အားလုံး ပူးပေါင်းချင်ကြခြင်း-
Vol. 58 Ch. 856
“မစ္စတာကျောက် တွေ့ရတာ ဝမ်းသာပါတယ်..”
ပက်ပ်စီ မန်နေဂျာကျောက်မှ ကျောက်ချင်းရှန်အား သွားရောက် နှုတ်ဆက်လိုက်သည်။ လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်း ပေးလိုက်သော်လည်း ကျောက်ချင်းရှန် မမြင်ဟန် ဆောင်လိုက်သည်။ ကျောက်ချင်းရှန် မတ်တပ်ပင် ထမရပ်ဘဲ..
“မန်နေဂျာကျောက်လား.. ခင်ဗျား ဘယ်လိုများ မျက်စိလည်လာလဲဗျ..”
“မစ္စတာကျောက်.. ကျုပ်လဲ ဟန်ကျူးကပါ.. တနယ်တည်း မွေးဖွားခဲ့သူချင်း အကူအညီလိုနေလို့ပါ..”
မန်နေဂျာကျောက် ပြန်ဖြေလိုက်သည်။
ကျောက်ချင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။ ဟန်ကျူးမှလော။ ဟန်ကျူးသို့ ပြန်မရောက်ဖြစ်သည်မှာ ကြာပေပြီ။ လေသံပြောင်းသွားပေသည်။ မိမိ အကူအညီလိုနေသည်လော။ လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲမှာ မိမိကြောင့် လော။
တရုတ်နိုင်ငံ ပြည်နယ်တိုင်းတွင် အဖျော်ယမကာ ဖြန့်ဖြူးသူ အနည်းငယ်သာရှိပြီး ကျောက်ချင်းရှန်၊ လီကျန်းဝေနှင့် အခြားသော အဖျော်ယမကာ ကုမ္ပဏီများ၏ သူဌေးများအားလုံး သိကြပေသည်။
မဟာမိတ်အဖွဲ့ရှိ ကုမ္ပဏီများအနက် လီဟဟ၏ ဖြန့်ဖြူးရေးလမ်းကြောင်းများသည် အပြည့်စုံဆုံးဖြစ်ပြီး ပြည်နယ် တိုင်းတွင် ဖြန့်ဖြူးသူများ ရှိပေသည်။ ဖြန့်ဖြူးသူများ ကုန်ပစ္စည်း လိုအပ်တိုင်း ချက်ချင်း ပို့ဆောင်ပေးမည် ဖြစ်သည်။
ယခုတစ်ကြိမ်တွင် လီဟဟ၊ ကျန်းလီပေါင်နှင့် အခြားကုမ္ပဏီများသည် ဖြန့်ဖြူးသူများနှင့် စာချုပ်ချုပ်ဆိုရာ၌ သက်တမ်း ထပ်တိုးထားသည်။ ဖြန့်ဖြူးသူများအား အကျိုးခံစားခွင့်များ ပေးလိုသော်လည်း နိုင်ငံခြား အဖျော် ယမကာများကိုမူ ဝန်ဆောင်ခ ဈေးနှုန်းကြီးကြီး ပေးဆောင်ရမည်ဖြစ်ကာ အမြတ်အစွန်း များများ မရနိုင်အောင် သေချာ လုပ်ထားပေသည်။
ဥပမာအားဖြင့် ပက်ပ်စီနှင့် ကိုကာကိုလာတို့သည် အမေရိကန် အမှတ်တံဆိပ်များဖြစ်ပြီး တရုတ်အဖျော်ယမကာ လုပ်ငန်းအသင်းတွင် မပါဝင်နိုင်ကြချေ။ ဤသည်က ဥပဒေကြောင်းအရ သွယ်ဝှိက်၍ ခွဲခြား ဆက်ဆံခြင်းပင်။
