← Chapters

သူတို့ ရောက်လာပြီ

Vol. 8 Ch. 797

သူတို့ ရောက်လာပြီ

Vol. 8 Ch. 797

ချန်းဖန် ခွန်ရှု နယ်မြေသို့ ဝင်ရောက် သွားပြီးနောက် ကမ္ဘာ၏ ပြောင်းလဲခြင်းများနှင့် အတူ ဂြိုဟ်သား ယာဉ်ပျံ တစ်စင်းမှာလည်း အမေရိကသို့ ဆင်းသက် ခဲ့သည်။ သို့သော်လည်း ၎င်းတို့ကား အလွန် လျှို့ဝှက်ရာ ထိပ်တန်း နိုင်ငံများမှ လွဲ၍ မည်သူမျှ မသိကြချေ။

"ပညာရှိ လူကြီးတွေဆီက ရတဲ့ အချက်အလက်တွေ အရဆို ...  မာယာ လူမျိုးတွေက အလင်း ဆယ်စုနှစ်လောက် ဝေးတဲ့ အာကာသထဲမှာ ရှိနေတာ မဟုတ်ဘူးလား ...  ဒီ အာကာသ ယာဉ်က ဘယ်က ရောက်လာတာလဲ ...  နောက်ပြီး သူတို့က ယာဉ်ပျံ တစ်စီးတည်းလား ...  တပ်ဖွဲ့လိုက် လာတာလား"

ချန်းဖန်က မျက်မှောင်ကြုတ် လိုက်မိသည်။

အာကာသ ယာဉ်ပျံ တစ်စီးတည်း ဆိုပါက ကိစ္စ မရှိချေ။ သူ ကောင်းစွာ ကိုင်တွယ် ဖြေရှင်းနိုင်သည်။

သို့သော်လည်း မာယာများမှ တပ်ဖွဲ့လိုက် ရောက်ရှိ လာခြင်း ဆိုပါက အခြေအနေများမှာ ကွာခြား သွားနိုင်သည်။ ထို့အပြင် သူတို့၏ လက်ရှိ နည်းပညာ အဆင့်မျှ မည်မျှ အထိ ရောက်နေကြောင်း ချန်းဖန် ကိုယ်တိုင်ပင် မသိချေ။

"ဘာပဲဖြစ်ဖြစ် ...  ငါ အထဲကို ဝင်ပြီး သူတို့ ခေါင်းဆောင်ကို မေးကြည့်ရမယ်"

ချန်းဖန်က သူ၏ အင်္ကျီလက်ကို လှုပ်ခါ လိုက်ရာ ကောင်းကင်၌ ကြောက်မက်ဖွယ် စွမ်းအားများ စုစည်းလာ၏။

"ဘုန်း ... "

ထိုစွမ်းအားများသည် တိမ်ပင်လယ် အသွင် ဖွဲ့စည်းကာ အနီ၊ အဝါ၊ အဇူရာ၊ အဖြူနှင့် အနက် ဟူသော မိုးကြိုးအလင်း ငါးမျိုးကို ဖော်ထုတ်သည်။

"မဟာ ဒြပ်စင်ငါးမျိုးခု မိုးကြိုး ... "

အမြုတေ ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိ ပြီးနောက် ချန်းဖန်သည် ထိုနည်းစနစ်ကို သူ အလိုရှိသည့် အချိန်တိုင်း အသုံးပြု နိုင်နေပြီ ဖြစ်သည်။

"ဆရာ ...  ခဏ နေပါဦး"

ထိုအချိန်မှာပင် အသံနှင့် အတူ ပိရမစ်၏ ထိပ်သည် လင်းလက်လာကာ အရိပ်တစ်ခု တစ်ခု ထွက်ပေါ် လာ၏။

ထိုအရိပ်မှာ အသက်လတ် ကတုံး လူတစ်ယောက်၏ အပေါ်ပိုင်း ခန္ဓာ ပုံစံ ဖြစ်သည်။

ထိုလူရိပ်သည် ငွေရောင် ဝတ်စုံကို ဝတ်ဆင် ထားသည်။ ၎င်း၏ အရေပြားသည် စက္ကူ အပိုင်းအစ တစ်ခု အလား ပါးလွှာကာ ထိုအရေပြား၏ အောက်၌ အပြာရောင် အလင်း သွေးကြောများက ဖြတ်သန်း စီးဆင်း နေ၏။

