← Chapters

နဂါးသတ်ခြင်း

Vol. 8 Ch. 784

နဂါးသတ်ခြင်း

Vol. 8 Ch. 784

နဂါးရေကန်၏ အထက် မီတာ တစ်ထောင်ခန့်၌ …

ကမ္ဘာကြီးသည် အုပ်စုနှစ်ခုအဖြစ် ကွဲထွက် နေ၏။

တစ်ဖက်၌ လူသားများ ကိုးကွယ်သည့် ဒဏ္ဍာရီလာ နတ်ဘုရားပေါင်း များစွာ ရှိသည်။ သူတို့ အထဲ၌ မြေကမ္ဘာ သတ်မှတ်ချက်ဝင် အရှင်သခင် ဆယ်ယောက် အပြင် အစွမ်းထက် နဂါးနှစ်ကောင်ပါ ပါရှိ၏။

အခြားတစ်ဖက်တွင်မူ လူသား တစ်ယောက်သာလျှင် ရှိသည်။ သို့သော်လည်း သူ၏ ပုံစံက မည်သို့ အရာကိုမျှ ကြောက်လန့်ခြင်း မရှိသည့် စစ်သူရဲအလား ခန့်ထည်နေ၏။

“ဆရာ …”

အားရှို့သည် ကောင်းကင်သို့ ကြည့်ရင်း စိုးရိမ်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာသည်။

“စိတ်မပူနဲ့ ... ဆရာက ခွန်ရှု နယ်မြေရဲ့ မြေကမ္ဘာ တစ်ရာကိုတောင် အနိုင်ယူခဲ့တာပဲဟာ ... သူက ဒီလောက်တော့ ကိုင်တွယ်နိုင်မှာပါ”

ဟွာရန်ဖန်းက သူ၏ လက်သီးအား တင်းတင်း ဆုပ်ရင်း ပြောလိုက်သည်။

“သူ့ကိုသတ် …”

နဂါးအိုကြီးက အေးစက်စွာ အမိန့်ပေးလိုက်သည်။

“ကလန့် …”

ရွှေရောင်ဂိုဏ်း တန်ခိုးရှင်က ရှေ့သို့ တက်သွား၏။

သူသည် လင်းယုန် ဦးခေါင်းနှင့် လူသား ခန္ဓာအား ပိုင်ဆိုင်ကာ ဆယ်မီတာခန့် ရှည်လျားသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ရွှေဖြင့် ပြုလုပ်ထားတာ နောက်ကျော၌ အတောင်ပံတစ်ခု ပါ၏။

“အဲဒီမိစ္ဆာက အက်စတက် လင်းယုန် နတ်ဘုရားပဲ ... သူက မူလ အလယ်ဆင့်မှာ ရှိပြီးတော့ မြေကမ္ဘာ သတ်မှတ်ချက်မှာ နံပါတ် ၁၁ ရှိတယ် ... ရွှေရောင်ဂိုဏ်း ပေါ်လာတဲ့ အချိန်မှာ သူက အာဖရိက နိုင်ငံငယ် တစ်ခုရဲ့ လူသိန်းဂဏန်းကို သတ်ဖြတ်ခဲ့ဖူးတယ် ... နောက်ပြီး သူ့နောက်ကျောမှာ လွယ်ထားတဲ့ လေးကိုတော့ အက်စတက်လေးလို့ ခေါ်တယ် ... သူက အဲဒီ လက်နက်နဲ့ တိုက်လေယာဉ် ဆယ့်ခုနစ်စင်းကို ဖျက်ဆီးခဲ့ဖူးတယ် …” ပျံလွှားနီလေးက သူ၏ လက်တော့ကို ကြည့်ရင်း အက်စတက် လင်းယုန် နတ်ဘုရား၏ အချက်အခက်များကို ဖတ်ပြ လိုက်သည်။

လင်းယုန် ဘုရင်သည် ရွှေရောင်ဂိုဏ်းမှ ရောက်ရှိ လာသော ကျင့်ကြံသူများ အနက် မြွေနဂါး နတ်ဘုရား ပြီးလျှင် ဒုတိယမြောက် အစွမ်းအထက်ဆုံး ဖြစ်၏။

“ချန်းပေ့ရွှမ်း ... ငါမင်းကို သတ်မယ်”

