ကမ္ဘာမှ ထွက်ခွာခြင်း
Vol. 9 Ch. 807
"ဝမ်ရှင်း တန်ခိုးရှင်ချန်း ... ခင်ဗျားမှာ အင်အားကြီး နောက်ခံ တစ်ခု ရှိတယ် ဆိုတာ ကျုပ်သိတယ် ... ဒါပေမဲ့ ထျန်းဟောင်ဂြိုဟ်ကို လုံးဝ မထင်မသေးမိစေနဲ့"
"အဲဒီနေရာက အင်အားကြီး ဂိုဏ်းတွေ မိသားစုတွေ အများကြီး ရှိတဲ့ အစစ်အမှန် ကျင့်ကြံခြင်း ဂြိုဟ် တစ်ခုပဲ ... တစ်ခါက ကျုပ်တို့ ကမ္ဘာကို ကောင်းကင် လမ်းကြောင်းက ကျင့်ကြံသူ တစ်ယောက် ရောက်လာခဲ့ ဖူးတယ် ... သူက ရွှေအမြုတေ အဆင့်ပဲ ရှိသေးပေမဲ့ အစစ်အမှန် နတ်ဘုရားတွေ ကောင်းကင် တန်ခိုးရှင်တွေ အားလုံးကို အနိုင်ယူ နိုင်ခဲ့တယ် ... နောက်ဆုံးမှာ ကောင်းကင် အရှင်တွေ ကပဲ သူ့ကို တားနိုင်ခဲ့တယ်"
"အဲဒီ ကျင့်ကြံသူရဲ့ နာမည်က တိရှီတဲ့ ... သူက ထျန်းဟောင်ဂြိုဟ်ရဲ့ ဂိုဏ်းကြီး တစ်ဂိုဏ်းက လာခဲ့တာ ... ကျုပ် ကြားတာကတော့ သူ့မှာ အဆင့်မြင့် ရွှေအမြုတေ ရှိတယ်တဲ့ ... ဒါကြောင့် မလို့ပဲ သူက အဆင့်တူတွေထက် အများကြီး ပိုအစွမ်းထက် နေတာ ... ဒါတောင် တိရှီက ထျန်းဟောက်ဂြိုဟ်ရဲ့ အစွမ်း အထက်ဆုံးလူ မဟုတ်သေးဘူး"
"အရှေ့ဂြိုဟ်ရဲ့ အစွမ်း အထက်ဆုံး ကျင့်ကြံသူတွေက သူတို့ကို သူတို့ သက်သေပြဖို့ ထျန်းဟောင်ဂြိုဟ်ကို သွားဖူး ကြတယ် ... ဒါပေမဲ့ အမြဲတမ်း ရှုံးပြီး ပြန်လာခဲ့ရတာချည်းပဲ ... အဲဒီ ဂြိုဟ်မှာက အစွမ်းထက် ကျင့်ကြံသူတွေ ပေါလွန်းတယ် ... ကောင်းကင် အရှင် တစ်ယောက်တောင် အဲဒီဂြိုဟ်ကို မအုပ်စိုးနိုင်ဘူး"
ရတနာ ဝိညာဉ်က ရှည်လျားစွာ ပြောလိုက်သည်။
"သိပြီ ... "
ချန်းဖန်က ခေါင်းညိတ် လိုက်၏။
"နောက်ပြီးတော့ ... ဝမ်ရှင်း တန်ခိုးရှင် အချိန် ရခဲ့မယ် ဆိုရင် ကျုပ်ရဲ့ သခင် ကောင်းကင် ညီမျှခြင်းရဲ့ သတင်းကိုလည်း စုံစမ်း ပေးပါဦး ... "
ရတနာဝိညာဉ်က အားနာစွာ တောင်းဆို လိုက်သည်။
ကမ္ဘာဂြိုဟ်၌ သူ၏ သခင်ကောင်းကင် ညီမျှခြင်းကို ခြိမ်းခြောက်နိုင်သူ မရှိသော်လည်း ထျန်းဟောင်ဂြိုဟ်မှာမူ လုံးဝ ခြားနား၏။