ထိုလူရိပ်ကား ထိုအာကာသ စစ်သင်္ဘော၏ ကပ္ပတိန် ကိုလင်၏ ဝိညာဉ် စွမ်းအားဖြင့် ဖွဲ့စည်းထားသော သဏ္ဌာန်တူ ပုံရိပ်ယောင်ပင် ဖြစ်သည်။

"ကျုပ်က နော့စတားရဲ့ ကပ္ပတိန် ကိုလင်ပါ ...  မာယာ ပါလီမန်ရဲ့ အဖွဲ့ဝင် တစ်ယောက်လို့လည်း ဆိုနိုင်ပါတယ် ...  ဆရာက ဘာလို့ ကျုပ်တို့ သင်္ဘောကို တိုက်ခိုက် ရတာပါလဲ"

ကိုလင်က ဦးညွှတ်ရင်း မေးခွန်းထုတ် လိုက်သည်။

"မာယာတွေက လျှို့ဝှက် နယ်မြေတွေကို ငါ့ကို တိုက်ခိုက်ဖို့ ကုန်းတိုက်ခဲ့တယ် ...  နတ်ဆိုး လိုဏ်ဂူရဲ့ သားရဲတွေကလည်း မင်းတို့ အမိန့်အောက်မှာပဲ လှုပ်ရှား နေကြတာ ...  ဒါတွေကို ငါမသိဘူးလို့ မင်းက ထင်နေတာလား"

ချန်းဖန်က နှာခေါင်းရှုံ့ လိုက်၏။

သူသည် နတ်မိစ္ဆာများထံမှ အမှန်တရားကို သိရှိပြီး ဖြစ်သည်။

"ကျုပ်တို့ အားလုံးက မာယာ ပြည်ထောင်ရဲ့ မျိုးနွယ်တွေပါ ...  နောက်ပြီး ကျုပ်ကလည်း တော်ဝင် မျိုးနွယ် ကောင်ဆယ်လာ တစ်ယောက်ပါ ...  ဘာလို့ အဲဒီလို နိမ့်ကျတဲ့ လုပ်ရပ်ကို လုပ်ရမှာလဲ ...  အဲဒါက အလိမ်အညာဆိုတာ ထင်ရှားပါတယ် ...  ကျေးဇူးပြုပြီး ဆရာ့ရဲ့ စွပ်စွဲချက်ကို ပြန်လည် ရုတ်သိမ်း ပေးစေလိုပါတယ်"

ကိုလင်က ပြောသည်။

"ငါ မင်းကို သတ်ပြီး မင်းရဲ့ ဝိညာဉ်ကို ရှာဖွေ လိုက်မယ်လေ ...  အဲဒီအခါ အမှန်တရားကို သိရမှာပေါ့"

ချန်းဖန်က တည်ငြိမ်စွာပင် ကိုလင်အား ကြည့်ရင်း ဆိုလိုက်သည်။

"ဟူး ...  ဟူး ... "

တစ်ချိန်တည်း၌ ကောင်းကင်ရှိ ဒြပ်စင် ငါးမျိုး မိုးကြိုး အစီအရင်မှာလည်း ပိုမို၍ သိပ်သည်း လာသည်။ ထိုအရာသည် အရာရာကို ဖျက်ဆီး ပစ်နိုင်သည့် နျူကလီးယားဗုံး တစ်လုံး အလား ကြောက်မက်ဖွယ် စွမ်းအားကို သယ်ဆောင် ထား၏။

"ဆရာ့ အနေနဲ့ မာယာတွေနဲ့ စစ်တိုက်ဖို့ မဆုံးဖြတ်ခင် ...  စစ်ပွဲရဲ့  အကျိုးဆက်ကို ဒီကမ္ဘာဂြိုဟ် တစ်ခုလုံး ခံစားရမယ် ဆိုတာ သိရှိမယ်လို့ ကျုပ် မျှော်လင့်ပါတယ်"

ကိုလင်က အေးစက်စွာပင် ခြိမ်းခြောက် လိုက်သည်။

သို့သော်လည်း ချန်းဖန်က ဘာမှ ပြန်မပြောပဲ လက်ကိုသာ ရိုးရှင်းစွာ ဝှေ့ယမ်း လိုက်၏။

"ဘုန်း ... "

