ငွေညှစ်ခြင်း
Vol. 18 Ch. 246
“ရှောင်းရီ ဒီဓားရဲ့မူလဇာစ်မြစ်က ဘယ်ကလဲဆိုတာသိလား။ အရမ်းမိုက်တာပဲ”
သူက ဓားကို အသာလေးလွှဲလိုက်ရုံဖြင့် ကူးမို၏ လက်မောင်းကို ဒဏ်ရာရစေသည်။ သူကသာ လက်ဗလာဖြင့် ကူးမိုကိုရင်ဆိုင်ပါက အနိုင်ရဖို့ခဲယဉ်းပေမည်။
“ဒါပေါ့..ဒီဓားကို ဖန်တီးခဲ့တဲ့နည်းပညာကို ဒီကမ္ဘာပေါ်က ဘယ်နည်းပညာကမှ လိုက်မမှီဘူးလေ”
“ကမ္ဘာပေါ်မှာ လက်နက်တွေကို သာမန်လက်နက်နဲ့ အဆင့်မြင့်လက်နက်ဆိုပြီး နှစ်မျိုးခွဲထားတယ်။ဒါပေမဲ့ ဒီဓားကကျတော့ အဆင့်မြင့်လက်နက်ထက် ပိုမြင့်တဲ့ အစွမ်းထက်လက်နက်တစ်မျိုးဖြစ်တယ်”
“ပိုင်ရှင်သာ ကူးရီလိုအစွမ်းရှိလာလျှင် ဒီဓားနဲ့ တောင်ကိုပိုင်းပစ်နိုင်တယ်။ ခုချိန်မှာလည်း ပိုင်ရှင်မှာ လျှို့ဝှက်စွမ်းအားရှင်လို အစွမ်းပဲရှိသေးပေမဲ့ ကူးမိုတို့ကို အသာလေးအနိုင်ယူနိုင်တယ်”
“မိုက်တယ် မိုက်တယ်ကွာ”
ဖန့်ကြွယ်ယွီက သူ့လက်ထဲက ဓားကို အသာအယာဝှေ့ရမ်းသည်။ သူ့အတွက် ဘိုးဘေးများချန်ထားခဲ့သော ပစ္စည်းက အံ့ဖွယ်အတိဖြစ်သည်။
ဒဏ်ရာကို အတွင်းအားဖြင့် ကုသပြီးနောက် ကူးမို၏ ဒဏ်ရာများက သွေးထွက်တာတိတ်သွားသည်။ သို့သော် သူ့ဓားကလည်း တစစီပျက်စီးသွားသည့်အပြင် ဖန့်ကြွယ်ယွီ၏ ဓားကိုကြောက်နေသဖြင့် အရှေ့ကို တစ်လှမ်းမှ မလှမ်းရဲပေ။
“သူ့မှာ ဒီလို အစွမ်းတွေဘယ်လောက်တောင်ထပ်ရှိနိုင်ဦးမလဲ”
စမ်းမုန့်ဟန်က မြေပြင်ပေါ်မှာကျနေသော ဓားကိုလှမ်းကြည့်သည်။
ထိုဓားသည် ကူးချန်ဂိုဏ်းအစဉ်အဆက် တရိုတသေ တလေးတစား တန်ဖိုးထား ထိန်းသိမ်းခဲ့သော ကူးချန်ဓားဟု ခေါ်တွင်သည့် ရတနာတစ်ပါးဖြစ်သည်။ ထိုဓားလိုမျိုး ရတနာတစ်ပါးက ဒီနေ့လိုမျိုး အဖျက်စီးခံရလိမ့်မည်ဟု မည်သူတွေးမိလိမ့်မည်နည်း။
ကူးချန်ဓားလည်းဖျက်စီးခံရသလို သူ့လက်မောင်းလည်း ဒဏ်ရာရခဲ့သော ကူးမို၏ အစွမ်းက ငါးဆယ်ရာခိုင်နှုန်း လျော့ကျသွားရသည်။ ဒီနေ့မှ ရှေ့လျှောက် ကူးချန်ဂိုဏ်း၏ ကံကြမ္မာက ပိုမိုခဲယဉ်းလာပေတော့မည်။
“ညီလေးဖန့် မင်းအဆင်ပြေရဲ့လား”
“ပြေပါတယ် ဒီလူတွေက ငါ့ကိုဘာမှမလုပ်နိုင်ပါဘူး”
“ဟ ပိုင်လှချည်လားကွ”
“ဟုတ်တယ်။ ဒီအဖွဲ့က ငါ့အိမ်ထဲ ပိုင်စိုးပိုင်နက် ဝင်လာပြီး ဆက်ကြေးလာကောက်သေးတာ။ သူတို့က ငါ့အိမ်က ပစ္စည်းတွေကိုလည်း ဖျက်စီးသွားလို့ ငါက လျော်ကြေးပြန်တောင်းနေရတာ”
