ကမ္ဘာ၌ သတ်ဖြတ်ခြင်း
Vol. 8 Ch. 796
အင်အားကြီး နိုင်ငံများသည် ဂြိုဟ်တုများမှ တစ်ဆင့် ပြင်းထန်သော မြေပြင် တိုက်ပွဲ ပုံရိပ်များအား ဖမ်းယူ ရရှိကြ၏။
ထိုတိုက်ပွဲများမှာ အရှေ့ ဥရောပ၊ မြောက် အာဖရိက၊ အတ္တလန္တိတ် သမုဒ္ဒရာ စသည်ဖြင့် နေရာ အနှံ့အပြား၌ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်သည်။
ထိုတိုက်ပွဲများကား ချန်းဖန်နှင့် လျှို့ဝှက် နယ်မြေ နတ်မိစ္ဆာများ အကြားမှ တိုက်ပွဲများ ဖြစ်၏။
"သူက အရမ်း ကြောက်ဖို့ ကောင်းတယ် ... ဘယ်လို့ ကမ္ဘာပေါ်မှာ အဲ့လောက် အစွမ်းထက်တဲ့သူ တစ်ယောက် ရှိနေတာလဲ ... ရှေးဟောင်းခေတ်မှာ ဆိုရင်တောင် သူက ပြိုင်ဘက်ကင်း ဖြစ်နိုင်တယ်"
လျှို့ဝှက် နယ်မြေများ၌ ပုန်းအောင်း နေသော နတ်မိစ္ဆာများမှာလည်း ထိတ်လန့် နေကြလေသည်။
မြေကမ္ဘာ အဆင့် နတ်မိစ္ဆာ နှစ်ရာ၊ ကမ္ဘာ့ အရှင်သခင် လေးယောက်၊ အစစ်အမှန် နတ်ဘုရား တစ်ပါး ...
ထိုအင်အားကား ကမ္ဘာကိုပင် အပြီးတိုင် ဖျက်ဆီးရန် လုံလောက်သည်။ သန်း ဆယ်ချီသော အထူး စစ်သားများပင် သူတို့အား ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ချန်းပေ့ရွှမ်းကမူ တစ်ကိုယ်တည်းဖြင့် သူတို့ အားလုံးကို သတ်ဖြတ်ပစ်ခဲ့သည်။
"ဆရာက ခွန်ရှု နယ်မြေကို ဘယ်လို သိမ်းပိုက်ခဲ့သလဲ ဆိုတာ နောက်ဆုံးတော့ ငါနားလည်ပြီ ... မြေကမ္ဘာ အဆင့်တွေ ဘယ်လောက်များများ သူတို့က ဆရာ့ကို မတားဆီး နိုင်ကြဘူး"
ဟွာရန်ဖန်းက ပြုံးလိုက်သည်။
ယုဝမ်ကျင်းနှင့် ယူကီရှီရိုဆာ တို့၏ မျက်လုံး များမှာလည်း တလက်လက် တောက်ပ နေ၏။
"နောက်ဆုံးတော့ ငါတို့ အလှည့်ကို ရောက်ပြီ ... ငါတို့ မြောက်ပိုင်းချုံးက ကမ္ဘာကို ထိန်းချုပ်ပြီး လျှို့ဝှက် နယ်မြေတွေနဲ့ နတ်မိစ္ဆာ တွေကို ရှင်းပစ်မယ်"
အားရှို့က လက်သီးကို တင်းတင်း ဆုပ်ရင်း အားတက်သရော ပြောလိုက်သည်။
အခြားလူများမှာလည်း စိတ်လှုပ်ရှား နေကြ၏။ ချန်းဖန်သည် ထိုတိုက်ပွဲတွင် ပြိုင်ဘက်ကင်း စွမ်းအားကို ပြသခဲ့သည်။ ထိုအရာက မြောက်ပိုင်းဂိုဏ်း၏ ဂုဏ်သရေကို ကမ္ဘာ၏ အထွတ်အထိပ်သို့ မြှင့်တင်ပေးသည့် တိုက်ပွဲလည်း ဖြစ်၏။
"မြောက်ပိုင်းချုံးရဲ့ တပည့်တွေ အားလုံးကို စုစည်းကြ ... အရှေ့တောင် အာရှ ဌာနခွဲတွေက လူတွေပါ ဆင့်ခေါ်လိုက် ... ငါတို့ နတ်မိစ္ဆာတွေကို တန်ပြန် ထိုးစစ်ဆင်ရမယ့် အချိန် ရောက်ပြီ"
