ကမ္ဘာကို အုပ်ချုပ်ခြင်း
Vol. 9 Ch. 803
လကမ္ဘာမှ တိုက်ပွဲသည် နောက်ဆုံး၌ အဆုံးသတ်ခဲ့ပြီ ဖြစ်ပြီး ကမ္ဘာမြေပေါ်ရှိ လူသားများသည် အောင်ပွဲခံ နေကြ၏။
မရေမတွက်နိုင်သော လူများသည် အင်တာနက်ပေါ်၌ သူတို့ မည်မျှ ပျော်ရွှင် စိတ်လှုပ်ရှားရကြောင်း ပို့စ်များ တင်ကြသည်။
သို့သော်လည်း အင်အားကြီး နိုင်ငံများနှင့် အကြွင်းအကျန် လျှို့ဝှက် နယ်မြေများမှာမူ ကြောက်လန့် နေကြ၏။ ချန်းဖန် ပြသခဲ့သော စွမ်းအားက လူတိုင်း၏ စဉ်းစား ဆင်ခြင်နိုင်စွမ်း ထက်ပင် ကျော်လွန် နေသည် မဟုတ်ပါလား။
"တိုက်တန် ရှုံးသွားပြီ ... သခင်ကြီး အက်လင် သေသွားပြီ ... "
ကိုလင်သည် အသက်မဲ့စွာ နေရာတွင်ပင် ရပ်နေခဲ့၏။
နတ်ဘုရား သတ်ဖြတ်သူ (အက်လင်) နှင့် တိုက်တန်တို့မှာ မာယာတို့၏ အင်အား အကြီးဆုံးသော အရာများ ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ ထိုနှစ်ခုစလုံးအား ချန်းပေ့ရွှမ်း ဆိုသော လူသားက အနိုင်ယူ ပြခဲ့သည်။
"မဖြစ်နိုင်ဘူး ... အစွမ်း အထက်ဆုံး အစစ်အမှန် နတ်ဘုရားတောင် အဲဒီလို လုပ်နိုင်မှာ မဟုတ်ဘူး"
ကိုလင်က လက်မခံနိုင်စွာဖြင့် ခေါင်းအား ခါယမ်း လိုက်၏။ သို့သော်လည်း သူ၏ လက်များမှာမူ တဆတ်ဆတ် တုန်ရီနေသည်။
"လူသားတွေထဲမှာ ဘယ်လို လုပ်ပြီး ချန်းပေ့ရွှမ်းလို မွန်းစတား တစ်ယောက် ရှိနေရတာလဲ ... "
ကိုလင်သာ မက ချန်းဖန်၏ ရန်သူ အားလုံးမှာလည်း ကြောက်လန့် နေကြ၏။
မာယာမျိုးနွယ်နှင့် တိုက်ပွဲ အပြီးမှ စ၍ ချန်းဖန်သည် "ပြိုင်ဘက်ကင်း" ဆိုသော ဂုဏ်ပုဒ်ကို ထာဝရ ပိုင်ဆိုင်ခဲ့ပြီ ဖြစ်သည်။ ကမ္ဘာပေါ်၌ မည်သူမျှ သူ့ကို ဆန့်ကျင်ရဲတော့မည် မဟုတ်ချေ။
ချန်းဖန်၏ အောင်မြင်မှုနှင့် အတူ မြောက်ပိုင်းချုံးမှာလည်း ကမ္ဘာ၏ ထိပ်ဆုံး ဂိုဏ်းအဖွဲ့ အဖြစ် မြင့်တက် လာခဲ့သည်။ များစွာသော သူဌေးကြီးများ၊ အစိုးရများက မြောက်ပိုင်းချုံးသို့ ဂုဏ်ပြုလွှာများ ပေးပို့ ကြ၏။
တစ်ချိန်တည်း၌ ချန်းဖန်သည် တိုက်တန်နှင့် အက်လက်၏ ဝိညာဉ်ကို သယ်ဆောင်ရင်း လမ္ဘာမှ ပြန်လည် ထွက်ခွာ လာခဲ့ပြီ ဖြစ်လေသည်။
