက်ပြင်း ချလိုက်၏။
ဖန့်ချုံး၊ အားရှို့တို့ အပါအဝင် တန်ခိုးရှင် အဆင့်များ၏ မျက်နှာများမှာလည်း လေးနက် နေကြသည်။
သူတို့သည် ချန်းဖန်အား ယုံကြည်သည့်တိုင် နဂါးအိုကြီးသည် အလွန် အစွမ်းထက်လှသည်။ ၎င်းသည် မွန်းစတား အားလုံး၏ သခင်ဖြစ်ကာ ကမ္ဘာ၏ အစွမ်းအထက်ဆုံး ခြောက်ယောက်ထဲမှ တစ်ယောက် ဖြစ်သည်။
“ဒါနဲ့ ခင်ဗျားတို့ နျူကလိယ လက်နက်ကို စမ်းသုံးပြီးပြီလား …”
ချန်းဖန်က မေးလိုက်သည်။
“နျူကလိယ လက်နက်နဲ့ သားရဲတွေ မျိုးနွယ်ခြားတွေ တော်တော်များများကို ကျုပ်တို့ သတ်ပြီးပါပြီ …”
ရဲ့ချင်စန်းက ပြန်လည် ဖြေလိုက်၏။
“ကောင်းတယ် …”
ချန်းဖန်က ခေါင်းညိတ် လိုက်သည်။
ပုံမှန်အားဖြင့် ဆိုလျှင် မူလ အဆင့်များသည် နျူကလိယ ပေါက်ကွဲမှုမှ လွတ်မြောက် နိုင်ကြ၏။
သို့သော်လည်း ထိုအရာများမှာ တန်ချိန် တစ်သောင်း ပေါက်ကွဲမှုသာ ရှိသည့် အသေးစား အက်တမ် နျူကလိယ ဗုံးများသာ ဖြစ်သည်။ မဟာ အင်အားကြီး နိုင်ငံများမှာ တန်ချိန် သန်းချီသော နျူကလိယ ဗုံးများကို ပိုင်ဆိုင်ထားပြီး ထိုဗုံးများမှာ အက်တမ်ဗုံးများထက် အဆရာထောင်ချီ ပိုမို အစွမ်းထက်သည်။ အသန့်စင်ဆုံး အမှောင် ဝံပုလွေပင်လျှင် ထိုပေါက်ကွဲမှုများမှ လွတ်မြောက်မည် မဟုတ်ချေ။
“ဒါပေမဲ့ အရှင်သခင် ခြောက်ယောက် ပေါ်လာပြီးနောက်မှာ အရာရာက ပြောင်းလဲ သွားခဲ့တယ် …”
ရဲ့ချင်စန်းက ဖြူရော်စွာ ပြုံးလိုက်၏။
“ကျုပ်တို့ တပ်ဖွဲ့တွေဟာ နဂါးအိုကြီး ရှိတဲ့ နဂါး ရေကန်ကို တန်ချိန် ငါးသန်းရှိတဲ့ နျူကလိယဗုံး တစ်ခု ချခဲ့ဖူးတယ် ... ဒါပေမဲ့ သူက ဘာဒဏ်ရာမှ မရဘဲ လွတ်မြောက်ခဲ့တယ်”
“ဘယ်လို …”
လူတိုင်းမှာ ထိတ်လန့် တုန်လှုပ် သွားကြသည်။ တန်ချိန်ငါးသန်း နျူကလိယ ပေါက်ကွဲမှုမှ လွတ်မြောက်နိုင်သည်အထိ နဂါးအိုကြီးက ဘယ်လောက်အထိ အစွမ်းထက်နေရသနည်း။
များစွာသော လူများက ချန်းဖန်အား ကြည့်လိုက် ကြသည်။
လွန်ခဲ့သည့် သုံးနှစ်တွင် ချန်းဖန်သည် နျူကလိယကို ရင်ဆိုင်ကာ ကမ္ဘာ၏ အင်အား အကြီးဆုံး အမေရိကန်ကို ဒူးထောက် စေခဲ့သည်။ ယခုတွင်လည်း နဂါးအိုကြီးမှာ ထိုသို့သော အစွမ်းကို ထုတ်ဖော် ပြသခဲ့သည်။
“နျူကလိယ ပေါက်ကွဲမှုက အစွမ်းထက်တယ် ဆိုပေမဲ့ မူလထိပ်ဆုံးအဆင့် အမြုတေ ဖွဲ့စည်းခြင်း အဆင့်တွေကိုတော့ ထိအောင် ပစ်ခတ်နိုင်ဖို့ မလွယ်ဘူး ... နျူကလိယ ပေါက်ကွဲမှု ဗဟိုနေရာမှာ မဟုတ်သရွေ့ အမြုတေ ဖွဲ့စည်းခြင်း အဆင့် တစ်ယောက်က အသက်ရှင် လွတ်မြောက်နိုင်တယ်”
