ဒီတိုင်းသက်တောင့်သက်သာလှဲနေရုံနဲ့ အနိုင်ရသွားတယ်
Vol. 18 Ch. 237
“ကျန်းနန်တက္ကသိုလ်ကလူတွေ နေမကောင်းဘူးလား။ငါတို့မှာ ဆေးအဖွဲ့အသင့်ရှိပါတယ်။ တစ်ခုခုအရေးပေါ်ဖြစ်ခဲ့ရင် ပြိုင်ပွဲအချိန်ကို ညှိလို့ရတယ်”
ကျောင်းသားများက ကျန်းမာရေးကိစ္စတစ်စုံတစ်ရာဖြစ်တာများလားဟု ပွဲစီစဉ်သူတွေက စိုးရိမ်ကြသည်။
ထို့ကြောင့် ပြိုင်ပွဲကိုချက်ချင်းမစရဲပေ။
“ရပါတယ် အေးဆေးပြိုင်ကြပါ။ ငါတို့ဒီအတိုင်းခဏအိပ်မလို့ပါ။ ဒီမနက် အစောကြီးထလာရလို့ ပင်ပန်းနေလို့ပါ။ ဒီတိုင်းလှဲနေပြီးတော့ အနိုင်ယူဖို့ ပြင်ထားတာပါ”
“ဘာ ငါတို့နားကြားများမှားတာလား။ သူက လှဲနေပြီး အနိုင်ယူမယ်လို့ပြောလိုက်တာလား”
“လုချောင်က သူတို့ကျောင်းမှာအတော်ဆုံးမဟုတ်လား။ သူကဘာလို့ ဝင်မကစားဘဲ ဖန့်ကြွယ်ယွီကိုပဲ ကစားခိုင်းတာလဲ”
“မင်းတို့နောက်နေကြတာလား။ တစ်ယောက်နဲ့ ၅၂ ယောက် ပြိုင်ကစားဖို့ဆိုတာ တော်ရုံမလွယ်ကူနေဘူး။ ဒါကဟာသလုပ်စရာမဟုတ်ဘူး။ ဖန့်ကြွယ်ယွီကို CNလို့ထင်နေကြတာလား”
“ဟား ဟုတ်လောက်မယ်။ CNနဲ့ ဖန့်ကြွယ်ယွီက အချင်းချင်းသိကြတယ်လို့ ပြောကြတယ်။မဟုတ်လို့ရှိရင် ဒီတစ်ခေါက် ငွေကြေးအားပြိုင်မှုမှာ CNအတွက် သူ့လေယာဉ်တွေ ငှါးပါ့မလား”
“ကောင်းပြီကြည့်ကြတာပေါ့။ ဒီကောင်တွေလေကြီးတာ ဟုတ်မဟုတ်ဆိုတာ သိလာရမှာပဲ”
“မစ္စတာကျော ကလေးတွေက ဟာသ တယ်ပြောသကိုး။ ပြိုင်ပွဲအလယ်လောက်ရောက်ရင်အခုလို ပြောင်နိုင်ဦးမလားဆိုတာ ကြည့်ကြသေးတာပေါ့လေ”
“ဘယ်လိုဟာသပါလိမ့်။ သူတို့က တခြားကျောင်းက ပြိုင်ဘက်တွေကို ဘာမှမလုပ်တတ်ဘူးထင်နေကြလား”
“အဓိပ္ပါယ်မရှိတာတွေ လုပ်နေကြပြန်ပြီ”
ကျောရှန့်ခယ်က သူ့တပည့်တွေကို စိတ်ထဲမှကျိန်ဆဲသည်။ဖန့်ကြွယ်ယွီကိုအားကိုးပြီး အခုလို ပြုမူနေကြသည်။အကယ်၍ ဖန့်ကြွယ်ယွီသာ အနိုင်မတိုက်နိုင်ခဲ့လျှင် ပွဲခင်းတစ်ခုလုံးက သူတို့ကို ဝိုင်းဟားကြပေလိမ့်မည်။
အခြားတက္ကသိုလ်က ဆရာများက ဝိုင်းပြီးလှောင်ပြောင်ကြသဖြင့် ကျောရှန့်ခယ်က စိတ်တိုလာသည်။
“သူက ၅၂ယောက်မပြောနဲ့ အဲ့ထက်နှစ်ဆဆိုလည်း အသာလေးယှဉ်နိုင်တယ်ကွ”
“ကျန်းနန်တက္ကသိုလ်က ပြိုင်ပွဲဝင်အားလုံးအဆင်ပြေတယ်ဆိုလျှင် ပြိုင်ပွဲကိုစတင်ပါတော့မယ်”
“ပြိုင်ပွဲစတင်ပါပြီ”
“ပထမဆုံးရှုံးထွက်ပွဲစဉ် စတင်ယှဉ်ပြိုင်နိုင်ပါပြီ”
ဒိုင်လူကြီး၏ ကြေညာသံနှင့်အတူ LEDဘုတ်ပြားပေါ်တွင် မီးလုံးဆယ်လုံး ထွန်းလင်းလာသည်။မီးလုံးတစ်လုံးစီက စည်းတစ်စည်းကို ရည်ညွှန်းသည်။ မီးလုံးများနှင့်အတူ ရလဒ်ဇယားလည်း ထွက်ပေါ်လာသည်။
