ငါအပေါ့သွားချင်တယ်
Vol. 18 Ch. 238
“အာ ပြီးသွားပြီလား။ မြန်လိုက်တာ”
လုချောင်က ကောင်းကောင်းပင်မအိပ်ရသေးပေ။
သာမန်အခြေအနေမှာဆို ပွဲတစ်ပွဲက ပြီးဆုံးဖို့ အနည်းဆုံးတစ်နာရီကြာမြင့်သည်။ အခုပွဲက ဘယ်လောက်မှပင် မကြာလိုက်ပေ။
သူတို့သုံးဦးက ဖန့်ကြွယ်ယွီနှင့်အတူတူလက်ဝါးချင်းရိုက်ပြီး အောင်ပွဲခံနေကြသည်။ သူတို့အောင်ပွဲခံသည့် ပုံစံကိုကြည့်ပြီး တစ်ဖက်အသင်းသားများက အံကြိတ်ကာ အခဲမကြေနိုင်ဖြစ်နေကြသည်။
ကျန်းနန်တက္ကသိုလ်က အုပ်စုပထမနေရာဖြင့် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။ နှစ်မှတ်ရသော အသင်းက ဒုတိယနေရာရပြီး သူ့နောက်တွင် တစ်မှတ်ရသော အသင်းများတန်းစီနေသည်။
သူတို့လေးဦးက စင်မြင့်အလယ်တည့်တည့်ကို လျှောက်လှမ်းပြီး ပရိတ်သက်ကို ဂါဝရပြုကြသည်။
ဆက်လက်ပြီး ဒုတိယပွဲစဉ်စတင်သည်။ ပွဲကြည့်သူများက ဒုတိယပွဲစဉ်ကို စိတ်မဝင်စားဘဲ ပထမပွဲစဉ်အကြောင်းကိုသာ ပြောနေကြသည်။ပွဲကြည့်သူများအားလုံးက ဆိုက်ဘာနည်းပညာနှင့် ပတ်သက်ပြီး မစိမ်းကြပေ။ တချို့ဆို နာမည်ကိုကြားလိုက်ရုံနှင့် လူတိုင်းသိသည်အထိ နာမည်ကြီးပုဂ္ဂိုလ်များလည်း ပါဝင်သည်။
ခိုင် နှင့် ဂျို့ခ်သည် နည်းပညာလုံခြုံရေးလောကတွင် နာမည်ကြီးပုဂ္ဂိုလ်များဖြစ်ကြသည်။
နည်းပညာလောကနှင့် စိမ်းနေသူများက သူတို့ဘယ်သူလဲဆိုတာ သိချင်မှသိလိမ့်မည်။သို့သော် ဂျူလိုင်လက ကျင်းပပြီးစီးခဲ့သော ပြိုင်ပွဲတွင် သူတို့နှစ်ဦးသည် စတုတ္ထနေရာနှင့် ပဥ္စမနေရာရခဲ့ကြသည်။
“သူဘယ်လိုလုပ်သွားတာလဲ”
ခိုင်က ဖန့်ကြွယ်ယွီ၏ အကွက်များကို လိုက်မမီပေ။
ဖန့်ကြွယ်ယွီ၏ လက်လှုပ်ရှားမှုက ဆရာတစ်ဆူဖြစ်သော ခိုင်ထက် သုံးဆပိုမိုမြန်ဆန်သည်။ လူသားတို့၏ လှုပ်ရှားမှုအဆင့်တွင် အကန့်အသတ် အတိုင်းအတာရှိသည်။ သတ်မှတ်ထားသော လှုပ်ရှားမှုထက် ပိုမိုလုပ်ဆောင်ပါက ကြွက်သားများနာကျင်ခြင်းကဲသို့ခံစားမှုမျိုးဖြစ်လာသည်။
ခိုင်က တစက္ကန့်မှာငါးကြိမ်မှ ဆယ်ကြိမ် လှုပ်ရှားနိုင်သည်။ ထိုထက်ပိုပြီးလှုပ်ရှားပါက သူ့လက်မှာ ဒဏ်ဖြစ်ပြီးကျန်ခဲ့သည်။ သို့သော် ဖန့်ကြွယ်ယွီက သူ့ထက် သုံးဆပိုမိုမြန်ဆန်သော အရှိန်ဖြင့် ယှဉ်ပြိုင်ခဲ့သည်။ သူ့လက်ချောင်းက သံမဏိဖြင့် ပြုလုပ်ထားတာလား!!!