လင်းယုန် နတ်ဘုရားက သူ၏ အတောင်များကို ဖြန့်ကာ ချန်းဖန်ထံသို့ တိုးဝင်လေ၏။ တစ်ချိန်တည်း၌ သူ၏ မျက်လုံးများက ရွှေရောင် အလင်းတန်းများကို ပစ်လွှတ်သည်။

ရွှေရောင်ဂိုဏ်း၏ ကျင့်ကြံသူများသည် မတူခြားနားသည့် ပုံပန်းသဏ္ဌာန်များကို ပိုင်ဆိုင် ထားကြသော်လည်း တူညီသည့် အချက်ကား သူတို့အားလုံးမှာ ရွှေရောင် နတ်ဘုရား၏ သွေးကို ပိုင်ဆိုင် ထားကြခြင်းပင် ဖြစ်လေသည်။

“သေလိုက်တော့ …”

ချန်းဖန်က လက်သီး တစ်ချက်ကို ပစ်လွှတ်လိုက်သည်။

“ဘုန်း …”

ထိုလက်သီးချက်က ရွှေရောင် အလင်း၏ အသွင်ကို ဆောင်ကာ သိမ်းငှက် နတ်ဘုရား၏ ကိုယ်ပေါ်သို့ ကျ၏။

“ဘုန်း …”

လက်ဆွဲတော် အက်စတက် လေးကို အသုံးမပြုရသေးခင်မှာပင် လင်းယုန် နတ်ဘုရား ခန္ဓာနှင့် နတ်ဘုရား စိတ်ဝိညာဉ်က အပိုင်းပိုင်း ပေါက်ကွဲလေသည်။

လက်သီးတစ်ချက်၌ နတ်ဘုရား တစ်ယောက်ကား ကျဆုံးသွားခဲ့ရပြီ ဖြစ်လေသည်။

မျိုးနွယ်ခြား ကျင့်ကြံသူများမှာ ချန်းဖန်အား ငေးကြောင်ကာ ကြည့်မိကြ၏။ နဂါးအိုကြီး၏ ဘေးမှ အစေခံ အနက်ရောင် နဂါးပင်လျှင် ထိတ်လန့် သွားခဲ့သည်။

“တိုက်ကြမယ် …”

ရေမိစ္ဆာ သုံးယောက်က တစ်ယောက်ကို တစ်ယောက် အချက်ပြရင်း ရှေ့သို့ တက်လာကြသည်။

သူတို့ တစ်ယောက်ချင်းစီသည် မီတာ တစ်ဒါဇင်ခန့် ရှည်လျားကာ အစိမ်းရောင် အကြေးခွံများက သူတို့၏ ခန္ဓာကိုယ် တစ်ခုလုံးအား ဖုံးလွှမ်းထား၏။

“လှိုင်းတွေ လာခဲ့ …”

ရေမိစ္ဆာ သုံးယောက်က သူတို့၏ ဓမ္မ ရတနာများကို အသက်သွင်းကာ လေထဲ၌ ကြီးမားသော လှိုင်းကြီးများကို ဆင့်ခေါ် လိုက်ကြသည်။

“ဝေါ …”

မြေပြင်မှ လူများသည် ကောင်းကင်သို့ မော့ကြည့်ကြရာ ပေတစ်ရာခန့် ကြီးမားသော လှိုင်းနှင့် ရေမိစ္ဆာ သုံးကောင် ချန်းဖန်ထံ ပြေးဝင်သွားသည်ကို မြင်ကြရ၏။

“ဟူး ... ဟူး …”

ချန်းဖန်၏ မျက်လုံးများက ပိုမို အေးစက် လာကာ သူ၏ အဖြူရောင် ဆံပင်များက လေနှင့်အတူ ကခုန် ကြလေသည်။

“သွား …”

သူက တည်ငြိမ်စွာပင် အင်္ကျီလက်ကို ခါယမ်းလိုက်၏။

“ခရက် …”

ရွှေရောင် အလင်းက ဓားတစ်စင်းအား ကောင်းကင်ကို ခွဲ၍ ရေလှိုင်းအား ထက်ပိုင်း ပိုင်းသည်။

“အား …”

ကျယ်လောင်သော အော်ဟစ်သံများ ပေါ်ထွက်လာသည်။ ထို့နောက် ရေများနှင့်အတူ ထက်ပိုင်းပြတ်နေသော ရေမိစ္ဆာ အလောင်း သုံးလောင်းမှာ နဂါးရေကန် အတွင်းသို့ ကျလေ၏။