"ဘုန်း ... ဘုန်း ... ဘုန်း ... "
မီတာ တစ်ထောင်ခန့် ကြီးမားသော ခွန်ပန် သားရဲကြီးသည် တောင်ပံများကို ဖြန့်ကြက်ရင်း အာကာသ အတွင်း လွန်းထိုး ပျံဝဲ နေ၏။ လေဟာနယ်၏ ပွတ်တိုက်မှု အောက်တွင်ပင် သက်သောင့်သက်သာ ပျံသန်း နေပုံက ၎င်း၏ ခန္ဓာကိုယ်မှာ မည်မျှ မာကျောလှကြောင်း ဖော်ပြနေ၏။
"ဟူး ... ဟူး ... "
ချန်းဖန်သည် ဂြိုဟ်တုများ ထောက်လှမ်း နိုင်စွမ်း မရှိသည့် လကမ္ဘာ၏ အနောက်ခြမ်းသို့ ရောက်သည်နှင့် မြေပြင်သို့ ဆင်းသက် လိုက်သည်။
"ငါ ခွန်ရှု နယ်မြေမှာ အမြုတေ ဖွဲ့စည်းခြင်း အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ကံကောင်းတာပဲ ... "
ထိုတိုက်ပွဲကား သူ့အတွက် အမှန်ပင် ခက်ခဲခဲ့သည်။ သူသည် သူ၏ ဝှက်ဖဲ အားလုံးကို ထုတ်သုံးရလုနီးပါး အထိပင် ဖြစ်ခဲ့ရသည်။
မာယာ စစ်တပ်သည် ကမ္ဘာပေါ်ရှိ မဟာ အင်အားကြီး နိုင်ငံ စုစုပေါင်း၏ အင်အားထက်ပင် အဆများစွာ ပိုမို အစွမ်းထက်၏။ သူတို့သည် တိုက်တန်နှင့် မဟာ စစ်သင်္ဘော (ငါး ကီလိုမီတာ ကြီးမားသော စစ်သင်္ဘော) ငါးစင်း အပါအဝင် အဆင့်လွန် နည်းပညာ စစ်သင်္ဘော တစ်ရာကျော်ကို ပိုင်ဆိုင် ထားသည်။
ချန်းဖန်သည် ထိုစစ်တပ်ကို အနိုင်ယူရန် အတွက် ကောင်းကင် ခန္ဓာ၊ ခွန်ပန် ဓမ္မ အသွင် နှင့် များစွာသော ထပ်တန်း နည်းစနစ်များကို အသုံးပြုခဲ့ရ၏။ နောက်ဆုံး တိုက်ခိုက်မှု၌ ဆိုလျှင် သူသည် ယွင်ထျန်းရွှမ်၏ ရွှေအမြုတေမှ စွမ်းအားကိုပင် ထုတ်သုံး ခဲ့ရသည်။
ထိုအရာက သူ့အား ကြီးမားစွာ ထိခိုက်စေ၏။ သူသည် ယွင်ထျန်းရွှမ်၏ ရွှေအမြုတေမှ စွမ်းအား အလုံးစုံကို ထုတ်သုံးပြီး ဖြစ်ရာ ထိုအရာက နောက်ထပ် သုံးနိုင်တော့မည် မဟုတ်ချေ။
ထို့အပြင် သူ၏ ထူးခြား အောင်မြင်ခြင်း အဆင့် ခန္ဓာမှာလည်း ဒဏ်ရာများဖြင့် ပြည့်နှက် နေသည်။ ထိုဒဏ်ရာများကို ကုသရန် အတွက် သူ့အနေဖြင့် လအနည်းငယ်ခန့် အနားယူရန် လိုအပ်သည်။ တိုက်ပွဲ၏ အကျိုးဆက် အနေဖြင့် သူ၏ ဖွဲ့စည်းဆဲ အမြုတေပင်လျှင် အနည်းငယ် မတည်မငြိမ် ဖြစ်နေခဲ့၏။
