← Chapters

ခွဲခွာချိန် မရောက်မီ

Vol. 9 Ch. 804

ခွဲခွာချိန် မရောက်မီ

Vol. 9 Ch. 804

"ဟူး ... "

ခွန်ပန်သည် အတောင်ပံကို ဖြန့်ကြက်ရင်း ကျင်းမြို့တော်၊ အရှေ့တောင် ပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်၏။

"နှုတ်ဆက်ပါတယ် ဝမ်ရှင်း တန်ခိုးရှင် ... "

များစွာသော လူများက တစ်ပြိုင်နက်တည်း နှုတ်ဆက်လိုက် ကြသည်။

ထိုအထဲ၌ မြောက်ပိုင်းချုံး ဂိုဏ်းသားများ အပြင် သိုင်းပညာရှင်များ၊ အစိုးရ အဖွဲ့ဝင်များ ပါဝင်နေသည်။ သူတို့သည် ချန်းဖန် လကမ္ဘာမှ ထွက်ခွာလာသည်နှင့် ချက်ချင်းပင် အရှေ့တောင် ရှိရာသို့ အပြင်းနှင်ကာ ရောက်ရှိ လာကြခြင်း ဖြစ်၏။

ယခု အချိန်၌ အရှေ့တောင်သည်  "မြောက်ပိုင်းချုံး တောင်" ဟူသော အမည်သို့ ပြောင်းလဲခဲ့ပြီ ဖြစ်ပြီး အစိုးရကလည်း ထိုနေရာကို မြောက်ပိုင်းချုံး ဂိုဏ်း၏ ပိုင်နက် နယ်မြေ အဖြစ် သတ်မှတ်သည်။ မည်သူမျှ ခွင့်ပြုချက် မရှိပဲ မြောက်ပိုင်းချုံးတောင်သို့ ဝင်ခွင့် မရှိချေ။

"ဟူး ...  ဟူး ... "

ကြီးမားသော ခွန်ပန် သားရဲသည် မြေပြင်သို့ ရောက်သည်နှင့် အနက်ရောင်ဝတ် လူငယ် အသွင်သို့ ပြန်လည် ပြောင်းလဲ လိုက်သည်။

"ရှောင်ဖန် ... "

"ယောက်ျား ... "

"ဆရာ ... "

ဝမ်ရှောက်ယွင်၊ ဖန့်ချုံး၊ ယူကီရှီရိုဆာနှင့် အခြားလူများက ချန်းဖန် အနားသို့ အပြေးတစ်ပိုင်း ရောက်လာကြ၏။ သူတို့၏ မျက်နှာကား အပြုံးများဖြင့် ပြည့်နှက် ဝေဆာ နေကြသည်။

"ကျွန်တော် ပြန်ရောက်ပြီ ... "

ထိုလူများ၏ မျက်နှာများကို ကြည့်ရင်း ချန်းဖန်မှာ အမောများပင် ပြေပျောက် သွား၏။ ထိုအခိုက်အတန့် တစ်ခုနှင့်ပင် ဟင်းလင်းပြင် အတွင်းမှ ကြမ်းတမ်းသော တိုက်ပွဲက ထိုက်တန်ပေသည်။

"ပြန်လာတာ ကောင်းတယ် ...  ရှောင်ဖန် မြေးက ချန်းမိသားစုကို ဘယ်တော့မှ စိတ်မပျက်စေဘူးပဲ ... "

ချန်းဟွိုက်အန်းက ခေါင်းညိတ် လိုက်၏။

မြောက်ပိုင်းချုံး တပည့်များမှာလည်း ချန်းဖန်အား လေးစားစွာ ကြည့်ကြသည်။ သူတို့၏ အမြင်၌ ချန်းဖန်မှာ လူသား တစ်ယောက် မဟုတ်တော့ချေ။ သူကား ကမ္ဘာအား ကယ်တင်ရန် ရောက်ရှိလာသည့် နတ်ဘုရား၊ သူတော်စင်၊ မိုးနတ်မင်း တစ်ပါးသာ ဖြစ်သည်။

မြောက်ပိုင်းချုံး နန်းတော် အတွင်းသို့ ဝင်ရောက် ပြီးနောက် ...