“ဟ သူတို့ကကိုယ့်ကိုကိုယ်အထင်ကြီးလှချည်လား။ သူတို့မပြောနဲ့ အရမ်းတော်ပါတယ်ဆိုတဲ့ စုမြောင်နဲ့လုရီရန် တို့တောင်မှ ၅၂ယောက်ကို မယှဉ်ပြိုင်နိုင်ဘူး”
“သူက သူ့ကိုယ်သူ CNလို့ ထင်နေတာလား”
“နှစ်ယောက်က ခံစစ်နေ။ ငါနဲ့ ရှုဆုန်းရင်က ကျန်းနန်တက္ကသိုလ်ဘက်ကို တိုက်စစ်ဆင်မယ်”
“ဟုတ်ကဲ့ပါ ခေါင်းဆောင်”
ပြိုင်ပွဲစတင်သည်နှင့် တစ်သင်းစီမှ ပြိုင်ပွဲဝင်နှစ်ဦးအား ကျန်းနန်တက္ကသိုလ်ကို တိုက်ခိုက်ရန် နေရာချသည်။
“ဖန့်ကြွယ်ယွီဘာလုပ်နေလဲဆိုတာ မြန်မြန် ကြည့်ကြဦး။ သူက ဒီလိုအချိန်မှာ ရေကိုအေးအေးဆေးဆေးသောက်နိုင်သေးတယ်။”
အစီအစဉ်တင်ဆက်သူက ထိုသို့ကြေညာသည်နှင့် သူ့ကိုကင်မရာများက အနီးကပ်ရိုက်ပြကြသည်။
“ဒင်း”
ဖန့်ကြွယ်ယွီ၏ နောက်ကမီးလုံးတစ်လုံးမှိတ်သွားသည်။ သဘောက သူတို့ဘက်က စည်းတစ်စည်းကျိုးသွားပုံရသည်။
သို့သော် ဖန့်ကြွယ်ယွီက ပျာယာမခတ်ဘဲ ရေဘူးအဖုံးကိုပြန်ပိတ်ကာ ပါးစပ်ကိုတစ်ရှုးဖြင့် သုတ်နေသည်။
“ဒင်း ဒင်း ဒင်း”
ကျန်းနန်တက္ကသိုလ်က စည်းသုံးစည်း ထပ်မံဆုံးရှုံးပြန်သည်။
“ဟား ငါပြောပါတယ်။ သူတို့က လူအထင်ကြီးခံချင်လို့ လျှောက်လုပ်နေကြတာ။ သူတို့ဘာမှမလုပ်နိုင်ကြပါဘူး။”
“မစ္စတာကျော..ခင်ဗျားတပည့် ဘာတွေလုပ်နေတာလဲ။ ခင်ဗျားပြောတော့ သူက လူဆယ်ယောက်လောက်ကို အသာလေး ယှဉ်နိုင်တာဆို”
“ဒီကောင်ဘာတွေကြံစည်နေတာလဲ”
ဖန့်ကြွယ်ယွီ ဘာတွေတွေးနေလဲဆိုတာ ကျောရှန့်ခယ် မတွေးတတ်တော့ပေ။
နောက်ဆုံးတွင် ကျန်းနန်တက္ကသိုလ်မှာ စည်းတစ်စည်းသာကျန်ခဲ့တော့သည်။ ကျန်တက္ကသိုလ်များက နှစ်စည်းသုံးစည်းသာပျက်စီးသေးသည်။
“ကဲ ဒီလောက်ဆိုရပြီ”
သူက လက်ချောင်းများကို လျင်မြန်စွာလှုပ်ရှားပြီး နောက်ဆုံးစည်းတစ်စည်း မပျက်စေရန် ကုဒ်နံပါတ်များကို ရိုက်ထည့်နေသည်။
“ဘာလဲဟ နောက်ဆုံးစည်းကို ဘာလို့ဖျက်လို့မရတာလဲ”
“သူ ဘယ်လိုခုခံနေတာလဲ”
“မင်းတို့ကစားတာတော်ပြီလေ။ ဒီတစ်ခါ ငါ့အလှည့်”
ဖန့်ကြွယ်ယွီက ချက်ချင်းဆိုသလို တန်ပြန်တိုက်စစ်ဆင်တော့သည်။
“ခေါင်းဆောင် ကျွန်တော်တို့စည်းတွေ တိုက်ခိုက်ခံနေရပြီ”
“ဘယ်သူလုပ်နေတာလဲကွ။ ငါတို့က ကျန်းနန်တက္ကသိုလ်ကို အရင်ဦးဆုံးတိုက်ခိုက်မယ်လို့ သဘောတူထားကြတာမဟုတ်လား”
“ခေါင်းဆောင် တိုက်တာက ကျန်းနန်ကျောင်းဘက်ကဖြစ်မယ်”
