← Chapters

ကမ္ဘာ၏ ဆွံ့အခြင်း

Vol. 8 Ch. 786

ကမ္ဘာ၏ ဆွံ့အခြင်း

Vol. 8 Ch. 786

နဂါးအိုကြီး သို့မဟုတ် နှစ်နှစ်ထောင် နီးပါး အသက်ရှင်ခဲ့သည့် မိစ္ဆာအိုကြီးကား ချန်းဖန်ထံတွင် အညံ့ခံခဲ့ပြီ ဖြစ်လေသည်။

“ ... ”

လူတိုင်းသည် ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ နေကြ၏။

“ဘိုဘေး နဂါးက ဒီလိုပဲ ရှုံးသွားတာလား …”

မြွေနဂါး နတ်ဘုရား၏ မျက်လုံးများမှာ ပြူးကျယ် ထွက်နေ၏။

နဂါးများကား စကြဝဠာ အတွင်း၌ အနှိုင်းမဲ့ ဖြစ်တည်မှုများ ဖြစ်သည်။ အရွယ်ရောက်သော နဂါး တစ်ကောင် ဆိုလျှင် ရွှေအမြုတေ အဆင့်ထက် အားနည်းခြင်း မရှိကြချေ။

နဂါးအိုကြီးသည် အစစ်အမှန်နဂါး မဟုတ်သေးသော်လည်း နတ်ဘုရားပြစ်ဒဏ် (မိုးကြိုးကပ်ဘေး) ကို ရင်ဆိုင်ပြီးသည်နှင့် အစစ်အမှန် နဂါး ဖြစ်လာတော့မည် ဖြစ်သည်။ ထိုအခါ သူ၏ စွမ်းအားမှာ အဆင့်တူ ကောင်းကင် တန်ခိုးရှင်၊ အစစ်အမှန် နတ်ဘုရားများ ထက်ပင် ပို၍ သန်မာ လာလိမ့်မည် ဖြစ်သည်။

သို့သော်လည်း ထိုသို့သော မိစ္ဆာ သားရဲအိုကြီးကား ချန်းပေ့ရွှမ်း၏ ခြေထောက် အောက်၌ ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ တိုးလျှိုးကာ အညံ့ခံ နေရသည်။ ထိုအရာက အမှန်ပင် မယုံကြည်နိုင်စရာ ကောင်းလွန်း လှသည်။

“မဖြစ်နိုင်ဘူး ... ချန်းပေ့ရွှမ်းက အသက် နှစ်ဆယ်ပဲ ရှိသေးတာမလား ... သူက ဘာလို့ ဒီလောက် အထိတောင် အစွမ်းထက် နေရတာလဲ”

ဝံပုလွေ နတ်ဘုရားများမှာလည်း ဆွံ့အ နေကြ၏။

တစ်ချိန်တည်း၌ TV, အင်တာနက်များမှ တစ်ဆင့် ကြည့်နေသော ဘီလျှံချီ လူထုမှာမူ အလွန်တရာ ပျော်ရွှင် နေကြပြီ ဖြစ်လေသည်။

“အရှင်ချန်းက နဂါးရေကန်နဲ့ နဂါးအိုကြီးကို အနိုင်ယူလိုက်ပြီ ... ဘယ်လောက်တောင် အစွမ်းထက် လိုက်သလဲ”

“ငါတော့ အရှင်ချန်းကို ချစ်မိသွားပြီ ထင်တယ် …”

“အရမ်းမိုက်တယ် ... ဆရာချန်း”

မရေမတွက်နိုင်သော လူများက facebook, Weibo နှင့် ဖိုရမ်များထက်၌ ရေးသားကာ သူတို့၏ ပျော်ရွှင်မှုကို ဖော်ပြကြ၏။ တရုတ်သာမက အရှေ့တောင် အာရှ၊ ဂျပန်၊ အမေရိကန်နှင့် အနောက် နိုင်ငံများမှ လူများပါ အောင်ပွဲခံ နေကြသည်။

