ဝမ်ချုံးအရိုက်ခံရတယ်
Vol. 18 Ch. 240
ပြိုင်ပွဲမှာ အနိုင်ရခဲ့တာမို့ ကျောရှန့်ခယ်သည် သူ့ကတိအတိုင်း ဖန့်ကြွယ်ယွီတို့အဖွဲ့၏စာတမ်းအတွက် အဆင့်ကောင်းကောင်း ပေးခဲ့သည်။ဖန့်ကြွယ်ယွီ၏ တက္ကသိုလ် ကျောင်းသားဘဝသည် လှလှပပလေး အဆုံးသတ်ခဲ့ပြီဖြစ်သည်။
ဖန့်ကြွယ်ယွီက နောက်နှစ်စင်ကာပူတွင် ယှဉ်ပြိုင်မည့်ပြိုင်ပွဲအတွက် ကျောင်းကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်သည်။ ကျောရှန့်ခယ်မှာ နောက်ထပ်ခေါင်းကိုက်စရာကိစ္စတစ်ခု ပေါ်လာပြန်သည်။
ဒီနှစ်မှာတော့ ဖန့်ကြွယ်ယွီကျေးဇူးဖြင့် ချန်ပီယံဖြစ်ခဲ့သော်လည်း နောက်နှစ်များအတွက် ချန်ပီယံဆုဆိုတာ မသေချာတော့ပေ။
ဖန့်ကြွယ်ယွီမရှိတော့သည်နှင့် ကျန်းနန်တက္ကသိုလ်လည်း အရင်လိုပြန်ဖြစ်တော့မည်။ သူတို့ကျောင်းသည် တဖန်ပြန်လည်ပြီး အခြားကျောင်းများ၏ ဟားတိုက်ခြင်းကို ခံရပေဦးမည်။
ကျောင်းတာဝန်ရှိသူများအကြားဆွေးနွေးပြီးနောက် ဖန့်ကြွယ်ယွီအား ကျန်းနန်တက္ကသိုလ်၏ သတင်းအချက်အလက်နည်းပညာကောလိပ်တွင် ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ်ဆက်လက်ထားရှိရန် အားလုံးသဘောတူ ဆုံးဖြတ်ခဲ့ကြသည်။
ကျောရှန့်ခယ်က သူ့ကို ဒီအကြောင်း ပြောပြသောအခါ ဖန့်ကြွယ်ယွီက သိပ်ပြီးလက်မခံချင်ပေ။
ဒီမြေခွေးအိုကြီးက သူ့ကိုကျောင်းနှင့် ချည်နှောင်ထားရန် ကြိုးပမ်းနေသည်ဟု ထင်မြင်ယူဆမိသည်။
သူက တက္ကသိုလ်ကောင်းကျိုးမသယ်ပိုးလိုသောကြောင့် မဟုတ်ပေ။ သူ့လိုအလုပ်များသောလူကို ဂုဏ်ထူးဆောင်ပါမောက္ခဟူသော ရာထူးဖြင့် ချည်နှောင်ထားတာ အဆင်မပြေပေ။
ကျောရှန့်ခယ်က သူ့ပုံစံကိုကောင်းကောင်းသိသည်။ ထို့ကြောင့် ဂုဏ်ထူးဆောင်ပါမောက္ခအနေဖြင့် အခြားကျောင်းကိစ္စများလုပ်ပေးစရာမလိုကြောင်းနှင့် နှစ်စဉ် ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲဝင်ပြိုင်မည့် ကျောင်းသားများကို လေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်း သေချာရှင်းပြသည်။