"ဘာပဲဖြစ်ဖြစ် ငါ မာယာစစ်တပ်ကို ရှင်းပြီး ကမ္ဘာရဲ့ အန္တရာယ်ကို ဖယ်ရှား ပစ်နိုင်ခဲ့တာပဲ ... အဲ့လောက်က ထိုက်တန်ပါတယ်လေ ... "
ထို့နောက် ချန်းဖန်က အက်လင်၏ ဝိညာဉ်နှင့် တိုက်တန်ကို ကြည့်လိုက်၏။ ထိုနှစ်ခု စလုံးမှာ သူ့အတွက် အလွန် အသုံးဝင်သည်။
ရွှေအမြုတေ အဆင့် ဖြစ်သော အက်လင်သည် သန်မာသော ဝိညာဉ် အမြုတေကို ပိုင်ဆိုင်ထားသည်။ အကယ်၍ အက်လင်ကို ရတနာဆေး အဖြစ် ဖော်စပ် ပြီးပါက သူ၏ နတ်ဘုရား စိတ်ဝိညာကို ရွှေအမြုတေ အဆင့် အထိ မြှင့်တင် နိုင်လိမ့်မည် ဖြစ်သည်။
"အဲဒီ မတိုင်ခင် မင်း ငါ့ကို အရာအားလုံး ပြောပြရမယ် ... ဘာလို့ ကမ္ဘာကြီးက ပြောင်းလဲ လာတာလဲ ... ဘာလို့ မင်းတို့တွေ ရုတ်တရက် ရောက်လာရတာလဲ ... ကမ္ဘာကြီးရဲ့ အမြုတေမှာ ဖုန်းကွယ်နေတဲ့ ရတနာကရော ဘာလဲ"
ချန်းဖန်က အေးစက်စွာဖြင့် အက်လင်အား မေးလိုက်သည်။
"ငါ မင်းကို ဘယ်တော့မှ ပြောပြမှာ မဟုတ်ဘူး ... "
အက်လင်က နှာခေါင်းရှုံ့လိုက်၏။
သူသည် အပြာရောင် လျှပ်စီး အလင်းလုံး အသွင်ဖြင့် ရှိနေပြီး ထိုအတွင်း၌ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် မြူခိုး အသွင်ဖြင့် ဖွဲ့တည်နေသည်။ မြူခိုး၏ အလယ်တွင်မူ သူ၏ ဝိညာဉ် အမြုတေသည် ခြောက်မြှောင့် စိန်ကျောက် သဏ္ဌာန်ဖြင့် တည်ရှိနေ၏။
အက်လင်ကဲ့သို့ ဝိညာဉ် လမ်းစဉ် ကျင့်ကြံသူများသည် ဝိညာဉ် အမြုတေကို ဖွဲ့စည်းပြီးသည်နှင့် ခန္ဓာကိုယ် ဖျက်ဆီးခံရလျှင်ပင် စကြဝဠာ တစ်ခွင်လုံးကို သူတို့၏ နတ်ဘုရား စိတ်ဝိညာဉ်ဖြင့် လှည့်ပတ် သွားလာနိုင်ကြသည်။ သူတို့၏ ဝိညာဉ် အမြုတေသည် ရွှေအမြုတေ ကဲ့သို့ သန်မာရာ ဝိညာဉ် စွမ်းအင် သခင် တစ်ယောက်ကို ဝိညာဥ် ရှာဖွေခြင်း ပြုလုပ်ရန် မလွယ်ကူချေ။
"ဟုတ်လား ... "
ရုတ်တရက် ချန်းဖန်၏ မျက်လုံး၌ ရွှေရောင် အလင်း တစ်ခု ရုတ်တရက် ဖြတ်ပြေး သွား၏။ သေချာစွာ အနီးကပ် ကြည့်ရှုပါက ထိုအလင်းမှာ ရွှေရောင်ဓား တစ်ချောင်း ဖြစ်ကြောင်း မြင်နိုင်သည်။
"ကောင်းကင် အမတေဓား ... "