ဖန့်ချုံးက ထိုင်ရာမှ ထရပ်ရင်း ပြောလိုက်သည်။
သူမ၏ မျက်လုံးများက တလက်လက် တောက်ပနေက။ ရတနာ လဘီးက သူမ၏ ဦးခေါင်း အထက်၌ ထွန်းလင်းနေ၏။ သူမ၏ ပုံစံက လနန်းတော်မှ နတ်သမီး တစ်ပါး အလားနှင့်ပင် တူနေသေးသည်။
"ဟား ... ဟား ... "
ချန်းဟွိုက်အန်း၊ ဟွာရန်ဖန်းနှင့် ရှဲ့ရန် တို့ကလည်း တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ရယ်မောရင်း ဖန့်ချုံး၏ နောက်တွင် ရပ်လိုက်ကြသည်။
တစ်ချိန်တည်း၌ ရဲ့ချင်စန်းက ပြတ်သားစွာ ကြေညာသည်။
"ငါတို့ ခွန်းလွန်ကလည်း မြောက်ပိုင်းချုံးနဲ့ ပူးပေါင်းပြီး အဆုံးအထိ တိုက်ခိုက်ကြမယ် ... စစ်ပွဲ အတွက် ပြင်ဆင်ကြ"
မကြာခင်မှာပင် အရှေ့တိုင်း၌ စခန်းချ နေသော မြောက်ပိုင်းချုံးနှင့် ခွန်းလွန်၏ စစ်တပ်များသည် စတင်ကာ လှုပ်ရှား လာကြသည်။
ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံ စစ်တပ်များကလည်း သူတို့အား ပူးပေါင်း ကြ၏။ မည်သည့် ရန်ကြွေးများ ရှိစေကာမူ ယခု အချိန်က လူသားများ စည်းလုံး ညီညွှတ်ရမည့် အချိန် မဟုတ်ပါလား။
"ဘုန်း ... ဘုန်း ... "
ကမ္ဘာ အနှံ့အပြား၌ မရေ မတွက်နိုင်သော စစ်ပွဲများ ဖြစ်ပေါ်လာ၏။
အချို့ အင်အားကြီး နိုင်ငံများ ဆိုလျှငိ နျူကလီးယားဗုံးများ ကြဲချ၍ပင် နတ်မိစ္ဆာများကို တိုက်ခိုက်ကြသည်။
ထိုအချိန်၌ ချန်းဖန်သည်လည်း ထွက်ပြေးနေသော နတ်မိစ္ဆာများ နောက်သို့ လိုက်လံ သတ်ဖြတ်နေဆဲ ဖြစ်၏။
"ဝှစ် ... ဝှစ် ... "
တောင်အမေရိကန် မိုးသစ်တော အထက်၌ ကျွဲခေါင်း နတ်မိစ္ဆာ တစ်ကောင်မှာ ပျံသန်း နေခဲ့သည်။ ၎င်းသည် ကြောက်ရွံ့ တုန်လှုပ်သော မျက်နှာဖြင့် နောက်သို့ အခါခါ လှည့်ကြည့်နေ၏။
သူကား ရှေးဟောင်း ဒဏ္ဍာရီများထဲမှ ကျော်ကြားသော နတ်ဘုရား အာသာမုက္ခိ ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ သူသည် ကောင်းကင်ပြိုမည်ကို ကြောက်နေသော ယုန်ငယ် တစ်ကောင် အလား တုန်ရီ နေ၏။
"ဟူး ... ဟူး ... "
မကြာခင်မှာပင် အိုမင်းသော ရွှေရောင် ဘုရားကျောင်း တစ်ခုသည် အာသာမုက္ခိ၏ အရှေ့၌ ပေါ်လာခဲ့သည်။
"ဟူး ... နောက်ဆုံးတော့ ပြန်ရောက်လာပြီ"
အာသာမုက္ခိက သက်ပြင်း တစ်ချက် ချလိုက်သည်။
