နဂါးရေကန်
Vol. 8 Ch. 787
“ရဲတင်းလိုက်တာ …”
နဂါးရေကန် တိုက်ပွဲသည် ကမ္ဘာရှိ လူထုကို အံ့အားသင့်စေရုံသာမက လျှို့ဝှက် နယ်မြေ များစွာကိုပါ အလွန်အမင်း ဒေါသထွက် သွားစေ၏။
ခရစ်ယာန် ဘုရားကျောင်း၊ ရေမိစ္ဆာဂိုဏ်း၊ ရွှေရောင်ဂိုဏ်း အပါအဝင် လျှို့ဝှက်နယ်မြေ ရှစ်ခုနှင့် မျိုးနွယ်ခြားသည် အတူတကွ စုပေါင်းကာ မဟာမိတ် အဖွဲ့ကို ဖွဲ့စည်းကြသည်။
“ငါတို့ မျိုးနွယ်စုတွေ စုပေါင်းပြီး ချန်းပေ့ရွှမ်းကို ရှင်းပစ်မှ ဖြစ်မယ် ... မဟုတ်ရင် ငါတို့ ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်း နေရမှာ မဟုတ်ဘူး”
မိစ္ဆာမျိုးနွယ် အကြီးအကဲ တစ်ယောက်က ကြေညာသည်။
“မင်းတို့က တိုက်ခိုက်ချင်တယ် ဆိုရင်လည်း တိုက်ခိုက်ကြတာပေါ့ …”
ယခုတစ်ကြိမ်တွင်မူ လူသားများမှာ အညံ့မခံကြတော့ချေ။
ဘီလျံနှင့် ချီသော လူများသည် တစ်သွေးတစ်သန်တည်း စည်းလုံးကြကာ များစွာသော နိုင်ငံ ခေါင်းဆောင်များကလည်း ချန်းဖန်အား ထောက်ခံကြောင်း တစ်ယောက်ပြီး တစ်ယောက် ထုတ်ဖော် လာကြသည်။
မြောက်ပိုင်းချုံး၏ တပည့်များနှင့် အရှေ့တိုင်း၏ မူလအဆင့်များကလည်း ကမ္ဘာသို့ ဖြန့်ကြက်ကာ မွန်းစတားများအား အောက်ခြေမှ စတင် ရှင်းလင်းကြသည်။
ချန်းဖန် ခွန်ရှု နယ်မြေမှ ယူဆောင် လာခဲ့သည့် ဝိညာဉ် ရတနာ ခုနစ်ခုနှင့် တစ်ဝက်တစ်ပျက် ဝိညာဉ် ရတနာများစွာ၏ ပံ့ပိုးမှုတွင် မြောက်ပိုင်းချုံးမှာ ပိုမို၍ အင်အားကြီး လာခဲ့သည်။
တစ်ချိန်တည်း၌ မဟာ အင်အားကြီး နိုင်ငံများက သူတို့၏ နျူကလိယ လက်နက်များကို လျှို့ဝှက် နယ်မြေများဘက်သို့ ထိုးချိန် ကြသည်။
လူသားများ၏ လှုပ်ရှားမှုများကို ကြည့်ရင်း မျိုးနွယ်ခြားများမှာ ချီတုံချတုံ ဖြစ်လာကြသည်။
***
အမေရိကန် ပြည်ထောင်စု …
မီတာ တစ်ထောင်ခန့် မြင့်မားသော ပိရမစ် အတွင်း၌ …