ထိုနေရာ၌ ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်များပင် တည်ရှိရာ အခြေတည် ဝိညာဉ် အဆင့် တစ်ယောက်မှာ ပြိုင်ဘက်ကင်း မဖြစ်နိုင်ချေ။
"ရပါတယ် ... ငါ ရောက်တာနဲ့ မေးကြည့် လိုက်ပါ့မယ်"
ချန်းဖန်က ခေါင်းညိတ် လိုက်သည်။
မည်သို့ပင် ဆိုစေ ကောင်းကင် ညီမျှခြင်းနှင့် သူနှစ်ယောက်စလုံးမှာ ကမ္ဘာဂြိုဟ်မှ ဖြစ်ရာ အခြားဂြိုဟ်တစ်ခု၌ တစ်ယောက်ကို တစ်ယောက် ကြည့်ရှု စောင့်ရှောက်ရန် လိုအပ်ပေသည်။
ထျန်းဟောင်ဂြိုဟ်၏ ဂိုဏ်းကြီးများ၊ မိသားစုများအတွက်မူ ချန်းဖန်သည် ဂရုစိုက်ခြင်း မရှိချေ။
"ငါ့မှာ ထိပ်တန်း ကျင့်စဉ်တွေ နတ်ဘုရား စွမ်းအားတွေ အများကြီး ရှိတယ် ... ငါ့ရဲ့ အတိတ်ဘဝက တန်ခိုးရှင် ဂိုဏ်းတွေ၊ ကျင့်ကြံသူတွေနဲ့ ယှဉ်ရင် ထျန်းဟောင်ဂြိုဟ် ဆိုတာက ဘာမှ မဟုတ်ဘူး"
ချန်းဖန်က ယုံကြည်ချက် ရှိစွာ ဆိုလိုက်သည်။
အတိတ်ဘဝ၌ သူသည် သာမန် သေမျိုး တစ်ယောက် ဘဝမှ မြောက်ပိုင်းကောင်းကင် အရှင်သခင် အဆင့်ထိ တက်လှမ်းနိုင်ခဲ့သည်။ ယခုဘဝတွင်မူ သူကား သာမန် သေမျိုး တစ်ယောက် မဟုတ်တော့ချေ။ မြောက်ပိုင်းကောင်းကင် အရှင်သခင်၏ မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားသူ ဖြစ်နေပြီ ဖြစ်သည်။
သူ၏ ကျင့်ကြံမှု နှေးကွေးရသည့် အကြောင်းရင်းမှာ ကမ္ဘာ၏ ကျင့်ကြံခြင်း ရင်းမြစ် အလွန်အမင်း ရှားပါးမှုကြောင့် ဖြစ်သည်။ သို့တိုင်အောင် သူသည် အမြုတေ ဖွဲ့စည်းခြင်း အဆင့်ကို ဆယ်နှစ် အတွင်း တက်လှမ်းနိုင်ခဲ့သည်။
ရတနာ ဝိညာဉ်ထံမှ ထျန်းဟောင်ဂြိုဟ် အကြောင်း အချက်အလက်များ မေးမြန်းပြီးနောက် ချန်းဖန်သည် သူ၏ ခရီးစဉ် အတွက် စတင်ကာ ပြင်ဆင်၏။
