← Chapters

နတ်ဘုရားများကို တစ်ကိုယ်တည်း အနိုင်ယူခြင်း

Vol. 8 Ch. 782

နတ်ဘုရားများကို တစ်ကိုယ်တည်း အနိုင်ယူခြင်း

Vol. 8 Ch. 782

နဂါးရေကန် …

နဂါးရေကန်သည် ချန်းပေ့တောင်တန်း အတွင်းပိုင်းတွင် တည်ရှိပြီး ကမ္ဘာ၏ စွန့်ပစ်ခံ နယ်မြေ ခုနှစ်ခု အနက်မှ တစ်ခုအဖြစ် ထင်ရှားသည်။

၎င်းသည် လွန်ခဲ့သည့် သုံးနှစ် မတိုင်ခင်အထိ လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း ကမ္ဘာကြီး ပြောင်းလဲလာပြီး နောက်တွင်မူ များစွာသော မွန်းစတားများ ထွက်ပေါ် လာခဲ့သည်။

ထိုရက်များ၌ နဂါးရေကန်သို့ လူသားများစွာ တဖွဲဖွဲ ရောက်ရှိ လာနေကြသည်။ သူတို့သည် ချန်းဖန်အား တတ်နိုင်သမျှ ကူညီရန်အတွက် လာရောက် အားဖြည့်ကြခြင်း ဖြစ်၏။

ထိုအရာက ကမ္ဘာ၏ အရှင်သခင် ခြောက်ယောက်အနက် တစ်ယောက်ကို လူသားမျိုးနွယ်မှ ပထမဆုံး အကြိမ်အဖြစ် စစ်ကြေညာခြင်း ဖြစ်သည်။ သို့ဖြစ်ရာ လူသား သိုင်းသမားများမှာ အလွန်တရာ တက်ကြွနေကြ၏။

“အကို ကူတောင်း ... မင်းလည်း ရောက်နေတာလား ... ဓားကျိုးဂိုဏ်းက ရှင်းကျန်းတောင်ပိုင်းမှာပဲ နေတာ မဟုတ်ဘူးလား”

ရှေးဟောင်း သိုင်းဝတ်စုံ ဝတ်ဆင်ထားသော ပြောသည်။

“ဟဟ …”

ဓားလွယ်ထားသော အခြားသိုင်းသမား တစ်ယောက်က ရယ်မောလိုက်၏။

“အရှင်ချန်းက မိစ္ဆာတွေနဲ့ တိုက်ခိုက်တော့မှာလေ ... ငါတို့က သူ့ကို အများကြီး မကူညီ နိုင်ရင်တောင် အနည်းဆုံးတော့ သူ့နဲ့အတူ အောင်ပွဲ ခံနိုင်တာပေါ့”

ချန်းပေ့တောင်တန်း နဂါးရေကန်သို့ ဂျပန် ဓားမာစတာများ၊ အရှေ့တောင် အာရှမှ ဂွန်းတူ ပညာရှင်များ၊ ကိုရီးယား ဖိုက်တာများပင် ရောက်ရှိ လာကြသည်။

ထိုတိုက်ပွဲက အရှေ့တိုင်းကို မည်သူ ပိုင်မည်ကို ဆုံးဖြတ်ပေးမည့် တိုက်ပွဲ ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတိုင်း လိုလိုမှာ ထိုတိုက်ပွဲကို စိတ်ဝင်စားကြ၏။

လူသားမျိုးနွယ်များသာမက လျှို့ဝှက် နယ်မြေများမှ ရှေးဟောင်း သက်ရှိများပင် နဂါးရေကန်သို့ ရောက်ရှိ လာကြသည်။ တစ်ချိန်တည်း၌ ကမ္ဘာ၏ ဘီလျှံ ချီသော လူထုမှာလည်း TV များ၊ လက်တော့များမှ တစ်ဆင့် ကြည့်ရှု့ နေကြ၏။

“တကယ်လို့ အရှင်ချန်းသာ နဂါးအိုကြီးကို အနိုင်ယူ နိုင်ရင် သူက အရှေ့တိုင်းနဲ့ လူသား မျိုးနွယ်ရဲ့ ဧကရာဇ် ဖြစ်လာလိမ့်မယ် …”