အလင်းလုံး တစ်ခုသည် ကောင်းကင်မှ ဆင်းသက် လာသည်။ အရောင် ငါးမျိုးဖြင့် ပေါင်းစပ်ထားသော ထိုအလင်းက ကမ္ဘာ၏ ချီကို စုပ်ယူကာ တဖြည်းဖြည်း ကြီးမားလာ၏။ ပိရမစ်၏ အပေါ်သို့ ကျရောက်ချိန်၌ ၎င်း၏ အရွယ်အစားက အိမ် တစ်လုံးခန့် ရှိနေခဲ့ပြီ ဖြစ်လေသည်။

"ဘုန်း ... "

ထိုအလင်းလုံးက ပေါက်ကွဲရာ ခုနစ် ကီလိုမီတာ အကာအဝေး ဧရိယာအား ဖုံးလွှမ်း သွား၏။ ထိုဧရိယာ အတွင်းရှိ သစ်ပင်၊ ကျောက်တုံး၊ မြက်ခင်း အရာရာမှာ အပိုင်းအစ အဖြစ် ပျက်စီးရသည်။

"ဘုန်း ...  ဘုန်း ... "

ထိုအခိုက်အတန့်၌ ပိရပစ် တည်ရှိရာ အဝန်း တစ်ဝိုက်ကား လျှပ်စီးပင်လယ် အလား ဖြစ်နေခဲ့တော့သည်။

"အဲဒါက ... "

တီဗီမှ တစ်ဆင့် ကြည့်နေသော လူများကား ဆွံ့အ နေကြ၏။

ထိုတိုက်ခိုက်မှု စွမ်းအားမှာ နျူကလီးယား နှင့်ပင် နှိုင်းယှဉ်နိုင်သည်။ အချို့ မဟာ အင်အားကြီး နိုင်ငံများက စူပါ ကွန်ပြူတာများဖြင့် တွက်ချက် ကြည့်ကြရာ ချန်းဖန်၏ တိုက်ခိုက်မှုမှာ တန်ချိန် ငါးသိန်း အက်တမ်ဗုံး ပေါက်ကွဲမှုနှင့် ညီမျှသည်ကို ဖော်ထုတ် တွေ့ရှိ ကြရ၏။

"ဟူး ...  ဟူး ... "

မိုးကြိုး အလင်းများ ကွဲပျက် သွားချိန်၌ ထိုဧရိယာများ အတွင်းရှိ အရာရာမှာ ပျက်စီး၍ မြေပြင်ပင် ချိုင့်ဝင် နေခဲ့သည်ကို လူတိုင်း တွေ့ကြရသည်။ သို့သော်လည်း အပြာရောင် လျှပ်စီး၏ ကာကွယ်မှု အောက်တွင် ရှိနေသော ပိရမစ်မှာမူ တည်ရှိနေဆဲ ဖြစ်လေ၏။

"ချန်းပေ့ရွှမ်း ...  နော့စတားက ငါတို့ အာကာသ စစ်သင်္ဘောတွေထဲမှာ နောက်ဆုံးပေါ် မော်ဒယ်ပဲ ...  လွန်ခဲ့တဲ့ သုံးနှစ်က မင်း ဖျက်ဆီးခဲ့တဲ့ စစ်သင်္ဘောက နှစ်ထောင်ချီ ဒိတ်အောက်နေတဲ့ ဟာကြီးကွ ... "

ကိုလင်က ဝိညာဉ် စွမ်းအင်ကို ဖြန့်ကြက်ရင်း ပြောလိုက်၏။

"ဟီး ...  ဟီး ... "

များစွာသော မာယာလူမျိုးကလည်း လှောင်ပြောင်ကာ ရယ်မောလိုက်ကြသည်။

"ဟမ့် ... "

ချန်းဖန်၏ မျက်လုံးများက ဒေါသဖြင့် စူးရဲ သွား၏။

"ဘုန်း ...  ဘုန်း ... "

တစ်ချိန်တည်း၌ ကောင်းကင်ရှိ ရောင်စုံ မိုးကြိုးများမှာ အဖြူ၊ အနက် မိုးကြိုးများ အဖြစ် ပေါင်းစပ်ကြ၏။ ထိုအရာကား  အစစ်အမှန် "မဟာ ဒြပ်စင်ငါးခု မိုးကြိုး" ပင် ဖြစ်လေသည်။

"အကာအကွယ် အလင်းကို အသက်သွင်း လိုက်ကြ ... "

ကိုလင်၏ မျက်လုံးများက လေးနက်ခြင်းများဖြင့် ပြန်လည် ပြည့်နှက်လာ၏။

"ဝှစ် ... "