နှစ်ဘဝ အသက်ရှင်ခဲ့သော ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ချန်းဖန်သည် မည်သည့် အခါမျှ ယုံကြည်ချက် မရှိပဲ တစ်ဇွတ်ထိုး လုပ်ဆောင်ခြင်း မရှိခဲ့ချေ။ သူ၏ လှုပ်ရှားမှုတိုင်းမှာ ဖြစ်တန်စွမ်း ရှိသည့် အရာများ ပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်သည်။ သို့သော်လည်း ယခု တစ်ကြိမ်မှာမူ အခြား အရာများနှင့် ခြားနားပြီး မည်သည့် အရာများ ကြုံတွေ့ရနိုင်ကြောင်း မခန့်မှန်း နိုင်ချေ။ သို့ဖြစ်ရာ သူ့အနေဖြင့် ကောင်းစွာ ပြင်ဆင်ထားရမည် ဖြစ်သည်။
ပထမဆုံး အနေဖြင့် ချန်းဖန်သည် ဆေးများကို စတက်ကာ စုဆောင်း၏။
ခွန်ရှုနယ်မြေမှ ရတနာဆေးများ၊ နတ်မိစ္ဆာများ၏ သွေးများ၊ ခန္ဓာများမှာ ဆေးများ ပြုလုပ်ရန် အတွက် အလွန် အဖိုးတန်သော အရာများ ဖြစ်သည်။
"မူလအဆင့်တွေရဲ့ အမတေတွေနဲ့ ဝိညာဉ် ဆေးပင်တွေနဲ့ ပေါင်းပြီး ငါ သွေးဆေးလုံးတွေ ဖော်စပ်လို့ ရတယ်"
ချန်းဖန်သည် မြောက်ပိုင်းချုံး ခန်းမ အတွင်း၌ တင်ပျဉ်ချိတ်၍ ထိုင်နေကာ သုံးချောင်းထောက် ဆေးအိုးက သူ၏ အရှေ့၌ လွင့်မြောနေ၏။
"ဟူး ... ဟူး ... "
ထိုအရာက ယွင်ထျန်း နန်းတော်၏ ရတနာ တစ်ခု ဖြစ်ကာ ဒဏ္ဍာရီများ အရ ဆိုလျှင် ထိုဆေးအိုးအား အရှင် ကောင်းကင် ညီမျှခြင်း ကိုယ်တိုင်က သွန်းလုပ်ခဲ့သည်။ သို့သော်လည်း ထိုဒဏ္ဍာရီ မှန်၊ မမှန်ကို ချန်းဖန်သည် စိတ်မဝင်စားချေ။
"ဟူး ... ဟူး ... "
ချန်းဖန်၏ မျက်လုံးမှ ရွှေရောင် လီမီးတောက်၊ ကိုင်လင် မီးတောက်နှင့် သွေးမီးတောက်တို့ ထွက်ပေါ်လာကာ သုံးချောင်းထောက် ဆေးအိုးအား အပူပေး၏။ သူ ပြုလုပ်နေသည့် ဆေးများမှာ အဆင့်မြင့် ရတနာဆေးများ ဖြစ်ပြီး သာမန် လူတစ်ယောက်ကို မူလ အဆင့်အထိ ရောက်အောင် မြှင့်တင် ပေးနိုင်သည် အထိ အစွမ်းထက်သည်။
"ကမ္ဘာပေါ်မှာ နတ်မိစ္ဆာတွေ အများကြီး ပေါ်လာတာ ကံကောင်းတာပဲ ... မဟုတ်ရင် ဒီဆေးတွေကို ငါ ဖော်စပ်နိုင်မှာ မဟုတ်ဘူး"
ချန်းဖန်က ဝိညာဉ် ဆေးပင်များ၊ မူလ အမတေများ အားလုံးကို ဆေးအိုး အတွင်း ပစ်ထည့်ရင်း မီးတောက် သုံးခု၏ အပူရှိန်အား ထပ်မံ မြှင့်လိုက်၏။
