စိတ်လှုပ်ရှားစရာသတင်း! နည်းနည်းထူးခြားတဲ့ဆင်!
Vol. 67 Ch. 992
ရုံးခန်းထဲ၌_
ချင်လင်ကသူ့ဂိမ်းဇာတ်ကောင်အား နေ့စဉ်တာဝန်များအပြီးသတ်စေပြီး ဂိမ်းထဲမှအာရုံပြန်ရုတ်လိုက်သည်။ ထို့နောက် သူ့ဖုန်းထုတ်ပြီး ဒီနေ့ဗီဒီယိုသတင်းအတိုများကြည့်သည်။
သတင်းကြည့်ခြင်းက ကမ္ဘာကြီးအကြောင်း၊နောက်ဆုံးပေါ်အရေးကိစ္စများအကြောင်းသိဖို့ အကောင်းဆုံးနည်းဖြစ်ပြီး ကမ္ဘာကြီးနှင့်အဆက်အသွယ်ရှိစေသည်။
သတင်းခဏကြည့်ပြီးနောက် သတင်းကြီးနှစ်ပုဒ်ကို ချင်လင်တွေ့သည်။
တစ်ခုက ပြည်တွင်းတတိယမြောက်လေယာဉ်တင်သင်္ဘောရွက်လွှင့်ပြီဖြစ်သည်။
နောက်တစ်ခုက ပြည်တွင်းမှအာကာသစူးစမ်းရှာဖွေရေးဒုံးပျံကို လွှင့်တင်ရန်ပြင်ဆင်ပြီးပြီဟုသိရသည်။
ပထမသတင်းက စိတ်လှုပ်ရှားစရာကောင်းသည်။ ဒါပြည်တွင်းအင်အားကို ကိုယ်စားပြုသည်။
ဒုတိယသတင်းက သူနဲ့သက်ဆိုင်နေသည်။
အာကာသစူးစမ်းရှာဖွေရေးဒုံးပျံကို တော်ဝင်ပညာရှင်ကျူးတို့အဖွဲ့လုပ်ထားသောကြောင့်ပင်။
အာကာသစူးစမ်းရှာဖွေရေးဒုံးပျံမှာ အာကာသထဲလူသားတို့ဝင်ရောက်နိုင်ရန် အခြေခံအကျဆုံးသယ်ယူပို့ဆောင်ရေးနည်းပညာဖြစ်သည်။
လူသားတို့မှာ လကမ္ဘာပေါ်အောင်မြင်စွာခြေချနိုင်ပြီဖြစ်ပြီး အာကာသထဲတွင် အာကာသဝတ်စုံနှင့် ယာဉ်မှူးများက ဓာတ်ပုံတောင်ရိုက်နိုင်ပြီဖြစ်သည်။
သို့သော် တကယ့်အာကာသ သို့မဟုတ် ဂြိုဟ်တစ်ခုနှင့်တစ်ခုကြားတောင် အလှမ်းကွာနေသေးသည်။
အာကာသစူးစမ်းရှာဖွေရေးဒုံးပျံနည်းပညာမရှိဘဲ အာကာသခေတ်၊ဂြိုဟ်ခေတ်ဆိုတာတွေ မဖြစ်နိုင်။ ဘာပဲဖြစ်ဖြစ် အာကာသထဲ စူးစမ်းရှာဖွေနိုင်မည်တောင်မဟုတ်ပေ။
တော်ဝင်ပညာရှင်ကျူးတို့ရဲ့သုတေသနက ဒါတွေအားလုံးကိုဖြစ်နိုင်စေခဲ့ပြီ။ သူတို့ရဲ့ဒုံးပျံနည်းပညာက အနောက်တိုင်းကိုပထမဆုံးအကြိမ်ကျော်တက်နိုင်ခြင်းလည်းဖြစ်သည်။
ဒီသတင်းကပိုပြီး စိတ်လှုပ်ရှားစရာကောင်းသည်။
ဘာပဲဖြစ်ဖြစ် ဒီလိုနည်းပညာအဆင့်မှာ အနောက်နိုင်ငံတွေကိုပထမဆုံးအကြိမ်ကျော်တက်နိုင်ခဲ့ပြီ။
ချင်လင်က သတင်းဗီဒီယိုအောက်မှဂုဏ်ယူစိတ်လှုပ်ရှားနေသောမှတ်ချက်များကိုကြည့်ပြီး ပြုံးလိုက်သည်။
သူတို့က အရှေ့တိုင်းရဲ့နဂါးကြီး။ သူတို့ပျံပြီဆိုတာနဲ့ ဘယ်သူမှမကျော်နိုင်။
နဂါးကြီးက အားလုံးကိုအမြင့်ကကြည့်တော့မည်။
ချင်လင်က သူလုပ်စရာရှိသည်ကိုသတိရပြီး ရန်သုံ့ကိုဖုန်းဆက်လိုက်သည်_
"ဆင်ထိန်းခေါ်တာ ဘယ်လိုလဲ?''