သူသည် ချန်းဖန် ရွှေရောင် နတ်ဘုရားကို သတ်နေသည့် အတောအတွင်း၌ အရူး တစ်ယောက် အလား အိမ်သို့ ပြန်လည် ထွက်ပြေးလာခြင်း ဖြစ်သည်။
"ငါတို့ ရွှေရောင် ဘုရားကျောင်းက ကောင်းကင်မှာ ဖုန်းကွယ်ပြီး ရှိနေတာ ... ငါ ပြန်ရောက်တာနဲ့ တံခါးပိတ်ပြီး ဘုရားကျောင်းထဲမှာပဲ နေတော့မယ် ... ဘယ်တော့မှ အပြင်ကို မထွက်တော့ဘူး ... ချန်းပေ့ရွှမ်းက အရမ်း ကြောက်ဖို့ ကောင်းတယ် ... ကမ္ဘာပေါ်မှာ ဘယ်လို လုပ်ပြီး ခုလို ကြောက်ဖို့ ကောင်းတဲ့ အရှင်သခင် ရှိနေရတာလဲ"
မုန်းတီးသော စိတ်ဆန္ဒက အာသာမုက္ခိ၏ မျက်လုံးတွင် ဖြစ်ပေါ်လာသည်။ သူက နှာခေါင်းရှုံ့ရင်း ဆက်လက် ရေရွတ် လိုက်သည်။
"နောက်ပြီးတော့ အဲဒီ သောက်မာယာ လူမျိုးတွေ ... သူတို့သာ မတိုက်တွန်းရင် ငါတို့ မိစ္ဆာဆီကို သွားမိမှာ မဟုတ်ဘူး ... အဲဒါ ဆိုရင် ငါတို့ရဲ့ ဘုရင်ကြီးလည်း ခုလို သေရမှာ မဟုတ်ဘူး"
ထိုအချိန်မှာပင် သူ၏ နောက်မှ ရုတ်တရက် အသံတစ်ခု ထွက်ပေါ် လာခဲ့၏။
"ဒီအဖြစ်အပျက်တွေရဲ့ နောက်ကွယ်မှာ မာယာ မျိုးနွယ်တွေ ရှိနေတယ်ပေါ့ ... ဟုတ်လား ... "
အေးစက်သော အသံကြောင့် အာသာမုက္ခိမှာ ကြက်သီးများပင် ထသွား၏။ သူက တုန်တုန်ရီရီဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ ပြုံးလျှက် ရပ်နေသော ဆံပင်ဖြူ လူငယ်အား မြင်ရသည်။
"အ ... အသက် ချမ်းသာပေး ... "
အာသာမုက္ခိ၏ စကား မဆုံးခင်မှာပင် ချန်းဖန်၏ နောက်မှ ပုံရိပ်ယောင် သစ်ကိုင်း တစ်ခု ထွက်ပေါ်လာကာ သူ၏ ခန္ဓာထံသို့ တိုးဝင်၏။
"ဘုန်း ... "
အာသာမုက္ခိ၏ မူလအဆင့် ခန္ဓာကား ချက်ချင်းပင် စက္ကူ အပိုင်းအစ အလား ပေါက်ကွဲကာ သစ်ကိုင်း၏ စုပ်ယူ သန့်စင်ခြင်းကို ခံလိုက်ရသည်။
"အာ ... ဒီကောင်ကြီးက ဒဏ္ဍာရီထဲက နတ်ဘုရား အာသာမုက္ခိ မဟုတ်လား ... ငါက သူ့ကို တံခါးစောင့် လုပ်ခိုင်းမလို့ တွေးနေတာလေ"
ချန်းဖန်မှာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းအား ခါလိုက်မိ၏။
အဇူရာ သက်ရှည် ခန္ဓာသည် အလွန် အစွမ်းထက်ကာ ၎င်း၏ နတ်ဘုရား စွမ်းအား ကမ္ဘာသစ်ပင် မှာလည်း အရာရာအား ဖျက်ဆီးနိုင်၏။