အနက်ရောင် ပိရမစ်၏ ထိပ်မှ အပြာရောင် လျှပ်စီးများ ထွက်ပေါ်လာကာ အလင်း အကာအကွယ် အလွှာ ငါးလွှာ အဖြစ် အထပ်ထပ် ဖွဲ့စည်းသည်။

"ဖျက်စီးစမ်း ... "

သို့သော်လည်း ချန်းဖန်သည် ဂရုစိုက်ခြင်း မရှိချေ။ သူက တည်ငြိမ်စွာပင် တိုက်ခိုက် လိုက်၏။

"ဘုန်း ... "

အဖြူနှင့် အနက် မိုးကြိုးများသည် နော့စတား စစ်သင်္ဘောထံ တိုးဝင်ကာ ခဏ အတွင်းမှာပင် အကာအကွယ် ပထမ အလွှာကို ဖျက်ဆီး လိုက်၏။ ထို့နောက် ၎င်းက ဒုတိယ အလွှာ၊ တတိယ အလွှာထိ ဆက်လက် ဖျက်ဆီးကာ စတုတ္ထ အလွှာတွင်မူ အားလျော့ ပျက်ပြယ် သွားတော့သည်။

"ချန်းပေ့ရွှမ်း ...  မင်း ဘယ်တော့မှ ငါတို့ရဲ့ အကာအကွယ်ကို မဖျက်ဆီး နိုင်ပါဘူးကွာ ... "

ကိုလင်က ဂုဏ်ယူသော လေသံဖြင့် ဆိုလိုက်၏။

နောစတားသည် လုံလောက်သော စွမ်းအင် ရင်းမြစ် ရှိရာ အလင်း အကာအကွယ် ငါးလွှာမှာ ချက်ချင်းပင် ပြန်လည် ဖြစ်ပေါ် လာသည်။

"တကယ်လား ... "

ချန်းဖန်က ပြုံးရင်း သူ၏ လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည်။

"ဝေါ ... "

ယခု တစ်ကြိမ်တွင်မူ ကောင်းကင်ရှိ မိုးကြိုး ပင်လယ်မှ နဂါးငါးကောင် ရုန်းကြွလာ၏။ ထိုငါးကောင်သည် ရစ်ခွေရင်း အဖြူ အနက် လျှပ်စီးလုံး အဖြစ် ဖွဲ့စည်းကြသည်။ ထိုလျှပ်စီးလုံးကား ပထမ တစ်ခုထက် နှစ်ဆခန့် ပိုမို ကြီးမားသည်။

"ဘုန်း ... "

တစ်ခဏ အတွင်းမှာပင် လျှပ်စီးလုံးသည် ကြီးစွာသော မိုးကြိုး စွမ်းအားကို သယ်ဆောင်ရင်း မာယာ စစ်သင်္ဘောပေါ်သို့ ကျလေ၏။

"ကလန့် ... "

ကီလိုမီတာ တစ်ရာ အကွာအဝေးရှိ အမေရိကန် ပြည်သူများသည် ကျယ်လောင်သော အသံကြောင့် အပြင်သို့ ထွက်ကြည့်ကြရာ ကောင်းကင်၌ တောက်ပသော အလင်းများကို မြင်တွေ့ ကြရလေသည်။

"ဒီစွမ်းအားက တန်ချိန် ဆယ်သန်း နျူကလီးယား ပေါက်ကွဲမှုနဲ့တောင် ညီမျှ နေပြီ ... "

များစွာသော စစ်ဗိုလ်ချုပ်များမှာ ကြောက်လန့် သွားကြသည်။

ထိုတိုက်ခိုက်မှုကား ကမ္ဘာကို ဖျက်ဆီး ပစ်နိုင်သည် အထိ အစွမ်းထက် လွန်း၏။ နော့စတားပင်လျှင် ထိုတိုက်ခိုက်မှုကို ခုခံနိုင်စွမ်း မရှိခဲ့ချေ။

"ဘုန်း ... "

"ဘုန်း ... "

"  ...  "

"ဘုန်း ... "

အလင်းလွှား ငါးခုသည် တစ်ခုပြီး တစ်ခု ပေါက်ကွဲလေ၏။

ထို့နောက် ချန်းဖန်၏ ကောင်းကင် မိုးကြိုးက နော့စတား၏ ခန္ဓာပေါ်သို့ ဆက်လက် ကျဆင်းသည်။ ထိုမိုးကြိုး၏ ပေါက်ကွဲမှု အောက်တွင် သတ္တု ကိုယ်ထည်ပင်လျှင် စတင် ကွဲအက်သည်။