ချန်းဖန်က စဉ်းစားရင်း ခေါင်းအား ခါလိုက်သည်။
နျုကလိယ ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသော အပူချိန် ဒီဂရီ မီလျှံဆယ်ချီသည် အမြုတေ ဖွဲ့စည်းခြင်းအဆင့်များကို ထိခိုက်စေနိုင်သည် ဆိုသော်လည်း ထိုလက်နက်ဖြင့် သူတို့အား ထိအောင် ပစ်ခတ်နိုင်ရန်မှာမူ အလွန်အမင်း ခက်ခဲ၏။ မူလ အဆင့်များ အနေဖြင့် ပေါက်ကွဲမှု ဗဟိုမှ လွတ်မြောက်အောင် ရှောင်နိုင်ရုံဖြင့်ပင် အသက်ရှင်ရန် ရာနှုန်းများ နေခဲ့ပြီ ဖြစ်သည်။
“အရှင်ချန်း ... ဂရုစိုက်ပါ ... နဂါးအိုကြီးက ပြန်ပြီး လက်စားချေမှာ သေချာတယ် ... ကျုပ်တို့ နျူကလိယဗုံး ချတုန်းကဆို သူက ကျုပ်တို့ရဲ့ စစ်တပ်ရင်း ခုနစ်ခုက စစ်သားတွေ အကုန်လုံးကို ပြန်သတ်ခဲ့တယ် ... အခု အရှင်ချန်းက သူ့ရဲ့ မျိုးဆက်တွေကို သတ်လိုက်တာ ဆိုတော့ …”
အဇူရာ နဂါးက လေးနက်စွာဖြင့် ဆိုလိုက်သည်။ သို့သော်လည်း သူ၏ စကားမဆုံးခင်မှာပင် အချက်ပေးသံ မြည်လာခဲ့၏။
“နဂါးအိုကြီးက ဆက်သွယ်လာတယ်”
အားလုံး၏ အကြည့်များ အောက်တွင်ပင် ပျံလွှားနီလေးက ဆက်သွယ်ရေး ကိရိယာကို ကိုင်ရင်း ဆိုလိုက်သည်။
“သူက ဗိုလ်ချုပ်ချန်းကို နဂါးရေကန် အထိ လာပြီး တောင်းပန်စေချင်တယ် ... မဟုတ်ရင်တော့”
ပျံလွှားနီလေး၏ အသံက တစ်ချက် တုန်ခါ သွား၏။
“သူက မြောက်ပိုင်းချုံး တစ်ခုလုံးကို ဖျက်ဆီး ပစ်မယ်တဲ့”
“ ... ”
ပျံလွှားနီလေး၏ စကားဆုံသည်နှင့် ခန်းမတစ်ခုလုံး တိတ်ဆိတ် သွား၏။ လူတိုင်းက ချန်းဖန်အား စိုးရိမ်တကြီး ကြည့်လိုက် ကြသည်။
ချန်းဖန်မှာမူ ဘာမှ မကြားသည့်အလား တည်ငြိမ်စွာပင် လက်ဖက်ရည်ကို ဆက်လက် သောက်နေခဲ့၏။
***
“နဂါးဘိုးဘေးက ချန်းပေ့ရွှမ်းကို နဂါးရေကန်ဆီ လာပြီး တောင်းပန်ခိုင်းတယ်တဲ့ ... မဟုတ်ရင် သူက မြောက်ပိုင်းချုံး တစ်ခုလုံးကို ရှင်းပစ်မယ်တဲ့”
ထိုသတင်း အပိုင်းအစက တစ်ကမ္ဘာလုံးသို့ တစ်ခဏ အတွင်းမှာပင် ပျံ့နှံ့သွား၏။
“နဂါးအိုကြီးက တကယ့်ကို မောက်မာလွန်းတာပဲ”
“အဲဒီ တိရစ္ဆာန်က သူ့ကိုယ်သူ ဘာထင် နေတာလဲ ... ကောင်းကင် တန်ခိုးရှင်လို့လား ... အရှင်ချန်းက မြေကမ္ဘာ နတ်ဘုရား ဆယ့်ငါးယောက်ကိုတောင် စက္ကန့်ပိုင်းအတွင်း သတ်ပြီး သူ့ရဲ့ ပြိုင်ဘက်ကင်း စွမ်းအားကို ပြသပြီးပြီ ... ဒါတောင် သူက တောင်းပန်ခိုင်း နေသေးတယ်”
“အရှင်ချန်း ... နဂါးရေကန်ကို ရှင်းပြီး အဲဒီ အရူး သားရဲကို သတ်ပေးပါ”