ထိုအရာကား ဝိညာဉ် စွမ်းအား အလုံးစုံကို ဖျက်ဆီးပစ်နိုင်သော ဓားဖြစ်သည်။ ချန်းဖန်သည် တန်ခိုးရှင် အဆင့်တွင် ရှိစဉ်က ထိုဓားကို သုံးကာ များစွာသော ရန်သူများကို သုတ်သင်ဖူးသည်။
"အဲဒါက ... "
ကောင်းကင် အမတေဓားအား မြင်သည်နှင့် အက်လင်မှာ ကြောက်လန့် သွား၏။
"အဲဒါက ငါတို့ မာယာမျိုးနွယ် ဘိုးဘေး အစဉ်အဆက် လက်ဆင့်ကမ်း လာတဲ့ နတ်ဘုရား သတ်ဖြတ်ခြင်း ကျင့်စဉ် မလား ... ငါတို့ ခေါင်းဆောင်ကြီးပဲ အဲဒီ ကျင့်စဉ်ကို တတ်မြောက် ထားတာလေ ... မင်းက ဘယ်နေရာကနေ တတ်လာတာလဲ ... မင်း ဘယ်သူလဲ ချန်းပေ့ရွှမ်း ... "
"ဟမ့် ... "
ချန်းဖန်က သူ့အား လျစ်လျူလိုက်၏။
ထိုလများ အတွင်း၌ ချန်းဖန်သည် လကမ္ဘာ အနောက်ခြမ်းတွင် ကြီးမားသော အက်ကွဲကြောင်း တစ်ခုကို ရှာဖွေ တွေ့ရှိ ခဲ့သည်။
၎င်းသည် တောင်ကြား တစ်ခု၏ ပုံသဏ္ဌာန် ရှိပြီး လ၏ စွမ်းအားများ စုစည်းရာ နေရာလည်း ဖြစ်သည်။ ထိုအက်ကွဲကြောင်းမှ နေ၍ နေကြယ်များ၏ စွမ်းအားကိုလည်း စုပ်ယူနိုင်ရာ ထိုနေရာမှာ ကျင့်ကြံခြင်း အတွက် အမှန်ပင် သင့်တော်သော နေရာတစ်ခု ဖြစ်၏။
ချန်းဖန်သည် ထိုအက်ကွဲကြောင်း၌ ဒဏ်ရာများကို ကုစားရင်း တစ်ချိန်တည်း၌ အက်လင်အား စစ်ဆေး နေခဲ့၏။
သို့သော်လည်း အက်လင်မှာ ဝိညာဉ် စွမ်းအင် သခင် တစ်ယောက် ဖြစ်ပြီး မာယာ မျိုးနွယ်စု၏ အရှင်သခင် တစ်ယောက်လည်း ဖြစ်ရာ အလွန် ခေါင်းမာသည်။
သူ့အား အညံ့ခံခြင်းနှင့် သေခြင်း တစ်ခုကို ရွေးချယ်ခိုင်းပါက အက်လင်မှာ သေခြင်းကိုသာ ရွေးချယ်မည့်သူ ဖြစ်သည်။ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် ဝိညာဉ် အမြုတေ အတွင်း၌ တစ်ချိန်လုံး ပုန်းအောင်း နေခဲ့သည်။
သို့သော်လည်း "ကောင်းကင် အမတေ ဓား" သည် မည်မျှ ထက်ရှ သနည်း။
ထိုဓားသည် နေ့စဉ်နေ့တိုင်း အက်လင်၏ ဝိညာဉ် အမြုတေပေါ်၌ ဒဏ်ရာ တစ်ခုကို ချန်ရစ်ကာ လှီးဖြတ်သည်။ သုံးလ ကြာပြီးနောက် ဝိညာဉ် အမြုတေမှာ အလုံးစုံ ကွဲပျက်၏။
အက်လင်၏ နတ်ဘုရား စိတ်ဝိညာဉ်သည် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ရန် ကြိုးစားသော်လည်း ချန်းဖန်က ချက်ချင်းပင် ဝိညာဉ် ချုပ် နည်းစနစ်ဖြင့် တားဆီးလိုက်သည်။
