← Chapters

လျင်မြန်စွာ ရောက်ရှိ လာခြင်း

Vol. 8 Ch. 798

လျင်မြန်စွာ ရောက်ရှိ လာခြင်း

Vol. 8 Ch. 798

အမေရိကန် ပြည်ထောင်စု၊ နာဆာ (NASA) တွင် ...

ကမ္ဘာ၏ အကြီးမားဆုံး အာကာသ လေ့လာရေး စခန်း အနေဖြင့် နာဆာသည် ဆိုလာစစ်စတမ် တစ်ခုလုံးကို လေ့လာ စောင့်ကြည့်ရန် တာဝန်ရှိသည်။ သို့သော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်း၌ နော့စတား ရောက်ရှိလာသည်မှ လွဲ၍ မည်သည့် အရာမျှ ထူးထူးခြားခြား မဖြစ်ပျက်ခဲ့ချေ။

"လောရင့် ...  ဒီည အလုပ်ပြီးရင် သောက်ကြ မလား ...  အဲဒီ ငပျော့ မာယာတွေ ချန်းပေ့ရွှမ်း သတ်လို့သေမှာ ကျိန်းသေပါတယ်ကွာ ...  ငါတို့ အောင်ပွဲ ခံသင့်တယ်"

စောင့်ကြည့်ရေး ရုံးခန်း အတွင်း၌ ရုက ကော်ဖီ တစ်ခွက်ကို ကိုင်ရင်း ပြောလိုက်သည်။

လောရင့်သည် ခြေထောက်ကို စားပွဲပေါ် ဖြတ်တင်ရင်း ချန်းဖန်နှင့် မာယာတို့၏ တိုက်ပွဲကို သူ၏ Iphone မှ တစ်ဆင့် ကြည့်နေခဲ့သည်။ သူ၏ အရှေ့တွင်မူ အာကာသ အတွင်းရှိ တယ်လီစကုပ်များနှင့် ချိတ်ဆက်ထားသည့် ကြီးမားသော စခရင် ကြီးများ ရှိနေခဲ့သည်။

"သေချာတာပေါ့ဗျာ ... "

လောရင့်က ပြောရင်း သူ၏ အရှေ့ရှိ စခရင်ကို တစ်ချက် ကြည့်လိုက်၏။

"ဟမ် ... "

သူက တစ်စုံတစ်ခုကို သတိထားမိဟန် မျက်မှောင်ကြုတ်ရင်း စခရင်ကို အကြီး ထပ်ချဲ့ လိုက်၏။ ထို့နောက် ရုတ်ချည်းပင် သူ၏ ခန္ဓာကိုယ်မှာ တစ်ချက် တုန်ရီကာ အေးခဲသွားသည်။

"လောရင့် ...  ဘာဖြစ်လို့လဲ ... "

ရုက နားမလည်စွာဖြင့် လောရင့် အနားသို့ လျှောက်လာခဲ့၏။ သူက လောရင့် ကြည့်နေသော စခရင်ကို လိုက်လံ ကြည့်လိုက်သည်။

ခါတိုင်းဆိုလျှင် စခရင်သည် အမြဲလိုလို အဖြူသယ် ဖြစ်နေတတ်သည်။ သို့သော်လည်း အခုတွင်မူ ထိုအရာကား အမည်းစက်များဖြင့် ပြည့်နှက်နေ၏။ သေချာ ကြည့်မိဆိုပါက ထိုအမည်းစက် များမှာ အာကာသ စစ်သင်္ဘောများ ဖြစ်ကြောင်း တွေ့ရှိနိုင်သည်။

"ကလန့် ... "

ရု၏ လက်ထဲရှိ ကော်ဖီခွက်သည် ကြမ်းပြင်သို့ ကျကာ ကွဲကြေသွား၏။ ထို့နောက် သူက ထိတ်လန့်စွာ အော်ဟစ် လိုက်သည်။

"နာဆာ ရုံးချုပ်နဲ့ နိုင်ငံတော် လုံခြုံရေး တပ်ကို အမြန်ဆုံး သတင်းပို့ ...  ရန်သူတွေ ရောက်လာပြီ"

ရုရှား၊ အင်္ဂလန်၊ ပြင်သစ်နှင့် တရုတ်ရှိ အာကာသ လေ့လာရေး စခန်းများမှာလည်း ထူးဆန်းသော အစက် အပျောက်များ ကမ္ဘာသို့ ချည်းကပ်လာကြောင်းကို ဖမ်းယူ ရရှိကြသည်။