လျှို့ဝှက် နယ်မြေများမှ မြေကမ္ဘာအဆင့် သုံးယောက်ကား ထပ်မံ ကျဆုံးသွားခဲ့ပြန်ပြီ ဖြစ်လေသည်။

“ဝှစ် …”

ဆက်တိုက် ဆိုသလိုပင် ခရစ်ယာန် ဘုရားကျောင်း၏ အဖြူရောင် သင်္ဘောပျံ တစ်စင်းမှာ ချန်းဖန်ထံ တိုးဝင် လာပြန်၏။ ထိုသင်္ဘောပျံ၏ အထက်တွင်မူ သူတော်စင် ခုနစ်ယောက် ရပ်နေကာ ထိုခုနစ်ယောက်က အတူတကွ ပူးပေါင်း၍ ချန်းဖန်အား တိုက်ခိုက် လိုက်ကြသည်။

“သတိထား …”

ပျံလွှားနီလေးက အော်ဟစ်ကာ သတိပေးလိုက်သည်။

“ဘုန်း …”

ချန်းဖန်က ခြေဖနှောင့်အား ဆောင့်လိုက်ရာ ကောင်းကင်အား ဖြတ်သန်း၍ လှိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထိုလှိုင်း၏ အကြား၌ အဖြူရောင် သင်္ဘောပျံမှာ လှေငယ်တစ်စင်းအလား လွင့်လူးသွား၏။

“ပျက်စီးစမ်း …”

ထို့နောက် ချန်းဖန်က သင်္ဘောပျံ၏ အနားသို့ ပျံသန်း၍ လက်ဗလာဖြင့် ရိုက်ချလိုက်သည်။ သူ၏ ထူးခြား အောင်မြင်ခြင်း အဆင့် ခန္ဓာကား ရွှေအမြုတေ အဆင့်များကိုပင် အနိုင်ယူ နိုင်သည်အထိ အစွမ်းထက်နေပြီ ဖြစ်သည်။ သို့ဖြစ်ရာ သာမန် သင်္ဘောပျံလေး တစ်စင်းက မည်ကဲ့သို့ ခုခံနိုင်ပါ မည်နည်း။

“ဘုန်း …”

ကြောက်မက်ဖွယ် ပေါက်ကွဲသံများ ပေါ်ထွက်လာသည်။ ထိုပေါက်ကွဲမှုများတွင် ခရစ်ယာန် ဘုရားကျောင်း၏ သင်္ဘောပျံမှာ သူတော်စင် ခုနစ်ယောက်နှင့် အတူ ဖျက်ဆီး ခံရလေ၏။

“အဲဒါက …”

ထိုအခိုက်၌ တစ်ကမ္ဘာလုံးကား တိတ်ဆိတ် သွားသည်။ ချန်းဖန်၏ ရန်သူများပင်လျှင် ဆွံ့အ နေကြ၏။

ချန်းဖန် ထိုမျှ အစွမ်းထက်မည်ဟု မည်သူမျှ ထင်မှတ် မထားခဲ့ချေ။ ယခု တစ်ကြိမ်တွင်မူ မည်သူမျှ အရှေ့သို့ ထွက်ကာ ချန်းဖန်နှင့် မတိုက်ခိုက် ရဲကြတော့ချေ။

“လာကြစမ်း …”

ချန်းဖန်က အော်ဟစ် လိုက်၏။ ထိုအသံက သူ၏ စွမ်းအားကို ကျိန်စာသဖွယ် သယ်ဆောင်ကာ ရန်သူများထံသို့ တိုးဝင်သည်။

“ဘုန်း ... ဘုန်း ... ဘုန်း …”

အားနည်းသော မြေကမ္ဘာ နတ်ဘုရား ရှစ်ယောက်မှာ ချက်ချင်းပင် ပေါက်ကွဲကာ သေဆုံးသွား၏။ အခြားသော သူများမှာလည်း ဒဏ်ရာများ ရသွားကြသည်။

“ဘုန်း ... ဘုန်း ... ဘုန်း …”

မြေကမ္ဘာ သတ်မှတ်ချက်ဝင် နတ်ဘုရားများပင် သွေးများအန်ကာ နောက်သို့ ဆုတ်ကြရသည်။ နဂါးအိုကြီးနှင့် အနက်ရောင် နဂါးသာလျှင် မူလ နေရာ၌ ဆက်လက် ရပ်တည် နိုင်ကြ၏။