"ဘုန်း ... ဘုန်း ... ဘုန်း ... "
ဆေးအိုးဖွင့်လှစ်သည့် နေ့၌ ကျင်းမြို့တော်၏ ကောင်းတစ် တစ်ခုလုံးသည် မိုးကြိုး ပင်လယ်ဖြင့် ဖုံးအုပ်ကာ မြောက်ပိုင်းချုံး ရှိရာသို့ မိုးကြိုးများ အဆက်မပြတ် ပစ်ခတ်ခဲ့၏။ သို့သော်လည်း ကျင်းမြို့တော်သူ၊ မြို့တော်သားများမှာ ထူးဆန်းသော အရာများစွာကို ကြုံတွေ့ခဲ့ပြီးဖြစ်ရာ ကြောက်ရွံ့ခြင်း မရှိကြတော့ချေ။
"ဆရာ ... အဲဒါက သွေးဆေးလုံးတွေ မဟုတ်လား ... "
အားရှို့နှင့် အခြားလူများမှာ ဆေးအိုးဘေးတွင် စုစည်းနေကြ၏။
"ဟူး ... ဟူး ... "
ဆေးအိုး အတွင်းတွင်မူ သွေးရောင် ဆေးလုံး သုံးဆယ့်ခြောက်လုံး ရှိနေခဲ့သည်။ ထိုအရာများမှ ထွက်ပေါ်နေသော ရနံ့များက အခန်း တစ်ခုလုံးတွင် မွှေးပျံ့စွာ ပြည့်နှက် နေခဲ့၏။
"အင်း ... ငါ တစ်ဝက်လောက်ပဲ ယူပြီး ကျန်တဲ့ တစ်ဝက်ကို မြောက်ပိုင်းချုံး အတွက် ချန်ထား ပေးခဲ့မှာ ... မင်းတို့ အန္တရာယ် ကြုံတဲ့ အခါ ဖြစ်ဖြစ်၊ မြောက်ပိုင်းချုံး တိုက်ခိုက်ခံရတဲ့ အခါ ဖြစ်ဖြစ် ... ဒီဆေးတွေကို သုံးပြီး အဆင့်တက် နိုင်တယ် ... ဒါပေမဲ့ မလိုအပ်ပဲ မသုံးကြနဲ့ ... ငါ မင်းတို့ကို ကိုယ်ပိုင် အစွမ်း အစနဲ့ မူလ အဆင့် ရောက်တာ မြင်ချင်တယ်"
ချန်းဖန်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"ကောင်းပါပြီ ... "
အခြားလူများက လိုက်နာစွာဖြင့် ခေါင်းညိတ်ကြ၏။
နောက်ရက်များ အတွင်း၌ ချန်းဖန်သည် သူ၏ တပည့်များကို ကျင့်ကြံခြင်း ကျင့်စဉ်များ၊ ဓမ္မ အစီအရင် များကို သင်ကြားပေး နေခဲ့သည်။
တပည့်များမှာလည်း ချန်းဖန်တွင် အချိန် မရှိကြောင်း နားလည် ကြရာ သေချာစွာ လိုက်လံ သင်ယူ ကြသည်။ အလုပ်များသော ဝမ်ရှောက်ယွင်နှင့် ဖန့်ချုံးတို့ပင် ကျင့်ကြံခြင်း အပေါ်၌ အပြည့်အဝ အာရုံစိုက် နေကြ၏။
ထို့နောက် ...