ထိုအစက်အပျောက်များမှာ အာကာသ စစ်တပ် တစ်ခု ဖြစ်ကြောင်း အတည်ပြု ပြီးချိန်တွင်မူ များစွာသော နိုင်ငံ ခေါင်းဆောင်များမှာ သွေးပျက် သွားကြတော့၏။

"ဟူး ...  ဟူး ... "

တစ်ချိန်တည်း၌ ချန်းဖန်သည် ကောင်းကင်သို့ လေးနက်သော အမူအရာဖြင့် မော့ကြည့် နေခဲ့သည်။

သူ၏ မျက်လုံးများသည် ရွှေရောင် အလင်းဖြင့် တလက်လက် တောက်ပ နေ၏။ လေထုကား သူ၏ အမြင်အာရုံကို ပိတ်ပင်နိုင်ခြင်း မရှိချေ။

သူသည် ထိုပိရမစ် သဏ္ဌာန် စစ်သင်္ဘောများ၏ ဦးထိပ် အချွန်ကိုပင် မြင်နိုင်စွမ်း ရှိ၏။

"တစ် ... "

"နှစ် ... "

"သုံး ... "

ချန်းဖန်သည် စိတ်ထဲမှ လိုက်လံ၍ ရေတွက် လိုက်သည်။

"တစ်ဆယ် ... "

"နှစ်ဆယ် ... "

"သုံးဆယ် ... "

ရာပေါင်း များစွာသော စစ်သင်္ဘောများသည် ကောင်းကင်ကိုပင် ဖုံးလွှမ်း နေခဲ့သည်။ ထိုစစ်သင်္ဘော တစ်ခုချင်းစီသည် မီတာ တစ်ထောင်ခန့် ရှည်လျားကာ ရှေ့ဆုံးရှိ အချို့ ဆိုလျှင် ငါးကီလိုမီတာခန့် အထိပင် ကြီးမား၏။

"ချန်းပေ့ရွှမ်း မင်းက အစတည်းက အရှုံးသမားပဲ ...  ဘာပဲဖြစ်ဖြစ် ခရစ်ယာန် ဘုရားကျောင်းနဲ့ ရေမိစ္ဆာတွေကို ရှင်းလင်းပေးတဲ့ အတွက် မင်းကို ကျေးဇူးတင်ပါတယ် ...  မဟုတ်ရင် အဲဒီ အတွက် ငါတို့ အလုပ်ရှုပ် နေရဦးမှာ ...  မင်းက အစွမ်းထက်တယ် ဆိုပေမဲ့ ငါတို့ အတွက်က ပြဿနာ တစ်ခု မဟုတ်ဘူး ...  ငါတို့ စစ်တပ်နဲ့ သခင်ကြီး အက်လင်တို့က မကြာခင် ရောက်လာတော့မှာ ...  သူတို့ ရောက်လာတာနဲ့ မင်းတော့ သေပြီပဲ"

ကိုလင်က ချန်းဖန်အား သနားသည့် ပုံစံဖြင့် ကြည့်ရင်း ပြောလိုက်သည်။ သူ၏ ပုံစံက ချန်းဖန် သေလိမ့်မည် ဖြစ်ကြောင်း လုံးဝ သေချာနေ၏။

ချန်းဖန်မှာမူ ဘာမှ ပြန်မပြောပဲ တိတ်ဆိတ်စွာဖြင့်သာ ကောင်းကင်သို့ မော့ကြည့် နေခဲ့သည်။

"ငါတို့ မျိုးနွယ်ဝင်တွေက ကမ္ဘာကို လွန်ခဲ့တဲ့ နှစ်ထောင်သောင်းချီ ကတည်းက တွေ့ရှိ ထားခဲ့တာ ...  ငါတို့ နောက်ကျ နေရတဲ့ အကြောင်းရင်းကလည်း ရန်သူဟောင်း အချို့ကို တိုက်ခိုက် နေရလို့ပဲ ...  သခင်ကြီး အက်လင်က ငါ့ကို အရင်ဆုံး ဒီကို လာနေဖို့ အမိန့်ပေးထားတာ ...  ဪ ...  ငါမေ့တော့ မလို့ ...  သခင်ကြီး အက်လင် ဆိုတာက ငါတို့ တပ်ဖွဲ့ရဲ့ အထူး ကွန်မန်ဒါလေ ...  သူ့ကို နတ်ဘုရား သတ်ဖြတ်သူ လို့လည်း ခေါ်ကြသေးတယ်"

ကိုလင်က ပိုင်နိုင်သော အပြုံးကို ဆင်မြန်းရင်း ဆိုလိုက်သည်။ သူက ညင်သာစွာပင် စကားကို ဆက်လိုက်၏။

