ကင်ဆာအမြစ်ပြတ်မလား? ၂
Vol. 67 Ch. 1001
အကြောင်းရင်းက အချမ်းသာဆုံးလူဝယ်တဲ့ပစ္စည်းက သာမန်မဖြစ်နိုင်လို့ပေါ့?
သူတန်ဖိုးမြင်ထားလို့ဖြစ်ရမည်။
တော်ဝင်ပညာရှင်လီစကားကလည်း ဒီအတိုင်း။
တစ်ခုတည်းသောကွာခြားချက်မှာ သူ့လက်ဖက်ပင်ကတကယ်တန်ဖိုးရှိပြီး သူဌေးကြီးမာဝယ်သောစတော့က သူ့ပင်ကိုယ်စန်းထတာဖြစ်မည်။ နောက်ဆုံး ထိုကုမ္ပဏီကလည်း သူဌေးကြီးမာကုမ္ပဏီ၏ဌာနတစ်ခုဖြစ်သွားသည်။
ထို့နောက် ချင်လင်က အပန်းဖြေစံအိမ်ထဲတွင်နေရာရှာသည်။ လက်ဖက်ပင်သုံးပင်စိုက်ဖို့သင့်တော်တဲ့နေရာရှာရမည်။
လက်ဖက်ပင်ကြီးထွားဖို့၊အရည်အသွေးကောင်းဖို့ အလင်းရောင်ကအရေးကြီးသည်။
ဒါ အရည်အသွေးအပေါ် ကြီးကြီးမားမားသက်ရောက်မှုရှိသည်။
လက်ဖက်ပင်ကအလင်းရောင်ကြိုက်ပြီး ယင်ဓာတ်ကိုခံနိုင်ရည်ရှိသည်။ အလင်းရောင်အောက်တွင် တိုက်ရိုက်ထားလို့မရ။ အလင်းများလွန်းရင်ဖြစ်စေ၊ နည်းလွန်းရင်ဖြစ်စေ၊ လက်ဖက်ပင်က ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုမရှိနိုင်။
နောက်ဆုံး လက်ဖက်ပင်စိုက်ရန်သင့်တော်သောနေရာကို အပန်းဖြေစံအိမ်အနောက်ဘက်တွင် ချင်လင်တွေ့သည်။
ထိုနေရာက အပန်းဖြေစံအိမ်ကိုအလှပျက်စေခြင်းမရှိ။ စိုက်ပျိုးပြီးနောက် ပန်းခင်းကာလိုက်ရင် ရှုခင်းကောင်းဖြစ်လာလိမ့်မည်။
ရွှေ့ပြောင်းစိုက်ရာတွင် ချင်လင်က ယွီရွှေ့တို့ကိုလှမ်းခေါ်သည်။ ဒါမျိုးတွေကို စိုက်ပျိုးရေးဌာနကလူတွေပိုကျွမ်းသည်။
ယွီရွှေ့တို့ရောက်သောအခါ လက်ဖက်ပင်အမြစ်နှင့်မြေကြီး၏ထုထည်၊အကျယ်ကိုစတိုင်းသည်။
ထို့အပြင် အထူးမြေကြီးဖြည့်ရကောင်းမှန်းသိသောကြောင့် ထပ်ဖြည့်လိုက်သည်။ ဒီတော့မှ ကျင်းဘယ်လောက်ကြီးကြီးတူးရမလဲ သူသိမည်။
နောက်ပြီး ဒီလိုတန်ဖိုးကြီးအပင်ကိုရွှေ့စိုက်ရာတွင် တွင်းတူးခြင်းအပြင် ပတ်ပတ်လည်မြေကြီးများကလည်း အရေးကြီးသည်။
ဒီလိုသစ်ပင်မျိုးရွှေ့စိုက်ရင် အမြစ်ကျိုးတတ်သည်။ မြေကြီးထဲရွှေ့စိုက်ပြီးနောက် အမြစ်များကအမြစ်ပြန်ဆွဲမည်။