ငွေရောင် ဝတ်စုံဝတ်ထားသော မျက်လုံးပြာ ဂြိုသ်သားများသည် TV စခရင် ပေါ်မှ ကြမ်းတမ်းသော တိုက်ပွဲကို ကြည့်နေကြသည်။ သူတို့၏ အပြာရောင် သွေးကြောများက အရည်ပြားကို ဖောက်ထွက်ကာ ထောင်ထနေ၏။
“သူက ကမ္ဘာမှာ ကျန်ခဲ့တဲ့ ငါတို့ရဲ့ မျိုးဆက်တွေကို သတ်ပစ်ခဲ့တဲ့ ချန်းပေ့ရွှမ်း ဆိုတာမလား …”
ခေါင်းဆောင်က မေးသည်။
“ဟုတ်ပါတယ် ခေါင်းဆောင် ... မှတ်တမ်းတွေအရ ဆိုရင် သူက ကျွန်တော်တို့ ထားခဲ့တဲ့ သင်္ဘောပျံကို ဖျက်ဆီးပြီး အဖွဲ့ ခေါင်းဆောင်ကို ဖမ်းသွားခဲ့ပါတယ်”
ခေါင်းဆောင်၏ နောက်ရှိ တစ်ယောက်က ယဉ်ကျေးစွာ ဖြေသည်။
“အဲဒီ သင်္ဘောပျံက လွန်ခဲ့တဲ့ နှစ်ထောင်ချီ ကတည်းက ဆောက်ခဲ့တဲ့ နည်းပညာနိမ့် သင်္ဘောပျံ ဆိုပေမဲ့ ငါတို့ အဲဒီ လူသားရဲ့ အစွမ်းကို လျှော့တွက်လို့ မရဘူး”
ခေါင်းဆောင်၏ မျက်လုံး၌ အပြာရောင် လျှပ်စီး အလင်းက တလက်လက် ဖြတ်ကာ တောက်ပသွားသည်။
“ဒါပေမဲ့ ကောင်းကင် တန်ခိုးရှင် အစစ်အမှန် နတ်ဘုရား ဖြစ်ရင်တောင် ငါတို့ မျိုးဆက်တွေကို သတ်ခဲ့တဲ့အတွက် ပြန်ပြီး ပေးဆပ်ရမယ်”
***
ထိုအချိန် ချန်းဖန်ကမူ နဂါး ရေကန်၌သာ ရှိနေဆဲ ဖြစ်သည်။
တိုက်ပွဲ အတွင်း၌ သူသည် နတ်ဘုရား အတော်များများကို ဝါးမျိုခဲ့ပြီး အချို့ကိုမူ ဆေးလုပ်ရန်အတွက် ချိပ်ပိတ်ကာ ဖမ်းဆီး ထားခဲ့သည်။
“ငါ ဒီသန့်စင်တဲ့ သွေးမျိုးဆက်တွေကို ဖြုန်းတီး မပစ်နိုင်ဘူး …”
ချန်းဖန်၏ မျက်လုံးများက တလက်လက် တောက်ပနေသည်။
ရေမိစ္ဆာ …
ရွှေရောင်ဂိုဏ်း …
အလင်းမျိုးနွယ် …
သူတို့ အားလုံးကား သန့်စင်သော သွေးများကို ပိုင်ဆိုင်ထားကြရာ သွေးဘိုးဘေး၊ ဘုရားသားတော် တို့ကဲ့သို့ တန်ဖိုးရှိ၏။ သူတို့ ပိုင်ဆိုင်ထားသော အာသာချီမှာ သွေးဆေးလုံးများ ပြုလုပ်ရာ၌ အလွန် အသုံးဝင်သည်။
ထိုဆေးများက ချန်းဖန်အတွက် ထိရောက်မှု မရှိသည့်တိုင် မြောက်ပိုင်းချုံး တပည့်များ အတွက်မူ အလွန် အဖိုးတန်နေဆဲ ဖြစ်သည်။ သူတို့သည် ထိုဆေးများကို အသုံးပြု၍ မူလအဆင့်သို့ သိပ်မကြာခင် တက်ရောက်နိုင်ပေလိမ့်မည်။ ဤနည်းဖြင့် ချန်းဖန် ကမ္ဘာမှ ထွက်ခွာသွားလျှင်ပင် မြောက်ပိုင်းချုံးသည် ကမ္ဘာအား ဆက်လက် လွှမ်းမိုး နိုင်လိမ့်မည် ဖြစ်သည်။
