← Chapters

ပြိုင်ဘက်ကင်း

Vol. 8 Ch. 785

ပြိုင်ဘက်ကင်း

Vol. 8 Ch. 785

ထိုမြင်ကွင်းက ချန်းပေ့ တောင်တန်းသို့ ရောက်ရှိနေသော ပညာရှင်များကို သာမက TV, အင်တာနက်များမှ ကြည့်ရှုနေသော ဘီလျှံချီသည့် လူများကိုပါ ဆွံ့အ သွားစေသည်။

ချန်းဖန် ပြုလုပ်ခဲ့သော အရာကား ရူးသွပ်ဖွယ် ကောင်းလှသည်။ သူကား ကမ္ဘာကို သုံးနှစ်တိုင်တိုင် စိုးမိုးခဲ့သော အရှင်သခင်များကို ကြက်ပေါက်လေးများ သဖွယ် သတ်ဖြတ် ပစ်ခဲ့သည်။

“တကယ့်ကို ကြမ်းတာပဲ ... အဲဒီ မိစ္ဆာတွေ ခုလောက် အခြေအနေ ဆိုးသွားလိမ့်မယ် လို့ ငါ မထင်ထားဘူး …”

“အရှင်ချန်းက လူသား မျိုးနွယ်တွေ ဘယ်လောက် သန်မာသလဲ ဆိုတာ ဒီနေ့မှာ သက်သေပြလိုက်တာပဲ …”

“အရှင်ချန်း ... အဲဒီ နဂါးစုတ်ကြီးကို သတ်ပစ်လိုက်”

မရေမတွက်နိုင်သော လူများက အင်တာနက် ပေါ်တွင် ပလူပျံအောင် ရေးကာ အားပေး ကြသည်။

ထိုအချိန်၌ ချန်းပေ့တောင်တန်း၊ နဂါးရေကန်ရှိ တိုက်ပွဲမှာမူ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်၏။

“ရား …”

နဂါးအိုကြီးက အော်ဟစ် ဟိန်းဟောက် လိုက်သည်။ သူ၏ မျက်လုံးများက သွေးကဲ့သို့ ရဲရဲနီကာ သူ၏ အကြေးခွံများက ထောင်ထနေ၏။

သူကား အနက်ရောင် နဂါး၏ သေဆုံးမှု အပြင် သူ၏ အရေးနိမ့်မှုတို့ကြောင့် ပြင်းထန်သော ဒေါသကို ခံစားနေရသည်။

“ချန်းပေ့ရွှမ်း ... ငါမင်းကို ဖမ်းပြီး ငါ့ရဲ့ အစေခံ လုပ်ပစ်မယ် ... မင်း ငါ့ရဲ့ ခြေထောက် အောက်မှ နှစ်တစ်ထောင် ဖိနှိမ်ခံရမယ်”

နဂါးအိုကြီး၏ အသံက တောင်တန်းကို တုန်ခါစေ၍ ကောင်းကင်ကိုပင် ပြိုကျ စေသည်။ ထိုအသံ၏ အောက်၌ မြေဆွဲအားပင်လျှင် ကပြောင်းကပြန် ဖြစ်ရ၏။

“တကယ်ကြီးလား ... ငါကတော့ မင်းကို ငါ့ရဲ့ စီးတော်ယာဉ်ပဲ ဖြစ်စေချင်နေတာ”

ချန်းဖန်က ပြန်လည် ပြောရင်း ခြေဖနှောင့်အား ဆောင့်နင်း လိုက်သည်။

“ဘုန်း …”

ကောင်းကင်မှ တောင်ပြို သကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ချန်းဖန်၏ ခြေဖနှောင့်မှ ရွှေရောင် အလင်းများမှာ ထွက်ပေါ်လာ၏။ သူကား မည်သည့် အစစ်အမှန် အမတေကိုမျှ မသုံးဘဲ ခန္ဓာကိုယ် စွမ်းအား သက်သက်ကိုသာ အသုံးပြုထားခြင်း ဖြစ်၏။

နဂါးအိုကြီးသည် အလွန် ဒေါသထွက် နေသည့်တိုင် မိုက်မဲခြင်း မရှိချေ။ သူသည် လျင်မြန်စွာပင် ချန်းဖန်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။

“ဘုန်း …”

မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူ၏ ခန္ဓာမှာ မီတာထောင်ချီ အကွာအဝေးအထိ ရွေ့လျားသွား၏။