လူသားများသည် မျိုးနွယ်ခြား မိစ္ဆာ၊ နတ်ဘုရားများ၏ လက်အောက်၌ သုံးနှစ် တိုင်တိုင် ဖိနှိပ်ခံခဲ့ရသည်။ ကမ္ဘာကို နှစ်ထောင်ပေါင်းများစွာ စိုးမိုးလာသော မျိုးနွယ်စု အနေဖြင့် ထိုသို့ အောက်ကျခံရခြင်းမျိုးမှာ အမှန်ပင် ခံပြင်းသော အရာ ဖြစ်သည်။

သို့သော်လည်း ရေမိစ္ဆာ၊ အလင်း မျိုးနွယ်၊ ရွှေရောင်ဂိုဏ်း စသည်ဖြင့် မျိုးနွယ်ခြားများမှာ အလွန် အစွမ်းထက် ရကား လူသားများမှာ နျူကလိယဖြင့်ပင်လျှင် ဆန့်ကျင်နိုင်စွမ်း မရှိခဲ့ချေ။

သို့သော်လည်း ယခုတွင်မူ လူသား မျိုးနွယ်၏ ဂုဏ်သရေကို ပြန်လည် ယူဆောင်နိုင်မည့် လူသား သူရဲကောင်း တစ်ယောက် ပေါ်ထွက် လာခဲ့ပြီ ဖြစ်သည်။ မည်သူက မပျော်ရွှင်ပဲ နေပါမည်နည်း။

“အရှင်ချန်း ... အဲဒီ မိစ္ဆာတွေကို သုတ်သင်ပြီး လူသားတွေ ဘယ်လောက် အစွမ်းထက်သလဲ ဆိုတာ ပြလိုက်စမ်းပါ”

“အရှင်ချန်း ... အဲဒီ တိရစ္ဆာန်တွေကို သတ်ပြီး …”

“အရှင်ချန်း …”

ချန်းပေ့တောင်သို့ ရောက်နေသည့် များစွာသော လူများက သံပြိုင် အော်ဟစ် ကြသည်။

လူသားများကား တစ်ယောက်ချင်းစီက အားနည်းသည့်တိုင် သူတို့၏ စည်းလုံးမှုမှာ အံ့မခန်း ဖြစ်သည်။ ထိုအခိုက်၌ မျိုးနွယ်ခြား မိစ္ဆာ၊ နတ်ဘုရားများမှာ မောက်မာရန် မဆိုထားနှင့် စကား တစ်ခွန်းပင် မဆိုရဲ ကြတော့ချေ။

“မိစ္ဆာတွေ ကမ္ဘာကို အုပ်ချုပ်တာ အရမ်း ကြာနေပြီ ... အခု ငါတို့ ပြန်ပြီး သိမ်းပိုက်ဖို့ အချိန် ရောက်ပြီ …”

နိုင်ငံခေါင်းဆောင်များ၊ ဗိုလ်ချုပ်များက ချန်းဖန်အား ကူညီရန် သူတို့ တပ်ဖွဲ့များကို စေလွှတ်ကြသည်။

ကြားနေဝါဒီ များကမူ မျိုးနွယ်စုများ အားလုံး ကမ္ဘာ၌ ငြိမ်းချမ်းစွာ နေထိုင်ရန် အဆိုပြု ကြသည်။ သို့သော်လည်း ထိုသို့ ပြုလုပ်ရန်မှာ လူသားနှင့် မျိုးနွယ်ခြားများအကြား တိကျ သေချာသော အဆင့်အတန်းနှင့် သဘော တူညီမှု ပြုလုပ်ရန် လိုအပ်၏။

အချို့ကမူ ချန်းဖန်အား “ကမ္ဘာ့ အစွမ်း အထက်ဆုံး” နှင့် “လူသား မျိုးနွယ်၏ စောင့်ရှောက်သူ” ဂုဏ်ပုဒ်ကို ပေးရန် အကြံပေး ကြသည်။

“အရင်က ကမ္ဘာပေါ်မှာ အရှင်သခင် ခြောက်ယောက် ရှိခဲ့တယ် ... ဒါပေမဲ့ အခု အရှင်ချန်းက အရှင်သခင် တစ်ယောက်ကို အနိုင်ယူ လိုက်ပြီ ... သူက ကမ္ဘာ့ အစွမ်းအထက်ဆုံး ဖြစ်တယ် ဆိုတာ သံသယ ရှိစရာ မလိုတော့ဘူး …”