ချန်းဖန်သည် ချူကျိုးမြို့သို့ သွား၍ ကျန်းတန့်ချင်၊ ရန်ရှောက်ပိုင် တို့နှင့် တွေ့ဆုံသည်။
ရန်ရှောင်ပိုင်သည် ကလေး နှစ်ယောက်ပင် ရနေခဲ့ပြီ ဖြစ်သည်။ သူ၏ သားကလေးမှာ ချစ်စဖွယ် ကောင်းပြီး သူ၏ သမီးလေးမှာမူ ယဉ်ကျေး သိမ်မွေ့သည်။
ကျန်းတန်ချင်မှာလည်း အစစ အရာရာ အဆင်ပြေ နေခဲ့သည်။ သူသည် ချန်းဖန်၏ သူငယ်ချင်း ဖြစ်ကြောင်း လူတိုင်း သိရှိကြရာ မည်သူကမျှ သူ့အား မလေးမစားပင် မလုပ်ရဲ ကြချေ။
ထို့နောက် ချန်းဖန်သည် အန်တီထန်ကို သွားရောက်၍ တွေ့ဆုံသည်။
သူမတို့ မိသားစုသည် ချန်းဖန် လက်ဆောင်ပေးထားသည့် ယွင်ဝူတောင်ထိပ် အိမ်ရာရှိ အကောင်းဆုံး စံအိမ်တွင် နေထိုင် နေကြခြင်း ဖြစ်သည်။
"ရှောင်ဖန် ... ဘယ်လို ရောက်လာတာလဲ ... လာ အိမ်ပေါ်တက်"
အန်တီထန်က ချန်းဖန်အား အံ့ဩ ဝမ်းသာစွာ ကြိုဆိုသည်။ ကျန်းဟိုင်ရှန်းမှာ အနည်းငယ် ရှက်ရွံ့နေသော်လည်း ချန်းဖန်အား ဦးညွှတ်ကာ အရိုအသေ ပြုသည်။
"ဆယ်နှစ်တောင် ကြာခဲ့ပြီပဲ ... သား အန်တီအိမ်ကို ပထမဆုံး ရောက်တုန်းက ဆယ့်ခုနစ်နှစ်ပဲ ရှိသေးတာ ... အခုတော့ တစ်ကမ္ဘာလုံး ဦးညွှတ်ရတဲ့ ဝမ်ရှင်း တန်ခိုးရှင် ဖြစ်နေခဲ့ပြီ"
အန်တီထန်က ပြောလိုက်သည်။
"ဘယ်လို အခြေအနေတွေ ပြောင်းပြောင်း ကျွန်တော်က အန်တီထန်ရဲ့ ရှောင်ဖန်ပါပဲ"
ချန်းဖန်က ပြုံးရင်း ဆိုလိုက်၏။
"ဒါနဲ့ အန်တီထန် ... ကျန်းချူရန် တစ်ယောက်ရော မတွေ့ပါလား ... "
အန်တီထန်၏ စကား အရ ဆိုလျှင် ကျန်းချူရန်သည် လွန်ခဲ့သည့် နှစ်များ အတွင်း၌ ကျော်ကြားသော တောင်များ၊ မြစ်များသို့ လည်ပတ်ကာ တာအိုပညာကို လေ့လာနေခဲ့သည်ဟု ဆိုသည်။ လတ်တလော၌ သူမသည် ချင်တောင်တန်းတွင် ရှိနေခဲ့သည်။
"သူက လုံးဝကို ပြောင်းလဲ သွားတာပဲ"
ချန်းဖန်က အသိအမှတ်ပြုဟန် ခေါင်းတစ်ချက် ညိတ်လိုက်၏။
ထို့နောက် သူက အန်တီထန် အတွက် အဆင့်မြင့် ဝိညာဉ် ဆေးပုလင်း တစ်ခု ပေးကာ ပြန်လည် ထွက်ခွာ လာခဲ့သည်။ အန်တီထန်သည် ထိုဆေး၏ အကူအညီဖြင့် နောင်နှစ်ရာခန့် တိုး၍ နေရပေလိမ့်မည် ဖြစ်သည်။
ထို့နောက် ...