“ဘုန်း …”

ချန်းဖန်၏ တိုက်ခိုက်မှုက လေဟာနယ်ကို ဖြတ်သန်း၍ တောင်တစ်ခုပေါ်သို့ ကျသည်။ ထိုတောင်ကား ထိုတိုက်ခိုက်မှုတွင်ပင် မြေမှုန် အဖြစ် လွင့်ကြေ ရလေ၏။

“သူ ဖြစ်သလို တိုက်ခိုက်လိုက်တာက နျူကလိယ ပေါက်ကွဲမှု လောက်တောင် အစွမ်းထက် နေတာလား …”

မရေမတွက်နိုင်သော လူများမှာ ထိတ်လန့် သွားကြသည်။

နဂါးအိုကြီးပင်လျှင် ပင့်သက်ရှိုက် လိုက်မိသည်။

တောင်တစ်လုံးကို ခြေဖနှောင့်ဖြင့် နင်းခြေပစ်ခြင်း …

သူက ကောင်းကင် တန်ခိုးရှင် တစ်ယောက် ဖြစ်နေသည်လား။

“ဝှစ် …”

ထိုအချိန်မှာပင် ချန်းဖန်က လက်သီး တစ်ချက်ကို ပစ်လွှတ် လိုက်ပြန်သည်။

“ဘုန်း …”

နဂါးအိုကြီးမှာ မီတာထောင်ပေါင်း များစွာ အထိ ဆုတ်ကယ ချန်းဖန်၏ တိုက်ခိုက်မှုကို ရှောင်တိမ်း လိုက်ပြန်၏။

“ဘုန်း …”

ချန်းဖန်၏ လက်သီးချက်က မြေပြင်သို့ထိရာ ထိုနေရာ၌ ကီလိုမီတာများစွာ ကျယ်သည့် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအရှိန်၌ မြေပြင်မှာ ငလျင် အကြီးစား လှုပ်သည့် အလား ယိမ်းခါ၏။

“နောက်ဆုတ်ကြ …”

များစွာသော သိုင်းပညာရှင်များမှာ အလောတကြီး နောက်သို့ ဆုတ်လိုက်ကြသည်။ တန်ခိုးရှင် အဆင့်များပင်လျှင် တိုက်ပွဲ နယ်နိမိတ် အတွင်း၌ မနေရဲ ကြတော့ချေ။

ချန်းဖန်နှင့် နဂါးအိုကြီး၏ တိုက်ပွဲကား အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှသည်။ မျိုးနွယ်ခြား ကျင့်ကြံသူများ ဆိုလျှင် အဝေးသို့ ထွက်ပြေးနေကြပြီ ဖြစ်သည်။

“ဘုန်း …”

ချန်းဖန်က ကောင်းကင်၌ ရပ်ရင်း လက်နှစ်ဖက်ကို နောက်ပစ် လိုက်သည်။

“မင်းက ဘယ်လို ရှောင်ရမလဲ ဆိုတာပဲ သိတာလား ... ဘာလို့ ငါ့ရဲ့ စီးတော် သားရဲ မလုပ်တာလဲ ... ငါ မင်းကို ရွှေအမြုတေအဆင့် ရောက်အောင် လုပ်ပေးမဲ့ အပြင် အစစ်အမှန် နဂါးမ တစ်ကောင်ကိုပါ မင်း အတွက် ကြင်ယာဖက်အဖြစ် ဖမ်းပေးမယ်လေ”

“ဂါး …”

နဂါးအိုကြီးမှာ အလွန်အမင်း ဒေါသထွက်စွာ ဟိန်းဟောက် လိုက်သည်။

“ဘုန်း …”

အနက်ရောင် အလင်းများက နဂါးအိုကြီး၏ ခန္ဓာကိုယ်မှ တောက်ပစွာ ထွက်ပေါ်လာသည်။ တစ်ချိန်တည်း၌ နဂါးအိုကြီးမှာ အနက်ရောင် မီးတောက်များကို မှုတ်ထုတ်လိုက်၏။

“ဘုန်း …”

နဂါးအိုကြီးကား နှစ်နှစ်ထောင် နီးပါး လေ့ကျင့်ခဲ့ရာ အလွန် အစွမ်းထက် နေခဲ့ပြီ ဖြစ်သည်။ သူ၏ အနက်ရောင် မီးတောက် တိုက်ခိုက်မှုမှာ လူသား ရွှေအမြုတေ အဆင့်၏ တိုက်ခိုက်မှု နီးပါး အစွမ်းထက်၏။

