တစ်ယောက်ယောက်လာနေပြီ..
Vol. 18 Ch. 249
“အင်း..စမ်းမိသားစုပုံစံက ငါ့ဂျုနီယာကို သိပ်ပြီး အမြင်မကြည်တဲ့ပုံပါလား။ ဒါဆိုလည်း ထားလိုက်ပါတော့လေ။ ထပ်ပြီးမနှောင့်ယှက်တော့ပါဘူး”
ဖန့်ကြွယ်ယွီက စိတ်ပျက်လက်ပျက်ဖြစ်ချင်ယောင်ဆောင်ပြီး ခေါင်းကို တသွင်သွင်ခါနေသည်။
“ကူးရီ ပစ္စည်းတွေပြန်သိမ်း..ငါတို့ပြန်ကြမယ်”
“ခဏလေး..ခဏလေးပါဗျာ”
စမ်းဝေက ဒီအခွင့်အရေးကို လက်လွှတ်ခဲ့ရပါက သူ့တစ်ဘဝလုံး နောင်တရလို့ ဆုံးတော့မည်မဟုတ်ပေ။ ဒါတင်မကသေးဘဲ သူ့ဘိုးဘေးများကလည်း သူ့ကိုအပြစ်တင်ကြိမ်းမောင်းကြတော့မည်။
“ဒီကိစ္စက အဆင်ပြေပြေ ညှိနှိုင်းလို့ရပါတယ်ဗျာ”
စမ်းဝေက တံခါးပေါက်ကို ပိတ်ရပ်လိုက်ရင်း “ငါက နည်းနည်းအတွေးများနေလို့ပါ။ပြီးတော့ စွန်းမိသားစုနဲ့လည်း
သဘောမတူရသေးပါဘူး။ မုန့်ဟန် နဲ့ ဝမ်ချုံးတို့နှစ်ဦးက အလွန်လိုက်ဖက်တယ်ဆိုတာ ငါသိသွားပါပြီ”
စမ်းဝေက မျက်နှာပြောင်တိုက်ကာ စကားကို ချိုချိုသာသာပြောနေသည်။ ထိုပစ္စည်းများအတွက်ဆို သူ့ဂုဏ်သိက္ခာကို ချနင်းဖို့လည်း ဝန်မလေးပေ။
ဖန့်ကြွယ်ယွီပြင်ဆင်ထားသော ခန်းဝင်ပစ္စည်းက စွန်းမိသားစုထက် အဆပေါင်းများစွာသာလွန်နေသည်။ ဝမ်ချုံးကို သမက်အနေနှင့်လက်ခံပါက သူ့အနေနှင့် ထိုပစ္စည်းများကို ပေါပေါသီသီရနိုင်ပေမည်။ ဝမ်ချုံး၏ ဆရာကိုယ်တိုင်က ဤမျှလောက် တန်ဖိုးကြီးသော ပစ္စည်းများကို သူ့တပည့်ဖြစ်သူ ဝမ်ချုံးအတွက် ပေးလိုက်ခြင်းကိုကြည့်ခြင်းအားဖြင့် ဝမ်ချုံးက သူ့ဆရာအတွက် အလွန်တန်ဖိုးထားရသော တပည့်ဆိုသည့်အချက်က ပေါ်လွင်ပေသည်။
ဝမ်ချုံးက သာမန်မိသားစုက ပေါက်ဖွားလာပြီး သိုင်းလောကနှင့် အဆက်အစပ်မရှိပေ။ သူ့သမီးနှင့် လက်ထပ်ပါက သူသည်လည်း စမ်းမိသားစုဝင်ဖြစ်လာမည်။
ဖန့်ကြွယ်ယွီပြောသည့်အတိုင်းသာဆို စမ်းမိသားစုတွင် သိပ်မကြာခင်ကာလအတွင်း နတ်ဘုရားအဆင့်၊ နတ်ဘုရားကူးပြောင်းခြင်းအဆင့်နှင့် ဆန်းကြယ်နတ်ဘုရားအဆင့်တို့တွင် ကျွမ်းကျင်သူများရှိလာနိုင်မည်။
ထိုအတိုင်းသာဆို စမ်းမိသားစုသည် သိုင်းလောကတွင် နှစ်ပေါင်းများစွာ ဦးဆောင်နိုင်တော့မည်။
“စမ်းမိသားစုခေါင်းဆောင်က တွေဝေနေတဲ့ပုံပဲ။ ဝမ်ချုံး လာပြန်ကြမယ်။ ငါ့အသိထဲမှာ သိုင်းလောကမိသားစုထဲက ကောင်မလေးတွေပေါပါ့။ သူတို့နဲ့ မိတ်ဆက်ပေးမယ်”
ဖန့်ကြွယ်ယွီက ဝမ်ချုံးကို အတင်းဆွဲခေါ်ပြီး ကူးရီကလည်း ပစ္စည်းများကို ပြန်လည်သိမ်းဆည်နေပုံက အမှန်တကယ် ထွက်သွားတော့မည့်အလား သရုပ်ဆောင်ချက်များက ပီပြင်လှသည်။
