အံ့ဖွယ်ချိုပဲ့နှင့်ဆန်းကြယ်အရည်အသွေး! ၂
Vol. 67 Ch. 1004
နောက်ထပ်စိတ်ကူးယဉ်ဆန်ဆန်ပစ္စည်းဖြစ်မည်။ စိုက်ပျိုးမွေးမြူရေးခြံပုံပြင်က စိတ်ကူးယဉ်ဂိမ်းမျိုးဖြစ်သော်လည်း ဒီပစ္စည်းကအံ့ဩစရာကောင်းလွန်းသည်။
ဘယ်တိရစ္ဆာန်ချိုမလို့ ဒါမျိုးအစွမ်းရှိတာလဲ?
ချင်လင်တွေးတောနေစဉ် အသိပေးစာပေါ်လာပြန်သည်။
(အံ့ဖွယ်ချိုပဲ့နှင့်ချိတ်ဆက်ပြီး အသုံးပြုလိုပါသလား?)
နောက်ထပ်ချိတ်ဆက်ရမယ့်ပစ္စည်းတစ်ခု။ သူများတွေမသုံးနိုင်အောင်ကန့်သတ်ထားခြင်းလည်းဖြစ်သည်။
ချင်လင်က ချိတ်ဆက်မည်ကိုတန်းရွေးလိုက်ရာ အသိပေးစာထပ်ပေါ်လာသည်:
(အံ့ဖွယ်ချိုပဲ့နှင့်ချိတ်ဆက်နေပါသည်...
အံ့ဖွယ်ချိုပဲ့နှင့်ချိတ်ဆက်ပြီးပါပြီ...
အခု အံ့ဖွယ်ချိုပဲ့ကိုအသုံးချနိုင်ပါပြီ!)
စနစ်အသိပေးစာပေါ်လာပြီးနောက် အံ့ဖွယ်ချိုပဲ့ကထူးဆန်းကြောင်း ချင်လင်ချက်ချင်းသတိထားမိသည်။ အလွန်ထူးဆန်းသောခံစားချက်ပင်။
သူကအံ့ဖွယ်ချိုပဲ့ကို ပါးစပ်ထဲထည့်မှုတ်ရန်ပြင်မှ အဆုတ်အားကောင်းရန်လိုကြောင်းသတိထားမိသည်။ ဟွန်းမှုတ်သည်ထင်အဆပေါင်းများစွာပိုခက်သည်။
ဒီအခြေအနေနဲ့ ချိတ်ဆက်ရတဲ့ရည်ရွယ်ချက်ကဘာလဲ? ချိတ်ဆက်မထားရင်တောင် ဘယ်သူမှမှုတ်နိုင်မှာမဟုတ်။
သူကစွမ်းအားပင်အသီးနှစ်လုံးစားထား၍ သက်လုံအားကောင်းသောကြောင့် အဆုတ်အားကောင်းနေခြင်းဖြစ်သည်။ အံ့ဖွယ်ချိုကို သူအသာလေးမှုတ်နိုင်သည်။
အံ့ဖွယ်ချိုအသံက ဟွန်းလိုမကျယ်ဘဲ နည်းနည်းပြတ်တောင်းတောင်းနှင့် နားထောင်ကောင်းသည်။
ချင်လင်က စမ်းကြည့်ချင်လာသည်။ အတွေးနှင့် ဂိမ်းထဲမှထွက်ကာ အထူးသမုဒ္ဒရာကြည့်ကျောက်နှင့်အံ့ဖွယ်ချိုပဲ့ကို ဂိမ်းထဲမှထုတ်လာ၏။
ငါးပြတိုက်မှူးလင်းရွှမ်ကိုဖုန်းဆက်ပြီး အထူးသမုဒ္ဒရာကြည့်ကျောက် လာယူခိုင်းမည်။
လင်းရွှမ်က ငါးပြတိုက်တာဝန်ခံအဖြစ် အလုပ်ကောင်းကောင်းလုပ်နိုင်သည်။
အခု ငါးပြတိုက်က ရေနေတိစ္ဆာန်များအလှပြရုံသက်သက်မဟုတ်တော့။ ကွိုင်ငါး၏ဒင်္ဂါးနှင့် ဝင်ငွေအများကြီးရနေသည်။
နောက်တစ်ခုက အလှမွေးငါးမွေးမြူရေးပင်။ ငါးပြတိုက်မှအလှမွေးငါးအမျိုးမျိုးရောင်းချပေးနေပြီး ဝင်ငွေလည်းအရမ်းကောင်းသည်။
မကြာမီ လင်းရွှမ် အပန်းဖြေစံအိမ်ရောက်လာသည်။
တကယ်တော့ သူမ အပန်းဖြေစံအိမ်လာခဲသည်။ ခါတိုင်း စံအိမ်ငါးပြတိုက်တွင်ဖြစ်ပျက်သမျှကို သူဌေးကတော်ကိုသာတင်ပြလေ့ရှိသည်။
အခု သူဌေးကညွှန်ကြား၍ အပန်းဖြေစံအိမ်ချက်ချင်းလာပြီး ချင်လင်နှင့်လာတွေ့ခြင်းဖြစ်သည်။
"ဥက္ကဌချင်... သမုဒ္ဒရာကြည့်ကျောက်ရော?''