ရှေးဟောင်း သိုင်းဝတ်စုံဝတ် လူက တက်ကြွစွာ ပြောသည်။

“ဒါပေမဲ့ နဂါးအိုကြီးက အရမ်း ကောက်ကျစ်တယ် ... သူ အရှင်ချန်းကို ဘာထောင်ချောင်တွေ ဆင်ထားမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး”

ဓားလွယ်ထားသော လူက မျက်မှောင်ကြုတ်လိုက်၏။

ထိုအချိန်မှာပင် …

“ဟူး ... ဟူး …”

ပိုမို အစွမ်းထက်ပုံ ရသော လူများသည် ကောင်းကင်မှ တစ်ဆင့် ချန်းပေ့တောင်သို့ ပျံသန်း လာကြသည်။

ထိုလူများကား လီရှုဟွမ်၊ စွန်းတျဲကောတို့ အပါအဝင် တန်ခိုးရှင် အဆင့်များ ဖြစ်သည်။ သူတို့သည် တိုက်ပွဲအား ကြည့်ရှု့ရန် ရောက်ရှိ လာကြခြင်း ဖြစ်သည်။

သို့သော်လည်း သူတို့ နဂါးရေကန်နှင့် မီတာ သုံးရာခန့် အကွာသို့ အရောက်၌ …

“ဝှစ် …”

နဂါးရေကန် အတွင်းမှ ရေပွက်တစ်ခု ပွက်လာ၏။ ရေပွက်မှ ရေစက်များက ဓားများ အသွင်ဖြင့် တန်ခိုးရှင် အဆင့်များထံသို့ တိုးဝင်သည်။

“ဝှစ် ... ဝှစ် ... ဝှစ် …”

ထိုရေစက်များ၏ တိုးဝင်မှု၌ တန်ခိုးရှင် အဆင့် ရှစ်ယောက်မှာ ဒဏ်ရာရသူရ၊ သေသူသေ ဖြစ်ကုန်ကြ၏။

ထို့နောက် နဂါးရေကန်ထဲမှ လူတစ်ယောက် ထွက်ပေါ်လာသည်။ သူသည် ခန့်ညားပြီး သန်မာ ထွားကျိုင်း၏။

“ကျူးကျော်သူတွေကို သတ်မယ် …”

သူ၏ အသံက မိုင်ပေါင်းများစွာ အတွင်းရှိ သစ်ပင်များအား ယိမ်းနွဲ့စေကာ ရေများကို တုန်ခါသွားစေ၏။ အားနည်းသည့် သိုင်းသမားများမှာ ခေါင်းကိုက်မှုကို ခံစားရကာ အထွတ်အထိပ်များပင် တုန်ခါ သွားကြ၏။

“မြေကမ္ဘာ အဆင့် …”

ဓားလွယ်ထားသူက ထိတ်လန့်စွာ ရေရွတ်လိုက်သည်။

“သူက ကျန်းချူရာတဲ့ ... ကျန်းမိသားစုရဲ့ မြေကမ္ဘာ အဆင့်ပေါ့”

ရှေးဟောင်း ဝတ်စုံနှင့် သူက ရှင်းပြလိုက်သည်။

“ကျန်းချူရာ ... ဒီနေရာမှာ ငါတို့ရဲ့ ပညာရှင် အကုန်လုံး စုစည်းနေပြီ ... မင်းက တစ်ယောက်တည်းနဲ့ ငါတို့ကို ရင်ဆိုင်နိုင်မယ် ထင်နေတာလား”

ဧကရာဇ် ကောင်ဂိုဏ်း၏ တန်ခိုးရှင်က အော်ဟစ်လိုက်၏။

“ဘုန်း …”

ကျန်းချူရာက အဖြေ မပေးခဲ့ချေ။ သူက မောက်မာစွာပင် အင်္ကျီလက်ကို ခါယမ်း လိုက်သည်။

“ဘုန်း …”

ရုတ်တရက် ကောင်းကင်၌ ကြီးမားသည့် အဖြူရောင်လှိုင်း တစ်ခု ထွက်ပေါ်လာကာ မေးခွန်းထုတ်သည့် တန်ခိုးရှင်ထံသို့ တိုးဝင်လေ၏။

