← Chapters

အရှေ့ အရပ်၌ သွေးလွှမ်းခြင်း

Vol. 8 Ch. 788

အရှေ့ အရပ်၌ သွေးလွှမ်းခြင်း

Vol. 8 Ch. 788

မွန်းစတား နယ်မြေသည် ထူထပ်သော ဝိညာဉ်ချီများ၊ များစွာသော ဝိညာဉ် သားရဲများ၊ ဝိညာဉ် ဆေးပင်များကို ပိုင်ဆိုင် ထားသော်လည်း ထိုအရာများမှာ ချန်းဖန်အတွက် အသုံးမဝင်လှချေ။

သူသည် အမြုတေ ဖွဲ့စည်းခြင်း အဆင့်သို့ ဝင်ရောက်နေပြီ ဖြစ်သည့်အပြင် သူ နေ့စဉ် လိုအပ်သည့် ဝိညာဉ်ချီ ပမာဏမှာလည်း သာမန် ရွှေအမြုတေ အဆင့်ထက်ပင် များပြားသေးသည်။ ကမ္ဘာကဲ့သို့ သေးငယ်သော ဂြိုဟ်လေးက သူ၏ လိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်တော့မည် မဟုတ်တော့ချေ။

“ရှေးဟောင်းခေတ်က ကောင်းကင် တန်ခိုးရှင်တွေ အစစ်အမှန် နတ်ဘုရားတွေ ကမ္ဘာကနေ ထွက်ခွာသွားကြတာ မထူးဆန်းတော့ဘူး ... ငါ အဆင့်တက်ဖို့ ဆိုရင် စကြဝဠာထဲကို ထွက်ပြီး ကျင့်ကြံခြင်း ဂြိုဟ်တစ်ခုကို ရှာမှပဲ ရတော့မယ် ထင်တယ်”

ချန်းဖန်သည် သူ အနာဂတ် လုပ်ရမည့် အစီအစဉ်များကို ငြိမ်သက်စွာ ထိုင်ရင်း တွေးနေမိ၏။

“ဆရာ ... ဒီကမ္ဘာလေးထဲမှာ နေရင် ကျွန်မတို့ လျှို့ဝှက် နယ်မြေတွေကို စိုးရိမ်စရာ မလိုတော့ဘူး …”

ယူကီရှီရိုဆာက စိတ်လှုပ်ရှားစွာဖြင့် ချန်းဖန် အနားသို့ ကပ်ရင်း ပြောလိုက်၏။

“ဟုတ်တယ် …”

ချန်းဖန်က အလိုက်သင့် ခေါင်းညိတ်လိုက်သည်။

“ဆရာ ... ကျွန်တော်တို့ နောက်ထပ် ဘာလုပ်ကြမလဲ …”

ဟွာရန်ဖန်းက မေးလိုက်၏။

“နောက်ထပ်လား …”

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း စဉ်းစား လိုက်သည်။

“နောက်ထပ်က သစ္စာဖောက်ပြီး လျှို့ဝှက် နယ်မြေတွေကို ကူညီတဲ့ လူတွေနဲ့ စာရင်းရှင်း ကြတာပေါ့ …”

***

ထို့နောက် ချန်းဖန်သည် ကျင်းမြို့တော်သို့ ပြန်ကာ မြောက်ပိုင်းချုံး၏ တပည့်များကို နေရာ အနှံ့သို့ ဖြန့်ကြက် စေလွှတ်၏။

အနောက်မြောက် ဒေသ၊ ဝူမိသားစု ခြံဝင်းအတွင်း၌ …

ဝူရှန့်ဟယ်သည် ရှဲ့ချန်းအား ကြည့်ရင်း ပြောလိုက်သည်။

“ဒါက ဘာအဓိပ္ပာယ်လဲ ... ဝူမိသားစုက မြောက်ပိုင်းချုံးကို ဘယ်တုန်းကမှ မဆန့်ကျင်ခဲ့ဘူး ... ခင်ဗျားက ဘာလို့ ဒီကို ရောက်လာတာလဲ”

ဝူမိသားစုသည် ထိပ်တန်း သိုင်းပညာ မိသားစုတစ်ခု ဖြစ်ကာ သူတို့၏ ဒေါသနဂါး လက်သီးသိုင်းမှာ ကျော်ကြား၏။

“မင်းတို့ ဝူမိသားစုက မျိုးနွယ်ခြားတွေကို ကူညီခဲ့တယ် ... ငါတို့ ဂိုဏ်းချုပ်က အဲဒါကို ရာဇဝတ်မှု တစ်ခုအနေနဲ့ ယူဆတယ် ... မင်းတို့ နောင်တ မရသေးဘူး ဆိုရင် ငါက မင်းတို့ တစ်မိသားစုလုံးကို သတ်ပစ် ရလိမ့်မယ်”

