← Chapters

ဒါက ငါ့ဘိုးဘေးတွေ အမွေပေးခဲ့တဲ့ဓားလေ

Vol. 18 Ch. 245

ဒါက ငါ့ဘိုးဘေးတွေ အမွေပေးခဲ့တဲ့ဓားလေ

Vol. 18 Ch. 245

“ပြန်ဆုတ်ကြ”

ဖန့်ကြွယ်ယွီ၏ သိုင်းအစွမ်းက သူတို့ထင်ထားသည်ထက် အဆပေါင်းများစွာသာလွန်နေသည်။ သူက အသက်ငယ်ငယ်လေးနှင့် ဒီလိုသူမတူအောင် တိုက်ခိုက်နိုင်သည့်စွမ်းအင်ကို ဘယ်လိုများရခဲ့သနည်း။

ထိုအချိန်မှာ အကြီးအကဲများက ဒီကိစ္စမှာ သူတို့ဝင်ပါမှသာ ကူးချန်ဂိုဏ်းအထိနာလိမ့်မည် မဟုတ်ဘူးဆိုတာ သိလိုက်ရသည်။

“ချွမ်း ချွမ်း ချွမ်း”

သူတို့ထံ ဝင်လာသော ဓားများကို အကြီးအကဲလေးဦး၏ ကာကွယ်ဓားသိုင်းများဖြင့် ခုခံလိုက်သည်။

ဓားတစ်ချောင်းဆီသည် ရှေ့ကိုဆက်မတိုးနိုင်ဘဲ ရောက်သည့်နေရာမှာပင် ရပ်တန့်နေကာ ကြောက်ခမန်း လိလိအသံကြီးများထွက်ပေါ်နေသည်။သူတို့၏ ဓားသိုင်းများဖြင့် ကာကွယ်ထားပါက ကျည်ဆန်ပင် မထိုးဖောက်နိုင်ပေ။ ဖန့်ကြွယ်ယွီ၏ တိုက်ခိုက်မှုက ကျည်ဆန်ထက် ဆယ်ဆပိုပြီး ကြောက်ဖို့ကောင်းသည်။

သူတို့အားလုံးက တပေါင်းတစည်းထဲ ခုခံနေသော်လည်း ဖန့်ကြွယ်ယွီ၏ တိုက်ခိုက်မှုကို လုံးဝမရပ်တန့်နိုင်ပေ။

ထိုအချိန်မှာ ဝမ်ချုံးနှင့် စမ်းမုန့်ဟန်တို့ရောက်လာကြသည်။ ရောက်ရောက်ချင်းမြင်လိုက်ရသော မြင်ကွင်းကြောင့် နှစ်ဦးသား ထိတ်ထိတ်ပျာပျာဖြစ်ကုန်ကြသည်။

ဖန့်ကြွယ်ယွီက ဓားအချောင်းတစ်ရာကျော်ကို သူ၏တန်ခိုးဖြင့် ထိန်းချုပ်ထားပြီး ကူးချန်ဂိုဏ်း၏ အကြီးအကဲလေးဦးက ပြန်လည်ခုခံကာကွယ်နေသည်။

“သူက ဘာပါလိမ့်”

ထိုကဲ့သို့ အစွမ်းကို သိုင်းပါရမီရှင်အဆင့် သိုင်းသမားကပင် မထုတ်နိုင်ပေ။ သူက ဘယ်လိုလုပ်ပြီး ဒီသိုင်းကို တတ်မြောက်ခဲ့တာလဲ။

“မင်းလည်း စိတ်ထဲတွေးမိတယ်မလား”

ဝမ်ချုံးက စမ်းမုန့်ဟန်ကို ပြန်မေးသည်။

“ကောင်းပြီ ငါတို့ပြန်ရောက်လျှင် သင်ပေးမယ်။ မင်းဘက်က သင်ချင်စိတ်ရှိတယ် အချိန်လည်းပေးနိုင်တယ် ဆိုလျှင် တစ်နှစ်အတွင်း ဒီတစ်ဖွဲ့လုံးကို မင်းအသာလေးရင်ဆိုင်နိုင်တဲ့အထိ ဖြစ်စေရမယ်လို့ ငါ ရဲရဲကြီး အာမခံတယ်”

“တစ်နှစ်ဟုတ်လား”

သိုင်းသမားအများစုက တစ်ဘဝလုံးကြိုးစားလေ့ကျင့်ပြီးမှ သိုင်းပါရမီရှင်အဆင့်ကို တက်လှမ်းနိုင်သောလူ