“စဉ်းစားမယ်လို့ ငါဘယ်တုန်းက ပြောမိလို့လဲ။ ကဲ မင်္ဂလာခန်းဝင်ပစ္စည်းတွေပြင်ဖို့ တယောက်လောက်လာကြပါဦး”
“စမ်းမိသားစုခေါင်းဆောင် အရမ်းအလျင်မလိုပါနဲ့”
ဖန့်ကြွယ်ယွီက ရယ်ချင်စိတ်ကို မနည်းမြိုသိပ်ထားရသည်။
“ဒီနှစ်ယောက်က သိတာမှ တစ်လလောက်ပဲရှိသေးတာ။ သူတို့မှာ တစ်ယောက်အကြောင်းတစ်ယောက် လေ့လာချိန်တောင် သေချာမရရှာဘူး။ ဒီပစ္စည်းတွေပေးတာကလည်း သူတို့တွေ လူငယ်ချင်းချစ်ကြိုက်ကြ တဲ့အပေါ် စမ်းမိသားစုက နှောင့်ယှက်နေမှာဆိုးလို့ပါ။ လူတိုင်းက လွတ်လွတ်လပ်လပ်ချစ်ပိုင်ခွင့်ရှိတယ်လေ။ ခင်ဗျားသဘောတူတယ်မလား”
“ဟုတ် ဟုတ်ကဲ့။ မုန့်ဟန်ဘက်ကလည်း မေတ္တာသက်ဝင်နေပြီဆိုတော့ မနှောင့်ယှက်တော့ပါဘူး”
စမ်းဝေ၏ အရှက်ကင်းမဲ့သည့်အပြုအမူကြောင့် သူ့သားနှစ်ဦးပါ အရှက်ရနေသည်။
သူ့သမီးက တစ်ဖက်လူကိုကြိုက်နှစ်သက်ပြီး တစ်ဖက်လူကလည်း ချမ်းသာကြွယ်ဝသည်။ဒါတင်မကသေးဘဲ သူ့နောက်ကွယ်မှာ တကယ့်ကိုအရည်အချင်းရှိသည့် ဆရာတစ်ဦးက ရှိနေသည်။ ဒီကမ္ဘာမှာ အခုထက်ပိုပြီး လိုက်ဖက်သည့်စုံတွဲရှိနိုင်ပါ့ဦးမလား။
“ဒီနေ့မှာ စွန်းမိသားစုဘက်က ကမ်းလှမ်းချက်ကို ငြင်းလိုက်ပါ့မယ်”
“ဒီပစ္စည်းတွေက ဝမ်ချန်းအတွက် ဆရာက ထည့်ပေးလိုက်တာပါ။ လက်ခံပေးပါ စမ်းမိသားစုခေါင်းဆောင်”
“ကောင်းတယ် ကောင်းတယ်”
“သားတို့ရေ..ဒီပစ္စည်းတွေကို သေချာသိမ်းဆည်းပြီး အဘိုးတို့လက်ထဲထည့်ပေးလိုက်ပါ။ အဘိုးတို့စိတ်ကြိုက်ခွဲပေးပါစေ။ ဒီသတင်းကို အပြင်ကို မပေါက်ကြားစေနဲ့”
“ဟုတ်ကဲ့ အဖေ”
စမ်းမုန့်ဟန်၏ အကိုနှစ်ဦးက လက်ဆောင်ပစ္စည်းများကို သိမ်းဆည်းပြီး ထွက်သွားသည်။
“ဝမ်ချုံး ငါ့အဖေပြောတာတွေကို ဗွေမယူပါနဲ့။ သူကနည်းနည်း”
ထိုအချိန်မှာ စမ်းမုန့်ဟန်က ရှက်လွန်းသဖြင့် ပျောက်ကွယ်သွားချင်စိတ်များ တဖွားဖွားပေါ်လာနေသည်။
“ကဲ လာကြ။ ဒီနေ့ အဖေ့မွေးနေ့မှာပဲ သားတို့သမီးတို့ ပတ်သက်မှုကို လူသိရှင်ကြားကြေညာရမယ်”
သိပ်မကြာခင်ကပင် ဝမ်ချုံးကို သေအောင်ရိုက်နှက်ဆုံးမပြီး ယခုအခါမှာ သားအရင်းသဖွယ် ဆက်ဆံနေပြန်သည်။
“ဟေး ညီလေးဖန့် မင်းက အပိုပြောနေပြန်ပြီ။ ငါက တိုက်ကွမ်ဒိုလောက်ပဲသင်ဖူးတာ။ မင်းပြောတဲ့ အဆင့်မြင့်နတ်ဘုရားအဆင့်တို့ သိုင်းပါရမီရှင်အဆင့်တို့ဆိုတာ ငါမှမသိတာ။ နောက်ပိုင်းကျ သူစုံစမ်းလို့ အမှန်တွေသိခဲ့ရရင် ငါတို့လိမ်ထားတာတွေ ပေါ်သွားလိမ့်မယ်”