ကုမ္ပဏီကြီး (၂)ခုသည် ဖြန့်ဖြူးသူများ သတ်မှတ်ထားသည့် ပြင်းထန်သော တောင်းဆိုချက်များအား သဘောတူ လျှင်ပင် လီဟဟသည် ၎င်းတို့ကို တရားစွဲနိုင်ပေသည်။ ထုတ်ကုန်များကို အရှုံးခံရောင်းကာ ရင်းနှီးမြုပ်နှံစေရန် စဉ်းစားထားခြင်းပင်။
ဖြန့်ဖြူးသူများသည် ထိုကိစ္စကို စဉ်းစားပြီး လီဟဟနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လီဟဟ၏ ထုတ်ကုန်များ ပိုမိုရောင်းချလာနိုင်သဖြင့် အမြတ်အစွန်း ပိုမိုရလာမည်ကို နားလည်ထားကြသည်။ အကယ်၍ ကုမ္ပဏီကြီး (၂)ခုသည် ၎င်းတို့နှင့် လက်တွဲလိုပါက ပြင်းထန်သော စည်းကမ်းချက်များကို သဘောတူရမည်ဖြစ်ပြီး ဖြန့်ဖြူးသူများ ဝင်ငွေပိုမိုရနိုင်ပေလိမ့်မည်။ ထိုကုမ္ပဏီ(၂)ခု သဘောမတူလျှင်ပင် ၎င်းတို့ထုတ်ကုန်များ ရောင်းအား မကောင်းသဖြင့် ဆုံးရှုံးမှု မြင့်မားမည် မဟုတ်ချေ။
လီဟဟသည် အားဖြည့်အချိုရည် ထုတ်ကုန်များကို ဖန်ပုလင်းအသေးစားများဖြင့် ထုတ်လုပ် မိတ်ဆက်မည် ဖြစ်ပြီး ဖြန့်ဖြူးရောင်းချသူများအား ရောင်းချခွင့်ပြုမည် ဖြစ်ကြောင်း ပြောထားသည်။ ပုလင်းငယ်များမှာ ရောင်းအား တိုးစေပြီး ဖြန့်ဖြူးသူများ၏ ဝင်ငွေ မြင့်မားလာပေလိမ့်မည်။
အကျိုးအမြတ် များစွာကြောင့် ဖြန့်ဖြူးသူများသည် ကုမ္ပဏီကြီး (၂)ခုအတွက် အခက်စတွေ့စေတော့သည်။ မိမိတို့ အားပိုပေးမည်လော၊ အခြားလူ ရှာမည်လော။
“မန်နေဂျာကျောက်.. ကျုပ်တို့ (၂)ယောက်လုံးက တနယ်တည်းသားတွေဆိုတော့ ခင်ဗျား ဘာတွေ အခက်တွေ့ နေရတယ်ဆိုတာ ပြောလေ.. ကျုပ်တတ်နိုင်ရင် ကူညီရမှာပေါ့..”
ကျောက်ချင်းရှန် ပြောလိုက်သည်။ မန်နေဂျာကျောက်မှာ အလွန်ဝမ်းသာမိသွားသည်။ ကျီကျင်း၏ စီးပွားရေး သမားများသည် စည်းလုံးမှု အရှိဆုံးဖြစ်ကာ တနယ်တည်းသားများဖြစ်ရခြင်းမှာ ပို၍ ထိရောက်မှုရှိကြောင်း ဆိုရိုးရှိ ပေသည်။
“မစ္စတာကျောက်.. ကျုပ်မှာ ပုလင်းစက်ရုံနည်းနည်းရှိတော့ မင်းကုမ္ပဏီလိုအပ်တယ်ဆိုရင် ပူးပေါင်း ဆောင်ရွက်ပြီး မင်းထုတ်ကုန်တွေကို ကူညီပါမယ်.. အပြန်အလှန်အနေနဲ့ မင်းရဲ့ လမ်းကြောင်းက ဖြန့်ဖြူးသူတွေနဲ့ ဆက်သွယ် နိုင်အောင် အကူအညီပေးပါ..”
မန်နေဂျာကျောက် ပြောလိုက်သည်။
ကျောက်ချင်းရှန် တုန်လှုပ်သည့် အကြည့်ဖြင့် ပြန်ကြည့်ရင်း သူ့ပုခုံးများကို ပုတ်လိုက်ကာ..