အက်လင်၏ နတ်ဘုရား စိတ်ဝိညာဉ်မှ မှတ်ဉာဏ်များကို ရှာဖွေ ပြီးနောက် ချန်းဖန်၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွား၏။
"ထူးဆန်းတယ် ... သူက ဘာမှ မသိဘူး ... အကြီးအကဲတွေရဲ့ အမိန့် အတိုင်း လုပ်ရတာပဲ ရှိတာ"
အက်လင်၏ မှတ်ဉာဏ်များအရ ဆိုလျှင် မာယာမျိုးနွယ်၏ ခေါင်းဆောင်မှာ ကမ္ဘာ၌ ရတနာ ပေါ်ထွက်တော့မည် ဟု ဆိုကာ သူတို့ တပ်ဖွဲ့အား လွှတ်လိုက်ခြင်းသာ ဖြစ်သည်။
"မာယာတွေထဲမှာ အစွမ်းထက်တဲ့သူ တစ်ယောက် ရှိနေတာလား ... သူက ဘယ်လောက် အစွမ်းထက်လဲ ... အခြေတည် ဝိညာဉ် အဆင့်လား ဝိညာဉ် ဖွဲ့တည်ခြင်း အဆင့်လား"
ကံမကောင်းစွာပင် အက်လင်၏ မှတ်ဉာဏ်၌ ထိုခေါင်းဆောင် အကြောင်း အချက်အလက် များများစားစား မရှိခဲ့ချေ။
"အက်လင်က မာယာ မျိုးနွယ်ရဲ့ အဆင့် အမြင့်ဆုံး လူမဟုတ်တော့ သူ ဘာမှ မသိတာ မဆန်းပါဘူးလေ ... ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ဝိညာဉ် အမြုတေက ရွှေအမြုတေနဲ့ နှိုင်းယှဉ် နိုင်သေးတာပဲ"
ချန်းဖန်က တစ်ချက် ပြုံးလိုက်၏။
ထို့နောက် သူသည် ဆက်လက်၍ ကျင့်ကြံသည်။
အကယ်၍ တစ်စုံတစ်ယောက်သာ လ၏ နောက်ကျောဘက်သို့ ရောက်ရှိပါက မီတာ တစ်ထောင်ခန့် ကြီးမားသော ခွန်ပန် သားရဲကြီး တစ်ကောင် ဟင်းလင်းပြင် စွမ်းအားများကို စုပ်ယူနေသည်အား တွေ့မြင်နိုင်သည်။
"ဟူး ... ဟူး ... "
ချန်းဖန်သည် ကြီးမားသော စုပ်ဝဲကြီးများကို ဖန်တီးကာ နေ၏ အစစ်အမှန် မီးတောက်များနှင့် ဂြိုဟ်များ၏ စွမ်းအားများကို စုပ်ယူ ဝါးမျို နေခဲ့သည်။
ကျင့်ကြံသူ တစ်ယောက်သည် ရွှေအမြုတေ အဆင့်သို့ ရောက်သည်နှင့် ကြမ်းတမ်းသော ဟင်းလင်းပြင် အတွင်း စတင် နေထိုင်နိုင်ကာ ဂြိုဟ်များနှင့် နေကြယ်များ၏ စွမ်းအားကို စတင် စုပ်ယူ လာနိုင်ကြသည်။ ချန်းဖန်သည် ရွှေအမြုတေ အဆင့်သို့ မရောက်သေး သော်လည်း သူ၏ ဝါးမျိုခြင်း နတ်ဘုရား စွမ်းအားက သူ့အား ထိုသို့သော လုပ်နိုင်စွမ်းကို ပေးထားခဲ့သည်။
"တစ်လ ... "
"နှစ်လ ... "
"သုံးလ ... "
