ခွန်ရှုရဲ့ ဧကရာဇ်
Vol. 9 Ch. 805
"ဟူး ... ဟူး ... "
များစွာသော လေသင်္ဘောများသည် ကောင်းကင်တွင် အုပ်စုလိုက် ပျံသန်းနေ၏။ လေသင်္ဘောများ အထက်တွင်မူ မြေကမ္ဘာ နတ်ဘုရားများမှာ ခန့်ညားစွာ မတ်တတ် ရပ်နေကြသည်။
"ဒါက သေမျိုး ကမ္ဘာလား ... တကယ့်ကို တိုးတက်နေတာပဲ"
မီးဝိညာဉ် ဧကရာဇ်က ကမ္ဘာအား အပေါ်စီးမှ ဖြန့်ကြက်ကာ ကြည့်ရင်း တအံ့တဩ ရေရွတ်လိုက်သည်။
ချီညီအမနှင့် စုပိုင်ရှင်းတို့မှာလည်း သူမတို့၏ မျက်လုံးများ ပေါက်ထွက်မတတ် ပြူးကျယ်၍ စူးစမ်း နေကြ၏။
"လူသား ကမ္ဘာက လွန်ခဲ့တဲ့ ရာစုနှစ် တစ်ခု အတွင်းမှာ တစ်ဟုန်ထိုး တိုးတက် လာခဲ့တာလေ ... ဒါပေမဲ့ ကျင့်ကြံခြင်း လမ်းစဉ်မှာတော့ မတိုးတက်တဲ့အပြင် တဖြည်းဖြည်း နိမ့်ကျလာတယ်"
လုယန်ရွယ်က အေးဆေးစွာပင် ရှင်းပြလိုက်၏။
သူမသည် ရိုးရာ သိုင်းဝတ်စုံကို ဝတ်ဆင်ထားရာ သူမ၏ အင်္ကျီလက်များမှာ လေနှင့်အတူ တဖျတ်ဖျတ် လွင့်မြောနေသည်။ သူမ၏ ရုပ်ရည်က အလွန်အမင်း လှပကာ အခြားလူများ အကြား၌ ထင်ရှားစွာ ပေါ်လွင်နေ၏။
"ကျုပ်တော့ ဝမ်ရှင်း တန်ခိုးရှင်ချန်းကို အမြန်ဆုံး တွေ့ချင်နေပြီ ... ကျုပ် ယူလာတဲ့ လက်ဆောင်ကို သူ သဘောကျပါ့မလား မသိဘူး"
ကောင်းကင်ပင်လယ် ဧကရာဇ်က စိုးရိမ်သော မျက်နှာဖြင့် ဆိုလိုက်သည်။
ထိုမြေကမ္ဘာ နတ်ဘုရားကား ခွန်ရှုနယ်မြေ အရှေ့ ကျွန်းများ၏ ဧကရာဇ် ဖြစ်သည်။ သူသည် ဂိုဏ်းကြီး ခုနစ်ဂိုဏ်း ရှင်းလင်းခံရသည့် အချိန်မှ စ၍ ချန်းဖန်ထံ၌ အညံ့ခံခဲ့ခြင်း ဖြစ်၏။
"သူ သဘောကျမှာပါ ... "
လုယန်ရွယ်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
***
"ခွန်ရှုနယ်မြေရဲ့ မြေကမ္ဘာ နတ်ဘုရား စစ်တပ်ကြီး ရောက်လာပြီ ... "
နတ်ဘုရား သင်္ချိုင်း တောင်ကြားမှ လေသင်္ဘောများ ထွက်ပေါ်လာပြီး မကြာခင်မှာပင် ကမ္ဘာပေါ်ရှိ နိုင်ငံများ၌ အချက်ပေး (alarms) သံများ ဆူညံသွားသည်။
"ဗိုလ်ချုပ်ချန်း ... ခွန်ရှု နယ်မြေရဲ့ မြေကမ္ဘာ နတ်ဘုရားတွေ ရောက်လာပြီ ... ကျုပ်တို့ သူတို့ကို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူ ... ကျေးဇူးပြုပြီး ကူညီပါဦး"
လီဝူချန်းက ချက်ချင်းပင် ဖုန်းခေါ်၍ ချန်းဖန်အား အကူအညီ တောင်းသည်။
"စိတ်မပူနဲ့ ... "
ချန်းဖန်က ထိုမျှသာ ပြော၍ ဖုန်းအား ချပစ်လိုက်၏။
"ဟူး ... ဟူး ... "