"ချန်းပေ့ရွှမ်း ...  နတ်ဘုရား သတ်ဖြတ်သူက ဘာလဲ ဆိုတာ မင်းမသိဘူး ထင်တယ် ...  ငါတို့ ယဉ်ကျေးမှု အရဆိုရင် အစစ်အမှန် နတ်ဘုရားကို သတ်ဖြတ်နိုင်တဲ့ သတ်ဖြတ်နိုင်တဲ့ လူတွေကိုပဲ နတ်ဘုရား သတ်ဖြတ်သူလို့ ခေါ်ကြတယ်ကွ"

"နားညီးတယ် ... "

ချန်းဖန်က ကိုလင်အား မြေပြင်နှင့် ကိုင်ပေါက် လိုက်၏။

"ဘုန်း ... "

ထိုတိုက်ခိုက်မှု၌ ချန်းဖန်သည် သာမန် အင်အားကိုသာ သုံးထားသည့်တိုင် ကိုလင်၏ ခန္ဓာ တစ်ဝက်က ကွဲကြေသည်။

ကိုလင်သည် နတ်ဘုရား စိတ်ဝိညာဉ်ကို လေ့ကျင့်သည့် အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်မှာမူ အလွန် အားနည်းလွန်း လှသည်။

"မင်းကြောက်နေတယ် ဆိုတာ ငါသိပါတယ် ...  ချန်းပေ့ရွှမ်း ...  သေဆုံးခြင်းရဲ့ အရသာက ဘယ်လို နေလဲ ဆိုတာ မင်းသိလား"

ကိုလင်သည် စွမ်းအင်များ ဆုံးရှုံးနေပြီ ဖြစ်သည့်တိုင် ချန်းဖန်ကို ဆက်လက် လှောင်ပြောင်နေခဲ့သည်။

"တီ ...  တီ ... "

ထိုအချိန်မှာပင် အချက်ပေးသံ တစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအရာက ပျံလွှားနီလေး ပေးထားသည့် ဆက်သွယ်ရေး ကိရိယာမှ ဖြစ်သည်။

ချန်းဖန်သည် ထိုဆက်သွယ်ရေး ကိရိယာကို ဖွင့်လိုက်ရာ ဝမ်ရှောက်ယွင်၏ စိုးရိမ် ပူပန်သော အသံက ထွက်ပေါ်လာခဲ့၏။

"ရှောင်ဖန် ...  ကမ္ဘာကို လာနေတဲ့ ဂြိုဟ်သား  စစ်တပ်ကြီးကို တွေ့လား ...  မြန်မြန် ပြန်လာခဲ့ ...  အရမ်းကြီး နောက်မကျ သေးခင် ရင်ကျိုးကျွန်း ဒါမှမဟုတ် ခွန်ရှုနယ်မြေကို ငါတို့ သွားသင့်တယ်"

ဝမ်ရှောက်ယွင်၏ စကား မဆုံးခင်မှာပင် ချန်းကောရှင်းက ဝင်ရောက်၍ ပြောလိုက်သည်။

"ချန်းဖန် ...  မင်းအမေ စကားကို နားမထောင်နဲ့ ...  သူက မင်းအတွက် အရမ်း စိုးရိမ်လို့ ပြောနေတာ ...  မင်းက အခု အရွယ်ရောက်နေပြီ ...  ကိုယ်တိုင် ဆုံးဖြတ်"

ထို့နောက် ...

ဖန့်ချုံး၊ အန်ရာ၊ ယုဝမ်ကျင်း၊ ယူကီရှီရိုဆာနှင့် ရှုယုံဖေးတို့ကလည်း တစ်ယောက်ပြီး တစ်ယောက် ချန်းဖန်အား အားပေး စကား ပြောဆိုကြသည်။

"ရှောင်ဖန် ...  နင်လုပ်သင့်တယ် ထင်တာကို လုပ်လိုက်ပါ ...  ငါတို့ နင့်နောက်မှာ ရှိနေပေးမယ်"

ချန်းဖန်၏ မိသားစုဝင်များ ပြီးသည်နှင့် ရဲ့ချင်စန်း အလှည့်သို့ ရောက်ရှိလာ၏။

"ဗိုလ်ချုပ်ချန်း ...  နာဆာက ရတဲ့ အချက် အလက်တွေ အရဆို မာယာ စစ်တပ်က ကျုပ်တို့နဲ့ ကီလိုမီတာ သုံးသိန်း ရှစ်သောင်းပဲ ကွာဝေးတော့တယ် ...  သူတို့က သုံးနာရီ အတွင်း ကမ္ဘာကို ရောက်လာနိုင်တယ်"