ချန်းဖန်သည် ဆေးလုံးအတွက် ကုန်ကြမ်းများကို စုဆောင်းပြီးသည်နှင့် ဝံပုလွေ နတ်ဘုရားများထံသို့ ကြည့်လိုက်သည်။
“အရှင်ချန်း ... ကျွန်တော်တို့ သွေးက မသန့်စင်ပါဘူး ... နောက်ပြီး ကျွန်တော်တို့ ခန္ဓာကိုယ်ကလည်း ဆေးဖက် မဝင်ပါဘူး”
ဝံပုလွေ နတ်ဘုရားများမှာ ကြက်သီးမွေးညင်းများ ထလာကြသည်။
“အိုလက်က ငါ့မိတ်ဆွေပဲ ... မင်းတို့က သူ့ကို သတ်ပြီးပြီ ဆိုတော့ တရားခံကို ငါ့ဆီ လွှဲပေးရမယ် ... မဟုတ်ရင် ငါ မင်းတို့ ဝံပုလွေ အုပ်ကို ရှင်းပစ်မယ်”
ချန်းဖန်က အေးစက်စွာ ဆိုလိုက်၏။
သတင်းများအရ ဆိုလျှင် မော်စကို တိုက်ပွဲ၌ ရုရှား သွေးဝံပုလွေ အဖွဲ့၏ ခေါင်းဆောင် အိုလက်သည် ကျဆုံးခဲ့ကာ ထိုတိုက်ပွဲ အပြီးမှ စ၍ ရုရှားမှာလည်း အမှောင် ဝံပုလွေများ၏ ပိုင်နက် ဖြစ်လာခဲ့သည်။
“အိုလက်က မသေပါဘူး ... သူက အရမ်းကို ရှားပါးတဲ့ ပါရမီရှင် တစ်ယောက်ပဲဟာ ... ကျွန်တော်တို့က ဘာလို့ သူ့ကို သတ်ရမှာလဲ ... ကျွန်တော်တို့ ခေါင်းဆောင်က သူ့ကို သန့်စင်တဲ့ သွေးပေးဖို့အတွက် ဘိုးဘေး နယ်မြေကို ပြန်ခေါ်သွားတာပါ”
အရပ်ရှည်ရှည် ဝံပုလွေ နတ်ဘုရား တစ်ကောင်က ဆိုလိုက်သည်။
“ဟုတ်လား ကောင်းပြီလေ ... ငါ မင်းတို့ အသက်ကို အခုတော့ ချမ်းသာ ပေးလိုက်မယ်”
ထို့နောက် ချန်းဖန်က အခြား မျိုးနွယ်ခြားများဘက်သို့ လှည့်လိုက်သည်။ သမန်း ဝံပုလွေ ခုနစ်ယောက်မှာ စိတ်သက်သာရာ ရသွားသော်လည်း အညံ့ခံ ထားသည့် မျိုးနွယ်ခြား မူလအဆင့် ခြောက်ယောက်မှာမူ ချွေးစေးများပင် ပြန်လာကြ၏။
သူတို့သည် လျှို့ဝှက် နယ်မြေများ၊ ရှေးဟောင်း မျိုးနွယ်များမှ မဟုတ်ကြချေ။ ကိုယ့်အား ကိုယ်ကိုး၍ နတ်ဘုရားများ ဖြစ်လာသည်အထိ ကြိုးစားခဲ့ကြသူများ ဖြစ်ရာ မည်ကဲ့သို့ နှိမ့်ချရမည်ကို သိရှိကြ၏။ သို့သော်လည်း ထိုအထဲ၌ ထူးထူးခြားခြား ဘရာမင် (ဗြဟ္မာဘုံ) နယ်မြေမှ ဆင်နတ်ဘုရား ပါရှိနေသည်။