ရှဲ့ချန်းက ပြောရင်း ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။

သူသည် ယင်ဖုန်းမျှော်စင်၌ ကျန်းမိသားစု အစေခံ၏ လက်ချက်ကြောင့် ဒဏ်ရာ ရသွားသည့် ရှုယုံဖေး၏ ကိုယ်ရံတော် ဖြစ်၏။

သို့သော်လည်း ယခုတွင်မူ ချန်းဖန် ပေးသော ဝိညာဉ်ဆေးဝါးများ၏ အကူအညီဖြင့် သူသည် ဒဏ်ရာများ ပြန်လည် ပျောက်ကင်းသွားပြီ ဖြစ်သည့်အပြင် တန်ခိုးရှင် အဆင့်ကိုပင် နီးကပ် နေခဲ့ပြီ ဖြစ်သည်။

“မင်းတို့ လုပ်ရဲလား ... ငါတို့ ဝူမိသားစုက နှစ်သုံးရာ သမိုင်းကြောင်းနဲ့ နေခဲ့တာကွ ... မင်းတို့လို ကောင်တွေကများ ငါတို့ မိသားစုကို ခြိမ်းခြောက်ရဲလား …”

ဝူမိသားစုဝင်များမှာ ဒေါသထွက် သွားကြသည်။

“လုပ်တော့ …”

ရှဲ့ချန်းက အမိန့်ပေးလိုက်ရာ သူ၏ လူများမှာ စတင် သတ်ဖြတ်သည်။ ယခု တစ်ခေါက်၌ မြောက်ပိုင်းချုံးသည် အထွတ်အထိပ် အဆင့်များစွာကို ပို့လွှတ်လိုက်ခြင်း ဖြစ်ရာ ဝူမိသားစုမှာ ခဏ အတွင်းမှာပင် အရေးနိမ့် လေ၏။

“ဘုန်း …”

ဝူမိသားစု ရှုံးနိမ့်လုဆဲဆဲ အချိန်၌ အဘိုးအို တစ်ဦး ရုတ်တရက် ထွက်ပေါ်လာကာ ရှဲ့ချန်းအား လက်သီးဖြင့် ထိုးလိုက်သည်။

“ဘုန်း …”

ထိုလက်သီးက နဂါးတစ်ကောင်၏ အသွင်ဖြင့် ရှဲ့ချန်းအား ထိုးနှက်ရာ ရှဲ့ချန်းမှာ အရေးနိမ့်ကာ နောက်သို့ လွင့်စဉ်လေ၏။

“ဘိုးဘေး …”

ဝူရှန့်ဟယ်နှင့် အခြား ဝူမိသားစုဝင် များမှာ ဂါရဝ ပြုလိုက်ကြသည်။

ထိုအဘိုးအိုကား တန်ခိုးရှင် အဆင့် တစ်ယောက် ဖြစ်သည်။ ဒေါသနဂါးချီသည် သူ၏ ပတ်လည်၌ အစစ်အမှန်နဂါး တစ်ကောင်အလား ရစ်သိုင်းနေ၏။

“ဝူမိသားစုကနေ ထွက်သွားကြစမ်း …”

ဝူမိသားစု ဘိုးဘေးက လက်တစ်ဖက်ကို ခါယမ်းရင်း မောက်မာစွာ ဆိုလိုက်သည်။

အကယ်၍ မြောက်ပိုင်းချုံး ဂိုဏ်း၏ အရှိန်အဝါကြောင့်သာ မဟုတ်ပါက သူသည် ရှဲ့ချန်းအား သတ်ပစ်လိုက်ပြီ ဖြစ်သည်။

“ဟမ့် …”

ရှဲ့ချန်းက နှာခေါင်းရှုံ့ကာ အဆောင် တစ်ခုအား ထုတ်ယူ ပစ်လွှတ် လိုက်သည်။ ထိုအဆောင်က တောက်ပသော အလင်းတန်း၏ အသွင်သို့ ပြောင်းလဲကာ ကောင်းကင် အမြင့်သို့ ထိုးတက်၏။

“မင်းက သေချင်နေတာပဲ …”

ဝူမိသားစု ဘိုးဘေး၏ အမူအရာက အေးစက်သွားကာ ရှဲ့ချန်းအား လက်သီးဖြင့် ထိုးလိုက်သည်။

“ဘုန်း …”

