ခွေးကောင်..ငါ့ပိုက်ဆံတွေပြန်ပေးစမ်း
Vol. 18 Ch. 243
“ဟာကွာ..လမ်းကြမ်းမောင်းတဲ့ကားကြီးယူလာပါဆိုတာကိုကွာ..မင်းက ပြိုင်ကားမှ ပြိုင်ကားဖြစ်နေတာ..အခုတော့ ဘယ်လိုဒုက္ခများလဲဆိုတာ မင်းသိပြီမဟုတ်လား”
“မင်း ယောက္ခမအိမ်ကို သွားတဲ့လမ်းက ကြမ်းတယ်ဆိုတာ မင်းမှမပြောတာ။ ငါသိမယ်ဆိုရင် ပြိုင်ကားယူလာပါ့မလား”
“ငါလည်း အခုမှပထမဆုံးရောက်ဖူးတာလေကွာ။ ဘယ်လိုလုပ်သိမလဲ။ စောစောက ကြိုသိခဲ့ရင် ဟယ်လီကော်ပတာစီစဉ်ခိုင်းမှာပေါ့”
စမ်းမုန့်ဟန်က သူတို့ကိုလမ်းတစ်ဝက်မှာကြိုတင်ပြီး စောင့်ကာ လာကြိုသည်။
စမ်းမိသားစု၏ အိမ်သည် ပိုင်မိသားစုကဲ့သို့ လမ်းသင့်သည့်နေရာတွင် ရှိမည်ဟုဖန့်ကြွယ်ယွီထင်မိခဲ့သည်။ စမ်းမိသားစု၏ အိမ်သည် အမြင့်ပေ နှစ်ထောင် သုံးထောင်ကျော်မြင့်သော တောင်ပေါ် မှာ တည်ဆောက်ထားသည်။
ပြိုင်ကားမဆိုထားနှင့် လမ်းကြမ်းမောင်းသော ကားများတောင် တက်ဖို့မလွယ်ကူပေ။
“ဟား..ကိစ္စမရှိပါဘူး။ ငါက သိုင်းတတ်တော့ ဒီလောက်ကတော့ အပျော့ပဲ။ ငါတို့ရောက်တာနောက်ကျလို့ မင်းပဲဒုက္ခရောက်မှာကွ။”
“အင်း. ငါတို့အိမ်ပြန်ရောက်ရင် မင်း အိမ်မှာ သုံးလေးရက်လောက် အသားကုန်စားသောက်၊ အေးဆေးအနားယူလိုက်ဦးမယ်။ ဒီနေ့လောင်ကျွမ်းသွားတဲ့ကယ်လိုရီတွေပြန်ဖြည့်ရမယ်”
“ဟုတ်ပါပြီ အခုချိန်မှာ မင်းကောင်မလေးအိမ်ကိုအချိန်မီရောက်ဖို့ ပိုအရေးကြီးတယ်။ ငါတို့ အချိန်ဖြုန်းနေလို့ မရဘူး။ ငါလည်း ငါ့ကားကို နောက်ထပ်အဆင့်မြင့်ဖို့လိုလာပြီ။ ကမ္ဘာမြေဆွဲအားကို ဆန့်ကျင့်တဲ့စနစ်တပ်လိုက် ရမလား။ဒါမမဟုတ် နေစွမ်းအင်သုံးတဲ့ ကားအဖြစ်ပြောင်းလိုက်ရမလား။ အဲ့တာဆို အကုန်အံ့ဩကုန်ကြမှာ”
ကားကို မြေပြင်မှာပဲ မောင်းနှင်နိုင်တာက သိပ်အဆင်မပြေပေ။
“ပိုင်ရှင်သာဆန္ဒရှိမယ်ဆို ကြိုက်တဲ့စနစ်ကိုပြောင်းလို့ရတယ်။ ပိုင်ရှင်အတွက် လူတွေမမြင်နိုင်တဲ့အလွှာတစ်ခုကို ကပ်ပေးမယ်။ ငါတို့မှာ ပစ္စည်းကလည်း လုံလုံလောက်လောက်ရှိတယ်”
“ဟုတ်ပြီလေ။ ငါပြန်ရောက်တာနဲ့ ချက်ချင်း ပြင်ကြမယ်”
“ဟေး..မြန်မြန်မောင်းပါကွ။ လိပ်လို မမောင်းနေနဲ့။ မင်းယောက္ခမမွေးနေ့ကို
မမှီဘဲနေမယ်။ “
“ဒီနှစ်ယောက်ကတော့”