“မင်းက ဗြဟ္မာတစ်ပါးမလား ... ဘာလို့ အညံ့ခံတာလဲ ... ငါကြားတာကတော့ မင်းတို့ ဗြဟ္မာတွေက အာကာသထဲက လာပြီးတော့ အစစ်အမှန် နတ်ဘုရား တစ်ပါးကို ပိုင်ဆိုင် ထားတယ်ဆို”
ချန်းဖန်က မေးလိုက်သည်။
“မဟုတ်ပါဘူး ခင်ဗျာ ... ကျွန်တော်တို့ ဗြဟ္မာတွေ အကုန်လုံးက ကမ္ဘာမှာပဲ မွေးဖွား လာကြတာပါ ... ပုံပန်းသဏ္ဌာန်က နည်းနည်း ကွဲပြားနေတယ် ဆိုပေမဲ့ ဗြဟ္မာ မဖြစ်ခင်တုန်းက ကျွန်တော်တို့ဟာ လူသားတွေပါပဲ”
ဆင်နတ်ဘုရားက အလေးအနက် ကျိန်ဆိုရင်း ရှင်းပြ လာ၏။
ကမ္ဘာပေါ်ရှိ အစွမ်းထက် ကျင့်ကြံသူများကို အဖွဲ့နှစ်ဖွဲ့ ခွဲခြား နိုင်သည်။
တစ်ဖွဲ့မှာ အခြား ဂြိုဟ်များမှ ရွှေ့ပြောင်း ရောက်ရှိ လာသည့် ကျင့်ကြံသူများ ဖြစ်ပြီး ထိုအထဲ၌ အလင်းမျိုးနွယ်၊ ရွှေရောင် နတ်ဘုရား စသည်တို့ ပါဝင်သည်။
အခြား တစ်ဖွဲ့မှာမူ ဆင်နတ်ဘုရား ကဲ့သို့ ကမ္ဘာတွင်ပင် မွေးဖွားကာ ဆင့်ကဲ ပြောင်းလဲသွားသည့် ကျင့်ကြံသူများ ဖြစ်သည်။
“ဟူး ... ဟူး …”
ဆင်နတ်ဘုရားက မူလ အသွင်ကို ဖျောက်ကာ ခေါင်းတုံးလူ တစ်ယောက် အသွင်သို့ ပြောင်းလဲ လိုက်သည်။ ထို့နောက် သူက လျှို့ဝှက် နယ်မြေများ အကြောင်းကို ချန်းဖန်အား ရှင်းပြသည်။
“ဘိုးဘေးနဂါးက အစွမ်းထက်တယ် ဆိုပေမဲ့ တကယ်တမ်းတော့ သေခြင်း ဘုရားကျောင်းက လျှို့ဝှက် နယ်မြေတွေထဲမှာ အစွမ်း အထက်ဆုံးပဲ ... ကောလာဟလတွေ အရဆို သူတို့မှာ အီဂျစ် သေခြင်း နတ်ဘုရား အနူးဘစ် ရှိတယ်တဲ့ ... ဒါပေမဲ့ သူ ပေါ်မလာတာက နှစ်ထောင်ချီ ကြာပြီ ဆိုတော့ သူ သေပြီလား ရှိသေးလား ဘယ်သူမှ မသိကြဘူး”
ချန်းဖန်က ခေါင်းညိတ်ရင်း နဂါးအိုကြီးအား လှည့်ကြည့်လိုက်သည်။
“သခင် ... သင် ဘာလိုချင်လဲ ... ပြောပါ”
နဂါးအိုကြီးက ဆိုလိုက်သည်။