လင်းရွှမ်က စူးစမ်းမေးသည်။
သူမစိတ်ထဲတွင် သူဌေးယူလာမည့်ကျောက်က လုံးဝသာမန်ဖြစ်မည်မထင်။
"ဒီမှာ!''
ချင်လင်လည်း အထူးသမုဒ္ဒရာကြည့်ကျောက်ကိုထုတ်လိုက်သည်။
"သူဌေး... ဒီသမုဒ္ဒရာကြည့်ကျောက်က အရမ်းလှတာပဲ!''
လင်းရွှမ်က သမုဒ္ဒရာကြည့်ကျောက်ကိုမြင်ပြီး နည်းနည်းအံ့ဩသွားသည်။ ဘာပဲဖြစ်ဖြစ် အဆင်းလှခြင်း +၂ ရှိ၍ သေချာပေါက်အာရုံအစိုက်ခံရမည်။
"ကြည့်ကောင်းလို့ ဝယ်လာတာပဲ''
ချင်လင်ကလျှောက်ပြောပြီး လင်းရွှမ်ကိုအထူးသမုဒ္ဒရာကြည့်ကျောက်ပေးလိုက်သည်။
လင်းရွှမ်လည်း ကျောက်တုံးယူရန်ညွှန်ကြားပြီး မကြာမီ ကျောက်တုံးကငါးပြတိုက်ရောက်လာသည်။ ထို့နောက် ရေငုပ်ဝန်ထမ်းအား မြင်သာသောနေရာတွင်ကျောက်တုံးထားခိုင်းလိုက်သည်။
ဘာပဲဖြစ်ဖြစ် သူဌေးကိုယ်တိုင်ဝယ်လာပြီး တကယ်လှနေသည်။ ဒီတော့ သူတို့တန်ဖိုးထားမှန်းသူဌေးသိအောင် မြင်သာသောနေရာတွင်ထားမည်။
သို့ရာတွင် သမုဒ္ဒရာကြည့်ကျောက်ကိုရေထဲထားပြီးနောက် ငါးများကကျောက်တုံးဆီကူးခတ်လာကြောင်း လင်းရွှမ်သတိထားမိသည်။
ငါးများအားလုံးစုဝေးပြီး အလွန်စိတ်လှုပ်ရှားနေသလို ဖျတ်ဖျတ်လတ်လတ်ကူးခတ်လာကြ၏။
အထူးသဖြင့် ငါးများကတပြိုင်တည်းကူးခတ်လာပြီး ဝိုင်းကြီးပတ်ပတ်တောင်လှည့်နေကြသည်။
ထိုမြင်ကွင်းက အလွန်ခမ်းနားပြီးကြည့်ကောင်းသည်။
“???”