အနည်းအကျဉ်းသာရှိသည်။ ဖန့်ကြွယ်ယွီပြောတဲ့ တစ်နှစ်အတွင်းဆိုတာ ဖြစ်နိုင်ပါ့မလား။

သို့သော် ကူးရီကို စဉ်းစားမိသောအခါ ဖန့်ကြွယ်ယွီပြောတာ ဖြစ်နိုင်တယ်ဟု ခံစားမိပြန်သည်။ သို့သော် ထိုကဲ့သို့ လျင်လျင်မြန်မြန် တတ်မြောက်အောင် သင်ပေးနိုင်သည့် အဖွဲ့ရှိတာကို သူမဘာလို့မသိခဲ့တာလဲဟု တွေးမိသည်။

“မဆိုးပါဘူး။ ဒီလူတွေက ငါ့တိုက်ခိုက်မှုရဲ့ ၅၀%ကို ကာကွယ်နိုင်သားပဲ”

အကြီးအကဲလေးဦးက ရေကုန်ရေခမ်း ခုခံနေရချိန်တွင် ဖန့်ကြွယ်ယွီက သာသာယာယာပင် ဖြစ်သည်။

“ဘာ..၅၀% ဟုတ်လား”

“မဖြစ်နိုင်တာ။ ဒီကောင် သပ်သပ်လေကြီးနေတာ။ သူ့ကိုယ်သူ သိုင်းပါရမီရှင်များ ထင်နေလား”

“ငါ လေကြီးနေတာ ဟုတ်မဟုတ် မင်းတို့သိရမှာပေါ့ကွာ”

ဖန့်ကြွယ်ယွီ၏ စကြာဝဠာအရင်းမြစ်စွမ်းအင်ကို သူ၏တိုက်ခိုက်မှုထဲ ထပ်မံပေါင်းထည့်သည်။

“ချိုးဖျက်လိုက်စမ်း”

“ဂျွမ်း”

ကူးချန်ဂိုဏ်း၏ ခုခံကာကွယ်မှုက တစ်ခုပြီးတစ်ခု ကျိုးပျက်သွားသည်။ ဓားများက အကြီးအကဲလေးဦးထံ တဟုန်ထိုးပြေးဝင်လာသည်။

“ကောင်လေး..ဒီလောက်နဲ့ရပ်လိုက်ပါတော့။ သူတို့အသက်ကိုတော့ ချမ်းသာပေးပါ။ မင်းက ငါ့ကိုရော ငါတို့ကူးချန်ဂိုဏ်းကိုရော မင်းစိတ်ကြိုက်စော်ကားမော်ကား ပြောဆိုပြီးပြီမဟုတ်လား”

ထိုအချိန်မှာ အနောက်မှာတစ်ချိန်လုံးရပ်နေသော အဘိုးအိုက အရှေ့ကိုထွက်လာသည်။

သူကလည်း ရွှေရောင်ချီတန်ခိုး ထုတ်ပြီး ဖန့်ကြွယ်ယွီ၏ တိုက်ခိုက်မှုကို တန်ပြန်တုံ့ပြန်သည်။

သူတို့နှစ်ဦး၏ တန်ခိုးချင်းအားပြိုင်မှုအောက်တွင် ဓားအချောင်းတစ်ရာကျော်က အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်သည်။

“အားပြင်းလှချည်လား”

ဒီလိုအသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် သူ့ကို တန်ပြန်တိုက်ခိုက်နိုင်တာက တကယ့်ကို အံ့ဖွယ်အတိဖြစ်သည်။

သူက အားအကုန်မထုတ်သေးသော်လည်း သိုင်းသမားနှင့် သိုင်းပါရမီရှင်ကြားက ကွာခြားချက်က ကြီးမားပေသည်။ သိုင်းပါရမီရှင်၏ ချီစွမ်းအင်က သာမန်အတွင်းအားထက် အဆပေါင်းများစွာ သာလွန်သည်။

အတော်ဆုံးသိုင်းသမားဖြစ်လင့်ကစား သိုင်းပါရမီရှင်တစ်ဦး၏ တိုက်ကွက်ကို မခုခံနိုင်ပေ။ သို့သော် ဖန့်ကြွယ်ယွီက အသာလေးခုခံနိုင်သည်။

သူက အရှေ့မှာရှိနေသော အကြီးအကဲလေးဦးအား “အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်အရည်အချင်းရှိတာ ချီးကျူးပါတယ်။ ဒါပေမဲ့ အင်အားကို အလွန်အကျွံသုံးတာက ရှုံးနိမ့်မှုကို ဦးတည်စေတယ်”ဟု လှမ်းပြောသည်။