တစ်ချိန်တည်း၌ ခွန်ရှုနယ်မြေ၏ လေသင်္ဘောများသည် ကျင်းမြို့တော် ရှိရာ အရပ်သို့ ဦးတည်၍ ဖြည်းညင်းစွာ ပျံသန်းနေခဲ့၏။
လမ်းတစ်လျှောက်ရှိ မြို့များ၊ ရွာများတွင် နေထိုင်ကြသော လူများမှာ ကောင်းကင်၌ ပျံသန်းနေသော စစ်တပ်ကြီးကို ကြည့်ကာ အံ့ဩ ထိတ်လန့် နေကြသည်။
များစွာသော မီဒီယာများမှာမူ ထိုပုံရိပ်များအား ဖမ်းယူကာ ကမ္ဘာ တစ်ဝန်းသို့ ထုတ်လွှင့်ကြ၏။
"BBC သတင်းဌာနမှ ကြိုဆိုပါတယ် ... သိပ်မကြာခင်ကပဲ တရုတ်နိုင်ငံ ခွန်းလွန်တောင်တန်းကနေ ထူးဆန်းတဲ့ စစ်တပ်တစ်တပ် ပျံသန်း ထွက်ပေါ် လာတာကို ဒေသခံများစွာ တွေ့ရပါတယ် ... ခိုင်မာတဲ့ သတင်းရင်းမြစ်တွေ အရ ဆိုရင်တော့ အဲဒီ စစ်တပ်တပ်ဟာ လျှို့ဝှက် နယ်မြေ တစ်ခု ဖြစ်တဲ့ ခွန်ရှုနယ်မြေရဲ့ မြေကမ္ဘာ နတ်ဘုရားတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ်ကြီးလို့ သိရပါတယ် ... သူတို့ ဘာရည်ရွယ်ချက်နဲ့ ရောက်လာရတာလဲ ဆိုတာကတော့ ခုထိ မသိရသေးပါဘူး ... "
တစ်ကမ္ဘာလုံးမှာ ထိုသတင်းအား စိတ်လှုပ်ရှားစွာ စောင့်ကြည့် နေကြသည်။ သူတို့သည် နောက်တစ်ကြိမ် မာယာ စစ်ပွဲ တစ်ပွဲဖြစ်မည်ကို စိုးရိမ် နေကြ၏။
"နောက်ဆက်တွဲ ရရှိတဲ့ သတင်းတွေ အရဆို အဲဒီ စစ်တပ်ကြီးက ကျင်းမြို့ကို ဦးတည်ပြီး သွားနေတာလို့ သိရပါတယ် ... တကယ်လို့ သူတို့သာ တိုက်ခိုက်လာမယ် ဆိုရင်တော့ ခုမှ ပြန်လည် ထူထောင်နေရတဲ့ ကျွန်မတို့ ကမ္ဘာဂြိုဟ် အနေနဲ့ ခုခံနိုင်မှာ မဟုတ်ပါဘူး ... ကျွန်မတို့ ဘက်မှာ မျှော်လင့်စရာဆိုလို့ ဝမ်ရှင်း တန်ခိုးရှင်ချန်းပဲ ရှိပါတယ် ... ဒါပေမဲ့ သူက အခုထိတော့ ပေါ်လာခြင်း မရှိသေးပါဘူး"
ချောမောသော အစီအစဉ် တင်ဆက်သူ မိန်းကလေးက ဆက်လက် ကြေညာ၏။
"ဝမ်ရှင်း တန်ခိုးရှင်ချန်းက ဘာလို့ ပေါ်မလာသေးတာလဲ ... သူ ဒဏ်ရာများ ရနေတာလား"
"ဝမ်ရှင်း တန်ခိုးရှင်ချန်း မပါပဲ ရန်သူတွေကို ငါတို့ ဘယ်လို တားနိုင်မှာလဲ ... "
မရေမတွက်နိုင်သော လူများမှာ ကြောက်လန့် နေကြ၏။ သူတို့ကား ကမ္ဘာ၌သာ နေကြသူများ ဖြစ်ရာ ချန်းဖန် ခွန်ရှုနယ်မြေ၌ လုပ်ဆောင်ခဲ့သည်များအား သိရှိထားခြင်း မရှိချေ။
"ဒီနတ်ဘုရားတွေက ဝမ်ရှင်း တန်ခိုးရှင်ချန်း နောက်ကို လိုက်ကြတာများလား ... ငါကြားဖူးသလောက်ဆို ဝမ်ရှင်း တန်ခိုးရှင်ချန်းက ခွန်ရှုနယ်မြေမှာ သုံးနှစ်သွားပြီး နေဖူးတယ်တဲ့ ... သူ အဲဒီနေရာမှာ ပြဿနာတွေများ တက်လာတာလား"
နောက်ဆုံး၌ ...