ချန်းဖန်သည် ကမ္ဘာတစ်ခုလုံးသို့ လှည့်ပတ် သွားလာ၏။
ပထမဆုံး သူသည် သမုဒ္ဒရာ မြို့တော်သို့ သွားရောက်ကာ ရေမိစ္ဆာဂိုဏ်းကို တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲ၌ ချန်းဖန်သည် လွယ်ကူစွာပင် ရေမိစ္ဆာဂိုဏ်း ခေါင်းဆောင်ကို သတ်ဖြတ်ကာ အခြားသော ရေမိစ္ဆာများကို အညံ့ခံသေခဲ့၏။
ထို့နောက် သူသည် နတ်ဆိုး လိုဏ်ဂူသို့ သွားရောက်ကာ လက်ကျန် မူလ အဆင့် နတ်ဆိုး တစ်ဆယ့် ခုနစ်ကောင်ကို ရှင်းလင်းပစ်ခဲ့သည်။
ထိုကိစ္စများ ပြီးဆုံးသည်နှင့် ချန်းဖန်သည် မြောက်ပိုင်းချုံး နန်းတော်သို့ ပြန်ကာ သူ၏ မိသားစုဝင်များနှင့် အတူ အချိန်ဖြုန်းသည်။ ထိုကာလကား သူ ပြန်လည် မွေးဖွားပြီးနောက် အပျော်ရွှင်ရဆုံး အခိုက်အတန့်များ ဖြစ်သည်။ သူသည် မည်သည့် အရာကိုမျှ စိုးရိမ်စရာ မလိုခဲ့သလို မည်သည့် အရာကိုမျှလည်း တွေးတောစရာ မလိုခဲ့ချေ။
သူသည် နေ့စဉ်နေ့တိုင်း သာမန်လူ တစ်ယောက် ကဲ့သို့ပင် ခရီးသွားခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ စားသောက်ခြင်း အမှုများကို ပြုသည်။ ထိုအတောအတွင်း၌ ချန်းဖန်၏ စိတ်သည် တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာကာ အရာရာမှာ မူလ အခြေအနေသို့ ပြန်လည် ရောက်ရှိ လာခဲ့သည်။
သုံးလကြာပြီးနောက် ...
ခွန်ရှုနယ်မြေ၊ ကောင်းကင်မြို့တော်ရှိ နေရာ ကူးပြောင်းရေး အစီအရင် နံဘေး၌ များစွာသော လူများ စုစည်း နေကြသည်။ သူတို့ကား ခွန်ရှုနယ်မြေမှ မြေကမ္ဘာ နတ်ဘုရားများနှင့် မြောက်ပိုင်းချုံးမှ တပည့်များ ဖြစ်ကြသည်။ ဝမ်ရှောက်ယွင်နှင့် ချန်းကောရှင်းတို့သည် လူအုပ်၏ ရှေ့ဆုံး၌ တည်ငြိမ်စွာပင် ရပ်နေခဲ့၏။
အားရှို့၊ ရှို့အာနှင့် အခြား မိန်းကလေး တပည့်များမှာ မျက်ရည် မဆည်နိုင်အောင် ဖြစ်နေကြသည်။ ဖန့်ချုံးနှင့် အန်ရာတို့မှာမူ အတတ်နိုင်ဆုံး အားတင်းကာ ချန်းဖန်အား ပြုံးပြနေခဲ့၏။
"ဒီခရီးက အန္တရာယ်များတယ် ... ဂရုစိုက် သား ... "
ချန်းကောရှင်းက ချန်းဖန်၏ ပုခုံးအား ပုတ်လိုက်သည်။
"စိတ်မပူပါနဲ့ အဖေ ... ကျွန်တော် ရွှေအမြုတေ အဆင့်ကို ရောက်ပြီး မကြာခင် ပြန်လာခဲ့မှာပါ"
ချန်းဖန်က ပြုံးရင်း ပြန်လည် ပြောလိုက်၏။
ထို့နောက် သူသည် မိသားစုဝင်များနှင့် မိတ်ဆွေ တပည့် တစ်ယောက်ချင်းစီအား ပွေ့ဖက်ကာ နှုတ်ဆက်လိုက်သည်။
"မကြာခင် ပြန်တွေ့ကြမယ်"
အားလုံးကို လက်ဝှေ့ယမ်း ပြပြီးနောက် ချန်းဖန်သည် နေရာ ကူးပြောင်းရေး အစီအရင် အတွင်းသို့ ဝင်ရောက် လိုက်၏။
သူ၏ ထျန်းဟောင်ဂြိုဟ်သို့ ခရီးစဉ်ကား စတင်ခဲ့ချေပြီ ဖြစ်လေသည်။
***