“ခင်ဗျားက ကူးချန်ဂိုဏ်းခေါင်းဆောင်ဆိုတာလား”

ဖန့်ကြွယ်ယွီက ထိုလူကို သေသေချာချာ စေ့စေ့စပ်စပ်ကြည့်သည်။

အမြင့်ဆုံးသိုင်းပါရမီရှင်အဆင့်မှာရှိနေသော ခေါင်းဆောင်ဖြစ်သူက သူ့လို လျှို့ဝှက်စွမ်းအားရှင် အဆင့်လူငယ်လေးကို အသာစီးမရနေပေ။

“ငါက ကူးချန်ဂိုဏ်းခေါင်းဆောင် ကူးမို။ ကောင်လေး မင်းက ငါတို့ဂိုဏ်းကိုရော ဂိုဏ်းသားတွေကိုရော စော်ကားမော်ကားပြောဆိုတယ်။ဒီနှစ် ဆက်ကြေးကို ၅၀% အထိ တိုးကောက်ပစ်မယ်။ ပြီးခဲ့တာတွေ ထားလိုက်တော့မယ်”

“ဟမ် အခုထိပိုက်ဆံရဖို့ကို မျှော်လင့်နေသေးတာလား။ နေပါဦး ငါမေးပါဦးမယ်။ ခင်ဗျားတို့တွေ ဦးနှောက်မှ ကောင်းကြသေးရဲ့လား။ခင်ဗျားတို့က ငါ့အိမ်ထဲ ပိုင်စိုးပိုက်နက် ဝင်လာပြီး ဆက်ကြေးလာကောက်တယ်။ ငါ့အိမ်က ပျက်စီးတာတွေအတွက် လျော်ကြေးပြန်တောင်းတော့ မပေးတဲ့အပြင် ရန်ရှာနေသေးတယ်။ ခင်ဗျားတို့ကိုယ်ခင်ဗျား သိပ်ကိုဟုတ်လှပြီထင်နေလား”

ဖန့်ကြွယ်ယွီက ဒေါသအလွန်ထွက်ပြီး စိတ်ထဲရှိသမျှ အကုန်ပြောပစ်သည်။ တစ်ဖက်လူက လူကြီးမဟုတ် နေပါက ဒီ့ထက်ပိုပြီး ရင့်ရင့်သီးသီးပြောမိမည်။

“မင်း သေချင်နေပြီလား။”

ဂိုဏ်းခေါင်းဆောင် ကူးမိုက တစ်ခါမှ ထိုကဲ့သို့စကားမျိုးမပြောဖူးပေ။

“မင်းတို့လိုသာမန်လူတွေကို စိတ်ရှိသလို မသတ်ရဘူးလို့ ငါတို့ သိုင်းလောကအဖွဲ့အစည်းက စည်းမျဉ်းထုတ် ထားတယ်။ ဒါပေမဲ့ မင်းလို မိုက်ရိုင်းစော်ကားနေတဲ့ ကောင်ကို သတ်မိရင်တောင် ငါတို့အပြစ်မရှိလောက်ဘူး။ မင်းကို အသေသတ်ပြီး မင်းရဲ့ ပိုင်ဆိုင်မှုတွေကို ကူးချန်ဂိုဏ်းက အကုန် အပိုင်သိမ်းပစ်မယ်”

“ချွမ်း”

ကူးမိုက လက်ကိုဆန့်လိုက်သောအခါ အနက်ရောင်ပြောင်လက်နေသော ဓားတစ်ချောင်က သူ့လက်ထဲ သက်ဆင်းလာသည်။ သာမန်ဓားများနှင့် ယှဉ်ပါက ထိုဓားသည် ထူးကဲသာလွန်သော လက်နက်တစ်ခုအသွင် ဆောင်နေသည်။

တန်ခိုးကြီးလက်နက်များကို သိုင်းပါရမီရှင်အဆင့်ရောက်မှသာ ဖန်တီးနိုင်သည်။သို့သော် ထိုကဲ့သို့လက်နက်မျိုးကို ပိုင်ဆိုင်ထားသော သိုင်းပါရမီရှင်ကလည်း အလွန်ရှားပါးသည်။

“ခင်ဗျားက ငါ့ကို သတ်ချင်တယ်ပေါ့လေ”