ကမ္ဘာတစ်ဝန်းမှ အစိုးရများနှင့် ခေါင်းဆောင်များသည် သူတို့၏ ကိုယ်စားလှယ်များကို စေလွှတ်ကာ ချန်းဖန် အတွက် ဂုဏ်ယူကြောင်း ပြောဆိုကြ၏။ မရေမတွက်နိုင်သော ဇိမ်ခံကားများ၊ လေယာဉ်များ၊ ဟယ်လီကော်ပတာများမှာ မြောက်ပိုင်းချုံးတောင် ပတ်လည်၌ ပြည့်နှက်နေသည်။

ကျင်းမြို့တော်သူ၊ မြို့တော်သားများမှာ ဂုဏ်ယူ အလွန် နေကြ၏။

"မြောက်ပိုင်းချုံးနဲ့ ချန်းမိသားစုက ငါတို့ ကျင်းမြို့တော်ကကွ ... "

ကျင်းမြို့တော် စီးပွားရေး တက္ကသိုလ်မှာလည်း ချန်းဖန် တစ်နှစ်တာ တက်ရောက် ပညာသင်ယူ ခဲ့သော ကျောင်းအဖြစ် ထင်ရှား လာခဲ့၏။ ထို့အတူ တန့်ယွမ်ချင်း၊ ကျို့လော့ရင် စသည်ဖြင့် ချန်းဖန်အား သိသော လူများမှာလည်း ဆယ်လီများ ဖြစ်လာခဲ့သည်။

ချန်းဖန်သည် မြောက်ရောက်ပြီးနောက် သူ၏ မိသားစုများ၊ မိတ်ဆွေ၊ သူငယ်ချင်းများကို ဖိတ်ခေါ်ကာ တွေ့ဆုံပွဲ ပြုလုပ်သည်။

ထိုတွေ့ဆုံပွဲ၌ လူတိုင်းက ချန်းဖန်အား ဟင်းလင်းပြင်နှင့် လကမ္ဘာပေါ်မှ တိုက်ပွဲ အကြောင်းကို မေးကြသည်။ သူတို့ကား တိုက်ပွဲကို တယ်လီစကုပ်များ၊ ဂြိုဟ်တုများမှ တစ်ဆင့်သာ ကြည့်ရှုကြရရာ ထင်ထင်ရှားရှား မမြင်ခဲ့ရချေ။

"ဒါဆို မာယာ တပ်ဖွဲ့မှာက မူလ အဆင့် တစ်ရာကျော်နဲ့ အစစ်အမှန် နတ်ဘုရား တစ်ပါး ရှိတာပေါ့ ဟုတ်လား ... "

ချန်းဖန်က တိုက်ပွဲ အကြောင်းကို အပြည့်အစုံကို ရှင်းပြပြီး အချိန်၌ လူတိုင်းမှာ ကြောက်လန့် သွားကြ၏။ တစ်ချိန်တည်း၌ သူတို့က ချန်းဖန်အား စိတ်ပူစွာ ကြည့်ကြသည်။

"စိတ်မပူကြနဲ့ ...  လွန်ခဲ့တဲ့ ငါးလ အတွင်းမှာ ကျွန်တော် ဒဏ်ရာတွေ အားလုံးကို ပြန်ကုစား ပြီးပါပြီ ...  နောက်ပြီး အဲဒီ အတောအတွင်း ကျွန်တော်ရဲ့ ဓမ္မ ရတနာကို သန့်စင်တဲ့ အပြင် အက်လင်ကိုလည်း စစ်ဆေး နေခဲ့သေးတယ် လေ"