“ဘာ သူ့ကို ၁၃ကျောင်းပေါင်းပြီးတိုက်ခိုက်နေကြတာ။ သူက ဘယ်လိုလုပ်ပြီး တန်ပြန်တိုက်ခိုက်နိုင်တာလဲ”
“မသိဘူး။ သူ့တိုက်စစ်က အရမ်းမြန်တယ်။ ငါ့ကိုကူဖို့ တစ်ယောက်လောက် လာကြဦး”
“မရဘူး။ သူ့နည်းလမ်းက ငါတို့နဲ့မတူဘူး။ ငါတို့တိုက်ခိုက်တာထက် အဆပေါင်းရာနဲ့ချီပြီး မြန်လွန်းတယ်”
“မရဘူး။ ငါ တောင့်မခံနိုင်တော့ဘူး။ ငါ့စည်းတွေအကုန်ပေါက်သွားပြီ”
“ငါလည်း မထိန်းနိုင်တော့ဘူး”
ဖန့်ကြွယ်ယွီတန်ပြန်တိုက်ခိုက်ချိန်မှစတင်ပြီး တက္ကသိုလ် ၁၃ ခု၏ မီးလုံးများက တစ်လုံးပြီးတစ်လုံး မှိတ်သွားကြသည်။ဖန့်ကြွယ်ယွီ၏ လက်ချောင်းများက တိကျမြန်ဆန်စွာလှုပ်ရှားနေကြသည်။
“ဒင်း”
ကျီးကျန့်ကျောင်းက ပထမဆုံး ရှုံးနိမ့်ပြီး ကစားသမားများက ကွင်းအတွင်းမှ စိတ်ပျက်လက်ပျက် ထွက်သွားကြသည်။သူတို့၏ ခုခံကာကွယ်မှုက စက္ကန့်(၂၀)သာကြာသည်။
“ဟား ဆောရီး မစ္စတာကျိုး..ငါ့တပည့်ကလက်စွမ်းပြတာလွန်သွားတယ်”
ကျောရှန့်ခယ်၏ ယုံကြည်မှုက တစ်ဟုန်ထိုးမြင့်လာသည်။
မင်းတို့အားလုံးပေါင်းပြီး ကျန်းနန်တက္ကသိုလ်ကို တိုက်ခိုက်ဖို့ ကြံစည်ကြတာမလား။
အခုတော့ မင်းတို့အသံထွက်နိုင်သေးလား။
“ဟူရှီတက္ကသိုလ်ရဲ့ စည်းအားလုံး ဖျက်စီးခံရပါပြီ”
“ရှင်းဖန့်တက္ကသိုလ် ထုတ်ပယ်ခံရပြီ”
“ပေချွမ်းတက္ကသိုလ်လည်း ထွက်ရပြီ”
“ဘုရားရေ သူ့ကို လူအယောက် ၅၂ယောက်ပေါင်းပြီးတိုက်ခိုက်တာကို မနိုင်ကြဘူး။ သူ့ကို ကျောင်း ၁၃ ကျောင်းက ဝိုင်းထားတာမဟုတ်ဘဲ သူက ကျောင်း ၁၃ကျောင်းကို ဝိုင်းထားတာလား။”
“မိုက်တယ်ကွာ။ သူမလုပ်နိုင်တာဘာရှိသေးလဲ”
“ဒီလိုဆို သူ့ကို လုရီရန်နဲ့ စုမြောင်တောင် မယှဉ်နိုင်ဘူး။ တကယ့် ဆရာကြီးပါကွာ”
“သူ့ကိုကြည့်ပြီး တစ်ယောက်ယောက်ကို ပြေးမမြင်ကြဘူးလား”
“မင်းလည်းငါ့လိုတွေးတယ်မလား။ သူက CNနဲ့ တအားတူတာပဲ”
ငါးမိနစ်ကြာပြီးနောက် ကျောင်းများ၏ စည်းအကုန်ပျက်စီးကုန်သည်။ အနောက်က ပြိုင်ပွဲရလဒ်စာရင်းတွင် ဖန့်ကြွယ်ယွီက ၉၉မှတ်ရပြီး ကျန်တက္ကသိုလ်များက တစ်မှတ် နှစ်မှတ်စသဖြင့် ရရှိသည်။
ပြိုင်ပွဲရလဒ်ကြေညာသည့် ဘုတ်ပြားသည် ဂဏန်း၂လုံးကိုသာ ကြေညာနိုင်သည်။ ယခင်ပြိုင်ပွဲများတွင် မည်သည့်တက္ကသိုလ်ကမှ အမှတ် ၅၀မကျော်ပေ။
“ပွဲပြီးပါပြီ”
ကျန်းနန်တက္ကသိုလ်တစ်ခုသာ မီးလုံးတစ်လုံးလင်းပြီး ကျန်ခဲ့သည်။
ပွဲကြည့်ပရိတ်သတ်များက အိပ်ပျော်နေသော ကျန်းနန်အသင်းသားများကို ကြည့်ပြီး
“သူတို့ပြောသလိုပဲ အိပ်နေရင်းနဲ့အနိုင်ရမယ်ဆိုတာမှန်ပါ့လား”