“အာ.. ကျုပ် အဲ့ဒါတော့ ဆုံးဖြတ်ချက် မချနိုင်ဘူး.. မန်နေဂျာကျောက် မင်းမှာ တခြား ဘာရှိသေးလဲ..”
မန်နေဂျာကျောက် မျက်နှာပျက်သွားသည်။ ယခုပင် ကူညီမည်ဟု ပြောကာ ချက်ချင်း ငြင်းလိုက်သည်လော။
“မစ္စတာကျောက် ဘာလို့ ဆုံးဖြတ်ချက် မချနိုင်တာလဲ.. လီဟဟရဲ့ အရောင်းလမ်းကြောင်းက တရုတ်ပြည်မှာ အကောင်းဆုံးပဲလေ..”
“ကျွတ်…. အဲ့လို ပြောလို့မရဘူး… ကျုပ်တို့ ထုတ်ကုန်တွေကို ရောင်းဖို့ ဖြန့်ဖြူးရေးသမားတွေကိုလဲ သုံးနေရတယ်.. ဒီလိုဆိုရင်ရော.. ဖြန့်ဖြူးတဲ့သူတွေစာရင်း ကျုပ်ပေးမယ်လေ.. မင်းကိုယ်တိုင် ဆက်သွယ်လိုက်ပေါ့..”
မန်နေဂျာကျောက် စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ ဖြန့်ဖြူးသူများ စာရင်းကြီးကို ဘာလုပ်ရမည်နည်း။ မိမိနှင့်လည်း အဆက်အသွယ်များ ရှိနေပေသည်။ မိမိလိုချင်သည်မှာ ဝင်ရောနိုင်ရန်ဖြစ်သည်။
“မစ္စတာကျောက်.. ကျုပ်တို့ ပက်ပ်စီက ကိုကာကိုလာ အရောင်းဗျူဟာတွေနဲ့ တော်တော်လေး ရင်းနှီးပါတယ်.. ကိုကာကိုလာနဲ့ ပူးပေါင်းပြီး နောက်ဆို ကာဗွန်နိတ် အချိုရည်ဈေးကွက်ကို ထိန်းချုပ်နိုင်မှာပါ.. ကျုပ်တို့တွေ ရှယ်ယာကြီးကြီး ရယူနိုင်တာဆိုတော့ ဈေးကွက်ဝေစု သေးသေးလေးဆို ကျုပ်တို့ စိတ်မဝင်စားဘူး.. ကိုကာကိုလာကို ဈေးကွက်ထဲက ကန်ထုတ်ရမယ်..”
မစ္စတာကျောက် ပြောလိုက်သည်။
ပက်ပ်စီနှင့် ကိုကာကိုလာတို့သည် ကာလကြာ ပြိုင်ဖက်များဖြစ်ကာ ကိုကာကိုလာသည် ဈေးကွက်တိုင်းတွင် ပက်ပ်စီကို ဖိနှိပ်ရန် ကြိုးစားနေပေသည်။
ကိုကာကိုလာသည် ပက်ပ်စီထက် စောစွာ တရုတ်ဈေးကွက်အတွင်း ဝင်ရောက်ခဲ့သော်လည်း ရောင်းအား မကောင်းဘဲ အမှတ်တံဆိပ် ကျော်ကြားမှုလည်း မြင့်မားချေ။ သို့ရာတွင် ပက်ပ်စီသည် တရုတ်ဈေးကွက်သို့ ဝင်လာပြီးနောက် ကိုကာကိုလာသည် ဤဈေးကွက်ကြီးကို သိမ်းပိုက်ရန် အရောင်းမြှင့်တင်ရေးများ တိုးမြှင့်၍ ကြိုးစားလာသည်။