ငါးလ ကြာပြီးနောက် သူသည် အပြည့်အဝ ပြန်လည် ကောင်းမွန်လာခဲ့ကာ သူ၏ အမြုတေမှာလည်း ပိုမို အစွမ်းထက် လာခဲ့သည်။
"ဟူး ... ဟူး ... "
အလွန်တရာ ကြီးမားသော စွမ်းအင် ပင်လယ် အတွင်း၌ အဇူရာ အမတေ ချီများသည် ပြင်းထန်စွာ လည်ပတ်နေသည်။ အဇူရာ အမတေချီများသည် တစ်ကြိမ် လည်ပတ်တိုင်း ဟင်းလင်းပြင် အတွင်းရှိ အဆုံးမဲ့ စွမ်းအားများကို စုပ်ယူကာ ပိုမို ကြီးထွား လာနေခဲ့၏။
ထိုစွမ်းအင် ပင်လယ်မှာ သတ်မှတ်ထားသော ပမာဏသို့ ရောက်ပါက ချန်းဖန်၏ ရွှေရောင် အမြုတေမှာလည်း ဖွဲ့စည်း ပြီးသွားလိမ့်မည် ဖြစ်သည်။
"ငါ ဘယ်လို ရွှေအမြုတေမျိုးကို ဖွဲ့စည်းရမလဲ ... "
ရွှေအမြုတေသည် အဆင့် ကိုးခု ရှိပြီး တစ်ခုချင်းစီ၏ စွမ်းအားမှာလည်း မိုးနှင့်မြေကဲ့သို့ ကွာခြားသည်။ အဆင့်အမြင့်ဆုံး ရွှေအမြုတေ ပိုင်ရှင် ကျင့်ကြံသူများသည် ၎င်းတို့၏ အမြုတေကို အသုံးပြု၍ အခြေတည် ဝိညာဉ် အဆင့် ကျင့်ကြံသူများကိုပင် အနိုင်ယူ သတ်ဖြတ် နိုင်ကြသည်။
"ရွှေအမြုတေ အဆင့် ကိုးခုက အစပဲ ရှိသေးတာ ... ဂိုဏ်းကြီးတွေရဲ့ ပါရမီရှင် တပည့် တွေဆို ချောင် အမြုတေကိုတောင် ဖွဲ့စည်း နိုင်ကြတယ် ... ချောင် အမြုတေ မရှိပဲ ငါ သူတို့နဲ့ ယှဉ်ပြီး တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး ... အတိတ်ဘဝမှာတုန်းက အဆင့် ခုနစ် အမြုတေကိုပဲ ငါ ကျင့်ကြံနိုင်ခဲ့တယ် ... အဲလို အမှားမျိုး ငါ ခုထပ်ပြီး လုပ်လို့ မရတော့ဘူး"
ချန်းဖန်သည် အဝေးသို့ ငေးရင်း တွေးတော နေမိ၏။
ထို့နောက် သူက လေးပင်စွာဖြင့် ခေါင်းအား ခါလိုက်သည်။ ကမ္ဘာပေါ်ရှိ အရင်းအမြစ်များမှာ အလွန် ရှားပါး လှရကား သူ့အား အဆင့် ခုနစ် အမြုတေ ဖွဲ့စည်းနိုင်အောင်ပင် ထောက်ပံ့ပေးနိုင်မည် မဟုတ်ချေ။ သို့ဖြစ်ရာ သူ့အနေဖြင့် အစစ်အမှန် ကျင့်ကြံခြင်း နယ်မြေ တစ်ခုသို့ သွားကို ရသွားတော့မည် ဖြစ်သည်။
"ငါ အပြည့်အဝ ပြန်ကောင်းလာပြီ ဆိုတော့ ကမ္ဘာကို ပြန်တော့မယ်"
ချန်းဖန်သည် ထိုင်ရာမှ ထလိုက်၏။ ထို့နောက် သူသည် တိုက်တန်အား ယူဆောင်၍ ကမ္ဘာမြေ ရှိရာသို့ ပျံသန်း လိုက်တော့သည်။
ငါးလ ...