“မင်းကြည့်ရတာ မပျော်တဲ့ ပုံစံကြီးပါလားကွ ... ဘာလဲ ... မင်းက ငါ့ရဲ့ စီးတော်သားရဲ ဖြစ်ရတာ မထိုက်တန်ဘူးလို့ ထင်နေတာလား”
ချန်းဖန်က မေးလိုက်၏။
နဂါးအိုကြီးက ဘာမှ ပြန်မပြောပဲ တိတ်ဆိတ် နေ၏။ သို့သော်လည်း သူ၏ ရွှေရောင် မျက်လုံးများက သူ၏ သဘောထားကို ဖော်ပြ နေသည်။
“ငါမင်းကို အစစ်အမှန် နဂါးမတစ်ကောင် ရှာပေးမယ်လို့ ပြောတာ နောက်နေတာ မဟုတ်ဘူးနော် ... ငါ့နောက်ကိုသာ လိုက်ရင် မင်းအတွက် ရွှေအမြုတေ အဆင့်က ဘာမှ မဟုတ်တော့ဘူး …”
ချန်းဖန်က စိတ်ပျက်သည့် ပုံစံဖြင့် ခေါင်းအား ခါယမ်း လိုက်သည်။
“သခင်က အရမ်း ယုံကြည်ချက် ရှိနေတဲ့ ပုံပါလား ... အနူးဘစ်က မသေသေးဘူးနော် ... သူက ဒဏ်ရာ ရနေတာကြောင့် သူ့ရဲ့ ပိုင်နက်က မထွက်ခွာနိုင်တာဘဲ ရှိတာ”
နဂါးအိုကြီးက ဆိုလိုက်၏။
“နားစမ်းပါကွာ ... ဒဏ်ရာ ရနေတဲ့ အစစ်အမှန် နတ်ဘုရားလေးက ငါ့ကို ဘာလုပ် နိုင်မှာလဲ ... သူက အကောင်းဆုံး အနေအထားမှာ ရှိနေရင်တောင် ငါ သူ့ကို သတ်နိုင်သေးတယ်”
ချန်းဖန်က ပြုံးရင်း ဂရုမစိုက်စွာ ပြောလိုက်သည်။
“သူက ကောင်းကင် တန်ခိုးရှင် ဖြစ်နေပြီ ထင်တယ် …”
ချန်းဖန်၏ ယုံကြည်ချက် ရှိသော ပုံစံကို ကြည့်ကာ နဂါးအိုကြီးမှာ တွေးလိုက်မိ၏။ ထိုအချိန်မှ စ၍ သူက ချန်းဖန်အား ပိုမို၍ လေးလေးစားစား ဆက်ဆံလာသည်။
“ဟူး ... ဟူး …”
ထို့နောက် နဂါးအိုကြီး၏ ခေါင်းဆောင်မှုဖြင့် ချန်းဖန်၊ ရဲ့ချင်စန်းနှင့် မြောက်ပိုင်းချုံး ဂိုဏ်းဝင်များသည် နဂါးရေကန် အတွင်း ဝင်ရောက် လာခဲ့သည်။
“ဒါက နဂါးရေကန် ဆိုတာလား ... အကြီးကြီးပဲနော် ... ငါက ရိုးရိုး ရေအောက် ထင်နေတာ ... ခုလို နေရာမျိုး ဖြစ်နေမယ်လို့ လုံးဝ မထင်မိဘူး”
လူတိုင်းသည် အလွန်တရာ စိတ်လှုပ်ရှား နေကြသည်။
သူတို့သည် ရေဥမင်အတိုင်း လျှောက်လာပြီး မကြာခင်မှာပင် ကျယ်ပြောသော ကမ္ဘာသို့ ရောက်ရှိ လာခဲ့၏။ ထိုကမ္ဘာ၌ လှပသော မြို့တော်များပင် ရှိကာ အမျိုးအမည် မသိသော ငှက်များ၊ သားရဲများ ရှင်သန် နေထိုင် နေကြသည်။