“ဒါက ..ဒါကတော့ ငါလည်းမတွေးတတ်တော့ဘူး”
လက်လှုပ်ရှားမှုနှုန်းက အညွှန်းကိန်းတစ်ခုသာဖြစ်သည်။ ထိုအလျင်နှင့်ဆို တန်ပြန်တိုက်ခိုက်ခြင်းနှင့် ခုခံခြင်းတို့အတွက် မခဲယဉ်းပေ။သို့သော် တိုက်ခိုက်မှုပမာဏနှင့် တိုက်ခိုက်မှုပစ်မှတ်အရေအတွက်က အကန့်အသတ်နှင့်ဖြစ်သည်။
ဖန့်ကြွယ်ယွီက ဆယ်မိနစ်တောင်မကြာလိုက်ဘဲ ပြိုင်ဘက်များ၏ ရာနှင့်ချီသော စည်းကို ဖျက်နိုင်ခဲ့သည်။ သူ၏ တန်ပြန်တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းမရှိကြပေ။ ထိုအရာအတွက် မည်ကဲ့သို့ဒေတာပမာဏကို လိုအပ်သနည်း။
သူက လျင်မြန်မှုနှင့် သူမတူသော ကုဒ်ရေးနိုင်စွမ်းဆိုသည့် အရည်အချင်းများကို လက်ဝယ်ပိုင်ဆိုင်ထားပေသည်။
“ဒါဆို ဒီနှစ်ပြိုင်ပွဲမှာကြည့်စရာမရှိတော့ဘူး။ စုမြောင်နဲ့ လုရီရန်က တစ်ဖွဲ့တည်းဆိုရင်တောင် သူ့ကိုမနိုင်ဘူး။ ဒီနှစ်အတွက် ချန်ပီယံဆုဖလားက ကျန်းနန်တက္ကသိုလ်ကရမှာဆိုတာ သေချာပြောရဲတယ်”
“ဟုတ်တယ် မင်းပြောတာထောက်ခံတယ်”
ခိုင်နှင့် ဂျို့ခ်တစ်သင်းထဲဖွဲ့လျှင်တောင်မှ အနိုင်ရဖို့ မဖြစ်နိုင်ပေ။
“ဒီနှစ် စင်ကာပူမှာလုပ်မဲ့ ပြိုင်ပွဲကိုရော မင်းကြည့်မှလား”
ဟု ဂျို့ခ်ကမေးသည်။
“ကြည့်ရမှာပေါ့။ဒီနှစ်မှာ တရုတ်ပြည်က ကျောင်းသားအဖွဲ့က ဆုမရဘူးတဲ့ကျိန်စာကို ပယ်ဖျက်နိုင်မလား။ သူနဲ့ ဖေးခက်မှာ ဘယ်သူက ပိုတော်လဲဆိုတာ သိချင်နေတာ”
“ဖေးခက်…”
ဖေးခက်သည် ပါရမီရှင်ကောင်မလေးတစ်ဦးဖြစ်သည်။ သူမကို ကွန်ပျူတာပါရမီရှင်ဟု သိကြသည်။ သူမ အသက် ၁၃နှစ်တွင် အမေရိကန်ရှိ ဟာတန်တက္ကသိုလ်ကို ဝင်ခွင့်ရခဲ့သည်။
ယခုအခါ သူမ၏အသက်က ၁၅နှစ်ပဲရှိသေးသည်။ နိုင်ငံအဆင့် ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲများတွင် သုံးနှစ်ဆက်တိုက်ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုများစွာရရှိထားသည်။ သူမက ပုဂ္ဂိုလ်တစ်ဦးချင်းအရဆို
သူမ၏ အဆင့်က ထိပ်နားမှာရှိသည်။
ဂျို့ခ်နှင့် ခိုင်တို့သည် သူမနှင့်ကြိမ်ဖန်များစွာဆုံဖူးကြသည်။ သူမ၏အသင်းဘက်ကို အများဆုံး လေးစည်းသာ ဖျက်နိုင်ခဲ့သည်။ သူမ၏ အစွမ်းက မလျော့သွားဘဲ တဖြည်းဖြည်းတိုးလာသည်။
“မင်းရောဘယ်လိုထင်လဲ။သူတို့နှစ်ယောက်မှာ ဘယ်သူသာတယ်လို့ထင်လဲ”
“အင်း အတိအကျပြောပြဖို့ခက်တယ်။ဒါပေမဲ့ ငါတို့ထက်တော့ သာကြတယ်။ သူတို့ချင်း ထိပ်တိုက်ဆုံကြရင်တော့ သိကြမှာပေါ့လေ။ နေ့လည်ကျ ဒုတိယရှုံးထွက်ပွဲစဉ်ရှိသေးတယ်။ ကြည့်ကြမယ်လေ”
“အင်း”
မနက်ခင်းမှာကျင်းပသည့် လေးပွဲကပြီးဆုံးခဲ့သည်။ ယန်ကျင်းနှင့် ပေကျင်းတက္ကသိုလ်တို့သည် နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်သည်။
ယနေ့ပွဲစဉ်များပြီးသည့်နောက် ၁၄သင်းကျန်ခဲ့သည်။ နေ့လည်ဘက်တွင် နောက်ထပ် ၂ပွဲကျန်သေးသည်။