သို့ရာတွင် တရုတ်လူမျိုးများမှာ အေးမြသည့် အချိုရည်များထက် ကျန်းလီပေါင်ကို ပို၍ နှစ်သက်ကြပြီး ကိုလာ၏ အရာသာမှာ ထူးခြားကြောင်း ခံစားမိကြသည်။ နှစ်အတန်ကြာ ကြိုးစားပြီးနောက် ကိုလာ ကုမ္ပဏီသည် ၎င်းတို့ ထုတ်ကုန်များ ကြိုက်နှစ်သက်သည့် စားသုံးသူ များကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သော်လည်း လီဟဟသည် ကိုကာ ကဲ့သို့သော အချိုရည်များ မိတ်ဆက်ပေးခဲ့သည်။
ကုမ္ပဏီကြီး(၂)ခုသည် လီဟဟ၏ ထုတ်ကုန်အသစ်နှင့်တွေ့ကာ ၎င်းတို့ထက် ပို၍ ရောင်းအားကောင်းနေကြောင်း သိလိုက်ရသည့်အခါ စကားမပြောနိုင်တော့ချေ။
ကုမ္ပဏီကြီး(၂)ခု မည်သို့ လုပ်နေသည်ဖြစ်စေ တရုတ်ဈေးကွက်ကို မထိန်းချုပ်နိုင်ဘဲ ကုန်ကျစရိတ်၊ သယ်ယူရေး စရိတ်၊ အရောင်းလမ်းကြောင်း၊ အမှတ်တံဆိပ် အသိပေးမှု၊ ဈေးကွက်ချဲ့ထွင်မှုများတွင် လီဟဟအား ရှုံးနိမ့်ခဲ့ရသည်။
အတိုင်းအတာတစ်ခုအရ လီဟဟအား ကုမ္ပဏီကြီးများ ယှဉ်၍မရချေ။ သို့ရာတွင် ကုမ္ပဏီများ၏ ရုံးချုပ်သည် တရုတ်ရုံးများသို့ ရန်ပုံငွေ မပေးပို့ချင်ကြချေ။ ရန်ပုံငွေမရှိပါက ထုတ်ကုန်များကို မည်သို့ ဈေးကွက်တင်နိုင် မည်နည်း။ နောက်ဆုံး၌ ဈေးကွက်ရှာဖွေရေး ရန်ပုံငွေ အမြောက်အများ ထုတ်ပေးကာ တိုးတက်လာမည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့ရာတွင် ဖြန့်ဖြူးသူများကြောင့် အခက်တွေ့ရပြန်သည်။
မန်နေဂျာကျောက်သည် အခြေအနေများကို သုံးသပ်ပြီး ကိုကာကိုလာနှင့် ပူးပေါင်း၍ အသုံးမဝင်ကြောင်း သိသွားသည်။ ဈေးကွက်ထိုးဖေါက်ရန် ပြည်တွင်းကုမ္ပဏီ တစ်ခုနှင့် လက်တွဲဆောင်ရွက်ရပေမည်။ ပက်ပ်စီသည် ဥရောပသို့ ဝင်ရောက်ချိန်၌ ထိုနည်းဗျူဟာကို အသုံးချခဲ့သည်။
ပြည်တွင်းအဖွဲ့များနှင့် ဆက်ဆံရတွင် ပြည်ပမှ အင်အားကြီးနိုင်ငံတစ်ခုအတွက် ခက်ခဲပြီး ပူးပေါင်း ဆောင်ရွက် ခြင်းသည်သာ ပညာရှိရာရောက်ပေသည်။
ကျောက်ချင်းရှန်သည် မန်နေဂျာကျောက်စကား ကြားပြီးနောက် ခေတ္တတုံ့ဆိုင်းသွားကာ..
“ဟမ်.. ကျုပ် ကျန်တဲ့သူတွေနဲ့ ဆွေးနွေးပြီးမှ မင်းကို အဖြေပေးလို့ရမှာ..”
“မစ္စတာကျောက်.. ကျုပ်တို့ ပက်ပ်စီက ဒီပူးပေါင်းဆောင်ရွက်မှုမှာ အရမ်းရိုးသားပါတယ်.. မင်းဆီက သတင်းကောင်း စောင့်နေမယ်..”