ဧကရာဇ် ကောင်ဂိုဏ်း တန်ခိုးရှင်သည် ခုခံရန် ကြိုးစားသည့်တိုင် အသုံးမဝင်ဘဲ သူ၏ ခန္ဓာနှင့် နတ်ဘုရား စိတ်ဝိညာဉ်တို့သာ ဖျက်ဆီး ခံရသည်။

“တိုက်ခိုက်မှုတစ်ခု တန်ခိုးရှင် အဆင့် တစ်ယောက် …”

ကမ္ဘာကြီးကား ရုတ်တရက် တိတ်ဆိတ် ငြိမ်သက်သွား၏။

လူတိုင်းက လက်သီးကို တင်းတင်းဆုပ်ရင်း ကျန်းချူရာအား ကြည့်ကြသည်။ သို့သော်လည်း မည်သူမျှ ထပ်မံ၍ ပါးစပ် မဟရဲကြတော့ချေ။

မူလ အဆင့်နှင့် သေမျိုးများ အကြားမှ ကွာခြားချက်မှာ အလွန် ကြီးမားသောအရာ ဖြစ်သည်။ ထိုအရာ နှစ်ခုက မနှိုင်းယှဉ်နိုင်ချေ။

“သေမျိုးတွေက နတ်ဘုရားတွေကို သံသယ ရှိရဲလား …”

ကျန်းချူရာက လူသားများကို ဝှေ့ကြည့်ရင်း ဆိုလိုက်၏။

“ကျန်းချူရာ ... မင်း ပြောတဲ့ သေမျိုး တစ်ယောက်ကပဲ ဧကရာဇ် ကန်နယ်ဟာနဲ့ ကောင်းကင်မြွေ ဧကရာဇ်ကို သတ်ခဲ့တာနော် ... နောက်ပြီး ငါတို့ အခု လာတာကလည်း မင်းတို့ နဂါးရေကန်ကို ဖျက်ဆီးပစ်ဖို့ ဆိုတာ နားလည်ထားစမ်း”

အဇူရာ နဂါးက အော်ဟစ်ကာ ပြောလိုက်သည်။

“ဟမ့် မင်းတို့က ကိုယ့်သေတွင်း ကိုယ်တူး နေတာပဲ …”

ကျန်းချူရာက ဂရုမစိုက်စွာ နှာခေါင်းရှုံ့ လိုက်သည်။

“တကယ်လား …”

ထိုအချိန်မှာပင် အေးစက်သော အသံတစ်ခု ပျံ့လွင့်လာ၏။

ကျန်းချူရာက အသံလာရာ ကောင်းကင်သို့ ကြည့်လိုက်ရာ တိမ်များမှာ လက်ဝါးသဏ္ဌာန် ဖွဲ့၍ သူ့ထံသို့ ပျံသန်း လာသည်ကို တွေ့လိုက်ရသည်။ ထိုတိမ်တိုက်လက်ကြီးက ကောင်းကင်ပြိုသည့် အလား သူ၏ အထက်သို့ ပြိုကျလာသည်။

“ဟမ် ... ဘယ်လို လုပ်ပြီး သူက မိုင်ရာချီ အကွာအဝေးကနေ တိုက်ခိုက်နိုင် ရတာလဲ”

ကျန်းချူရာက ချက်ချင်းပင် နဂါးရေကန်သို့ ပျံပြေးရန် ကြိုးစား လိုက်သည်။ သို့သော်လည်း ထိုအရာက နောက်ကျ သွားခဲ့ပြီ ဖြစ်သည်။

“ဘုန်း …”

ကျန်းချူရာ၏ ခန္ဓာကိုယ် အတွင်းရှိ အစစ်အမှန် အမတေများမှာ ကမ္ဘာလောကနှင့် အတူ အေးခဲသွား၏။ ထိုအချိန်မှာပင် တိမ်တိုက် လက်ကြီးမှာ သူ့အပေါ်သို့ ကျရောက်ကာ ဖျစ်ညှစ်သည်။

“ခရက် …”

ကျန်းချူရာ၏ ခန္ဓာမှာ အပိုင်းပိုင်း ကွဲကြေသွားသည်။ သူကား မူလ အလယ်ဆင့် ဖြစ်ကာ နဂါး၏ သွေးကို ပိုင်ဆိုင်ထားသည့်တိုင် တိမ်တိုက် လက်ကြီး၏ အရှေ့၌ ခွန်အား ကင်းမဲ့ရ၏။