မနက်ခင်းပွဲစဉ်များပြီးသည့်နောက် နောက်ပွဲတွင် ကျန်းနန်တက္ကသိုလ်နှင့် ဆုံရမည်ကို အံ့ဩနေကြသည်။
ဖန့်ကြွယ်ယွီကို ဘယ်လိုများရင်ဆိုင်ရမလဲဆိုတာ တွေးပူနေကြသည်။
ယန်ကျင်းတက္ကသိုလ်နှင့်ပေကျင်းတက္ကသိုလ်က တစ်ဖွဲ့တည်းမှာကျပြီး ရမှတ်အတူတူဖြင့် အခြား ၅သင်းနှင့် အတူတူနောက်တစ်ဆင့်ကိုတက်လှမ်းသွားသည်။
ကျန်းနန်တက္ကသိုလ်အလှည့်တွင် ဖန့်ကြွယ်ယွီတစ်ဦးတည်းသာ စင်ပေါ်တက်သွားသည်။
“ကျန်တဲ့လူတွေရော”
“မေးမနေစမ်းပါနဲ့။သူတစ်ယောက်ထဲနဲ့တင် ရပြီ။ တခြား သုံးဦး ပါပါ မပါပါ ဘာများကွာခြားလို့လဲ”
“ကျန်းနန်တက္ကသိုလ် ကျန်ကစားသမားသုံးဦးရော ဘယ်မှာလဲ”
ဟု ဒိုင်လူကြီးကမေးသည်။
“ဪ သူတို့လာမှာမဟုတ်ဘူး။ ပြိုင်ပွဲစဖို့ လေးဦးလုံးရှိနေဖို့ လိုလို့လား”
“အမ်” သူ့အဖြေကြောင့် ဒိုင်လူကြီးလည်း ဘာပြန်ပြောလို့ပြောရမှန်းမသိတော့ပေ။အမှန်တကယ်တော့ ကစားသမားလေးဦးလုံးရှိရမည်ဆိုသော စည်းမျဉ်းမရှိပေ။ ကစားသမားတစ်ဦးတည်းရှိရုံနဲ့ စတင်ယှဉ်ပြိုင်နိုင်သည်။
“တကယ်တော့ ဘာပြသနာမှ ထွေထွေထူးထူးမရှိပါဘူး။ ငါတို့က ဒီညမှာ ညစာထွက်စားကြမလို့။ဒီက ဆိုင်တွေက နာမည်ကြီးလေ။ဒါပေမဲ့ ပွဲအပြီးထိစောင့်ပြီးမှ သွားလျှင် ခုံမရမှာဆိုးလို့ သူတို့သုံးဦးက အရင်သွားပြီး ခုံသွားဦးတာပါ”
“ဘယ်လို”
“ဟား ငါသာဖန့်ကြွယ်ယွီနေရာမှာဆို လူမဆုံတာကို ရှက်ပြီး ကစားနိုင်မှာမဟုတ်ဘူး”
“သူက ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းတယ်”
“အထင်ကြီးတယ်ဟုတ်လား။ မင်းလည်းသူ့လို အစွမ်းအစရှိလာရင် မောက်မာမှာပဲ။မင်းလည်း သူ့ကိုအားကျတယ်ဆို မင်းရဲ့အစွမ်းအစတွေ ထုတ်ပြလိုက်လေ”
“ကဲပါ အဲ့တာဆိုလည်း ပြိုင်ပွဲစကြမယ်”
“ဖြောင်း ဖြောင်း ဖြောင်း”
ဖန့်ကြွယ်ယွီက အချိန်မဆွဲဘဲ တိုက်ရိုက်တိုက်ခိုက်သည်။ အဖွဲ့များက ကျန်းနန်တက္ကသိုလ်ကို တိုက်ခိုက်မည့် အစီအစဉ်ကိုစွန့်လွှတ်လိုက်ရသည်။ သူ့ကိုတိုက်ခိုက်ပါက ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်ပေလိမ့်မည်။
သူတို့က ခံစစ်ကိုစွန့်လွှတ်ပြီး ကျန်အသင်းများကိုတိုက်ခိုက်ကာ အမှတ်ယူဖို့ပဲ အစီအစဉ်ရှိတော့သည်။
“ဘယ်လိုဖြစ်တာလဲ။ မနက်ကနဲ့မတူတော့ဘဲ ပွဲစတာနဲ့ သည်းကြီးမည်းကြီး တိုက်ခိုက်နေတာပါလား”
“မသိဘူး။ သူစိတ်ဆိုးနေတာလား”
“တွီ”ဖန့်ကြွယ်ယွီက ပွဲစတင်ပြီး ၁မိနစ်နှင့် ၂၇ စက္ကန့်မှာပင် အနိုင်ရခဲ့သည်။ဒိုင်လူကြီးက ရလဒ် ကိုကြေညာပေးမည်ကို မစောင့်တော့ဘဲ ထိုင်ခုံပေါ်မှ ထသွားတော့သည်။
“ကျန်းနန် တက္ကသိုလ်ကကျောင်းသား..ပွဲရလဒ်ကို မကြေညာရသေးဘူးလေ”
“ကျွန်တော်မအောင့်နိုင်တော့ဘူး။ အပေါ့သွားချင်နေပြီ”
သူက အပေါ့သွားချင်သဖြင့် တစ်မိနစ်ကျော်အတွင်း ပြိုင်ဘက်များကို အလဲထိုးအနိုင်ယူခဲ့တာဆိုတာကို ပွဲကြည့်ပရိတ်သက်များက သိသွားကြသည်။