“ဘုန်း …”

ချန်းဖန်က သူ၏ လက်တစ်ဖက်အား အသာအယာ ဝှေ့ယမ်းလိုက်ရာ ရွှေရောင် အလင်းတစ်ခု ဖြစ်ပေါ်လာသည်။

“ခရက် …”

တစ်ခဏ အတွင်းမှာပင် ထိုအလင်းတန်းက အနက်ရောင် မီးတောက်များကို တားဆီးကာ နဂါးအိုကြီး၏ အကာအကွယ် အလင်းကိုပါ ထိုးဖောက်သည်။

“ဘုန်း …”

အလင်းတန်းက နဂါးအိုကြီး၏ ခန္ဓာပေါ်သို့ ဆက်လက်ကျရာ နဂါးအိုကြီး၏ ခန္ဓာမှာ ကီလိုမီတာ များစွာတိုင် လွင့်စဉ် သွားတော့၏။

“ဒါက …”

မရေမတွက်နိုင်သော လူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အသွားကြသည်။

မျိုးနွယ်ခြား ကျင့်ကြံသူများပင် ဆွံ့အနေကြ၏။ ချန်းပေ့၏ ပြိုင်ဘက်ကင်း နဂါးအိုကြီးက တိုက်ကွက် တစ်ကွက်ကိုပင် မခုခံနိုင်သည်လား။

“ရား …”

နဂါးအိုကြီးမှာ ဟိန်းဟောက်ရင်း ပြန်လည် ထလာ၏။

တစ်ချိန်တည်း၌ သူ၏ ခန္ဓာမှ အနက်ရောင် အလင်းမှာလည်း အဆုံးမဲ့စွာ တောက်ပသည်။ ထိုမိစ္ဆာအိုကြီးကား သူ၏ ခွန်အား အပြည့်ကို ထုတ်သုံးနေချေပြီ ဖြစ်လေသည်။

သို့သော်လည်း ကံဆိုးစွာပင် ထိုအရာက အသုံးမဝင်ခဲ့ချေ။

“ဘုန်း …”

မကြာခင်မှာပင် ချန်းဖန်သည် နဂါးအိုကြီးကို ထပ်မံကာ ရိုက်ချလိုက်ပြန်၏။

“ဘုန်း ... ဘုန်း ... ဘုန်း …”

နဂါးအိုကြီး၏ ခန္ဓာမှာ တောင်တန်း၊ မြစ်ပြင် များစွာကို ဖြတ်သန်း၍ မြေပြင်သို့ အကြိမ်ကြိမ် ပြုတ်ကျသည်။ ထိုအချိန်၌ သူ၏ ခန္ဓာကိုယ်ကား တွန့်လိမ်ကာ သူ၏ အရိုးများ၊ ကလီစာများမှာလည်း ပျက်စီး နေခဲ့ပြီ ဖြစ်လေ၏။

“ ... ”

လူတိုင်းသည် မြေပြင်၌ ဆန့်ဆန့်ကြီး လဲလျောင်းနေသော နဂါးအိုကြီးကို ကြည့်ကာ ဆွံ့အ နေကြသည်။ ထိုနှစ်ထောင်ချီ မိစ္ဆာအိုကြီးကို ငှက်ကလေး သတ်ဖြတ်သကဲ့သို့ အနိုင်ယူနိုင်သည့် ချန်းပေ့ရွှမ်းက မည်မျှအထိ အစွမ်းထက် နေရသနည်း။

သို့သော်လည်း ချန်းဖန် အတွက်မူ ထိုအရာက လုံလောက်ခြင်း မရှိသေးချေ။

“ဘုန်း …”

သူက ကောင်းကင်မှ ဆင်းသက်၍ နဂါး၏ ဦးခေါင်းကို နင်းချေလေ၏။

“ထွက်သွားစမ်း …”

နဂါးအိုကြီးက အသံများ တုန်သည် အထိ အော်ဟစ်လိုက်သည်။

သူသည် အစဉ်အမြဲ ဂုဏ်သရေ ရှိစွာ နေထိုင်ခဲ့သည့် သားရဲတစ်ကောင် ဖြစ်ပြီး မည်သူကမျှ သူ့အား ယခုကဲ့သို့ မပြုမူခဲ့ဖူးချေ။ ထိုအရာက သူ၏ ခေါင်းကိုသာမက သူ၏ ဂုဏ်သိက္ခာကိုပါ နင်းခြေပစ်နေခြင်း ဖြစ်သည်။