"ကျုပ်က အရှေ့တိုင်းရဲ့ စစ်တပ်တွေကို စုစည်းထားပါတယ် ...  နောက်ပြီး အမေရိကန် ပြင်သစ် အင်္ဂလန် နဲ့ ရုရှားတို့ကလည်း သူတို့ရဲ့ နျူကလီးယား လက်နက်တွေ အဆင်သင့် ဖြစ်နေပြီလို့ သတင်းပို့ ပါတယ် ...  ကျုပ်တို့ အနေနဲ့ မာယာတွေကို ကမ္ဘာ့ လေထုထဲ မရောက်ခင် တားနိုင်ရင် ပိုကောင်းလိမ့်မယ် ထင်ပါတယ်"

အကယ်၍ ထိုတစ်ရာခန့်သော အာကာသ စစ်သင်္ဘောများ ကမ္ဘာကို တိုက်ခိုက်ပါက လူသား မျိုးနွယ် အနေဖြင့် တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။

ကမ္ဘာ့ ကုန်းမြေပေါ်၌ နျူကလီးယား ချခြင်းမှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံခြင်းနှင့် မခြားနားချေ။ ထို့အပြင် ဟင်းလင်းပြင် အတွင်း၌ တိုက်ခိုက်ပါကလည်း ထိုဂြိုဟ်သားများကို နိုင်ရန်က အခွင့်အရေး နည်းပါးလွန်းသည်။

"မင်းတို့မှာ အနိုင်ရဖို့ ရာခိုင်နှုန်း ဘယ်လောက် ရှိလဲ ... "

ချန်းဖန်က မေးလိုက်၏။

ရဲ့ချင်စန်းက အနည်းငယ် စဉ်းစား ပြီးနောက် ပြန်ဖြေ လိုက်သည်။

"၁၅ ရာခိုင်နှုန်းပဲ ရှိပါတယ် ...  စူပါ ကွန်ပျူတာတွေရဲ့ တွက်ချက်မှု အရဆိုရင် နော့စတားရဲ့ အကာအကွယ်ကို ဖျက်ဆီးဖို့က တန်ချိန် ဆယ်သန်း ဖောက်ခွဲအားကို လိုအပ်ပါတယ် ...  ဒါပေမဲ့ အဲဒီလို လက်နက်မျိုးတွေက အမေရိကန်နဲ့ ရုရှားမှာပဲ ရှိတာပါ ...  သူတို့မှာ ရှိတဲ့ အရေအတွက်ကလည်း တိုက်ပွဲကို အဆုံးသတ်ဖို့ မလုံလောက်ပါဘူး"

ထို့နောက် ပျံလွှားနီလေးက ဆက်လက်၍ အချက်အလက်များကို ချန်းဖန်အား ပြောပြသည်။

မာယာ စစ်တပ်တွင် နော့စတား ကဲ့သို့ စစ်သင်္ဘော ကိုးဆယ့် ကိုးစင်းနှင့် ပိုမို ကြီးမားသော စစ်သင်္ဘော ငါးစင်း ပါဝင်သည်။ ထို့အပြင် ထိုစစ်သင်္ဘောများ၌ သာမန် မူလ အဆင့် ရာချီ၊ ပိုမို အစွမ်းထက်သည့် အရှင်သခင် ဒါဇင်ချီနှင့်  အမည်မသိ နတ်ဘုရား သတ်ဖြတ်သူ တစ်ယောက် လိုက်ပါလာ၏။

"တစ်မိနစ် ... "

"နှစ်မိနစ် ... "

"သုံးမိနစ် ... "

အချိန်များသည် လျှင်မြန်စွာ စီးဆင်း သွား၏။ ချန်းဖန်သည် စကား တစ်ခွန်းပင် မဆိုပဲ ကောင်းကင်သို့ ရုပ်တု တစ်ခု အလား ငေးမော ကြည့်နေခဲ့သည်။

တစ်ချိန်တည်း၌ မာယာ စစ်တပ်မှာလည်း တဖြည်းဖြည်း နီးကပ်လာနေခဲ့ပြီ ဖြစ်သည်။ လူတိုင်းသည် လေထု အနီးသို့ ချဉ်းကပ်လာသည့် ထိုစစ်တပ်အား သာမန် မျက်လုံးများဖြင့်ပင် မြင်တွေ့ လာကြရ၏။

"ကျုပ်တို့ ဆက်ပြီး စောင့်နေလို့ မဖြစ်တော့ဘူး ဗိုလ်ချုပ်ချန်း ...  ကမ္ဘာ့ ခေါင်းဆောင်တွေက သူတို့ကို ကမ္ဘာ့ လေထုထဲ မဝင်ခင် တားဆီးဖို့ နျူကလီးယားကို သုံးဖို့ အမိန့်ပေး နေကြပြီ"