ပြန်စဉ်စားကြည့်တော့ သူသည် တစ်နှစ်ကို အတော်ဆုံးကျောင်းသားတစ်ဦးကို ရွေးချယ်ပြီး နတ်ဘုရားအကယ်ဒမီကို စေလွှတ်နိုင်ကြောင်းတွေးမိသည်။ ထိုအတိုင်းသာဆို သူ့အတွက်လည်း အကျိုးရှိနိုင်သဖြင့် ဖန့်ကြွယ်ယွီက လက်ခံလိုက်သည်။
ကျောင်းကိစ္စများမရှိတော့တာမို့ ဖန့်ကြွယ်ယွီသည် နတ်ဘုရားအကယ်ဒမီတွင် အချိန်ကုန်ဆုံးနေခဲ့သည်။
ဒီအတောအတွင်း လူအယောက်နှစ်ဆယ်ကျော်အား နတ်ဘုရားအကယ်ဒမီတွင် လေ့လာရန် စွမ်းဆောင်နိုင်ခဲ့သည်။
“ကောကျွင်းယွီ မင်းက ငါ့စက်ရုပ်ကို ခိုးမောင်းနေပြန်ပြီ။ရပ်လိုက်စမ်း။ မင်းရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်အားနဲ့ စွမ်းဆောင်ရည်တွေက စက်ရုပ်ကိုမောင်းဖို့ အဆင်သင့်မဖြစ်သေးဘူး”
“ပိုင်မန်း..မင်းအမ ပိုင်ယိုလို သေသေချာချာလေး မသင်နိုင်ဘူးလား။ သူဆို ဆေးလုံးတွေကို ဖော်စပ်နေနိုင်ပြီ။ မင်းက စာသင်လို့ကိုမပြီးသေးဘူး။ ဒီအတိုင်းဆို ကျောင်းအုပ်ကြီးနဲ့ တိုင်ပစ်မှာ”
“ချင်းယွင် မင်းကို သေချာသင်ပေးထားတာတွေ လိုက်မလုပ်ဘူးဆို ကျောင်းအုပ်ကြီးနဲ့ တိုင်မယ်”
သူ့ကျောင်းမှာ သက်ဝင်လှုပ်ရှားနေမှုများကို ကြည့်ပြီး ဖန့်ကြွယ်ယွီစိတ်ထဲ ပီတိဖြစ်မိသည်။ ကျောင်းသားဦးရေကလည်း တဖြည်းဖြည်းတိုးလာသည်။
“ရှောင်းယို မင်းဘာလို့လိုက်ပတ်ပြေးနေတာလဲ။ မင်းကောင်းကောင်းမနေဘူးဆို မင်းအမကိုတိုင်ပြောမှာ”
“အကိုကြီး သားမှားသွားပါတယ်။ နောက်ထပ်မလုပ်တော့ပါဘူး။ တောင်းပန်ပါတယ်။ မမကို မတိုင်လိုက်ပါနဲ့”
“ဆရာဘနားဂျီ ကလေးကိုအလိုမလိုက်ပါနဲ့။ လိုအပ်သလိုဆုံးမပေးပါ”ဖန့်ကြွယ်ယွီက ကောကျွင်းယွီအား ဆရာ့လက်ထဲထည့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ ကျောင်းအုပ်ကြီး။ ကောင်စုတ်လေး ကျောင်းအုပ်ကြီးပြောတာကြားတယ်နော်။ အေး မင်းငါ့ကို အိမ်စာ ပေပါဆယ်စောင်ရေးပြီးတင်လိုက်”
“ပိုင်ရှင် အခုတစ်လော ပိုင်ရှင်ရဲ့တိုးတက်မှုနှုန်းက ထင်ထားတာထက် ပိုမြန်နေတယ်။တစ်လအတွင်းမှာ ပိုင်ရှင်က လျှို့ဝှက်စွမ်းအားရှင်ဖြစ်လာတော့မယ်”