သို့သော်လည်း သူ၏ လက်သီး ရှဲ့ချန်းအပေါ် မကျခင်မှာပင် ကောင်းကင်၌ ကြီးမားသော ခြေထောက်ကြီးတစ်ခု ပေါ်လာကာ သူ့အား နင်းခြေလိုက်၏။

“ဘုန်း …”

ခြေထောက်ကြီး၏ အောက်၌ ထိုတန်ခိုးရှင် အဆင့်ကား အနည်းငယ်ပင် မတတ်နိုင်ခဲ့ချေ။ မြေပြင်၌ ပြားပြားဝပ်ကာ ခန္ဓာရော နတ်ဘုရား စိတ်ဝိညာဉ်ပါ ပျက်စီးရလေ၏။

“ကျေးဇူးပါ ... ဆင်နတ်ဘုရား …”

ရှဲ့ချန်းက ကောင်းကင်သို့ မော့ကြည့်ရင်း ဦးညွှတ် လိုက်သည်။ ထို့နောက် သူက အေးစက်စွာပင် ဝူမိသားစုဝင်များ ဘက်သို့ လှည့်လိုက်၏။

“သတ်ကြ …”

***

ထိုသို့သော အဖြစ်အပျက်များက တရုတ်တွင်သာမက၊ အရှေ့တောင် အာရှ၊ ဂျပန်၊ ကိုရီးယား တို့တွင်ပါ ဖြစ်ပျက်နေခြင်း ဖြစ်သည်။

ထိုနေ့၌ အရှေ့တိုင်း တစ်ခွင်လုံးတွင် သွေးလွှမ်းခဲ့၏။ မရေမတွက်နိုင်သော သစ္စာဖောက်များ၊ မျိုးနွယ်ခြားများမှာ မြောက်ပိုင်းချုံး ဂိုဏ်းဝင်များ၏ သတ်ဖြတ်မှု၌ မျိုးပြုတ်သည်။

ထိုသတ်ဖြတ်ခြင်း ဖြစ်စဉ်မှာ သုံးရက်တိုင်တိုင် ကြာမြင့်ခဲ့ကာ လူပေါင်း သုံးသိန်းကျော် သေဆုံးခဲ့သည်။

“ဆရာ ... ဂိုဏ်းနဲ့ မိသားစု စုစုပေါက်း ငါးဆယ့် ခြောက်ခုကို ရှင်းလင်း ပြီးပါပြီ ... ဆမ်ဆောင်း လီမိသားစုနဲ့ မစ်ဆုယူတို မိသားစုတို့ကိုလည်း သုတ်သင်ပြီးပါပြီ ... ဂျပန်နဲ့ ကိုရီးယား အစိုးရတွေက ကျွန်မတို့ကို ကူညီဖို့ သူတို့ တပ်ဖွဲ့တွေ စေလွှတ်ပေးမယ်လို့ ပြောပါတယ်”

ယူကီရှီရိုဆာက လာရောက်ကာ အစီရင် ခံသည်။

“အင်း ... ကောင်းတယ်”

ချန်းဖန်က ခေါင်းညိတ် လိုက်သည်။

“နောက်ပြီးတော့ ချင်မိသားစု ရှောင် မိသားစုနဲ့ ဟန်မိသားစုရဲ့ ကိုယ်စားလှယ်တွေ အရှေ့တောင်ရဲ့ အပြင်ဘက်မှာ စောင့်နေပါတယ် ... သူတို့က ဆရာ့ဆီက ခွင့်လွှတ်ဖို့ တောင်းပန်ချင်လို့တဲ့”

ယူကီရှီရိုဆာက ဆက်လက်၍ အစီရင် ခံလိုက်သည်။

ထိုရန်ကျင်း၏ မိသားစုကြီးများသည် ပထမ၌ အခြေအနေအရ ကျန်းမိသားစုကို အားပေးခဲ့ကြသူများ ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ သူတို့သည် စိတ်ပြောင်းလဲကာ ချန်းဖန်အား တောင်းပန် လာကြခြင်း ဖြစ်သည်။

“ဟမ် ... သူတို့က မိသားစု ခေါင်းဆောင်တွေကို မလွှတ်ဘဲ ကိုယ်စားလှယ်တွေကိုပဲ လွှတ်လိုက်တာလား …”

ဘေးမှ နားထောင်နေသော ဟွာရန်ဖန်းမှာ ဒေါသထွက်သွားပုံ ရ၏။ သူက ချန်းဖန်အား ဦးညွှတ်ရင်း ပြောလိုက်သည်။