သူတို့နှစ်ဦးသား တစ်လမ်းလုံးရန်ဖြစ်လာတာကိုစမ်းမုန့်ဟန် မြင်ရသည်။ သူတို့ကဘယ်လောက်ပဲ စကားများနေပါစေ ခင်မင်မှုက မပျက်သွားကြပေ။
စမ်းမိသားစု၏ အိမ်က တကယ့်ကို လျှို့ဝှက်စွာတည်ဆောက်ထားသည်။
သူတို့အိမ်က တောင်ကြားအလယ်မှာတည်ရှိပြီး ဘေးပတ်ပတ်လည်မှာ လယ်ကွင်းများနှင့် ကြည်လင်သေ စမ်းချောင်းက ဝန်းရံထားသဖြင့် သာယာလှသော ကိုယ်ပိုင်ဂေဟစနစ်တစ်ခုကို ဖန်တီးထားနိုင်သည်။ စမ်းမိသားစု၏ အိမ်တော်တည်ရှိရာသည် မြို့သေးသေးလေးတစ်ခုနှင့် တူသည်။
“ဟေး..မင်းကောင်မလေးရော”
“မင်းကောင်မလေးလည်း ဖုန်လုံးထဲမှာ ပျောက်သွားပြီနေမှာ”
ဆယ်မိနစ်ကြာပြီးမှ စမ်းမုန့်ဟန်က သူတို့နှစ်ဦးကို မှီလာသည်။
“ရော့ ဒီမှာ”
ဖန့်ကြွယ်ယွီက သူ့အား ချီစွမ်းအင်အားဖြည့်ဆေးကို လှမ်းပေးသည်။ စမ်းမုန့်ဟန်လည်းထိုဆေးကို လှမ်းယူပြီး အိတ်ကပ်ထဲထည့်လိုက်သည်။ထိုဆေးလုံးသည် အတွင်းအားပိုမိုများပြားလာအောင် ကျင့်ကြံရာတွင် ပိုမိုမြန်ဆန်စေသည်
သိုင်းလောကမိသားစုများအတွက် ထိုဆေးက ရတနာတစ်ပါးဖြစ်သည်။အခွင့်ထူးခံလူတန်းစားတောင်မှ ထိုဆေးကို တစ်လ တစ်လုံး သို့ နှစ်လုံးထက် ပိုမရနိုင်ပေ။ ဖန့်ကြွယ်ယွီအတွက်သာ ထိုဆေးက သာမန်အားဖြည့်ဆေးသောက်သလို ပေါပေါများများရှိနေခြင်းဖြစ်သည်။
“ဟေး စမ်းမုန့်ဟန် ဒီဆေးက ဘာမှမဟုတ်ဘူး။ တစ်လုံးကို သောင်းဂဏန်းလောက်ပဲတန်တာ။ ဟိုဖွက်ဒီဖွက်လုပ်မနေပါနဲ့”
စမ်းမုန့်ဟန်က ထိုကဲ့သို့ အပြောခံရသဖြင့် ရှက်သွားသည်။
ဒီဆေးက သူတို့အတွက် ပေါပေါများများ ရနိုင်တယ်လို့ ဖန့်ကြွယ်ယွီထင်နေတာလား။
ဖန့်ကြွယ်ယွီက နောက်ထပ်ဆေးတစ်လုံးထပ်ပေးသည်။
“သောက်မှာဖြင့် သောက်စမ်းပါ။ ငါ့ဆေးက တခြားဆေးတွေထက်အများကြီးသာတယ်”
“မုန့်ဟန် သောက်လိုက်ပါ။ဒီကောင့်မှာ ဒါမျိုးတွေပေါပါ့”
ထိုအချိန်မှသာ စမ်းမုန့်ဟန်က ဆေးကိုသောက်လိုက်သည်။
ချက်ချင်းဆိုသလို ကုန်ဆုံးခဲ့သော သူမ၏အတွင်းအားများက တစ်မိနစ်အတွင်း ပြန်ပြည့်သွားသလို ခံစားရသည်။
အခုမှသာ ဖန့်ကြွယ်ယွီက အသက်ငယ်ငယ်ဖြင့် သိုင်းပါရမီရှင်အဆင့်ကို ရောက်နိုင်လဲဆိုတာ သိတော့သည်။ထိုဆေးများကို နေ့စဉ် ထမင်းစားရေသောက်သလို မှီဝဲနိုင်တာမို့ သူက သိုင်းပါရမီရှင်အဆင့်ကို လျင်လျင်မြန်မြန်တက်လှမ်းနိုင်ခြင်းဖြစ်မည်။