လင်းရွှမ်ကထူးထူးခြားခြားခံစားမိသည်။
ဒီငါးတွေကလည်း သမုဒ္ဒရာကြည့်ကျောက်ကို လှမှန်း၊တန်ဖိုးထားရမှန်းသိသားပဲ။
……
တစ်ဖက်တွင် ချင်လင်လည်း ရုံးခန်းထဲမှထွက်လာသည်။ အပန်းဖြေစံအိမ်ဝါးတောထဲအရောက်တွင် ဝမ်ချိုင်နှင့်မွေးနီဆော့နေသည်ကိုတွေ့သည်။
ဝမ်ချိုင်က ဉာဏ်မရှိလိုက်တာ။ ဝါးတောထဲမှာ မွေးနီနဲ့ရန်ဖြစ်ရတယ်လို့။ ကျီစားခံနေရသလိုပဲမလား?
ရှဉ့်တွေက သူတို့ရဲ့အိမ်ကွင်းဝါးတောထဲမှာပတ်ပြေးနိုင်တယ်။ မင်းဆိုတဲ့ခွေးက သစ်ပင်တောင်မတက်တတ်ဘဲနဲ့။ ဘာလုပ်ချင်နေတာလဲ?
ထို့ကြောင့် ရှောင်ရွှယ်က အသာလေးပွဲကြည့်နေသည်။
ချင်လင်က ချိုပဲ့ကိုကိုင်ပြီးမှုတ်လိုက်သည်။ ချိုပဲ့အသံထွက်လာပြီး သူ့စိတ်ထဲမှကောင်လေးသုံးကောင်ကိုလှမ်းခေါ်လိုက်သည်။
တချိန်တည်းလိုလို ဝမ်ချိုင်နှင့်မွေးနီကအဆော့ရပ်ပြီး ချင်လင်ကိုကြည့်လိုက်ကြသည်။ နောက်ခဏတွင် ကောင်လေးနှစ်ကောင်ကရှောင်ရွှယ်နှင့်အတူပြေးလာပြီး သူ့ရှေ့ငုတ်တုတ်ထိုင်ကြသည်။
သူတို့သုံးကောင်ကိုကြည့်ပြီး ချင်လင်ဘာအမိန့်ပေးရမှန်းမသိ။ ခဏစဉ်းစားကြည့်ပြီးနောက် အံ့ဖွယ်ချိုပဲ့ကိုမှုတ်ကာ ဝမ်ချိုင်ကိုခြေထောက်မြှောက်ပြီးသေးပန်းရန် သူ့စိတ်ထဲမှအမိန့်ပေးလိုက်သည်။
"ဝု ဝု ဝု!''
ဝမ်ချိုင်က အမိန့်ရပုံနှင့်ခေါင်းထောင်ကြည့်ပြီး 'တကယ်ပန်းစေချင်တာလား?'ဟုမေးနေသလို သူ့ကိုတအံ့တဩကြည့်လာသည်။
ခွေးအကြည့်ကြောင့် ချင်လင်ကြောင်သွားသည်။ သူကအမြင်ရိုင်းသည်ဟုတွေးမိပြီး အံ့ဖွယ်ချိုပဲ့ကိုထပ်မှုတ်ကာ မွေးနီအားဝမ်ချိုင်ကိုရိုက်ခိုင်းလိုက်သည်။ ရှောင်ရွှယ်ပါ ဝမ်ချိုင်ကိုရိုက်ခိုင်းသော်လည်း ဝမ်ချိုင်ကိုမလှုပ်ခိုင်း။
“ဝု ဝု ဝု!”
ကောင်လေးကစိုးရိမ်စိတ်နှင့် ချင်လင်ကိုစပြီးအာခံသည်။
“ကျွိ!”
မွေးနီက လုံးဝတုံ့ဆိုင်းမနေ။ ဝမ်ချိုင်ခေါင်းပေါ်ခုန်တက်ပြီး သူ့လက်သည်များနှင့်ကုတ်ခြစ်သည်။
ဝမ်ချိုင်ကစိုးရိမ်စိတ်နှင့် ချင်လင်ကိုဆက်ပြီးစိုက်ကြည့်နေသည်။ သူ့သခင်က သူ့ကိုမလှုပ်ခိုင်း။
ထိုအချိန်တွင် ရှောင်ရွှယ်ကလည်းရှေ့တိုးလာပြီး ဝမ်ချိုင်ကိုခေါင်းနှင့်တိုက်သည်။ သူပါဝင်ရိုက်ပေမဲ့ ဘယ်လောက်စိတ်ထိခိုက်လဲ ဘယ်သူမှမသိပါပေါ့။
ဝမ်ချိုင်ကစက်ဆုပ်ပုံနှင့်တွန်းလိုက်ရာ မြေပေါ်လဲကျသွားသည်။
ရှောင်ရွှယ်ကတစ်ပတ်လည်ပြီး ဒေါသထွက်ပုံပေါက်သွား၏။ ဝမ်ချိုင်ကိုအူပြီး သူ့ရှေ့လက်သည်းများထောင်ပြသည်။
“ဝု ဝု!”