သို့သော်လည်း ချန်းဖန်သည် ထိုနတ်ဘုရား စွမ်းအားမှာ ထွက်ပေါ်လာသည်နှင့် ထိန်းချုပ်နိုင်စွမ်း မရှိတော့ကြောင်း မသိခဲ့ချေ။ ၎င်းသည် ဆက်လက် ကြီးထွားနေကာ နတ်မိစ္ဆာများ၏ သွေးနှင့် ဝိညာဉ်များအား အဆက်မပြတ် ဆာလောက်နေ၏။
"အရင်ဘဝမှာတုန်းက အဇူရာ သက်ရှည် နတ်ဘုရားဟာ ကမ္ဘာသစ်ပင်ကနေ ဖြစ်လာတာလို့ ငါကြားဖူးတယ် ... တကယ်တော့ အဇူရာ သက်ရှည် ခန္ဓာ ကျင့်စဉ် ကိုယ်တိုင်မှာကိုက ကမ္ဘာ သစ်ပင်ရဲ့ ဝိညာဉ် အကြွင်းအကျန်တွေ ပါဝင် နေခဲ့တာ ... တကယ်လို့ တစ်စုံ တစ်ယောက်က အဲဒီ ကျင့်စဉ်ကို ကျင့်ကြံတာနဲ့ ကမ္ဘာသစ်ပင်က ကမ္ဘာကြီးကို ပြန် နိုးထ လာလိမ့်မယ်"
ချန်းဖန်က မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစား လိုက်သည်။
သို့သော်လည်း သူ့အနေဖြင့် ကမ္ဘာသစ်ပင်၏ အစစ်အမှန် စွမ်းအားကို ဆင့်ခေါ်နိုင်ဖို့ရန် မှာမူ တာအို ဖြစ်တည်ခြင်း သို့မဟုတ် အတိဒုက္ခ အဆင့်လောက်ထိ ရောက်ရှိရန် လိုအပ်သည်။
"ဝှစ် ... "
ထို့နောက် ချန်းဖန်သည် ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ခါကာ ဘုရားကျောင်း ရှိရာသို့ ရွေ့လျားသွား၏။
"ဘယ်သူလဲ ... "
ဘုရားကျောင်း အတွင်းမှ နတ်မိစ္ဆာ တစ်ပါး ထွက်ပေါ်လာသည်။
"ဘုန်း ... "
သို့သော်လည်း ချန်းဖန်က အင်္ကျီလက်ကို ခါယမ်းကာ သူ့အား သတ်ဖြတ် လိုက်သည်။
"ဝှစ် ... "
ကမ္ဘာသစ်ပင်၏ သစ်ကိုင်း တစ်ကိုင်းကလည်း ဖြာထွက်လာကာ ထိုနတ်မိစ္ဆာ၏ ခန္ဓာ အကြွင်းအကျန်အား စုပ်ယူ ဝါးမျိုလိုက်၏။ ထို့နောက် ၎င်းသည် အဇူရာ အလင်း အသွင်သို့ ပြောင်းလဲကာ ရွှေရောင် ဘုရားကျောင်း ဆီသို့ ဆက်လက် တိုးဝင်သည်။
"ခရက် ... "
ဘုရားကျောင်းသည် အစစ်အမှန် နတ်ဘုရား တစ်ပါး၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်သော အစွမ်း ရှိသည်။ သို့သော်လည်း ၎င်း၏ ထိုခုခံ ကာကွယ်နိုင်စွမ်းသည် ကမ္ဘာ သစ်ပင်၏ အရှေ့၌ ခွန်အားမဲ့ရ၏။
"ခရက် ... ခရက် ... "
မရေ မတွက်နိုင်သော အမြစ်များသည် မြွေများ အလား ရွှေရောင် ဘုရားကျောင်းအား တိုးဝှေ့ ရစ်ပတ်ကာ စွမ်းအားများကို စတင် စုပ်ယူ လိုက်သည်။
"ဟူး ... ဟူး ... "
ကမ္ဘာသစ်ပင်၏ အမြင့်မှာ မီတာ တစ်သောင်းခန့် အထိ ပိုမို မြင့်မားလာ၏။ တစ်ချိန်တည်း၌ ၎င်း၏ နတ်ဘုရား အလင်း မှာလည်း ပိုမို တောက်ပလာသည်။
"ခရက် ... ခရက် ... "