“အခုတော့ မင်းသိပြီမဟုတ်လား။ ဒီဆေးတွေက ဘယ်လောက်မှ စျေးမရှိဘူး။ ငါ့အိမ်မှာဆို ထမင်းပေါင်းအိုးကို သုံးပြီး တစ်နာရီအတွင်း ဆေးအလုံးတစ်ရာနှစ်ရာကိုအသာလေးဖော်စပ်နိုင်တယ်။ ငါ့အိမ်မှာဆို ဒီဆေးကိုခွေးကိုတောင် ကျွေးတယ်”
စမ်းမုန့်ဟန်က ချက်ချင်းဆိုသလို သူ့အိမ်မှာတွေ့ခဲ့ရသည့် အားကောဆိုသော ခွေးက အစားစားနေတာကို မြင်ယောင်လာသည်။ အားကော၏ စားခွက်ထဲမှာ ရှိနေသော အစာများက သာမန်ခွေးစာနှင့် မတူတာကို ခံစားမိသည်။ သူတို့သိုင်းလောကမိသားစုက တရှိုက်မက်မက် လိုချင်ခဲ့သော ဆေးများကို သူ့အိမ်က ခွေးက အလျှံအပယ်စားနေရသည်။
“ကြည့်ဦး တစ်ယောက်ယောက်လာနေသလိုပဲ”
သူ့တို့လာခဲ့သော လမ်းကြောင်းအတိုင်း အဖွဲ့တစ်ဖွဲ့က ချီတက်လာတာကို တွေ့ရသည်။ ထိုအဖွဲ့မှာ လူအားလုံးက တူညီဝတ်စုံကို ဝတ်ဆင်ထားပြီး ဓားရှည်လွယ်ထားကာ သူတို့အားလုံး၏ ရင်ဘတ်မှာ တူညီသောအမှတ်အသားတစ်ခုရှိသည်။
“ဟမ် ဒါက ကူးချန်ဂိုဏ်းပဲ”
သူက ကူးတုံကို မြင်လိုက်ရသောအခါ မှတ်မိသွားသည်။သူ၏ ဒဏ်ရာတွေပျောက်ကင်းသက်သာလာပုံရသည်။
“ဟုတ်တယ် ကျွန်မအဖေက သူ့မွေးနေ့ကို ဂိုဏ်းပေါင်းစုံ မိသားစုပေါင်းစုံကို ဖိတ်ထားတာ။ ကျွန်မတို့မိသားစုက နည်းနည်း ဩဇာတိက္ကမကြီးမားတော့ အကုန်လုံးပွဲလာတက်ကြတာ”
“ဒါဆို ကူးချန်ဂိုဏ်းက ခေါင်းဆောင်လည်း ဒီနေ့ပွဲမှာရှိမယ်လို့ ဆိုလိုချင်တာလား။ ကောင်းတာပေါ့။ အရင်တစ်ခေါက်က ငါ့အိမ်ကိုဖျက်စီးသွားတာရော၊ ငါ့ကို စိတ်အနှောင့်အယှက်ပေးတဲ့အတွက်ရော သူတို့ကို လျော်ကြေးတောင်းထားတာ ခုထိမပေးသေးဘူး။ ဒီနေ့ အကုန်ရအောင် တောင်းရမယ်”
“ဟေး ဖန့်ကြွယ်ယွီ သတိတော့ထား။ ကူးချန်ဂိုဏ်းခေါင်းဆောင်က သိုင်းပါရမီရှင်တစ်ဦးနော်။ လျှော့မတွက်နဲ့”
ဟု စမ်းမုန့်ဟန်က သတိပေးသည်။
ဒါပေမဲ့ သူ့မှာ ကူးရီလိုမျိုး သက်တော်စောင့်ရှိနေသဖြင့် ဘာကိုတွေးပူရမှာလဲဆိုပြီး စမ်းမုန့်ဟန် တွေးမိပြန်သည်။
“တစ်ယောက်ယောက်က ဒီဘက်ကို လာနေပြီ။ ဘယ်သူများလဲ”
တစ်ခဏအကြာမှာ အသက်နှစ်ဆယ်အရွယ်သာရှိသေးသော လူငယ်လေးတစ်ဦးက သူတို့အဖွဲ့ရှေ့ရပ်ကာ
“ကူးတုံဆိုတဲ့ကောင်ဘယ်မှာလဲ။ ထွက်ခဲ့စမ်း။ ငါ့အကြွေးလာပေး” ဟု ကြိမ်းဝါးပြောဆိုသည်။