“မဖြစ်နိုင်ဘူး ... သူက ဘယ်လို လုပ်ပြီး ဒီလောက်တောင် အစွမ်းထက် နေရတာလဲ ... ငါတို့ သခင်တောင် သူ့လောက် အစွမ်းထက်မှာ မဟုတ်ဘူး”

မြွေနဂါး နတ်ဘုရား၏ မျက်နှာကား ဖြူရော် နေချေပြီ ဖြစ်သည်။

ချန်းဖန်မှာမူ ထိုအားနည်းသော ပုရွက်ဆိတ်များကို ဆက်လက် တိုက်ခိုက်ရန် စိတ်ပျက် နေခဲ့ပြီ ဖြစ်သည်။ သူက လက်တစ်ဖက်အား ဆန့်ထုတ်ကာ ဖျစ်ညှစ် လိုက်၏။

“ဘုန်း …”

ရုတ်တရက် အထက် ကောင်းကင်၌ မီတာများစွာ ရှည်လျားသော လက်ချောင်းများ ဖြစ်ပေါ်လာကာ အနက်ရောင် နဂါးအား ကုတ်ခြစ် လိုက်၏။

“ဘိုးဘေး ... ကျုပ်ကို ကယ်ပါဦး”

အနက်ရောင် နဂါးက ငယ်သံပါအောင် အော်ဟစ်လိုက်သည်။ ထိုမူလ ထိပ်ဆုံး အဆင့်ကား အလွန်တရာ ကြောက်လန့် နေချေပြီ ဖြစ်လေသည်။

“မင်း လုပ်ရဲသလား …”

နဂါးအိုကြီး၏ မျက်လုံးများမှာ ဒေါသဖြင့် ပြည့်နှက်သွား၏။

အနက်ရောင် နဂါးကား သူ၏ အနှစ်သက်ဆုံး မျိုးဆက် ဖြစ်ကာ ပါရမီအရှိဆုံး တပည့်လည်း ဖြစ်၏။ သို့ဖြစ်ရာ နဂါးအိုကြီးသည် သူ၏ တပည့်အား ချန်းဖန် သတ်ဖြတ်သည်ကို ခွင့်မပြုနိုင်ချေ။

“ဘုန်း …”

နဂါးအိုကြီးက သူ၏ အမြီးဖြင့် ချန်းဖန်အား လှမ်းကာ ရိုက်လိုက်သည်။ မီတာ တစ်ရာခန့် ရှည်လျားသော နဂါးအမြီးက ကြာပွတ်ရှည် တစ်ခုအလား လေထုကို ခွဲဖျက်၏။ ထိုတိုက်ခိုက်မှုကား တောင်တစ်လုံးကိုပင် ထက်ပိုင်း ပိုင်းနိုင်သည်အထိ အစွမ်း ထက်သည်။

“သွားစမ်း …”

ချန်းဖန်၏ ခန္ဓာကိုယ်မှ ရွှေရောင် အလင်းများ ထွက်ပေါ်လာကာ နေစက်ဝိုင်းကို ဖွဲ့စည်းသည်။ သူသည် ထိုနေ၏ အလယ်၌ အနှိုင်းမဲ့ တန်ခိုးရှင် တစ်ပါး အလား ခန့်ညားစွာ ရပ်၏။

“ဘုန်း …”

နဂါးအိုကြီး၏ အမြီးသည် ချန်းဖန်၏ ရွှေရောင် နေစက်ဝိုင်းကို ထိ၏။ သို့သော်လည်း ထိုအရာက ချန်းဖန်၏ အကာအကွယ်ကို မဖျက်ဆီးနိုင်ဘဲ နောက်သို့သာ ပြန်ကန် ထွက်သည်။

“ဒါက …”

မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ မျက်လုံးများ ပြူးကျယ် သွားကြ၏။

“ဘုန်း …”

တစ်ချိန်တည်း၌ ချန်းဖန်၏ လက်များမှာ အနက်ရောင် နဂါးကို ဆွဲဖဲ့ကာ အပိုင်းပိုင်း ချေပစ်ခဲ့ပြီး ဖြစ်သည်။ အနက်ရောင် သွေးများသည် ကောင်းကင်မှ နေ၍ နဂါးရေကန်သို့ မိုးသဖွယ် ရွာကျလေ၏။

တိုက်ခိုက်မှု တစ်ခုအတွင်းမှာပင် ချန်းဖန်သည် အနက်ရောင် နဂါးအား သတ်ကာ နဂါးအိုကြီးအား နောက်ဆုတ်စေခဲ့ပြီ ဖြစ်လေသည်။

***

All Chapters