“ငါသိပြီ။ ဒါကြောင့်မို့ နှစ်တိုင်း နှစ်သစ်ရောက်ရင် ငါ့အဖေက တရုတ်သိုင်းကားထဲကလို ဝတ်ဆင်ထားတဲ့ အဖွဲ့နဲ့ အမြဲတွေ့ရတယ်။ အဲ့တာသူတို့လား။”
“အင်း သူတို့ဖြစ်နိုင်တယ်။ သူတို့က တရုတ်ပြည်က လျှမ်းလျှမ်းတောက် ချမ်းသာတဲ့ သူဌေးတွေဆီကနေ စီမံခန့်ခွဲခလို့ ခေါင်းစဉ်တပ်ပြီး ဆက်ကြေးကောက်ကြတာ။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ သူတို့ကံဆိုးတာပဲ”
“ဝှစ်”
ဖန့်ကြွယ်ယွီက ဓားကိုမြေပြင်ပေါ် ထိုးစိုက်လိုက်သည်။ ထို့နောက်သူက အရှေ့ကို တစ်လှမ်းချင်းစီ တိုးသွားသည်။
“သွားပြီ ဒီအဖွဲ့တော့သေပြီ” ဝမ်ချုံးက ရေရွတ်သည်။
ဖန့်ကြွယ်ယွီက တဖြည်းဖြည်းကပ်လာသည်ကို မြင်ရသောအခါ အကြီးအကဲလေးဦးက ခေါင်းဆောင် ကူးမိုအနားမှာ ဝိုင်းရံပြီး ကာကွယ်ပေးသည်။
“ဟေး မင်းတို့ခေါင်းဆောင်ကို ငါအသာစီးရခဲ့တာ မြင်တယ်မဟုတ်လား။ အဲ့တာကို မင်းတို့က ငါ့ကိုနိုင်မယ်လို့ ထင်နေကြတုန်းလား။ ငါ့ရဲ့ ဓားသိုင်းလေးကို မြည်းစမ်းကြည့်ချင်တာလား”
“မင်းတို့အသာနေကြ” ကူးမိုက အမိန့်ပေးသည်။
“ဒီနေ့ ငါတို့ကူးချန်ဂိုဏ်းက မင်းကို ရှုံးနိမ့်တယ်မဟုတ်လား။ ကဲ မင်း ဘာလိုချင်လဲပြောပါ။ ငါတို့ဘက်က တတ်နိုင်သလောက် လိုက်လျောပေးမယ်”
“ငါပြောပြီးပြီလေ။ ငါက လျော်ကြေးလိုချင်တာလို့။ ခင်ဗျားတို့ လျော်ကြေးပေးလိုက်ရင် ရနေတာကို။ ကိစ္စတွေကို ဘာလို့ခက်ခဲအောင် လုပ်နေရတာလဲ”
“ဟုတ်ပြီ ချက်စာအုပ်ယူခဲ့ကြဟေ့”
သူ့လိုမျိုး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်က မဖြစ်စလောက်ငွေပမာဏကို လိုချင်နေတာကို အံ့အားသင့်မိသည်။
“ခေါင်းဆောင်”
ဂိုဏ်းသားတစ်ဦးက သူ့ကို ချက်စာအုပ်နှင့် ဘောပင်ကို ပေးလိုက်သည်။
ကူးမိုက ချက်လက်မှတ်ပေါ်တွင် ဂဏန်းကိုရေးထည့်ပြီး လက်မှတ်ထိုးပေးလိုက်သည်။
“ငါတို့ သိုင်းလောကအဖွဲ့တွေက ဘဏ်ပေါင်းများစွာနဲ့ ချိတ်ဆက်ထားတာ။ ဒေါ်လာ သန်းတစ်ရာအောက် ချက်လက်မှတ်နဲ့သွားရင် ငွေသားချက်ချင်းထုတ်နိုင်တယ်”ကူးမိုက ချက်လက်မှတ် သုံးစောင်ကို ဖန့်ကြွယ်ယွီအား ကမ်းပေးသည်။
“ဒီကောင်ကလည်း မရှက်သလိုပဲ”
ဖန့်ကြွယ်ယွီက ပိုက်ဆံအတွက် ကူးချန်ဂိုဏ်းနှင့် အချေအတင်ဖြစ်နေရတာကို ဝမ်ချုံးက အံ့အားသင့်နေရသည်။
“စောစောကတည်းက ပေးလိုက်ရင်ပြီးနေတဲ့ကိစ္စပဲဟာ”