“အဲ့လိုလား။ ကြည့်ရတာ ငါ့ဘိုးဘေးတွေချန်ထားခဲ့တဲ့ ကျင့်စဉ်ကျေးဇူးကြောင့်ဖြစ်မယ်။”
ပုံမှန်အတိုင်းသာဆို လျှို့ဝှက်စွမ်းအားရှင်ဖြစ်ဖို့ အနည်းဆုံး ခြောက်လကြာသည်။ သူက သာမန်အနေအထားထက် သုံးဆပိုမြန်နေခြင်းဖြစ်သည်။
“နတ်ဘုရားအကယ်ဒမီပိုတိုးတက်လာမဲ့ နည်းလမ်းတွေရှာကြည့်ဦးမှပဲ”
“ပိုင်ရှင်…မစ္စတာဝမ်ချုံးဆီက ဖုန်းဝင်လာပါတယ်”
“ဒီကောင်က ငါ့ဆီက အမြတ်တွေအများကြီးရပြီးတော့ ပျောက်သွားလိုက်တာ ခုမှပဲ ပြန်ပေါ်လာတော့တယ်။ ခုရော ဘာအတွက်ကြောင့် ခေါ်ပြန်တာလဲ”
“ဟေး သူဌေးဝမ် ပိုက်ဆံတွေရပြီးတော့ ပျောက်ချက်သားကောင်းလှချည်လား”
“မစနဲ့ ငါ့ကောင် ဟိုးတလောကပဲ ငါ အနိုင်ကျင့်ခံရပြီး အရိုက်ခံလိုက်ရတာ”
“အရိုက်ခံလိုက်ရတယ် ဘယ်သူလုပ်တာလဲ”
“မင်း ဗီဒီယိုကောဖွင့်လိုက်”
“ဘုရားရေ ဘယ်လိုဖြစ်တာလဲ”
ဗီဒီယို ဖွင့်ဖွင့်ချင်း ဝမ်ချုံး၏ ဖူးယောင်နေသော မျက်နှာကို မြင်လိုက်ရပြီး ဘုရားတမိသည်။ ဝမ်ချုံး၏ ပုံစံကို မှတ်တောင်မမှတ်မိပေ။ သူမပြောနှင့် ဝမ်ချုံးမိခင်ကိုယ်တိုင် အခုပုံစံကို မြင်လိုက်ရပါက သူ့သားကို သိမည်မဟုတ်ပေ။
“ဟားဟားဟား”
“ရယ်နေ ရယ်နေလိုက်ကွာ။ မင်းအဲ့လိုဖြစ်မှ ငါလည်းထိုင်ရယ်ပြမယ်”
“ဟုတ်ပါပြီ မရယ်တော့ပါဘူး”
“ဘယ်လိုဖြစ်တာလဲ မိန်းမကိစ္စနဲ့ စကားများရန်ဖြစ်ကြတာလား”
“ငါက အဲ့လိုကောင်စားမျိုးမဟုတ်ဘူး။ ငါနဲ့တွဲတဲ့သူတိုင်း ချစ်လို့ကြိုက်လို့ တွဲကြတာချည်းပဲ။”
“ဟုတ်ပါပြီ ဒါဆိုဘယ်လိုဖြစ်တာလဲပြောပြဦး”
“တကယ်တော့ ငါ့အနာဂတ်ယောက္ခထီး က ရိုက်လိုက်တာ”
“ယောက္ခထီးဟုတ်လား။ မင်းလို ကောင်မလေးကိုထည်လဲတွဲနေတဲ့သူမှာ ယောက္ခထီးရှိတာလား”
သူ့မှာသာ သမီးရှိပါက ဝမ်ချုံးလို ပွေရှုပ်တဲ့ကောင်မျိုးနှင့်သဘောမတူနိုင်ပေ။
“ငါအတည်ပြောနေတာကွ။ အဲ့တာတွေကအတိတ်မှာကျန်ခဲ့ပြီ။ အခုငါ့မှာတကယ်ချစ်ရတဲ့ ကောင်မလေးရှိနေပြီ”
“ဘယ်လို…မင်းကိုအတည်ချစ်တတ်လာအောင် လုပ်နိုင်တဲ့ ကောင်မလေးကို မြင်ဖူးချင်လိုက်တာ”