ဖန့်ကြွယ်ယွီ၏ လေသံက မာကျောခက်ထန်နေသည်။

တရုတ်ပြည်မှာရှိသော သိုင်းလောကအဖွဲ့အစည်းများက လူဆိုးဓားပြသာသာဖြစ်နေကြသည်။ သူတို့၏ အလုပ်က သူဌေးတွေဆီက ဆက်ကြေးတောင်းခြင်းဖြစ်သည်။ ထိုကဲ့သို့ ဆိုးဝါးသည့် အဖွဲ့အစည်းများကို ဘာလို့များ အရေးမယူဘဲ လက်ပိုက်ကြည့်နေကြလဲဆိုတာ မစဉ်းစားတတ်ပေ။

“သခင်လေး..ဒီလူက သိုင်းပါရမီရှင်ဆိုတော့ လျှို့ဝှက်စွမ်းအားရှင်နဲ့ ညီမျှတယ်။ ကျွန်တော်ရှင်းပေးရမလား”

“မလိုသေးဘူး။ သူလိုလူကို ရင်ဆိုင်နိုင်တဲ့အထိ ငါ့အစွမ်းအစတွေ အားကောင်းနေပြီလားဆိုတာ သိချင်တယ်။ ငါ အခြေအနေမဟန်မှ မင်းဝင်ကူပေး”

“ဟုတ်ကဲ့”

“ကြည့်ရတာ ဒီဂိုဏ်းကို အစကနေပြန်ပြီးဖွဲ့ပေးရတော့မဲ့ ပုံပါလား”

“ကောင်လေး..မင်းငါရဲ့ဓားချက်နဲ့ သေခဲ့ရင်တောင် ဂုဏ်ယူလိုက်ပါကွ”

ကူးမို၏ ဓားသိုင်းကို မည်သူမှမယှဉ်နိုင်ပေ။

“ပိုင်ရှင်ရဲ့ ဘိုးဘေးတွေချန်ခဲ့တဲ့ဓားကို ထုတ်သုံးဖို့အချိန်ကျပြီ။အဲ့ဓားနဲ့သာဆို တစ်ချက်တောင် ခံနိုင်မှာ မဟုတ်ဘူး”

“ဟုတ်သားပဲ ငါမေ့နေတာ ကြည့်ပါဦး”

ကူးမို၏ ဓားက ဖန့်ကြွယ်ယွီဆီရောက်ခါနီးအချိန်တွင် အနက်ရောင်ဓားတစ်ချောင်းက ဖန့်ကြွယ်ယွီ၏လက် ထဲရုတ်တရက်ပေါ်လာသည်။

“ချလွမ်း”

ဖန့်ကြွယ်ယွီက ဓားကိုမြှောက်ပြီး ခုခံလိုက်သည်။ ကျယ်လောင်သောအသံကြီးနှင့် အတူ ကူးမိုလက်ထဲမှာ ကိုင်ထားသော ဓားက အစိတ်စိတ်အမွှာမွှာ ပျက်စီးပြီး သွေးများပန်းထွက်လာသည်။

“ဘုရားရေ ဓားက ထက်လှချည်လား”

ဖန့်ကြွယ်ယွီက သာမန်ဓားတစ်ချောင်းဟု ထင်နေသော အရာက ပြိုင်စံရှားလက်နက်တစ်ခုဖြစ်နေခဲ့သည်။

ကူးချန်က နာကျင်မှုကို အံကြိတ်ခံရင်း အနောက်ကိုပြန်ဆုတ်သည်။ ပြီးနောက် ဒဏ်ရာရသွားသော လက်မောင်းကို ပြန်လည်ကောင်းမွန်အောင် အတွင်းအားသုံးပြီးကုသသည်။ လူပေါင်းများစွာကို အနိုင်ရခဲ့သော ကူးချန်ဂိုဏ်း၏အဖိုးတန်လက်နက်က ဖန့်ကြွယ်ယွီကြောင့် ပျက်စီးရသည့်အပေါ် မကျေမလည်ဖြစ်နေသည်။

“ဒါက ဘာဓားလဲ”

ဖန့်ကြွယ်ယွီလက်ထဲမှာကိုင်ထားသော ဓားကို ကူးမိုလှမ်းကြည့်သည်။

“ဪ ဒါလား။ ငါ့ဘိုးဘေးတွေချန်ပေးခဲ့တဲ့ဓားလေ။ ဒီဓားက ဘယ်လောက်အစွမ်းထက်လဲဆိုတာ ခင်ဗျား တို့သိကြပြီမလား”

All Chapters