အထူးသဖြင့် ရွှေ့ပြောင်းစိုက်ရာတွင် လက်ဖက်ပင်သုံးပင်ကြားအကွာအဝေးနှင့်အမြစ်လားရာကိုလည်း လမ်းကြောင်းပေးဖို့လိုသည်။ မဟုတ်လို့ အချင်းချင်းယှက်ပြီးအပင်သေကုန်ရင် နှစ်ဘက်စလုံးအတွက်မကောင်း။
ဒါတွေအားလုံး သေချာထည့်စဉ်းစားရသည်။
ယွီရွှေ့ကအားလုံးတွက်ချက်ပြီးနောက် သူ့လူများကိုတွင်းစတူးခိုင်းသည်။
ကျင်းကြီးသုံးကျင်းဆက်တိုက်တူးပြီးနောက် ချင်လင်လည်း ချိုင့်ခွက်များကိုအထူးမြေကြီးဖြည့်ပြီး ရေလောင်းခိုင်းသည်။ ထို့နောက် ကျောက်လီယွမ်တို့အား လက်ဖက်ပင်သုံးပင်ကိုကရိန်းနှင့်မပြီး ကျင်းထဲထည့်စေသည်။
အချိန်အတော်ယူပြီး လက်ဖက်ပင်သုံးပင်စိုက်လိုက်ရသည်။
ကျောက်လီယွမ်တို့ပြန်သွားပြီးနောက် ယွီရွှေ့တို့ကလက်ဖက်ပင်ကိုဆက်ကြည့်ပြီး ပန်းခင်းအတွက်ပြင်သည်။
ချင်လင်လည်း လက်ဖက်ပင်သုံးပင်ကို ယွီရွှေ့တို့လက်ထဲအပ်လိုက်သည်။
ချင်းလင်ဓာတ်ခွဲခန်းကို လက်ဖက်ရွက်စမ်းသပ်ခိုင်းဖို့က အလောသုံးဆယ်နိုင်နေမည်။ အပင်စိုက်ပြီးပြီးချင်း ကင်ဆာကာကွယ်နိုင်တဲ့အကြောင်းစမ်းသပ်တွေ့ရှိတယ်ဆိုရင် သိသာလွန်းနေမည်။
ချင်လင်ကအပန်းဖြေစံအိမ်ထဲပြန်လာပြီး ရေအဝချိုးပစ်လိုက်သည်။ လက်ဖက်သုံးပင်တူးစဉ်က သူလည်းချွေးများစိုရွှဲပြီး ဘောင်းဘီတွေရွှံ့ပေကုန်သည်။
ချင်လင် ရေမိုးချိုး၊အဝတ်အစားလဲပြီးနောက် ရှန်လီဖုန်းဆက်လာသည်_
"ဥက္ကဌချင်... ကျွန်တော်ကိုယ်တိုင် အရေးတကြီးတင်ပြစရာရှိတယ်"
"အပန်းဖြေစံအိမ်ရုံးခန်းထဲလာခဲ့ပါ!''
ချင်လင်ကမှာလိုက်သည်။
နာရီဝက်အကြာ ရှန်လီကချင်းလင်ဓာတ်ခွဲခန်းမှအပြေးရောက်လာသည်။
"ဥက္ကဌရှန်... ဘာလို့လောနေတာလဲ?''
ချင်လင်ကမေးသည်။
"ကိုလာနှစ်မျိုးအကြောင်းပါ''
ရှန်လီကချက်ချင်းရှင်းပြသည်_
"ကျွန်တော်တို့ကိုလာသီးနဲ့ဆိုင်နေတယ်''
ကြော်ငြာထားတာကြာပြီဖြစ်သောကိုလာသီးကိုချင်လင်သတိရသည်။
ကိုလာသီးစိုက်ပျိုးချိန်တိုတောင်းသောကြောင့် ထုတ်လုပ်ခွင့်ရထားသောဖျော်ရည်ကုမ္ပဏီများမှာ မကြာမီ ကိုလာသီးပထမအသုတ်ရတော့မည်။
"ကိုလာကုမ္ပဏီနှစ်ခုဘာဖြစ်လို့လဲ?''