လွန်ခဲ့တဲ့ ငွေကြေးအားပြိုင်မှုပြိုင်ပွဲတွင် ဝမ်ချုံးက သူ့အားပိုက်ဆံကူညီပေးခဲ့သည်။ သူ့မှာပိုက်ဆံမရှိသော်လည်း သူ့ဖခင်ဖြစ်သူ ဝမ်လင်းထံမှ ယူပေးခဲ့သည်။ထိုအချိန်တုန်းက ဝမ်လင်းတို့ကုမ္ပဏီကလည်း အခြေအနေမကောင်း ပေ။ သို့သော် ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် အမြတ်ငွေတော်တော်များများရခဲ့သဖြင့် ကုမ္ပဏီလည်းပြန်လည် ဦးမော့နိုင်ခဲ့သည်။
ထိုကာလမှာ ဝမ်ချုံးသည် စမ်းမုန့်ဟန်ဆိုသော ကောင်မလေးနှင့် ဆုံခဲ့ရသည်။အစတုန်းက စီးပွါးရေးပြိုင်ဘက် များ ဖြစ်လင့်ကစား တဖြည်းဖြည်းနှင့် တစ်ဦးပေါ်တစ်ဦး မေတ္တာသင်ဝင်လာခဲ့ကြသည်။
ဝမ်ချုံးက သူထင်ထားသလို မဆိုးသွမ်းမှန်း စမ်းမုန့်ဟန် တဖြည်းဖြည်းနားလည်သဘောပေါက်လာသည်။
စမ်းမုန့်ဟန်ကို သူအမှန်တကယ်ချစ်မြတ်နိုးကြောင်း ဝမ်ချုံး၏ ရင်ထဲမှ နက်နက်ရှိုင်းရှိုင်းသိလာရသည်။ သူတို့နှစ်ဦးသိကြတာ တစ်လပဲရှိသေးသော်လည်း တစ်ဦးပေါ်တစ်ဦးထားရှိသော ခံစားချက်များ နက်ရှိုင်းလာခဲ့သည်။
ဝမ်ချုံးလည်း ယခင်ကမှားခဲ့သော အမှားများကို ပြန်လည်ပြင်ဆင်ပြီး သူ့ကိုယ်သူအကောင်းဆုံးဖြစ်အောင် ပြန်လည်တည်ဆောက်သည်။ သူ့ကိုယ်သူ အလုပ်ထဲမှာသာ စိတ်နှစ်ထားသည်။
ဝမ်ချုံးနှင့် စမ်းမုန့်ဟန် တွဲနေကြသည်ဆိုသော သတင်းက သူမ၏ အဖေက သိသွားခဲ့သည်။စမ်းမုန့်ဟန် မိသားစုက သူတို့နှစ်ဦး၏ ဆက်ဆံရေးကို လက်မခံနိုင်ပေ။
သို့သော် ဝမ်ချုံးက မမှုဘဲ စမ်းမုန့်ဟန်ကို ဆက်တွဲခဲ့သည်။ မကြာသေးခင်က သူ့ယောက္ခထီးလွှတ်လိုက်ပုံရသော လူတစ်ယောက်က သူ့ဆီလာပြီး စမ်းမုန်ဟန်၏ အနားက ဝေးဝေးနေဖို့ပြောကာ ထိုးကြိတ်ရိုက်နှက်ခဲ့သဖြင့် ယခုလိုပုံဖြစ်သွားရသည်။
“ညီလေးဖန့် ငါဆို တိုက်ကွမ်ဒိုခါးပတ်နက်ရထားတာ။ ဂျူဂျစ်ဆုလည်း သင်ဖူးတာမို့ လူ သုံးလေးယောက် လောက်ကို အသာလေး အလဲထိုးနိုင်တယ်။ ဒါပေမဲ့ ဒီလူက ငါ့ကို တစ်ချက်ပဲထိုးသွားတာကွာ”ဟု ဝမ်ချုံးက ငိုမဲ့မဲ့လေသံဖြင့်ပြောသည်။
“ကူးရီလိုလူမျိုးနဲ့ ဆုံခဲ့ရတယ်လို့ မင်းထင်နေတာလား”