ချန်းဖန်က ပြုံးရင်း ဆိုလိုက်၏။

နေ၏ စွမ်းအားကို လကမ္ဘာ၌ တိုက်ရိုက် စုပ်ယူကာ အသုံးပြုနိုင်သည်။ ထို့ကြောင့်ပင် ချန်းဖန်သည် သူ၏ "မိုးကြိုးငါးခု ချိပ်တံဆိပ်" အား နေ၏ စွမ်းအားကို စုပ်ယူစေခဲ့ကာ သန့်စင်နေခဲ့ခြင်း ဖြစ်သည်။

"ဆရာ ...  အဲဒီ အက်လင် ဆိုတဲ့ အဘိုးကြီးက နတ်ဘုရား သတ်ဖြတ်သူ ဆိုတာလား"

အားရှို့က မျက်လုံး အဝိုင်းသားဖြင့် မေးလာ၏။

လွန်ခဲ့သည့် ငါးလ အတွင်း၌ မြောက်ပိုင်းချုံး၏ မူလ အဆင့်များသည် ကိုလင်အား ဖမ်းဆီးကာ မြောက်ပိုင်းချုံး၌ အကျဉ်းချ ထားခဲ့သည်။

သူကား မာယာ မျိုးနွယ်၏ မျိုးဆက်တစ်ယောက် ဖြစ်ရာ သူ့တွင် ရှိသည့် နည်းပညာက ကမ္ဘာအား ပိုမို တိုးတက်အောင် ကူညီပေးနိုင်လိမ့်မည် ဖြစ်သည်။

အားရှို့သည် "အက်လင်" ဆိုသော နာမည်ကို ကိုလင်ထံမှ သိရှိ ထားခဲ့ခြင်း ဖြစ်သည်။

"ဟုတ်တယ် ... "

ချန်းဖန်က လက်တစ်ဖက်ကို ဆန့်ထုတ် လိုက်၏။

"ဟူး ... "

ရုတ်တရက် သူ၏ လက်ဝါး၌ အပြာရောင် အလင်းလုံး တစ်ခု ပေါ်လာခဲ့သည်။

လူတိုင်းက အနီးကပ်၍ ကြည့်ကြရာ ဝိညာဉ်တစ်ခု မျောလွင့်နေသည့် ခြောက်မြှောင့် သဏ္ဌာန် စိန်ကျောက်ကို တွေ့ကြရ၏။ ထိုအရာကား အက်လင်၏ နတ်ဘုရား စိတ်ဝိညာဉ်နှင့် အက်လင်၏ ဝိညာဉ် အမြုတေတို့ပင် ဖြစ်သည်။

"ရှောင်ဖန် ...  မာယာ မျိုးနွယ် စစ်တပ်က ကမ္ဘာကို နောက်တစ်ကြိမ် ရောက်လာ ဦးမှာလား"

ဖန့်ချုံးက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။

"ခုတော့ မဟုတ်သေးဘူး ... "

ချန်းဖန်က အသာအယာ ပြုံးရင်း ခေါင်းခါ လိုက်သည်။

"အက်လင်ရဲ့ မှတ်ဉာဏ်တွေ အရဆို မာယာတွေ ခုနေတဲ့ ဂြိုဟ်က ကမ္ဘာနဲ့ အတော်လေး ဝေးတယ် ...  သူတို့ ဒီကို ရောက်ဖို့ဆို အနည်းဆုံး နှစ်ငါးဆယ်လောက် ကြာဦးမှာ ...  အဲဒီ အချိန်ကျရင် ငါကလည်း အခြေတည် ဝိညာဉ် အဆင့်လောက်ကို ရောက်နေလောက်ပြီလေ"