“ဆရာ ... ကျုပ် ရန်ကျင်းကို သွားပြီး မိသားစု ခေါင်းဆောင်တွေကို ဖမ်းခေါ်လာ လိုက်မယ် ... ဆရာ့ကို သူတို့ကိုယ်တိုင် တောင်းပန်မှ ဖြစ်မယ်”

အတိတ်၌ မြောက်ပိုင်းချုံးနှင့် ရဲ့ချင်စန်းတို့ပင်လျှင် ထိုမိသားစု ကြီးများကို မထိရဲခဲ့ချေ။ သို့သော်လည်း အခြေအနေများကား ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ သူတို့ အားလုံးအား သတ်ပစ်လျှင်ပင် မည်သူမျှ အပြစ်တင်တော့မည် မဟုတ်ချေ။

“ဝမ်မိသားစုကရော …”

ချန်းဖန်က တည်ငြိမ်စွာပင် မေးလိုက်သည်။

“ဝမ်မိသားစုကလား …”

ယူကီရှီရိုဆာက ခဏရပ်ကာ ဆက်လက် ပြောလိုက်သည်။

“သူတို့က ဘယ်သူ့ကိုမှ မလွှတ်လိုက်ပါဘူး …”

ခန်းမ တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွား၏။ မည်သူမျှ စကားတစ်ခွန်းပင် မဆိုရဲကြတော့ချေ။ ချန်းဖန်၏ ခုံခေါက်သံ သာလျှင် စီးချက်ညီညီ ထွက်ပေါ်နေသည်။

“ဟင်း …”

တစ်ခဏ အကြာ၌ ချန်းဖန်က သက်ပြင်း ချလိုက်သည်။

“ငါက အမေ့အတွက် သူတို့ကို အသက် ချမ်းသာပေးဖို့ တွေးထားတာ ... ကြည့်ရတာ သူတို့က ဆက်ပြီး အသက် မရှင်ချင်တော့ဘူး ထင်တယ်”

***

ရန်ကျင်း၏ ခြံဝင်း တစ်ခု၌ …

“ရှပ် ... ရှပ် ... ရှပ် …”

ဝမ်ကဲ့ချင်သည် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက် နေခဲ့သည်။ သူ၏ နောက်တွင်မူ စိုးရိမ် ပူပန်နေသော ဝမ်မိသားစုဝင်များ ရှိ၏။

ဝမ်မိသားစုသည် ရန်ကျင်း၏ မိသားစုများ အကြား၌ ကျန်းမိသားစုကို ပထမဆုံး သစ္စာခံခဲ့သည့် မိသားစု ဖြစ်သည်။ ယခု မြောက်ပိုင်းချုံးက သစ္စာဖောက်များကို ရှင်းလင်းနေရာ သူတို့ အလှည့်က မကြာခင် ရောက်လာနိုင်သည်။

“ဘာမှ စိတ်ပူ မနေနဲ့ ... အဲဒီ မျိုးမစစ်မှာ ငါတို့ ဝမ်မိသားစု သွေးတစ်ဝက်ပါတယ် ... သူ ငါတို့ကို သတ်မှာ မဟုတ်ဘူး”

ဝမ်မိသားစု အကြီးအကဲ တစ်ယောက်က ပြောလိုက်သည်။

“အဟွတ် ... အဟွတ် …”

ထိုအချိန်မှာပင် ဝမ်မိသားစု စာကြည့်ခန်း အတွင်းမှ ပြင်းထန်သော ချောင်းဆိုးသံများ ထွက်ပေါ်လာသည်။

“ငါ သွားကြည့်လိုက်ဦးမယ် …”

ဝမ်ကဲ့ချင်က ပြောရင်း စာကြည့်ခန်းဆီသို့ ဦးတည် လိုက်သည်။

စာကြည့်ခန်းအတွင်းတွင်မူ …

ဝမ်ကျုံးကောနှင့် ဆံပင်ဖြူ ပုဂ္ဂိုလ် တစ်ဦးတို့ မျက်နှာချင်းဆိုင် ထိုင်၍ လက်ဖက်ရည် သောက်နေကြ၏။

“ထူးဆန်းတယ် ... ဘယ်အချိန်က ဧည့်သည် တစ်ယောက် ရောက်နေတာလဲ”

ဝမ်ကဲ့ချင်သည် မျက်မှောင်ကြုတ်ရင်း ဝမ်ကျုံးကောထံသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။

ထို့နောက် သူသည် ဝမ်ကျုံးကော၏ နောက်တွင် ရပ်ကာ ဆံပင်ဖြူ ပုဂ္ဂိုလ်အား ကြည့်လိုက်၏။

“သူက …”