လီဖေးအဆက်အသွယ်နဲ့ဆင်ပေါက်ကရောက်ပြီ။ ဆင်ပျော်နဲ့လဲပြီးရင် ချင်းလင်မွေးမြူရေးခြံမှာ ဆင်မွေးဖို့ပြင်ဆင်ရတော့မည်။
အရင်ဆုံး ဆင်ထိန်းခေါ်ထားရမည်။
ရန်သုံ့ကအစီရင်ခံ၏_
"သူဌေး... တစ်ယောက်ပဲရပါသေးတယ်... ပြည်တွင်းဆင်စျေးကွက်ကသေးတော့ ဆင်ထိန်းနည်းနည်းပဲရှိပါတယ်... ဆင်ထိန်းကောင်းကောင်းရှာဖို့ခက်တယ်... ဒီတစ်ယောက်ကို သဲမြို့တော်ကဆွဲခေါ်ထားတာ... အချိန်ကျရင် မွေးမြူရေးခြံတွေကနေ နှစ်ယောက်လောက်ထပ်ခေါ်ပြီး လေ့ကျင့်ပေးလို့ရပါတယ်''
ချင်လင်လည်း နားလည်သည်။ တရုတ်ပြည်မှာ ဆင်စျေးကွက်မရှိသလောက်ဖြစ်သည်။ အထူးသဖြင့် ကုန်းတွင်းပိုင်းကျသောမြို့တော်များပင်။ ဆင်များကို ပန်းခြံကြီးများတွင်သာတွေ့နိုင်သည်။
တကယ်တော့ လက်တွေ့မှာ ၉၀% သောလူများက ဆင်ကိုလုံးဝမမြင်ဖူးကြပေ။
နှစ်ရက်ကြာပြီးနောက်_
လီဖေးက ချင်လင်ကိုဖုန်းထပ်ဆက်သည်။ ဆင်ပေါက်တစ်သုတ်ရောက်တော့မည်ဟုအသိပေးခြင်းပင်။
သူက အပန်းဖြေစံအိမ်မှထွက်ပြီး မင်မြို့တော်သွားလိုက်သည်။ ဆင်ခြေဖုံးနေရာတွင် စောင့်ကြည့်ကင်မရာမရှိသောဂိုဒေါင်တစ်လုံးငှားသည်။ ထို့နောက် လီဖေးကိုဖုန်းဆက်ပြီးလိပ်စာပေးလိုက်သည်။
မင်မြို့တော်လေဆိပ်_
လီဖေးက အစောကြီးကတည်းကစောင့်နေသည်။ ဆင်ပေါက်ပါသောလေယာဉ်မရောက်သေးသော်လည်း သူဌေးချင်အတွက်အလုပ်လုပ်ပေးတာမပေါ့ဆရဲ။
ဆင်တွေကို များသောအားဖြင့် လေယာဉ်နှင့်တင်ပို့ကြသည်။ သယ်ယူစရိတ်နည်းနည်းများသော်လည်း ကိစ္စချောအောင် သယ်ယူစရိတ်ကိုဂရုမစိုက်အား။
ပို့ဆောင်ရေးလေယာဉ်ရောက်သောအခါ လီဖေးကိုအသိပေးလာသည်။
ဆင်ပေါက်များကို လေယာဉ်ပေါ်မှချပြီးနောက် သူစီစဉ်ထားသောပို့ဆောင်ရေးအဖွဲ့ကို ဆင်ပေါက်များတင်ခိုင်းသည်။ ထို့နောက် လေယာဉ်ကွင်းမှထွက်ကာ ဥက္ကဌချင်ပြောသောဂိုဒေါင်ဆီသွားလိုက်သည်။
ဥက္ကဌချင်က ဘာလို့ဝေးဝေးလံလံဂိုဒေါင်ကိုပို့ခိုင်းမှန်းမသိသော်လည်း ခေါင်းကြီးများမှာဘာလုပ်လုပ် အကြောင်းရင်းရှိတတ်သောကြောင့် သူအဖြေရှာစရာမလိုပေ။
သူက ဥက္ကဌချင်စိတ်ကျေနပ်အောင်လုပ်ပေးနေတာ။ စပ်စုလွန်းရင် ငြိုငြင်ခံရမည်။
လီဖေးက ပို့ဆောင်ရေးအဖွဲ့ကို ချင်လင်၏ဂိုဒေါင်ဆီအမြန်ခေါ်သွားပြီး ချင်လင်နှင့်အပြင်မှာဆုံသည်။
"ဥက္ကဌချင်!''