မူလ အဆင့်နှင့် ရွှေအမြုတေ အဆင့်တို့ ကွာခြား သကဲ့သို့ ရွှေအမြုတေ အဆင့်နှင့် အခြေတည် ဝိညာဉ် အဆင့်များ အကြားတွင်လည်း ကြီးမားသော ကွာခြားချက်များ ရှိသည်။ ချန်းဖန် အနေဖြင့် အခြေတည် ဝိညာဉ် အဆင့်သို့ ရောက်ရှိပါက မာယာ စစ်တပ် တစ်ခုလုံးကိုပင် လက်တစ်ချောင်းတည်းနှင့် အနိုင်ယူ နိုင်လိမ့်မည် ဖြစ်သည်။

"တော်သေးတာပေါ့ ... "

လူတိုင်းက ပင့်သက်ရှိုက် လိုက်ကြ၏။

***

နောက်ရက်များ အတွင်း၌ ...  ချန်းဖန်သည် မိသားစုဝင်များနှင့် အတူ အချိန်ဖြုန်း နေခဲ့သည်။

ချန်းဖန်သည် ဖန့်ချုံးအား မင်္ဂလာဦးည အပြီးမှ စ၍  ထားခဲ့ရရာ ထိုကိစ္စ အတွက် သူမအား အမြဲတမ်း အားနာ နေခဲ့မိသည်။ ထို့ကြောင့်ပင် သူသည် ဖန့်ချုံးအား အထူး ဂရုစိုက်ကာ အချိန်ပေးခဲ့သည်။

ထိုနေ့တွင် ...  ချန်းဖန်သည် ခုံတစ်ခု ပေါ်တွင် ထိုင်ကာ နေပူစာ လှုံနေခဲ့၏။ အန်ရာသည် ဘေးတွင် ထိုင်ကာ သူ့အား လိုင်ချီးသီး ခွံ့ကျွေး နေခဲ့သည်။

ထိုအချိန်မှာပင် အားရှို့က အပြေးကလေး ရောက်ရှိလာကာ အစီရင် ခံလိုက်၏။

"ဆရာ ...  အမေရိကန် သမ္မတက ဆရာ့ကို တောင်းပန်ချင်လို့တဲ့ ရောက်လာပါတယ် ...  ခု သူ အပြင်ဘက်မှာ စောင့်နေပါတယ်"

"အမေရိကန် သမ္မတလား ... "

ချန်းဖန်က မျက်ခုံးပင့် လိုက်သည်။

"သူ့ကို ဆက်ပြီး စောင့်ခိုင်းလိုက် ...  ငါ့ ခွင့်ပြုချက် မရှိရင် ဘယ်သူမှ အထဲကို ဝင်လို့ မရဘူး"

"ကောင်းပါပြီ ... "

အားရှိုက ခေါင်းညိတ်ကာ ပြန်လည် ထွက်ခွာ သွား၏။

မကြာခင်မှာပင် ရိုးရှင်းသော သိုင်းဝတ်စုံ ဝတ်ဆင်ထားသော ရှုယုံဖေး ရောက်ရှိ လာပြန်သည်။

"အကို ...  သမ္မတ Mc ကိမ်းက အသက် ရှစ်ဆယ်လောက် ရှိနေတာနော် ...  အပြင်မှာ စောင့်ခိုင်းထားတုန်း မတော်လို့ သူ နေမကောင်း ဖြစ်ရင် ဘယ်လို လုပ်မလဲ"

ချန်းဖန် ပြန်လည် ရောက်ရှိလာသည့် အချိန်မှ စ၍ ရှုယုံဖေးသည် မြောက်ပိုင်းချုံး နန်းတော်တွင်သာ နေခဲ့၏။ ဝမ်ရှောက်ယွင် ကလည်း သူမအား သမီး အရင်လေး သဖွယ် ချစ်ခင်ရာ မျက်လုံးအောက်မှ အပျောက် မခံခဲ့ချေ။