“အညံ့ခံမလား ... သေမလား …”

ချန်းဖန်၏ မျက်လုံးများက အေးစက်မှုဖြင့် ပြည့်နှက်နေ၏။

“အညံ့ခံမဲ့အစား သေပဲ သေလိုက်မယ်ကွ …”

နဂါးအိုကြီးက အော်ဟစ်လိုက်ရာ သူ၏ ခန္ဓာအတွင်းမှ ပုလဲတစ်လုံး လင်းလက်လာ၏။ ထိုပုလဲမှာ တောက်ပကာ သလင်းကျောက်အလား ကြည်လင်နေသည်။

“ဘုန်း …”

ပုလဲ၏ စွမ်းအင် ထောက်ပံ့မှုတွင် နဂါးအိုကြီး၏ ခွန်အားမှာ တစ်ဟုန်ထိုး တိုးတက်လာ၏။ သူကား အမြုတေကို ရင်း၍ အလောင်းအစား ပြုလုပ်နေခြင်းပင် ဖြစ်လေသည်။

“ဟမ့် …”

ချန်းဖန်က နှာခေါင်းရှုံ့လိုက်ရာ သူ၏ သွေးများမှာ ဆူပွက်လာ၏။ တစ်ချိန်တည်း၌ သူ၏ ခန္ဓာက ကောင်းကင်ခန္ဓာ ထူးခြား အောင်မြင်ခြင်း အဆင့်၏ စွမ်းအားကို ထုတ်လွှတ်သည်။

“ဘုန်း …”

နဂါးအိုကြီးမှာ များစွာ ပို၍ အစွမ်းထက် လာသည့်တိုင် ချန်းဖန်အား ယှဉ်နိုင်ခြင်း မရှိချေ။ ချန်းဖန်၏ စွမ်းအင် ဖိနှိပ်မှု အောက်၌ ၎င်း၏ ဦးခေါင်းမှာ မြေသို့ မီတာ များစွာတိုင် နစ်လေ၏။

“ဘုန်း ... ဘုန်း ... ဘုန်း …”

ထို့နောက် ချန်းဖန်က ထိုနဂါးအား အမြီးမှ ဆွဲကိုင်ကာ မြေပြင်သို့ ကြာပွတ်တစ်စင်းအလား ကိုင်ရိုက် လိုက်သည်။

“အညံ့ခံမလား ... အညံ့မခံဘူးလား …”

ချန်းဖန်က နဂါးအိုကြီး ပြန် မဖြေမချင်း ရိုက်နှက်ခြင်းအား တစ်ချက်ပင် မရပ်တန့်ခဲ့ချေ။

“ဘုန်း ... ဘုန်း ... ဘုန်း …”

တောင်တန်းများသည် ကျိုးကြေကာ မြေပြင်သည် ဟက်တက် ကွဲသည်။ မရေ မတွက်နိုင်သော လူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ ကြောက်လန့် နေကြလေ၏။

“အညံ့ခံမလား ... အညံ့မခံဘူးလား …”

ချန်းဖန်က ဆက်လက် ရိုက်နှက်ရင်း မေး၏။ သူ၏ အသံက ကမ္ဘာကိုပင် တုန်လှုပ်စေသည်အထိ မောက်မာခြင်း အတိဖြင့် ပြည့်နှက် နေသည်။

“ငါ ... ငါ အညံ့ခံပါတယ် …”

နောက်ဆုံး၌ နဂါးအိုကြီးမှာ မည်သို့မျှ မတတ်နိုင်ဘဲ ချန်းဖန်ထံ၌ အညံ့ခံ လိုက်ရတော့သည်။

၂၀၁၆၊ ဧပြီလ ၁၉ ရက် …

ချန်းဖန်သည် မျိုးနွယ်ခြား ကျင့်ကြံသူများကို အနိုင်ယူကာ နဂါးအိုကြီးကို သူ့ထံ၌ အညံ့ခံ စေခဲ့၏။

တစ်ကမ္ဘာလုံး ဆွံ့အ သွားကြသည်။

***

All Chapters