ဖန့်ကြွယ်ယွီက ချက်လက်မှတ်သုံးစောင်ကို ယူလိုက်ပြီး
“ရှောင်းရီ အဆင်ပြေလား စစ်ကြည့်ပါဦး”
“ပိုင်ရှင် ကိစ္စမရှိပါဘူး။ ဒီချက်လက်မှတ်တွေကို အချိန်မရွေး ငွေသားထုတ်နိုင်ပါတယ်”
“ကောင်းတယ် ဒါဆိုရပြီ”
“မင်းလိုချင်တဲ့ ပိုက်ဆံရပြီ မဟုတ်လား။ ဒါဆို မင်းသွားတော့”
“ဟုတ်တယ်။ အရင်အကြွေးတော့ ပြီးပြီ။ ဒီနေ့အတွက် ပေးရမဲ့ အကြောင်းလေးတွေကို ပြောကြတာပေါ့”
“ဒီနေ့အတွက်ရော ဘာပေးဖို့ရှိသေးတာလဲ။ ပြောရမယ်ဆို နှစ်ဖက်စလုံး အထိနာကြတာပဲလေ”
“ဟုတ်လို့လား။ ခင်ဗျားတို့မှာကျွန်တော့်ကို ထိခိုက်အောင်လုပ်နိုင်တဲ့ အစွမ်းအစရှိလို့လား”
“မင်း…”
ဖန့်ကြွယ်ယွီပြောတာလည်း မှန်သည်။ ယနေ့မှာ ကူးချန်တစ်ဂိုဏ်းလုံး အဖျက်စီးခံရတာတောင်မှ ဖန့်ကြွယ်ယွီ အတွက် ဘာမှထိခိုက်လိမ့်မည်မဟုတ်ပေ။
“ဟုတ်ပြီ မင်းဘယ်လောက်လိုချင်သလဲပြော”
“ငါရစရာရှိတဲ့ အကြွေးကို ပြန်တောင်းတဲ့အပေါ် ခင်ဗျားတို့က ထိပ်တိုက်ရင်ဆိုင်မဲ့လမ်းကို ရွေးကြတယ်။ ဒါကြောင့်မို့ ငါ့တစ်ကိုယ်လုံး ဆေးစစ်ဖို့ရော၊ အားဆေးမှီဝဲဖို့ရော၊ ဆေးဖိုးတွေရော အားလုံးပေါင်းမယ်ဆို ဆယ်ဘီလီယံတောင်းတာ မလွန်ဘူးမဟုတ်လား”
“အင်း ရတယ်လေ ကိစ္စမရှိဘူး ပေးမယ်”
“ဟူး”။ကူးမိုက သက်ပြင်းပင် ချမိသည်။ ဒေါ်လာ ဆယ်ဘီလီယံသည် သူတို့ဂိုဏ်း၏ တစ်နှစ်စာဝင်ငွေဖြစ်သည်။
“ပြီးတော့ရှိသေးတယ်”
“ဟမ် ထပ်ရှိသေးတာလား”
ကူးမိုက ငိုချင်လာသည်။ ကူးချန်ဂိုဏ်းက ချမ်းသာသော်လည်း တစ်နှစ်ပတ်လုံးစာ ကုန်ကျစရိတ်သည်လည်း အလွန်များပြားပေသည်။ သူတို့လက်ထဲမှာ ငွေသားများများစားစား မကျန်တော့ပေ။
“ခင်ဗျားလက်ပြန်ကောင်းချင်လားလို့ မေးမလို့ပါ။ ငါ့မှာ ဆေးဝါးကောင်းတွေရှိလို့ ခင်ဗျားစိတ်ဝင်စားမလားဆိုပြီး မေးတာပါ”
“တကယ်လား”
အဆင့်မြင့် ဆေးအစွမ်းနှင့်ဆို သူ၏လက်သည် နဂိုမူလအနေအထားသို့ ပြန်လည်ရောက်ရှိနိုင်သည်။ ကူးချန်ဂိုဏ်းမှာ ရန်သူများစွာရှိတာမို့ သူတို့သာ အားနည်းလာပါက ကူးချန်ဂိုဏ်း၏ အနေအထားက မတွေးဝံ့စရာဖြစ်သည်။
ကူးချန်ဓားမရှိလျှင်တောင်မှ ကူးမိုကဆက်ပြီးရှိနေသေးလျှင် ဂိုဏ်းက ဟန်မပျက်ဆက်လက်တည်ရှိနိုင်သည်။
“ငါ့လက်မောင်းကို အရင်အတိုင်းပြန်ကုပေးနိုင်မယ်ဆိုတာ သေချာလို့လား”
“သေချာတာပေါ့။ ဒါပေမဲ့ ဆေးဖိုးက ဒေါ်လာဆယ်ဘီလီယံ..အဆင်ပြေလား”