အားလုံး၏ စောင့်ကြည့်မှုများ အောက်တွင်ပင် ခွန်ရှုတပ်ဖွဲ့သည် မြောက်ပိုင်းချုံးတောင်သို့ ရောက်ရှိ လာခဲ့သည်။
သန်းချီသော ကျင်းမြို့တော်သားများသည် အပေါ်သို့ မော့ကြည့်ကြရာ ကောင်းကင်ကို ဖုံးလွှမ်းနေသည့် လေသင်္ဘောများကို မြင်တွေ့ ကြရ၏။
"တစ် ... "
"နှစ် ... "
" ... "
"တစ်ရာ့ ခုနစ် ... "
လက်ချိုး ရေတွက်ပြီးနောက မရေမတွက်နိုင်သော လူများမှာ ဆွံ့အ သွားကြ၏။ ကလေးငယ်များ၊ မိန်းကလေးများ ဆိုလျှင် ကြောက်လန့်မှုကြောင့် ငိုယို၍ပင် နေကြသည်။
"ဝမ်ရှင်းတန်ခိုးရှင်ချန်း အဆင်ပြေပါ့ မလား ... "
တန့်မိသားစု ခြံဝန်း အတွင်း၌ တန့်ရီဖေးက ကောင်းကင်သို့ ကြည့်ရင်း ရေရွတ်လိုက်၏။
"ဝမ်ရှင်းတန်ခိုးရှင်ချန်းက ပြိုင်ဘက်ကင်း မာယာ စစ်တက်ကိုတောင် အနိုင်ယူခဲ့တာ ... ဒီတပ်ဖွဲ့လောက်က သူ့အတွက် ဘာမှ မဟုတ်ဘူး"
တန့်ယွင်ချန်းက ယုံကြည်ချက် ရှိစွာ ပြောလိုက်သည်။
"ဟူး ... ဟူး ... "
လေရူးများသည် ဦးတည်ရာ မရှိ တိုက်ခိုက် နေ၏။ သို့သော်လည်း ခွန်ရှု စစ်တပ်မှာမူ မြောက်ပိုင်းချုံးတောင်သို့ အတိအကျ ဦးတည်နေကြသည်။
"ဝှစ် ... "
ရုတ်တရက် မြောက်ပိုင်းချုံး နန်းတော်မှ အလင်းတန်း တစ်ခု ကောင်းကင်သို့ ထိုးတက် သွား၏။ ထိုအလင်းက ခွန်ရှုတပ်ဖွဲ့၏ အရှေ့သို့ ရောက်သည်နှင့် အနက်ရောင်ဝတ် လူငယ် တစ်ယောက် အသွင်သို့ ပြောင်းလဲသည်။ ထိုလူငယ်ကား ချန်းဖန်ပင် ဖြစ်သည်။
"နှုတ်ဆက်ပါတယ် ... ဝမ်ရှင်း တန်ခိုးရှင် ... "
ချန်းဖန်အား မြင်သည်နှင့် များစွာသော မြေကမ္ဘာ နတ်ဘုရားများစွာက ဒူးထောက်ချကာ နှုတ်ဆက် လိုက်ကြ၏။
"ခွန်ရှုနယ်မြေရဲ့ ဧကရာဇ် ထာဝရ တည်တံ့ပါစေ ... "
ထိုမြင်ကွင်းအား ကြည့်ရင်း ကမ္ဘာ တစ်ဝန်းရှိ လူများမှာ ဆွံ့အ သွားကြ၏။ ထိုအရာက သူတို့ ထင်မှတ်ထားသော အရာနှင့် လုံးဝ ကွာခြားနေခဲ့သည် မဟုတ်ပါလား။
***