“ငါဘယ်တုန်းကမဟုတ်တာလျှောက်ပြောဖူးလို့လဲ။ ငါပြောတဲ့အတိုင်းဖြစ်အောင်လုပ်တာချည်းပဲလေ။ ငါက တစ်နှစ်အတွင်းမှာ မင်းကို သိုင်းပါရမီရှင်ဖြစ်အောင် လုပ်ပြနိုင်တာပဲလေ”
“တကယ်ကြီး”
“ငါက မင်းကို လိမ်ပြောပါ့မလား။အမှန်အတိုင်းပြောရမယ်ဆို ငါ့ဘိုးဘေးဆီကနေ ကျောင်းတစ်ကျောင်း အမွေဆက်ခံရရှိတယ်။ အဲ့ကျောင်းက ဘာမဆို သင်ပေးနိုင်တယ်။ လွန်ခဲ့တဲ့ ခြောက်လတုန်းက ငါလည်း သာမန်လူပါပဲ”
“ဘုရားရေ မင်းရဲ့ပိုင်ဆိုင်မှုတွေကလည်း များတာ”
“ဟား မင်းမယုံရင် မင်းကိုရော မင်းကောင်မလေးကိုရော ခေါ်သွားမယ်။ သူမက ခုတောင် အလယ်အလတ်အဆင့်သိုင်းပညာရှင်ဖြစ်နေပြီသားလေ။ ဒါကြောင့်မို့ သူမဆိုရင် ခြောက်လလောက်နဲ့ သိုင်းပါရမီရှင်ဘဝကိုရောက်နိုင်တယ်။ ဒါဆို မင်းယောက္ခမလည်း သံသယဝင်တော့မှာမဟုတ်ဘူး”
“ရှင်တကယ်ပြောတာလား”
စမ်းမုန့်ဟန်က သူပြောသည့်စကားများကိုကြားရပြီး မယုံကြည်နိုင်အောင် ဖြစ်နေမိသည်။
“ဒါပေမဲ့ တစ်ခုရှိတာက ငါတို့သင်ပေးလိုက်တဲ့ ပညာတွေကို အပြင်မှာပြန်ပြီးဖြန့်ဝေလို့မရဘူး”
“စိတ်ချပါ ငါတို့က ပါးစပ်လုံပါတယ်”
“ဟေ့ကောင်..ဝမ်ချုံး မင်းကိုငါ မယုံကြည်ဆုံးပဲ”
စမ်းဝေ၏ အနောက်မှ လိုက်လာပြီး မွေးနေ့ပွဲကျင်းပရာ ခန်းမဆောင်ထဲရောက်လာကြသည်။
“အားလုံးပဲ ကျွန်တော့်ရဲ့ အသက် ၅၀ပြည့်မွေးနေ့ပွဲကို ကြွရောက်ချီးမြှင့်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ တချို့ဆို ဟိုးအဝေးကြီးကနေ တကူးတကလာကြတဲ့သူတွေတောင်ရှိပါတယ်။ ဒါကြောင့်မို့ ဒီနေ့မှာ ပျော်ပျော်ပါးပါးနေကြပါဗျာ။ ကဲ ပြီးတော့ ကျွန်တော်ကြေညာစရာလေးရှိနေလို့ပါ”
“ငါ့ရဲ့ သားမက်လောင်းဖြစ်သူနဲ့မိတ်ဆက်ပေးပါရစေ။ သူက တခြားသူတော့မဟုတ်ပါဘူး။ ဝမ်ချုံးပဲဖြစ်ပါတယ်”
“ဘာ ဘာလို့သူဖြစ်နေတာလဲ”
“မဖြစ်နိုင်တာ။ စမ်းဝေက သူ့သမီးကို သာမန်လူနဲ့ လက်ထပ်ဖို့ သဘောတူပါ့မလား”
“ဒါဆို စွန်းမိသားစုတော့ ဒီနေ့အရှက်ကွဲပြီပေါ့”
“စမ်းဝေက ရူးများသွားတာလား”
“စမ်းဝေ မင်းပြောတဲ့ စကားကို မင်းသေချာပြန်စဉ်စား။ မင်းက ငါတို့ စွန်းမိသားစုကို တမင်အရှက်ခွဲလိုက်တာပေါ့လေ ဟုတ်လား”
ထိုစကားကိုကြားရသောအခါ စွန်းမိသားစုဝင်များက ဒေါကကို မထိန်းနိုင်ကြတော့ပေ။ မွေးနေ့ပွဲခန်းမအတွင်းရှိ အနေအထားက ချက်ချင်းဆိုသလို ခက်ထန်လာသည်။