မျိုးနွယ်ခြား ကျင့်ကြံသူများပင်လျှင် ချန်းဖန်၏ အဆင့် အတန်းကို အသိအမှတ် ပြုကြသည်။

***

ခရစ်ယာန် ဘုရားကျောင်း၏ သင်္ချိုင်းနယ်မြေတွင် …

သင်္ချိုင်း နယ်မြေသည် အလွန် မကြီးမား သော်လည်း မီးအလင်းများ၊ နတ်တေးသံ ဂီတများဖြင့် ပြည့်နှက် နေ၏။

ထိုနေရာ၌ အဖြူရောင် ကျောက်သားဖြင့် ပြုလုပ်ထားသော အုတ်ဂူ များစွာ ရှိပြီး ထိုအုပ်ဂူများ၏ အထက်၌ ခရစ်ယာန် ဘုရားကျောင်း၏ သက်တမ်းတစ်လျှောက် ပေါ်ထွန်းခဲ့သည့် သူတော်စင်များ၏ အမည်များကို ရေးထိုးထားသည်။

သင်္ချိုင်း နယ်မြေ၏ မြေဆီလွှာ အောက်တွင်မူ အသက်မီးစာ ကုန်ဆုံးရန် နီးကပ်နေသည့် သူတော်စင်များ အိပ်စက် နေကြ၏။ ခရစ်ယာန် ဘုရားကျောင်းသည် လိုအပ်ပါက ထိုသူတော်စင်များထံမှ စွမ်းအားကို ထုတ်ယူ၍ တိုက်ခိုက်နိုင်သည်။

“ဘိုးဘေးနဂါး ရှုံးသွားပြီ …”

“ချန်းပေ့ရွှမ်းက ငါတို့ မျှော်လင့် ထားတာထက် ပိုပြီး အစွမ်းထက် နေတယ် ... နဂါးအိုကြီးတောင် သူ့ကို မယှဉ်နိုင်ဘူး ... ငါတို့ ဘာလုပ်သင့်လဲ”

ခရစ်ယာန် ဘုရားကျောင်း၏ သူတော်စင်များမှာ သင်္ချိုင်း နယ်မြေတွင် စုစည်း နေကြသည်။ သူတို့၏ အမူအရာများမှာ အလွန်တရာ လေးနက် နေကြ၏။

“မကြောက်ကြနဲ့ ... ငါတို့က ဘုရားသခင်ရဲ့ ကိုယ်စားလှယ်တွေ ... ဘုရားသခင်က ငါတို့ကို ကာကွယ်ပေးလိမ့်မယ်”

ဗီသွာလျှော် ဝတ်စုံ ဝတ်ဆင်ထားသော ဆံပင်ဖြူ အဘိုးအိုက ဖြည်းညင်းစွာ ဆိုလိုက်သည်။

“သခင်ကြီး ... ကျုပ်တို့ သူနဲ့ တိုက်ခိုက်ကြမှာလား …”

အခြား သူတော်စင် တစ်ယောက်က မေးလိုက်သည်။ လူတိုင်းက ဆံပင်ဖြူ အဘိုးအိုအား ကြည့်လိုက်ကြ၏။

ထိုအဘိုးအို၏ အမည်မှာ သူတော်စင် ပီတာ ဖြစ်သည်။ သူသည် ခရစ်ယာန် ဘုရားကျောင်း၏ ကျောရိုးဖြစ်ပြီး သူ၏ တည်ရှိမှုကြောင့်သာ ခရစ်ယာန် ဘုရားကျောင်းမှာ မကျဆင်းခဲ့ခြင်း ဖြစ်သည်။

“ချန်းပေ့ရွှမ်းက အစစ်အမှန် နတ်ဘုရား မဟုတ်သေးရင်တောင် အရမ်း နီးကပ် နေလောက်ပြီ ... ငါတောင် သူ့လောက် အစွမ်း မထက်ဘူး”

သူတော်စင် ပီတာက တစ်ခဏမျှ စဉ်းစားကာ ခေါင်းအား ခါယမ်းလိုက်၏။

“အဲဒီလောက်တောင်လား …”

များစွာသော သူတော်စင်များမှာ ပင့်သက်ရှိုက်လိုက်မိကြသည်။

ထိုသို့သော စကားဝိုင်းများက ခရစ်ယာန် ဘုရားကျောင်း တစ်ခုတည်းတွင်သာ ဖြစ်ပေါ် နေခဲ့ခြင်း မဟုတ်ချေ။