ဝမ်ချိုင်မြင်လျှင် ချက်ချင်းခေါင်းငုံ့ချကာ နှစ်ခါဟောင်သည်။
ရှောင်ရွှယ်ကျေနပ်သွားပုံရသည်။ သူ့လက်သည်းများကိုပြန်ရုတ်ကာ ပြေးလာပြန်၏။ ဝမ်ချိုင်ကိုခေါင်းနှင့်ဆက်တိုက်ပြီး ရိုက်ပွဲတွင်ဝင်ပါသည်။
ရှောင်ရွှယ်အားမပါပုံကို ချင်လင်ကကြည့်နေသည်။ ဒီမြေခွေးက သူ့သခင်ကိုအကန်းများမှတ်နေလား?
သူတို့ကိုစမ်းသပ်ပြီး ချင်လင်ကအပန်းဖြေစံအိမ်အပြင်ထွက်လာသည်။ သူတို့ကဉာဏ်ကောင်းလွန်းနေ၍ ဉာဏ်ရည်နိမ့်တိရစ္ဆာန်များကိုရှာပြီးစမ်းသပ်ရမည်။
ချင်လင်ထွက်လာပြီးနောက် ဒေါသတကြီးခွေးဟောင်သံကိုကြားရလေသည်။
အပန်းဖြေစံအိမ်ထဲတွင် မွေးနီကဝါးတောထဲပြေးပြီး ဝါးပင်ပေါ်တက်သွားသည်။
ဝမ်ချိုင်က မွေးနီပြေးတက်သောဝါးပင်ကိုသဲကြီးမဲကြီးလိုက်ပြီး ပြင်းပြင်းထန်ထန်လှုပ်ရမ်းပစ်သည်။
မွေးနီက ချင်လင်ထွက်သွားရာဘက်လှမ်းပြီး 'သခင်လုပ်ခိုင်းတာလေ... ဒီလိုထွက်သွားလို့မရဘူး'ဟုပြောနေသလိုလို လှမ်းအော်သည်။
ရှောင်ရွှယ်က ဘေးမှာငုတ်တုတ်ထိုင်ပြီး ငြိမ်လျက်သားကြည့်နေသည်။
ချင်လင်ကအပန်းဖြေစံအိမ်အပြင်ထွက်ကာ စံအိမ်ဘက်သွားသည်။ ရေပေါ်တံတားရှုခင်းအတွင်းလမ်းမှ ဘဲခြံထဲသွားလိုက်သည်။
ရေပေါ်တံတားရှုခင်းကြည့်အတွင်းပိုင်းနေရာကို ခြံစည်းရိုးကာထားသောကြောင့် ခရီးသည်များမဝင်နိုင်။ နောက်ပြီး အလှအပဘဲများပြေးမထွက်အောင် ခြံစည်းရိုးမြင့်မြင့်ကာထားသည်။
ချင်လင်ဝင်လာသောအခါ ရန်သုံ့လည်းရှိနေသည်။ သူ့လူများကိုဘဲဥသယ်ရန်ညွှန်ကြားပြီး သူကအလှအပဘဲအကောင်ဆက်ဖောက်နေ၏။
ဘဲခြံမှာ ရန်သုံ့ဘဲအကောင်ဖောက်တာ ပထမဆုံးမဟုတ်၍ အဆင့်ကျလာသည်။ အရည်အသွေး ၂ ဘဲဥကိုအကောင်ဖောက်လျှင် အရည်အသွေး ၁ ဖြစ်ပြီး အရည်အသွေး ၁ က သာမန်ဖြစ်သွားသည်။
သို့သော် ခြွင်းချက်အနေနှင့် မူလအရည်အသွေးကိုထိန်းထားနိုင်သည်လည်းရှိသည်။
အရည်အသွေး ၁ ဘဲဥက အရည်အသွေး ၁ အလှအပဘဲပေါက်သည်။ ရက်ပိုင်းကြာလျှင် အရည်အသွေး ၁ အလှအပဘဲနှင့်သာမန်အလှအပဘဲက အရွယ်အစားချင်းကွာပြီး ခွဲရလွယ်သည်။