သို့သော်လည်း တစ်ချိန်တည်း၌ ရွှေရောင် ဘုရားကျောင်း၏ အရောင်အဝါမှာ တဖြည်းဖြည်း မှေးမှိန်လာသည်။ အဆုံး၌ ရွှေရောင် ဘုရားကျောင်း တစ်ခုလုံးနှင့် ထိုအတွင်းရှိ လူများမှာ ဖုန်မှုန့် အဖြစ်သို့ ပြောင်းလဲ သွားတော့သည်။
"ဟူး ... ဟူး ... "
ထို့နောက် ကမ္ဘာ သစ်ပင်သည် အစာ ဝသွားသည့် အိမ်မွေး သတ္တဝါ တစ်ကောင် အလား ချန်းဖန်၏ အနောက်သို့ ပြန်လည် ရောက်ရှိ လာခဲ့၏။
"ကမ္ဘာ သစ်ပင်က အဆုံးသတ်မှာ ပြန်ပြီး မွေးဖွား လာနိုင်မှာလား ... ဒဏ္ဍာရီတွေ အရဆို အဲဒါက စကြဝဠာရဲ့ ပထမဆုံး နတ်ဘုရား ဖြစ်ပြီးတော့ ကမ္ဘာတွေကို ဖန်တီးနိုင်စွမ်း ရှိတယ် တဲ့"
ချန်းဖန်မှာ မျက်ခုံးပင့် လိုက်မိ၏။ သို့သော်လည်း သူက ထိုအရာကို ဆက်လက် မစဉ်းစားတော့ရန် ဆုံးဖြတ်လိုက်သည်။
"ဝှစ် ... ဝှစ် ... "
ရွှေရောင်ဂိုဏ်းကို ဖျက်ဆီးပြီးနောက် ချန်းဖန်သည် ဆက်လက်၍ သတ်ဖြတ်ခြင်း ခရီးကို နှင်၏။
နဂါးမိစ္ဆာ တောင်ကြား ...
အမှောင်ဝံပုလွေများ၏ ဘိုးဘေး နယ်မြေ ...
မြောက် ဥရောပရှိ ဘီလူးကလန် ...
အီဂျစ် သေခြင်း ဘုရားကျောင်း ...
များစွာသော နယ်မြေများမှာ ရှင်းလင်း ခံရပြီး မရေ မတွက်နိုင်သော နတ်မိစ္ဆာများမှာ သတ်ဖြတ် ခံကြရသည်။
ထိုနေ့ရက်များ၌ ကမ္ဘာ တစ်ခုလုံးသည် နတ်မိစ္ဆာ တို့၏ သွေးဖြင့် ဖုံးလွှမ်း၏။ လျှို့ဝှက် နယ်မြေ များ၏ ရတနာများမှာမူ ချန်းဖန်၏ လက်သို့ ကျရောက်သည်။
တစ်ပတ် အကြာ၌ အတ္တလန္တိတ် သမုဒ္ဒရာ ရေအောက်ရှိ မြို့တော်မှ လွဲ၍ လျှို့ဝှက် နယ်မြေ အားလုံး သုတ်သင် ခံလိုက်ရသည်။ နတ်ဆိုး လိုဏ်ဂူမှ သားရဲများပင်လျှင် ချွင်းချက် မဟုတ်ခဲ့ချေ။
"ဒီနေ့က စပြီး ကမ္ဘာမှာ နတ်ဘုရား မရှိတော့ဘူး ... တကယ်လို့ တစ်ယောက် ရှိမယ် ဆိုရင် အဲဒီ နတ်ဘုရားက ချန်းပေ့ရွှမ်းပဲ"
တစ်စုံတစ်ယောက်က လေးစားစွာဖြင့် ပြောသည်။
"ဟုတ်တယ် ... သူက ကမ္ဘာရဲ့ တစ်ဦးတည်းသော နတ်ဘုရားပဲ"
များစွာသော လူများက ခေါင်းညိတ် ထောက်ခံ လိုက်ကြ၏။
"ဟူး ... ဟူး ... "
ထိုအချိန်၌ ချန်းဖန်ကမူ အမေရိကန်သို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်လေသည်။ သူ၏ အောက်တွင်မူ အနက်ရောင် ပိရမစ် သဏ္ဌာန် မာယာတို့၏ အာကာသ စစ်သင်္ဘာကြီး ရှိ၏။
"ထွက်လာကြစမ်း ... သေဖို့ မင်းတို့ပဲ ကျန်တော့တယ် ... "
ချန်းဖန်က အော်ဟစ် လိုက်၏။
***