သိုင်းပညာ ဖိုရမ်များ၌ များစွာသော လူများက ရေးသားကြ၏။ အချို့လူများမှာမူ စိုးရိမ် နေကြသည်။
“နဂါးအိုကြီးက အရူးမဟုတ်ဘူး ... သူက နှစ်ထောင်ချီ အသက်ရှင်ခဲ့ပြီး သူ့ရဲ့ ဉာဏ်ရည်ကလည်း လူသားတွေထက်တောင် ပိုမြင့်နေပြီ ... သူက အရှင်ချန်းကို ခုလို စိန်ခေါ်ရဲတယ် ဆိုတော့ သူ့မှာ ယုံကြည်ချက် ရှိလို့ ဖြစ်ရမယ်”
“လျှို့ဝှက် နယ်မြေတွေက အရှင်ချန်းကို ထောင်ချောက်ဆင် နေတာလား”
မရေမတွက်နိုင်သော လူများမှာ ယင်ဖုန်း မျှော်စင်နှင့် မြောက်ပိုင်းချုံးတို့အား အာရုံစိုက် နေကြသည်။ သူတို့သည် ချန်းဖန် မည်သို့ တုံ့ပြန်မည်ကို သိလိုကြ၏။
“ဗိုလ်ချုပ်ချန်း ... ကိုရီးယား သမ္မတ ဂျပန်ရဲ့ ဝန်ကြီးချုပ်နဲ့ ထိုင်းဘုရင်တို့က ဗိုလ်ချုပ်ရဲ့ သဘောထားကို မေးနေကြပါတယ် ... ပြီးတော့ ဗိုလ်ချုပ် လီဝူချန်းကလည်း မက်ဆေ့ တစ်စောင် ပို့လာပါတယ် ... သူက ဗိုလ်ချုပ် ဘာပဲ ဆုံးဖြတ် ဆုံးဖြတ် သူတို့ သဘောတူ ပါတယ်တဲ့”
ပျံလွှားနီလေးက လပ်တော့ (laptop) တစ်လုံးကို ကိုင်ရင်း ဆို၏။
“အရှင်ချန်း ... လျှို့ဝှက်နယ်မြေနဲ့ ကျုပ်တို့ ကြားက တိုက်ပွဲက ကာလရှည်ကြာ ဖြစ်နေတာပါ ... နဂါးအိုကြီးရဲ့ စကားကို ဂရုစိုက် မနေနဲ့ ... ကျုပ်တို့ အဆင်သင့် ဖြစ်မှပဲ တိုက်ခိုက်ကြတာပေါ့”
ရဲ့ချင်စန်းက လေးနက်စွာ ဆိုသည်။ ထိုစကားကို ချန်းဟွိုက်အန်းက သဘောတူ၏။
ချန်းဖန်သည် အလွန် အစွမ်းထက်သည် ဆိုသော်လည်း နဂါးအိုကြီးမှာလည်း ခန့်မှန်း၍ မရနိုင်သူ ဖြစ်သည်။ ထို့အပြင် နဂါးအိုကြီးက ချန်းဖန်အား နဂါးရေကန်သို့ လာရောက်ရန် ဖိတ်ခေါ်ခဲ့ရာ သူမည်သည့် အရာများ ကြံစည်ထားကြောင်း မည်သူမျှ မသိနိုင်ချေ။
“ဟုတ်တယ် ရှောင်ဖန် ... အဲဒါက အရမ်း အန္တရာယ်များတယ် ... မသွားပါနဲ့လား”
ဖန့်ချုံးကလည်း ချန်းဖန်အား တီးဆီးရန် ကြိုးစား၏။
“လက်ဘက်ရည် ကောင်းပဲ …”
ချန်းဖန်က ပြုံးရင်း လက်ဖက်ရည် ခွက်အား စားပွဲ ပေါ်သို့ ပြန်လည် ချလိုက်သည်။ ထို့နောက် သူက အားလုံးကို ဝှေ့ကြည့်ရင်း တည်ငြိမ်စွာပင် ဆိုလိုက်၏။
“စိတ်မပူကြနဲ့ ... ဘယ်လို လုပ်ပြီး မြွေတစ်ကောင်က ငါ့ကို ခြိမ်းခြောက် နိုင်မှာလဲ ... သူတို့မှာ လှည့်ကွက်တွေ ဘယ်လောက်ပဲ ရှိရှိ ငါ သူတို့ကို အေးအေး ဆေးဆေး သတ်နိုင်ပါတယ်”
၂၀၁၆၊ ဧပြီလ ၁၆ ရက် …
ချန်းဖန်သည် နောက်သုံးရက် နေလျှင် နဂါးရေကန်သို့ သွားရောက်ကာ နဂါးအိုကြီးနှင့် တွေ့ဆုံမည်ဟု ကြေညာ၏။
လျှို့ဝှက် နယ်မြေ အားလုံးမှာ အံ့အားသင့် သွားကြတော့သည်။
***