ဒီတွက်ဆချက်အရ အရည်အသွေး ၂ အလှအပဘဲဥကလည်း ကံကောင်းရင် အရည်အသွေး ၂ အလှအပဘဲပေါက်နိုင်သည်။
အရည်အသွေး ၁ အလှအပဘဲမှပေါက်လာသော သာမန်အလှအပဘဲများကို အရည်အသွေး ၁ နှင့် ၂ ဘဲများလိုမွေးမြူခြင်းမရှိ။ သီးသန့်ခွဲထားပြီး စံအိမ်မှာသာမန်အလှအပဥရောင်းချရန်၊ အွန်လိုင်းမှာရောင်းရန် အမြောက်အများမွေးရသည်။
ဒီသာမန်အလှအပဥကလည်း အခုအရမ်းနာမည်ကြီးနေသည်။
ခြံထဲတွင် အရည်အသွေး ၁ အလှအပဘဲများစွာလည်းရှိပြီး ဘဲစားမှော်ပင်များကြား အုပ်စုလိုက်ကူးခတ်နေသောမြင်ကွင်းက အလွန်လှသည်။
ရန်သုံ့မှာ ဘဲခြံမှရောက်လာပြီး အစကတည်းကဘဲမွေးမြူရေးကိုတာဝန်ခံထားသည်။ ဘဲခြံကို သူအတော်အာရုံစိုက်ရသည်။ ဘဲအကောင်ဖောက်တိုင်း သူကိုယ်တိုင်ကြီးကြပ်ရသည်။
အခုသူက မွေးမြူရေးဌာနမန်နေဂျာဆိုရင်တောင် အလှအပဘဲမွေးမြူရေးမှာပြဿနာရှိလာရင် သူနှင့်ဆိုင်သလိုခံစားရသည်။
သူကဘဲဥများကို သားဖောက်ခန်းထဲသွားထားခိုင်းပြီး ပြန်လှည့်ထွက်လာရာ ချင်လင်ကိုတွေ့သည်။ သူဌေးလာသောကြောင့် သွားနှုတ်ဆက်မည်အပြုတွင် သူဌေးကရုတ်တရက် ဘဲစားမှော်ပင်များနားတွင် ထူးထူးဆန်းဆန်းချိုတစ်ခုကိုထမှုတ်သည်။
ရန်သုံ့နည်းနည်းဇဝေဇဝါဖြစ်သွားသည်။ သူဌေးဘာလုပ်နေတာလဲ?
သို့သော် နောက်ခဏတွင် သူအံ့ဩပြီးပါးစပ်အဟောင်းသားဖြစ်သွားသည်။ ဘဲစားမှော်ပင်များထဲမှဘဲအားလုံး တုံ့ခနဲရပ်သွားလေသည်။
ထိုအချိန်တွင် ရေပေါ်တံတားရှုခင်းရောက်နေသောခရီးသည်များလည်း တစ်ခုခုမူမမှန်ကြောင်းသတိထားမိသည်။ သူတို့ရှေ့ တဂတ်တဂတ်အော်နေသောဘဲများက ရုတ်တရက်ရပ်ပြီး တစ်နေရာတည်းဦးတည်သွားကြသည်။
ဒီမြင်ကွင်းက ထူးဆန်းလိုက်တာ။
နောက်ဆက်ဖြစ်သောမြင်ကွင်းကြောင့် အားလုံးပိုအံ့ဩသွားသည်။ ဘဲများကတောင်ပံတဖျတ်ဖျတ်ခတ်ပြီး တစ်နေရာကိုစုပျံသွားကြ၏။ အဖြူရောင်စစ်တပ်ကြီးနှင့်တောင်တူသည်။