ထိုကာလမှာ ချန်းဖန် အတွက် မျက်စိ တစ်မှိတ်စာသာ ဖြစ်သော်လည်း ကမ္ဘာပေါ်ရှိ ဘီလျံချီသော လူထု အတွက်မူ လုံးဝ ခြားနားသည့် ခေတ်ကာလ အသစ် တစ်ခု ဖြစ်သည်။
လူသားများသည် သမိုင်းတွင် ပထမဆုံး အကြိမ် အဖြစ် တစ်သွေး တစ်သံတည်း စည်းလုံးနေကြသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံ အားလုံးသည် ကမ္ဘာ့ အစိုးရ တစ်ရပ်ကို တည်ထောင်ပြီး လူသားမျိုးနွယ် တိုးတက်ရေး အတွက် အတူတကွ ပူးပေါင်း ဆောင်ရွက်ကြ၏။ မြောက်ပိုင်းချုံးသည် ထိုလုပ်ငန်းများကို ရှေ့ဆုံးမှ တက်ကြွစွာ ဦးဆောင်သည်။
"ကမ္ဘာပေါ်မှာ ချန်းပေ့ရွှမ်း မရှိတော့ ရင်တောင် ငါတို့ လူသား မျိုးနွယ်က သူရှိနေသလိုပဲ သဘောထားပြီး သူ့ရဲ့ စည်းမျဉ်းတွေကို လိုက်နာမယ် ... ငါတို့ လူသားတွေ ဘယ်တော့မှ သွေးမကွဲ တော့ဘူး"
မရေမတွက်နိုင်သော လူများက ပြောဆို ကြသည်။
ထိုအချိန်မှစ၍ ချန်းဖန်သည် ကမ္ဘာ၏ တစ်ဦးတည်းသော အုပ်ချုပ်သူ ဖြစ်လာပြီ ဖြစ်ပြီး မဟာ အင်အားကြီး နိုင်ငံများကပင် သူ့အား လေးစားကြသည်။
များစွာသော အင်တာနက် အသုံးပြုသူများ ကလည်း ချန်းဖန်အား "ကပ္ပတိန်ချန်း" "သခင်ကြီးချန်း" ဟု ကင်ပွန်းတပ် ကြသည်။ ကျင့်ကြံသူများကမူ ချန်းဖန်အား "ဝမ်ရှင်း တန်ခိုးရှင်ချန်း" ဟုသာ ခေါ်ဆိုကြ၏။
"ဟူး ... ဟူး ... "
ငါးလ ကြာပြီးနောက် ခွန်ပန် သားရဲသည် ဂြိုဟ်တုများ၏ စောင့်ကြည့်နယ်မြေ အတွင်း၌ ပြန်လည် ပေါ်လာခဲ့၏။
ထိုသတင်းက လျင်မြန်စွာပင် ပျံ့နှံ့သွားရာ တစ်ကမ္ဘာလုံးရှိ လူများ သိရှိ သွားကြသည်။ မရေ မတွက်နိုင်သော လူများသည် မြောက်ပိုင်းချုံး နန်းတော် ရှိရာ အရပ်သို့ လှမ်းမျှော်ကြ၏။
ကမ္ဘာ၏ သူရဲကောင်း ကမ္ဘာသို့ ပြန်လည် ရောက်ရှိ လာခဲ့ပြီ မဟုတ်ပါလား။
***