“ဘုန်း …”

ထို့နောက် လက်ကြီးက နဂါးရေကန်အား ဆက်လက် ထုနှက် လိုက်သည်။

“ဘုန်း …”

လက်ကြီး၏ အကြိမ်ကြိမ် ထုနှက်မှုများ အောက်၌ နဂါးရေကန်၏ နှစ်ထောင်ချီ အစီအရင်များ၊ အကာအကွယ်များမှာ ပျက်စီး ရလေ၏။

“ဒါ ... ဒါက …”

မရေမတွက်နိုင်သော လူများမှာ ဆွံ့အသွားကြသည်။

သိုင်းပညာရှင်များ၊ လျှို့ဝှက် နယ်မြေများမှ ရှေးဟောင်း သက်ရှိများ စသည်ဖြင့် အားလုံး၏ မျက်လုံးများမှာ ပေါက်ထွက်မတတ် ပြူးကျယ် သွားကြ၏။

“အဲဒါက အရှင်ချန်းပဲ ... ကမ္ဘာပေါ်မှာ ဒီလောက် အစွမ်းထက်တာ သူတစ်ယောက်ပဲ ရှိတယ်”

အရှေ့တိုင်း၏ များစွာသော သိုင်းသမားများ၊ တန်ခိုးရှင်များမှာ ပျော်ရွှင်စွာ အော်ဟစ် လိုက်ကြသည်။

အရှေ့တိုင်း၏ အရှင်ချန်းကား မရောက်ရှိခင်ကပင် နဂါးရေကန်၏ ကျန်းချူရာအား သတ်ပစ်နိုင်ခဲ့သည်။ ထိုအရာက သူ၏ စွမ်းအားမှာ မည်မျှ ကြီးမားနေကြောင်း ဖော်ပြ နေ၏။

မကြာခင်မှာပင် နဂါးရေကန်သို့ လျှို့ဝှက်နယ်မြေများမှ မျိုးနွယ်ခြား အရှင်သခင်များ ရောက်ရှိလာသည်။

ပထမဆုံး အနောက် အရပ်မှ များစွာသော အဖြူရောင် သင်္ဘောပျံများ ပျံသန်း ရောက်ရှိလာ၏။ ထိုသင်္ဘောပျံများသည် သန့်စင်မှုဖြင့် ထွန်းတောက်နေကာ သာယာသော ဂီတသံများကို ထုတ်လွှတ်နေ၏။

“ခရစ်ယာန် ဘုရားကျောင်းရဲ့ အထွတ်အမြတ် သင်္ဘောတွေပါလား ... အဲဒီ သင်္ဘောတွေက ဗြိတိသျှနဲ့ ပြင်သစ် စစ်တပ်တွေကို အနိုင်ယူပြီး ဥရောပကို တုန်လှုပ်စေခဲ့ဖူးတယ်တဲ့ ... နောက်ပြီးတော့ …”

ဓားလွယ်ထားသော လူက အံ့ဩတကြီး ဆိုလိုက်သည်။

သို့သော်လည်း သူ၏ စကား မဆုံးခင်မှာပင် တောင်အရပ်မှ ရွှေရောင် အလင်းများ ထွန်းတောက် လာပြန်၏။ သူတို့ကား တောင်အမေရိက ရွှေရောင်ဂိုဏ်းမှ အရှင်သခင်များ ဖြစ်သည်။

ထိုအရာကား အစမျှသာ။

“ဟူး ... ဟူး …”

ပိုမိုများပြားသော မျိုးနွယ်ခြား အရှင်သခင်များမှာ အရပ်မျက်နှာ ပေါင်းစုံမှ ပျံသန်း လာကြသည်။

“မြောက်ဘက် ဝင်ရိုးစွန်းက သမန်း ဝံပုလွေတွေ …”

“အရှေ့ သမုဒ္ဒရာက ရေမိစ္ဆာတွေ …”

“အနောက်တောင်ပိုင်း ဒေသက သေခြင်း နတ်ဆိုး …”

“ ... ”