ရုတ်တရက် ဝမ်ကဲ့ချင်၏ မျက်လုံး အစုံမှာ အံ့ဩမှုဖြင့် ပြူးကျယ်၍ ထွက်သွားသည်။ ထိုဆံပင်ဖြူ ပုဂ္ဂိုလ်မှာ ချန်းဖန် ဖြစ်နေသည် မဟုတ်ပါလား။

“ဦးကြီး …”

ချန်းဖန်က လက်ဘက်ရည် ခွက်ကို ဖြည်းညင်းစွာ ချလိုက်၏။

“ဒီတစ်ခါ ဦးကြီးလို့ ကျွန်တော် ခေါ်တာက နောက်ဆုံး အကြိမ် ဖြစ်နိုင်ပါတယ် ... ဒီနေ့က စပြီး ဝမ်မိသားစုနဲ့ ကျွန်တော့် အကြားမှာ ဘာကိစ္စမှ မရှိတော့ပါဘူး ... ကျွန်တော် ဒီကို လာရတဲ့ အကြောင်းရင်းက ဝမ်မိသားစုနဲ့ ထိုက်တန်တာတွေကို ပေးဖို့ပါ ... အချို့အမှားတွေက အသက်နဲ့တောင် ပေးဆပ်ကောင်း ပေးဆပ်ရ နိုင်ပါတယ်”

“ဟင်း …”

ဝမ်ကျုံးကောက သက်ပြင်းရှည် တစ်ချက် ချပြီးနောက် မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်လိုက်သည်။

“မင်း ကြိုက်သလိုလုပ်ပါ …”

ထိုအသက် ကိုးဆယ်အရွယ် အဘိုးအိုကြီးကား သေဆုံးရန်အတွက် အဆင်သင့် ဖြစ်နေပုံ ရလေသည်။

သို့သော်လည်း ဝမ်ကဲ့ချင်မှာမူ လုံးဝ ခြားနား၏။ သူက အရူး တစ်ယောက်အလား သွေးရူးသွေးတန်း အော်ဟစ်သည်။

“မဟုတ်ဘူး ... အဖေ ပြောပါဦး ... ချန်းဖန် အရှင်ချန်း ... မလုပ်ပါနဲ့ ... ကျုပ်တို့ မသိလို့ မှားမိတာပါ”

သို့သော်လည်း ဝမ်ကျုံးကော သို့မဟုတ် ချန်းဖန် မည်သူမျှ သူ့အား ဂရုမစိုက်ကြချေ။

“အဘိုး …”

ချန်းဖန်က ထိုင်ရာမှ ထကာ ဝမ်ကျုံးကော သို့မဟုတ် သူ၏ အဘိုးအား နောက်ဆုံး အနေဖြင့် ဂါရဝ ပြုလိုက်၏။

ချန်းဖန် ထွက်ခွာသွားပြီး မကြာခင်မှာပင် ယူကီရှီရိုဆာနှင့် အခြားလူများမှာ သူတို့၏ ဓားများဖြင့် ဝမ်မိသားစု ခြံဝင်းသို့ ရောက်ရှိ လာကြစည်။

ထိုနေ့၌ မျိုးနွယ်ခြားများနှင့် အဆက်အဆံရှိသည့် ဝမ်မိသားစု လေးဆယ့် ခုနစ်ယောက် သေဆုံးခဲ့သည်။

ကျန်ရှိသော ဝမ်မိသားစုဝင်များသည် မြောက်အရပ် တောင်တန်းမှ ပြောင်းရွှေ့၍ ရန်ကျင်းသို့ ဘယ်သော အခါမှ ပြန်မလာတော့ကြောင်း ကြေညာ၏။

ဝမ်မိသားစုအား ရှင်းလင်းပြီးနောက် သတ်ဖြတ်ခြင်းများမှာ တဖြည်းဖြည်း ရပ်တန့် သွားသည်။

“ရှောင်ဖန် ... သစ္စာဖောက်တွေနဲ့ စာရင်းရှင်း ပြီးပြီ ဆိုတော့ နင်ဘာဆက်လုပ်မလဲ …”

ဖန့်ချုံးက မေးသည်။

“ငါ လျှို့ဝှက်နယ်မြေတွေကို သွားပြီး လူသားတွေ အပေါ် သူတို့ လုပ်ခဲ့တာတွေ အတွက် ပြန်ပြီး အကြွေးတောင်းမယ်”

ချန်းဖန်က တည်ငြိမ်စွာပင် ပြောလိုက်တော့၏။

***

All Chapters