အမှောင် ဝံပုလွေများ၏ ဘိုးဘေး နယ်မြေ၊ ရွှေရောင် ဘုရားကျောင်း၊ ရေအောက် မြို့တော်နှင့် အခြား မြင့်မြတ် နယ်မြေများတွင်ပါ ဖြစ်ပွားနေခဲ့ခြင်း ဖြစ်၏။ အလွန် မောက်မာသော ရွှေရောင် နတ်ဘုရား ဂူအိုပင်လျှင် သူ ချန်းဖန်ကို မယှဉ်နိုင်ကြောင်း ဝန်ခံခဲ့၏။

***

ထိုအချိန် ချန်းပေ့တောင်တန်း၊ နဂါးရေကန်၌ …

“အရှင်ချန်း ခင်ဗျာ ... စီးတော်သားရဲ ရသွားတဲ့အတွက် ဂုဏ်ယူပါတယ် ... ကျွန်တော်က ဒီအတိုင်းပဲ တိုက်ပွဲကို လာကြည့်တာပါ…ခု ပြန်တော့မှာပါ”

ဆင်ခေါင်းနှင့် လူသားခန္ဓာ ရှိသော မိစ္ဆာက ရိုသေစွာ ပြောလိုက်သည်။

သူကား အိန္ဒိယ ဘရာမင် (ဗြဟ္မာဘုံ) နယ်မြေမှ ဆင်နတ်ဘုရား ဖြစ်သည်။ သူ၏ ခွန်အားမှာ အလွန် သန်မာပြီး တောင်တစ်လုံးကိုပင် မနိုင်သည်။

“ဟဟ …”

ချန်းဖန်က နဂါးအိုကြီး၏ ဦးခေါင်းပေါ်၌ ရပ်ရင်း အချက်ပြ လိုက်သည်။ နဂါးအိုကြီးမှာ ရွေးချယ်စရာ မရှိရာ ကောင်းကင်သို့ ပျံတက်ရ၏။

“မင်းတို့က လာချင်းတိုင်းလာ သွားချင်တိုင်း သွားလို့ရမယ် ထင်နေတာလား ... ငါ့ကို ဆန့်ကျင်တဲ့ သူတိုင်း သေရမယ် ဆိုတာ မသိဘူးလား”

ချန်းဖန်က တန်ခိုးရှင် တစ်ယောက် အလား ခန့်ညားစွာ လက်နှစ်ဖက်ကို နောက်ပစ်ရင်း ဆိုလိုက်သည်။

“သင် ဆိုလိုတာက …”

မြွေနဂါး နတ်ဘုရားမှာ ကြောက်လန့်မှုကြောင့် တုန်၍ပင် သွားသည်။

“အညံ့ခံမလား သေမလား ... ကြိုက်တာ ရွေးစမ်း”

ချန်းဖန်က အေးစက်စွာ ပြောလိုက်သည်။

“ဒီနေရာမှာ ကမ္ဘာပေါ်မှာ ရှိတဲ့ လျှို့ဝှက် နယ်မြေတိုင်းရဲ့ အရှင်သခင်တွေ အားလုံး ရောက်တာ ... သူက အဲဒီ လျှို့ဝှက် နယ်မြေ အားလုံးရဲ့ ရန်သူ ဖြစ်ချင်နေတာလား”

မရေ မတွက်နိုင်သော လူသားများ၊ မျိုးနွယ်ခြားများမှာ ချန်းဖန်အား ကြည့်ကာ ဆွံ့အ သွားကြ၏။

အကယ်၍ ထိုလူများ အားလုံးကို သတ်နိုင်လျှင် သူတို့၏ နောက်ခံ အင်အားစုများက ငြိမ်ခံနေမည် မဟုတ်ချေ။ ထိုအင်အားစုများသာ စုပေါင်း၍ တိုက်ခိုက်ပါက ကောင်းကင် တန်ခိုးရှင်ပင်လျှင် ထွက်ပြေး ရလိမ့်မည် ဖြစ်သည်။

“ဟမ့် …”