"အမေရိကန်က ကိုလင်နဲ့ ပူးပေါင်းပြီး လူသား မျိုးနွယ် အပေါ်ကို သစ္စာဖောက်တဲ့ လုပ်ရပ်တွေ လုပ်ခဲ့တယ် ...  Mc ကိမ်းက အဲဒီ ကိစ္စတွေကို မလုပ်ဘူး ဆိုရင်တောင် သူ့ အနေနဲ့ တာဝန် မကင်းဘူး ...  သူ့ကို အပြင်မှာ ရက် အနည်းငယ်လောက် စောင့်ခိုင်းလိုက်"

ချန်န် ပြောလိုက်သည်။ ထို့နောက် သူက ရှုယုံဖေးကို ကြည့်ကာ မျက်မှောင်ကြုတ် လိုက်၏။

"နောက်ပြီးတော့ နင် ...  နောက်သုံးရက် အတွင်း အသွင်ပြောင်းခြင်း ကိုးမျိုး ကျင့်စဉ်ကို အလွတ် မရရင် ငါ နင့်ကို အပြစ်ပေးမယ် ...  ရှောင်ချုံးနဲ့ အမအန်တို့ဆို ဝိညာဉ် ပင်လယ် အဆင့်ကိုတောင် ရောက်နေကြပြီ ...  နင်က ခုထိ အခြေခံ တည်ဆောက်ခြင်း အဆင့်က မတက်သေးဘူး"

"အကိုကလည်း ... "

ရှုယုံဖေးက သူမ၏ ခေါင်းလေးအား ငုံ့လိုက်သည်။

"ငါက စပြီး လေ့ကျင့်တာ နောက်ကျတာကိုး ...  နောက်ပြီး ကျင့်ကြံရတာက ပျင်းဖို့ ကောင်းတယ် ...  နောက်ပြီး အကိုက ငါ့ကို အမြဲ ကာကွယ်ပေးမှာ မဟုတ်လား ...  ကျင့်ကြံဖို့ မလိုပါဘူး"

"နင် ... "

ချန်းဖန်က ခေါင်းအား ခါယမ်း လိုက်သည်။

"ငါ နင့်ကို ကာကွယ်ပေးနိုင်တယ် ဆိုပေမဲ့ သာမန် သေမျိုး တစ်ယောက်က အသက် တစ်ရာလောက်ပဲ နေနိုင်တာလေ ...  နင်သာ မကျင့်ကြံရင် နောက် နှစ်ငါးဆယ်လောက် ကြာတာနဲ့ အဘွားကြီး ဖြစ်သွားမှာ"

"အဲ့လိုလား ... "

ရှုယုံဖေး၏ မျက်နှာက ရှုံ့တွ သွားသည်။ ထို့နောက် သူမက လက်သီးအား ဆုံးဖြတ်ချက် ပြတ်သားစွာ ဆုပ်လိုက်၏။

"ကောင်းပြီ ...  ဒီနေ့က စပြီး ငါ အစ်မ အန်ရာနဲ့ အမ ဖန့်ချုံးကို အမီလိုက်တော့မယ်"

တစ်ခဏ အကြာ၌ ဖန့်ချုံးက ချန်းဖန်အား ကြည့်ရင်း မေးလိုက်၏။

"ရှောင်ဖန် ...  နင် ကမ္ဘာကနေ ထွက်တော့မှာလား"

"ဟုတ်တယ် ... "

ချန်းဖန်က ခေါင်းညိတ်ရင်း ပြန်ဖြေ လိုက်သည်။

"မကြာခင် ငါ ကမ္ဘာကနေ ထွက်တော့မယ် ...  ဒီမှာ ရှိတဲ့ ဝိညာဉ်ချီက ငါ့ရဲ့ ကျင့်ကြံခြင်း အတွက် မလုံလောက်တော့ဘူးလေ ...  ငါ ရွှေအမြုတေ အဆင့်ကို တက်ဖို့ ဆိုရင် အစစ်အမှန် ကျင့်ကြံခြင်း ဂြိုဟ်တစ်ခုကို ရှာမှပဲ ရတော့မှာ"