“မွန်းစတား နယ်မြေကနေ ကြိုဆိုပါတယ် …”
နဂါးအိုကြီးက ဂုဏ်ယူစွာ မိတ်ဆက် လိုက်သည်။
“ဒီနယ်မြေကို ကျုပ်ရဲ့ ဘိုးဘေးတွေက တည်ထောင်ထားခဲ့တာ ... နယ်မြေက မိုင်တစ်ထောင်လောက် ကျယ်ဝန်းပြီးတော့ နဂါးရေကန်ကတော့ နယ်မြေရဲ့ ဝင်ပေါက်ပေါ့ ... ဒီနေရာမှာ မွန်းစတားတွေနဲ့ လူသားတွေ အတူတကွ နေထိုင်တယ်လေ ... ကျုပ်တို့ နယ်မြေက ခွန်ရှုလောက် မကြီးပေမဲ့ မြေကမ္ဘာ အဆင့်ကတော့ တစ်ရာလောက် ရှိတယ်”
“ဟုတ်တယ် ... ခွန်ရှုက တော်တော် ကြီးတယ် ... လူဦးရေတောင် တစ်ဘီလျှံလောက် ရှိတာ”
ချန်းဖန်က ခေါင်းညိတ်လိုက်သည်။
“ဒါနဲ့ သခင် ... ကျွန်တော့်မှာ မေးခွန်းတစ်ခု ရှိပါတယ် ... သခင်က ခွန်ရှု နယ်မြေကို ဝင်ခဲ့တယ်ဆို ... ဘယ်လို ပြန်ထွက်လာတာလဲ ... အဲဒီက နတ်ဘုရားတွေက သခင့်ကို ဘာမှ မလုပ်ဘူးလား”
နဂါးအိုကြီးက တစ်ခုကို သတိရဟန် မေးလိုက်သည်။
“ဟုတ်တယ် ... ကျုပ်တို့လည်း သိချင် နေကြတာ …”
ရဲ့ချင်စန်း အပါအဝင် အခြား မူလ အဆင့်များကလည်း ချန်းဖန်အား စိတ်ဝင်တစား ကြည့်ကြ၏။
ချန်းဖန်က ပြုံးရင်း ဆိတ်ဆိတ်သာ နေလိုက်သည်။ အားရှို့က အလိုက်တပင် ဝင်ရောက် ရှင်းပြလိုက်၏။
“ဆရာက အခု ခွန်ရှုနယ်မြေရဲ့ ဧကရာဇ် ဖြစ်နေပြီရှင့် …”
“ဘယ်လို …”
များစွာသော မြေကမ္ဘာ အဆင့်များမှာ ဆွံ့အ သွားကြသည်။ နဂါးအိုကြီးပင် မျက်လုံးပြူး သွား၏။
ခွန်ရှု နယ်မြေကား ကမ္ဘာ၏ အင်အား အကြီးဆုံး လျှို့ဝှက် နယ်မြေ ဖြစ်ကာ မြေကမ္ဘာ နတ်ဘုရား ရာချီကို ပိုင်ဆိုင်ထားသည်။ သို့တိုင်အောင် ချန်းပေ့ရွှမ်းက ခွန်ရှုအား ဧကရာဇ်အဖြစ် အုပ်စိုးနိုင်သည်။ သူက မည်သည့် အဆင့်သို့ ရောက်နေပြီနည်း။
“နဂါးအိုကြီး ... ခွန်ရှုရဲ့ ဧကရာဇ်က သင့်ရဲ့ သခင် ဖြစ်ဖို့ လုံလောက်ရဲ့လား …”
ဟွာရန်ဖန်းက အသာအယာ ပြုံးရင်း မေးလိုက်သည်။
“ဒါပေါ့ …”
နဂါးအိုကြီးမှာ ကြောက်လန့်စွာဖြင့် ၎င်း၏ ခေါင်းအား ညွှတ်လိုက်တော့၏။
***