လူများမှာ ကောင်းကင်ရှိ များစွာသော အရှင်သခင်များကို ကြည့်ကာ ဆွံ့အ နေကြ၏။

နှိုင်းယှဉ်ရလျှင် ချန်းဟွိုက်အန်း၊ ရဲ့ချင်စန်းတို့မှာ ထိုအရှင်သခင်များထက် ပိုမို၍ အားနည်းကြသည်။

“ချန်းပေ့ရွှမ်း ဘယ်မှာလဲ ... သူက ခုထိ မလာသေးဘူးလား”

အစိမ်းရောင် ဆံပင်နှင့် မြွေအမြီး ရှိသော နတ်ဘုရား တစ်ပါးက ကျယ်လောင်စွာ အော်ဟစ် လိုက်၏။ သူ၏ အသံက များစွာသော သိုင်းသမားများကို မြေပြင်သို့ ပြုတ်ကျ သွားစေသည်။

“ဟဟ ... သူက လျှို့ဝှက်နယ်မြေ အားလုံးကို အနိုင်ယူမယ် ဟုတ်လား ... ဘယ်လောက်တောင် လေကြီးလိုက်သလဲ ... သူ ဒီနေ့ ဘာလုပ်နိုင်မလဲ ဆိုတာ ကြည့်ကြတာပေါ့”

ရွှေရောင်ဂိုဏ်းမှ မြွေနဂါး နတ်ဘုရားကလည်း အေးစက်စွာ ပြောလိုက်သည်။ သူ၏ စကားလုံးတိုင်းက ရွှေရောင် သင်္ကေတ အနေဖြင့် ကောင်းကင်သို့ ပျံတက်ကာ ကျောင်ဆောင်များအား ပိုင်းဖြတ်လေ၏။

“နတ်ဘုရားကို မလေးစားတဲ့ ဘယ်သူ မဆို သေရမယ် ... ဟီးဟီး …”

သေခြင်းနတ်ဆိုးကလည်း ကြက်သီးထဖွယ် ရယ်မောလိုက်၏။

“ခရစ်ယာန် ဘုရားကျောင်း …”

“ရေမိစ္ဆာဂိုဏ်း …”

“ရွှေရောင်ဂိုဏ်း …”

“ဝံပုလွေ အုပ်စု …”

“သေခြင်း ဘုရားကျောင်း …”

များစွာသော လူများ၏ မျက်နှာများမှာ ဖြူရော် သွားကြသည်။ TV , ကွန်ပျူတာ စခရင်များမှ တစ်ဆင့် ကြည့်နေသော လူများမှာလည်း ဆွံ့အနေကြ၏။

“ဒီလောက် များပြားတဲ့ မိစ္ဆာ နတ်ဘုရားတွေကို အရှင်ချန်း ကိုင်တွယ်နိုင်ပါ့မလား …”

လူတိုင်း သံသယ ဖြစ်နေကြချိန်မှာပင် ကမ္ဘာ လောကသည် ရုတ်ခြည်းပင် မှောင်အတိ ကျသွား၏။

ထို့နောက် ရွှေရောင် နေတစ်စင်း ထွန်းလင်း လာသည်။ ထိုနေသည် မိုင်ရာချီ အကွာအဝေးရှိ ကောင်းကင်နှင့် မြေပြင်ကို ဖုံးလွှမ်း၏။

“အဲဒါက …”

လူတိုင်း ကြည့်နေကြစဉ်မှာပင် နေအတွင်းမှ တန်ခိုးရှင် တစ်ယောက် ပျံသန်း ထွက်ပေါ် လာသည်။

သူသည် အဖြူရောင် ဆံပင်ကို ပိုင်ဆိုင်ကာ ရွှေရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ၏ မျက်လုံးတွင်မူ မီးတောက် သုံးခုက တောက်လောင် နေကာ သွေးရောင်မီးက သူ၏ ခန္ဓာအား ဗဟိုပြု၍ ထွန်းတောက် နေသည်။

“ဘုန်း …”

သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဖိအား အောက်၌ တောင်တန်းများသည် တုန်ခါကာ မြေပြင်သည် နိမ့်ဝင်၏။ များစွာသော နတ်ဘုရားများမှ လေးပင်လွန်းသော ဖိအားကြောင့် နောက်သို့ပင် ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ကြရသည်။

ချန်းပေ့ရွှမ်းကား ရောက်ရှိ လာချေပြီ ဖြစ်လေသည်။

***

All Chapters