လီဖေးက ချင်လင်ကိုမြင်မြင်ချင်းနှုတ်ဆက်သည်_
"ဆင်ပေါက်လေးတွေက ကားပေါ်မှာပါ''
"ဆင်ပေါက်လေးတွေချပြီး ဂိုဒေါင်ထဲထည့်ခဲ့ပါ!''
ချင်လင်ခေါင်းညိမ့်လိုက်သည်။
"ကောင်းပါပြီ!''
လီဖေးက ပို့ဆောင်ရေးတာဝန်ခံကို မြန်မြန်အလုပ်စစေသည်။ သူတို့အချိန်ယူပြီး ဆင်ပေါက်လေးများကိုချကာ ဂိုဒေါင်ထဲထည့်လိုက်သည်။
ဆင်ပို့သောလူများထွက်သွားပြီးနောက် ချင်လင်က လီဖေးအား_
"သူဌေးလီ... ဒီတစ်ခါကူညီပေးတဲ့အတွက် ကျေးဇူးပါပဲ... ကျွန်တော် ရက်ပိုင်းအတွင်း ဆီးနှင်းအမဲသားနဲ့ချင်းလင်ဆန်ထပ်ရမယ်... အဲဒီကျရင် ဖုန်းဆက်လိုက်မယ်... ဒါနဲ့.. အခုတလော စံအိမ်မှာဟင်းသီးဟင်းရွက်အသစ်တွေပိုစိုက်ထားလို့ လတိုင်း ခင်ဗျားတို့ကိုပိုဖြည့်ဆည်းပေးနိုင်ပါတယ်''
"ကျေးဇူးတင်ပါတယ် ဥက္ကဌချင်... ခင်ဗျားကိုမနှောင့်ယှက်တော့ပါဘူး''
လီဖေးမျက်နှာ ဝင်းထိန်သွားသည်။
သူလုပ်နေတဲ့စီးပွားရေးအရ ဒီလိုပစ္စည်းတွေပေးရင် တခြားအရာတွေထက်ပိုပျော်ရသည်။
"ဒါဆို ခင်ဗျားအချိန်တွေမဖြုန်းတော့ပါဘူး''
ချင်လင်ကပြောသည်_
"ကျွန်တော် ရုံချန်းကလူတွေလာတာစောင့်လိုက်ဦးမယ်''
"ကောင်းပါပြီ ဥက္ကဌချင်''
လီဖေးကပြန်ပြောပြီး ချက်ချင်းထွက်လာသည်။
ဥက္ကဌချင်စကားအတိုင်း သူကအလိုက်တသိနားထောင်သည်။ ဒီအချိန်မှာ ဥက္ကဌချင်နဲ့အဖော်လုပ်ပြီးစောင့်ပေးပါမယ်ပြောလိုက်ရင် မျက်နှာချိုသွေးရာကျမည်။
ဥက္ကဌချင်ကသွားခိုင်းမှတော့ အပြင်လူတွေမသိစေချင်တာရှိလိမ့်မည်။
လီဖေးထွက်သွားပြီးနောက် ချင်လင်ကချက်ချင်းဂိုဒေါင်ထဲဝင်ပြီး တံခါးလော့ချလိုက်သည်။ အထပ်ထပ်အခါခါစစ်ဆေးပြီးမှ အကောင်ချင်းစလဲသည်။
ဒီတစ်သုတ်တွင် ဆင်ပေါက် ၇ ကောင်ပါ၍ ဆင်ပျော် ၇ ကောင်နှင့်လဲရမည်။
ချင်လင်က ဆင်ပေါက် ၇ ကောင်ကို ဂိုဒေါင်ထဲမှဂိမ်းမွေးမြူရေးခြံထဲခေါ်သွားသည်။
မွေးမြူရေးခြံတွင်ကြီးလာသောဆင်ပျော်များကိုရောင်းပြီး ဆင်ပေါက်များနှင့်အစားထိုးထားသည်။
ဆင်ပျော်နှစ်ကောင်က တခြားဆင်ပျော်များထက်သိသိသာသာပိုကြီးနေသည်။