"ဝေါ ... "

ထိုအချိန်မှာပင် ကောင်းကင်၌ အခြား လျှပ်စီးအလင်းလုံး တစ်ခု ဖွဲ့စည်း လာပြန်၏။

"ဒုက္ခပဲ ... "

ကိုလင် ပင်လျှင် ထိတ်လန့် နေခဲ့ပြီ ဖြစ်လေသည်။

"တူ ...  တူ ...  တူ ... "

ကျယ်လောင်သော အချက်ပေးသံများနှင့် အတူ နော့စတားသည် ကောင်းကင်သို့ ပျံတက်လာ၏။ ၎င်း၏ ကိုယ်ထည်တွင်လည်း များစွာသော နည်းပညာမြင့် အမြောက်များက ဖြစ်ပေါ် နေရာယူ လာသည်။

"ဘုန်း ... . ဘုန်း ...  ဘုန်း ... "

အမြောက်များက တစ်ပြိုက်နက်တည်း ပစ်ခတ်ကြရာ ချန်းဖန်ထံသို့ မရေ မတွက်နိုင်သော အလင်းများ တိုးဝင် လာကြ၏။

သို့သော်လည်း ချန်းဖန်က ဂရုစိုက်ခြင်း မရှိချေ။ သူသည် အဇူရာ အလင်းကို ဆင့်ခေါ်ကာ ထိုတိုက်ခိုက်မှု အားလုံးကို တားဆီးလိုက်သည်။

"ဘုန်း ... "

တစ်ချိန်တည်း၌ ကောင်းကင်ရှိ လျှပ်စီး အလင်းလုံးမှာလည်း အပြည့်အဝ ဖွဲ့စည်း ပြီးမြောက်ကြောင်း အချက်ပေးသံ ထုတ်လွှတ်၏။

"သွား ... "

ချန်းဖန်က လက်အား ဝှေ့ယမ်းရာတွင် အလင်းလုံးက နော့စတားထံသို့ တိုးဝင်သည်။

"ဘုန်း ...  ဘုန်း ...  ဘုန်း ... "

အဆုံးမဲ့ ပေါက်ကွဲခြင်းများနှင့် အတူ နော့စတား၏ ကိုယ်ထည်၌ အပေါက်ကြီး တစ်ခု ဖြစ်ပေါ်လာ၏။

"လာစမ်း ... "

ချန်းဖန်က ချက်ချင်းပင် လက်ကို ဆန့်ထုတ်၍ နော့စတား အတွင်းရှိ ကိုလင်ကို ဖမ်းယူ လိုက်သည်။

"အခု မင်းဘာပြောချင်သေးလဲ ... "

ချန်းဖန်က မေးလိုက်၏။

"ဟဟ ... "

ကိုလင်က ချန်းဖန်အား သေလူ တစ်ယောက် အလား ကြည့်ကာ ပြုံးလိုက်သည်။

"ချန်းပေ့ရွှမ်း ...  မင်း နောက်ကျသွားပြီ ...  သူတို့တွေ ရောက်လာပြီ"

"ဟမ် ... "

ချန်းဖန်က တစ်စုံတစ်ခုကို ခံစားမိသည့် အလား ကောင်းကင်သို့ မော့ကြည့်ကာ သေးငယ်သော အစက်အပျောက်များကို တွေ့ရ၏။ ၎င်းတို့ကား ကီလိုမီတာ ဘီလျံချီ ကွာဝေးသည့် အာကာသ အတွင်း ရှိနေခြင်း ဖြစ်ရာ သာမန် လူများ အနေဖြင့် မြင်ရလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ချန်းဖန်၏ အမြင်အာရုံတွင်မူ ထိုအရာများမှာ မရေ မတွက်နိုင်သော အာကာသ စစ်သင်္ဘာများ ဖြစ်ကြောင်း ထင်ရှားစွာ တွေ့မြင်နေရသည်။

၂၀၁၆၊ ဧပြီလ ၂၉ ရက် ...

မာယာ စစ်တပ်သည် ရာစုနှစ် များစွာ အာကာသ ခရီးကို နှင်ပြီးနောက် ကမ္ဘာသို့ ရောက်ရှိ လာကြ၏။

***

All Chapters