မန်နေဂျာကျောက်ထွက်သွားပြီး နောက်ထပ်နာရီဝက် အကြာ၌ ကိုကာကိုလာ၏ တရုတ်တာဝန်ခံသည် လီဟဟထံ ရောက်လာပြန်သည်။ ၎င်းသည်လည်း မန်နေဂျာကျောက် ပြောသွားသည့် စကားများနှင့် အတူတူသာပင်။ ကိုကာကိုလာသည် ပက်ပ်စီကို ဘက်ကန်ကာ လီဟဟနှင့် ပူးပေါင်းချင်နေသည်။
သို့ရာတွင် ကိုကာကိုလာ ကိုယ်စားလှယ်သည် မန်နေဂျာကျောက်ကဲ့သို့ မဟုတ်ဘဲ မာနကြီးလွန်းပေသည်။ လီဟဟ သည် တရုတ်နိုင်ငံ အဖျော်ယမကာ ခေါင်းဆောင်အဖြစ် အသိအမှတ်မပြုဘဲ တရုတ်ဈေးကွက်ကို ၎င်းတို့မှ မျှဝေပေး မည်ဟုသာ ပြောသွားသည်။
ကျောက်ချင်းရှန်စိတ်ထဲ ခုသွားသည်။ လီဟဟသည် ထိုကုမ္ပဏီ(၂)ခုနှင့် ပူးပေါင်းဆောင်ရွက်ရမည် ဆိုပါက ပက်ပ်စီကိုသာ ရွေးချယ်ပေလိမ့်မည်။ ဈေးကွက် မျှဝေပေးမည်လော။ ဤသည်မှာ တရုတ်နိုင်ငံဖြစ်ပြီး အခြား ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံများ၌ ကိုကာကိုလာ မည်မျှပင် အားကောင်းနေသည်ဖြစ်စေ လီဟဟသည် ဤနယ်မြေ၌ ဈေးကွက်ခေါင်းဆောင်အဖြစ် ဆက်လက်ရှိနေသေးသည်။
ကျောက်ချင်းရှန်သည် တရုတ်ဈေးကွက်အား သူကိုယ်တိုင် ထိန်းချုပ်နိုင်ပြီး ထိုကုမ္ပဏီကြီး(၂)ခု တရုတ်ဈေးကွက်မှ နှုတ်ထွက်သွားပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သို့ရာတွင် ထိုသို့ မဖြစ်နိုင်မှန်း သိထားပေသည်။ တရုတ်နိုင်ငံ၏ ဈေးကွက်သည် အလွန်ကြီးမားကာ ၎င်းတို့နှင့် လက်တွဲလုပ်ကိုင်လိုသည့် ဖြန့်ဖြူးရောင်းချသူများ ရှိနေအုံးမည် ဖြစ်သည်။ ၎င်းတို့သည် အချို့ ဖြန့်ဖြူးရောင်းချသူများ ကူညီ၍ ကြီးထွားလာစေနိုင်သည်။ သို့ရာတွင် ငွေကုန်ကြေးကျများကာ ထိုကုမ္ပဏီကြီးများသည် ကိုယ်ပိုင်ဖြန့်ဖြူးရေးလမ်းကြောင်းများ ထူထောင်ရန် အချိန်ကြာမြင့်ပေလိမ့်မည်။ ၎င်းတို့၏ လက်ရှိ ရောင်းချနိုင်မှု ပမာဏအပေါ် မူတည်၍ ကုမ္ပဏီကြီးများသည် ထိုသို့ လုပ်ဆောင်ပါက ဆုံးရှုံးမှု ကြီးကြီးမားမား ကြုံတွေ့ရမည် ဖြစ်သည်။
ကျောက်ချင်းရှန်သည် ကုမ္ပဏီ (၂)ခုစလုံးနှင့် ပူးပေါင်းသင့် မသင့် မဆုံးဖြတ်နိုင်သဖြင့် နောက်ဆုံးတွင် ဖုန်းယွီထံ ဆက်သွယ်ရန် ဖုန်းကောက်ကိုင်လိုက်သည်။
--------**$$^$$**--------