ချင်လင်ကစူးစမ်းမေးသည်။
ရှန်လီကရှင်းပြ၏_
"ယွမ်ချီတောလေ... ယွမ်ချီတောက အားကစားအတွက်အဓိကအားဖြည့်အချိုရည်ဖြစ်ခဲ့တာ... ဒါပေမဲ့ ချင်းလင်အားဖြည့်လက်ဖက်ရည်ဖြစ်ရပ်ကြောင့် ယွမ်ချီတောစျေးကွက်သေးသွားတယ်... အဲဒါကြောင့် သူတို့က အမြှုပ်ထတဲ့ဖျော်ရည်တွေလုပ်ဖို့ကြံကြတယ်''
"သူတို့က ကိုလာစျေးကွက်ကိုမျက်စိကျနေတာ... ပြီးတော့ အာနိသင်ကကောင်းတယ်... အဲဒါကြောင့် ယွမ်ချီတောက သူတို့အာရုံအစိုက်ခံရအောင် ကျန်းမာရေးနဲ့မသင့်တော်တဲ့ကိုလာအကြောင်း ကြော်ငြာနှစ်ခုတင်တယ်''
"အဲဒါ ကိုလာကုမ္ပဏီကြီးနှစ်ခုကိုပစ်မှတ်ထားတာပဲ... အဲလိုရန်စခံရတဲ့အတွက် ကိုလာကုမ္ပဏီကြီးနှစ်ခုကပူးပေါင်းလိုက်ပြီလို့သတင်းရတယ်... သူတို့က ယွမ်ချီတောကိုရာဇသံပြန်ပေးတယ်... တစ်နှစ်အတွင်း ယွမ်ချီတောရဲ့အမြှုပ်ထတဲ့ထုတ်ကုန်တွေအကုန်လုံး ဖျက်ဆီးပစ်မယ်တဲ့... တချို့သတင်းတွေက အင်တာနက်မှာတက်နေပြီ''
ချင်လင်မျက်မှောင်ကြုတ်လိုက်ပြီး_
"ဒီနှစ်ရက်အတွင်း ကုမ္ပဏီတွေအခြေအနေတင်းမာနေတာပဲ... အချိုရည်တွေကို သူတို့ဖျက်ဆီးချင်တိုင်းဖျက်ဆီးရအောင်... ယွမ်ချီတောကရော ဘယ်လိုတုံ့ပြန်လဲ?''
"ကျွန်တော်ရထားတဲ့လျှို့ဝှက်သတင်းအရ ယွမ်ချီတောကပိုကြမ်းမယ့်ပုံရှိတယ်... ကျွန်တော် နေရာအနှံ့ကနေ ကိုလာနှစ်မျိုးယူပြီးစမ်းခိုင်းထားတယ်''
ရှန်လီကဆက်ပြောသည်။
"ဥက္ကဌချင်... ကိုလာနှစ်မျိုးမှာ ကင်ဆာဖြစ်စေတဲ့ဓာတ်တွေအလွန်အမင်းပါနေတာ ဒါပထမဆုံးမဟုတ်မှန်း ခင်ဗျားလည်းသိမှာပါ... ဖော်ထုတ်ခံရတိုင်း ပြဿနာကိုလက်သိပ်ထိုး.. အချိန်ဆွဲ.. ပြီးရင် ဆယ်လီတွေနဲ့ကြော်ငြာတော့တာ... ကင်ဆာဖြစ်စေတဲ့ဓာတ်တွေများနေတာကို ဆယ်လီတွေနာမည်အသုံးချပြီးဖုံးပစ်တာ''
"ဒီတော့ 'ခွေးမြီးကောက် ကျည်တောက်စွပ်'ပေါ့။ ကိုလာကုမ္ပဏီနှစ်ခုမှာ သေချာပေါက်တွေ့လိမ့်မယ်... ဘာပဲဖြစ်ဖြစ် သူများအမြင်ကိုသူတို့ကဂရုမစိုက်ဘူး... သူတို့ပိုက်ဆံရဖို့ပဲသိတယ်''
"နှစ်ဖက်ကြားစစ်ပွဲက တစ်လနှစ်လအတွင်းဖြစ်တော့မယ်... သူတို့ကြားမှာ ကျွန်တော်တို့ကိုလာသီးကအမြတ်ထုတ်ဖို့အချိန်ကောင်းပဲ''
"ယွမ်ချီတောက ဖော်ထုတ်တာနဲ့ အားလုံးကကိုလာကိုကြောက်သွားမယ်... အဲဒီအချိန်မှာ အာဟာရဖြစ်ပြီးဘေးဥပဒ်ကင်းတဲ့ အစားထိုးစရာတစ်ခုထွက်လာရင်ရော?''
ရှန်လီရဲ့ရည်ရွယ်ချက်ကို ချင်လင်တန်းသဘောပေါက်သည်။ ဒီကိစ္စကို ရှန်လီလက်ထဲအပ်ပြီး အကြံပြုချက်ရေးခိုင်းလိုက်သည်။ သူလည်း အင်တာနက်ပေါ်မှာလိုက်ရှာကြည့်သည်။
အမှန်ပင်။ ကိုလာကုမ္ပဏီနှစ်ခုက ယွမ်ချီတောအမြှုပ်ဖျော်ရည်များကိုပပျောက်သွားအောင်ကြိုးစားနေသည်။ ချင်းလင်ဆန်နာမည်ကြီးနေသောကြောင့် သတင်းကတက်မလာခြင်းသာ။