ရဲ့ချင်စန်းက စိုးရိမ်စွာဖြင့် ဆက်သွယ်ရေး ကိရိယာမှ ပြောလိုက်သည်။

ချန်းဖန်ကမူ နေရာတွင်ပင် တိတ်ဆိတ်နေဆဲ ဖြစ်၏။

လူတိုင်းသည် ထိုမြင်ကွင်းကို ကြည့်ကာ စိတ်ပျက်မှုကို ခံစားကြရသည်။ ပြိုင်ဘက်ကင်း ချန်းပေ့ရွှမ်းပင် မာယာများကို ရင်ဆိုင်ရန် ကြောက်ရွံ့ နေသည်လား။

"ဟဟ ...  အဲဒါက ငါတို့ ကလန်ရဲ့ အစိတ်အပိုင်း တစ်ခုပဲ ရှိသေးတယ် ...  အခြား စစ်တပ်တွေနဲ့ အက်လင်က လအခြေစိုက် စစ်စခန်းမှာ ရှိနေတုန်းပဲ ...  မင်း အဲဒီ စစ်တပ်ကို အနိုင်ယူနိုင်ရင်တောင် ငါတို့ အတွက် ကိစ္စ မရှိဘူး ...  သခင်ကြီး အက်လင်က အနူးဘစ်ထက် ပိုပြီး အစွမ်း ထက်တဲ့ အစစ်အမှန် နတ်ဘုရား တစ်ယောက် မကကိုတောင် သတ်ဖူးတယ်"

ကိုလင်က ရယ်မောလိုက်၏။

"မင်းက အဲဒီ အက်လင် ဆိုတဲ့ နာမည်နဲ့ ငါ့ကို ခြိမ်းခြောက်နိုင်မယ် ထင်နေတာလား ... "

နောက်ဆုံး၌ ချန်းဖန်သည် လှုပ်ရှားလာကာ ပြုံးလိုက်၏။ သူ၏ မျက်လုံးများကမူ အေးစက်ခြင်းနှင့် တောက်ပ နေသည်။

"မင်း ဘာကို ဆိုလိုတာလဲ ... "

ကိုလင်က နာမလည်စွာဖြင့် မေးလိုက်၏။

"ငါဆိုလိုချင်တာက မင်းတို့ မာယာ မျိုးနွယ်တွေက ကိုယ့်ကိုယ်ကို အရမ်း အထင်ကြီးနေတယ် လို့ပဲ ...  ဒီလို စစ်တပ်လေးနဲ့ ငါ့ကို အနိုင်ယူပြီး ကမ္ဘာကြီးကို သိမ်းပိုက်ချင်တယ်ပေါ့ ...  ဘယ်လောက်တောင် ရယ်စရာ ကောင်းလိုက်လဲ"

ရုတ်တရက် ချန်းဖန်၏ ခန္ဓာကိုယ်က ရွှေရောင် အလင်းဖြင့် တောက်ပလာသည်။

"လူသား မျိုးနွယ်က စကြဝဠာမှာ အစွမ်း အထက်ဆုံးပဲ ...  ဒီနေ့မှာ လူသား ကျင့်ကြံသူတွေက ဘယ်လောက် အစွမ်းထက် သလဲ ဆိုတာ မင်းတို့ကို ပြရတော့မှာပေါ့"

ထို့နောက် ချန်းဖန်၏ ခန္ဓာကိုယ်က ကောင်းကင်သို့ ရွှေရောင် ကြယ်ပျံ တစ်စင်း အလား ထိုးတက်သွား၏။

"တစ်ဆယ် ကီလိုမီတာ ... "

"တစ်ရာ ကီလိုမီတာ ... "

"တစ်ထောင် ကီလိုမီတာ ... "

ချန်းဖန်ကား ရပ်တန့်ခြင်း မရှိချေ။

"ဘုန်း ... "

အဆုံး၌ သူ၏ ခန္ဓာမှာ ကမ္ဘာ့ဆွဲအားနှင့် လေထုမှ လွန်မြောက်၍ ဂြိုဟ်၏ အပြင်ဘက် ဟင်းလင်းပြင်သို့ ရောက်ရှိ သွားတော့သည်။

သူ၏ အရှေ့တွင်ကား အဆုံးမဲ့ ဟင်းလင်းပြင်နှင့် စစ်သင်္ဘော ရာချီ တည်ရှိ၏။ သူတို့သည် အလွန် လျင်မြန်စွာ လာနေကြသည်။

***

All Chapters