ထို့နောက် အရာ အားလုံးသည် တစ်ခဏမျှ တိတ်ဆိတ် သွား၏။ ရှုယုံဖေးနှင့် အားရှို့တို့မှာ သူမတို့၏ မျက်ရည်များကို အခြားလူ မမြင်စေရန် ခေါင်းငုံ့ လိုက်ကြသည်။

"နင် မာယာတွေရဲ့ စစ်သင်္ဘောကို စီးပြီး သွားမှာလား ... "

အတန်ကြာ၌ ဖန့်ချုံးက သက်ပြင်း ချရင်း မေးလိုက်သည်။

"ဟင့်အင်း ...  အဲဒါက အရမ်း ကြာတယ် ...  နောက်ပြီး ဟင်းလင်းပြင်က အရမ်း အန္တရာယ် များတယ်"

ချန်းဖန်က ခေါင်းအား ဖြည်းညင်းစွာ ခါယမ်း လိုက်သည်။

"ဒါဆို နင် ဘာနဲ့ သွားမှာလား ...  သွေး တံခါးကလား ...  ရွှေရောင်ဂိုဏ်းရဲ့ အစီအရင် ကလား"

ဖန့်ချုံးက ထပ်မံ၍ မေးလိုက်၏။

လျှို့ဝှက် နယ်မြေ တစ်ခုချင်း စီသည် ကမ္ဘာမှ ထွက်ခွာနိုင်သည့် လမ်းကြောင်း တစ်ခုစီကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း ထိုလမ်းကြောင်း တစ်ခုချင်းစီ၏ လားရာမှာ သူတို့၏ မူလ မျိုးနွယ်များ ဆီသို့သာ ဖြစ်သည်။

"စိတ်မပူပါနဲ့ ...  ငါ့မှာ အစီအစဉ် တချို့ ရှိပါတယ်"

ချန်းဖန်က တည်ငြိမ်စွာ ပြောလိုက်၏။

"နောက်ပြီးတော့ ငါ ထွက်မသွားခင် မြောက်ပိုင်းချုံးဂိုဏ်း အတွက် အရာရာကို စီစဉ်ခဲ့မှာပါ ...  နောက်ပိုင်း အစစ်အမှန် နတ်ဘုရား ဒါမှမဟုတ် ကောင်းကင် တန်ခိုးရှင်တွေ ကမ္ဘာကို ကျူးကျော် လာရင်တောင် နင်တို့ အနေနဲ့ စိတ်ပူစရာ မလိုအောင်ပေါ့"

လူတိုင်းက ခေါင်းညိတ် လိုက်ကြသည်။

နောက်ရက်များ၌ မြောက်ပိုင်းချုံး ဂိုဏ်းဝင်များသည် သူတို့၏ တိုးတက်ရေးကို ပိုမို အာရုံစိုက် လာကြသည်။ ပျင်းရိသော ရှုယုံဖေးပင်လျှင် နေ့တိုင်း အပတ်တကုပ် ကျင့်ကြံ နေခဲ့သည်။

အချိန် ယန္တရားသည် လျင်မြန်စွာပင် ဖြတ်ကျော်နေ၏။

ရုတ်တရက် "နတ်ဘုရား သင်္ချိုင်းရှိ ကောင်းကင်တံခါး နောက်တစ်ကြိမ် ပြန်လည် ပွင့်ကာ နန်ဘုရားများ လူသား ကမ္ဘာသို့ ဝင်လာတော့မည်" ဟူသော သတင်းက ကမ္ဘာသို့ ပျံ့နှံ့လာသည်။

ချန်းဖန် ကမ္ဘာမြေမှ ထွက်ခွာမည့် အချိန်မှာလည်း တဖြည်းဖြည်း နီးကပ် လာခဲ့ပြီ ဖြစ်လေသည်။

***

All Chapters