အားလုံး ငြိမ်နေသည်ကို မြင်လျှင် ချန်းဖန်က နှာခေါင်းရှုံ့ကာ ရှေ့သို့ တစ်လှမ်းတိုး လိုက်သည်။

“ဘုန်း …”

ကြောက်မက်ဖွယ် ဖိအားတစ်ခု ကောင်းကင်၌ ပျံ့လွင့်လာ၏။ ချန်းဖန်ကား သူ၏ ထူးခြား အောင်မြင်ခြင်းအဆင့် ကောင်းကင် ခန္ဓာကို ထပ်မံ ဖုန်းကွယ်ထားခြင်း မရှိတော့ချေ။

“ဘုန်း ... ဘုန်း ... ဘုန်း …”

ထိုဖိအား၏ အောက်၌ အားနည်းသည့် မျိုးနွယ်ခြား မိစ္ဆာများ၏ ခန္ဓာကိုယ် များမှာ ချက်ချင်းပင် သွေးမြူများအဖြစ် ပေါက်ကွဲ သွားသည်။ ကြောက်လန့်နေသော သူတို့၏ နတ်ဘုရား စိတ်ဝိညာဉ်များမှာ လေထဲ၌ တုန်ရီ နေကြ၏။

“ဘုန်း …”

ချန်းဖန်က ဒုတိယ ခြေလှမ်းကို လှမ်းကာ စွမ်းအင် ဖိအားကို ထပ်မံ တိုးမြှင့်လိုက်၏။ ထို့နောက် …

“တတိယ ခြေလှမ်း …”

“စတုတ္ထ ခြေလှမ်း …”

“ဘုန်း ... ဘုန်း ... ဘုန်း …”

ကူနတ်ဘုရား၊ ပေ့မင်သခင်ကြီး တို့ကဲ့သို့ အစွမ်းထက်သည့် မျိုးနွယ်ခြား မူလအဆင့်များပါ ထပ်မံ ပေါက်ကွဲလေ၏။ သူတို့ကား နှစ်ရာချီ ကျင့်ကြံခဲ့သည့်တိုင် ချန်းဖန်၏ ဖိအားကို ခံနိုင်ရည် မရှိခဲ့ချေ။

“အညံ့ခံပါတယ် …”

များစွာသော မူလ အဆင့် မျိုးနွယ်ခြားများမှာ တစ်ယောက်ပြီး တစ်ယောက် ဒူးထောက် လာကြ၏။

အဆုံး၌ ရေမိစ္ဆာဂိုဏ်း၊ ရွှေရောင်ဂိုဏ်း၊ ခရစ်ယာန် ဘုရားကျောင်း စသည်ဖြင့် အင်အားကြီး လျှို့ဝှက် နယ်မြေများမှ ကျင့်ကြံသူများသာ ကျန်ရစ်တော့သည်။

“သတ် …”

ချန်းဖန်ကား မည်သို့မျှ ထပ်ပြော မနေတော့ချေ။ သူ့အား ဆန့်ကျင်သူတိုင်း သေရမည် ဖြစ်သည်။ ထိုအရာက သူ၏ မူဝါဒနှင့် ဥပဒေ ဖြစ်၏။

“ဘုန်း …”

ချန်းဖန်၏ ခန္ဓာကိုယ်၌ ရွှေရောင် အလင်းများ လင်းလက်လာသည်။

တစ်စက္ကန့် အတွင်းမှာပင် သူသည် ရေမိစ္ဆာ တစ်ကောင်ကို လက်တစ်ချောင်းဖြင့် သတ်ကာ ခရစ်ယာန် ဘုရားကျောင်း၏ သင်္ဘောပျံ တစ်စင်းအား လက်သီးဖြင့် ထိုးခွဲလိုက်၏။ နဂါးအိုကြီးမှာလည်း ချန်းဖန်၏ အမိန့်ကို ငြင်းဆန်နိုင်စွမ်း မရှိရာ လိုက်လံ၍ သတ်ဖြတ် ရသည်။

ထိုနေ့၌ နဂါးရေကန်တွင် သွေးလွှမ်းခဲ့သည်။ နောင်တွင် ထိုတိုက်ပွဲအား နတ်ဘုရား သတ်ပွဲဟု ခေါ်ကြလေ၏။

***

All Chapters