မင်း အရင်ဘဝကများ သံပုရာသီးဖြစ်ခဲ့သလား
Vol. 18 Ch. 250
စွန်းမိသားစု၏ ယခုလက်ရှိခေါင်းဆောင်သည် စမ်းဝေလောက် အသက်မကြီးသေးသော်လည်း သိုင်းပါရမီရှင်တစ်ဦးဖြစ်ခဲ့သည်။ စမ်းဝေက သိုင်းပါရမီရှင်တစ်ဦးတော့ မဖြစ်သေးပေ။ သို့သော် သူက သိုင်းပါရမီရှင်ဖြစ်ဖို့ အလားအလာကောင်းများစွာရှိသူမို့ လူအားလုံးက တလေးတစားဆက်ဆံကြသည်။
စွန်းပါတွင် စွန်းရီဟုခေါ်သော အသက်နှစ်ဆယ့်သုံးနှစ်အရွယ် သားတစ်ယောက်ရှိသည်။ စွန်းရီသည် မုန့်ဟန်နှင့် ရွယ်တူဖြစ်သည်။ သိပ်မကြာခင်ကပင် နှစ်ဖက်မိသားစုများက တွေ့ကြပြီး စမ်းမုန့်ဟန် နှင့် စွန်းရီကို လက်ထပ်ပေးမည့်အကြောင်းကို ပြောဖြစ်ကြသည်။
စမ်းဝေက “စဉ်းစားဦးမည်”ဟု စကားပလ္လင် ခံထားသော်လည်း သဘောတူချင်သည့်စိတ်ရှိကြောင်း သိသာပေသည်။ ပြီးတော့ သမီးတစ်ယောက်ကို အိမ်ထောင်ပြုပေးရန်ဆုံးဖြတ်ရသည့်အပေါ် ပြီးစလွယ် သဘောမျိုးမဖြစ်ချင်ပေ
စွန်းမိသားစု အနေအထားအရဆို စမ်းဝေသည် သူ့သမီးကို စွန်းရီလိုလူမျိုးနှင့် မဖြစ်မနေ သဘောတူလိမ့်မည်ဟု တထစ်ချယုံကြည်ထားကြသည်။ သို့သော်လည်း ဝမ်ချုံးဆိုသည့် သူဌေးသားပေါ်လာပြီး အခြေအနေတွေအကုန် ကမောက်ကမဖြစ်ကုန်သည်။
“ညီလေး စွန်း..ဒေါသအရမ်းမထွက်ပါနဲ့”
စွန်းပါက ပြသနာရှာမည်ကို စိတ်မပူသော်လည်း မိသားစုနှစ်ခုအကြား မိတ်မပျက်လိုပေ။
“ညီလေးစွန်းတို့နဲ့ ကလေးတွေအကြောင်းစကားစပ်မိတုန်းက သဘောတူမယ်လို့မပြောခဲ့ဘူးလေ။ စဉ်းစားမယ်လို့ပဲပြောခဲ့ကြတာမဟုတ်လား။ လက်ထပ်တယ်ဆိုတာ ကလေးကစားစရာမှမဟုတ်တာ”
“ခုနလေးတင်ပဲ မုန့်ဟန် ချစ်ရတဲ့သူ..ဝမ်ချုံးဆိုတဲ့ကောင်လေးက ပေါ်လာတာ။ ငါတို့က မိဘတွေဆိုတော့ကိုယ့်သားသမီးပျော်ရွှင်တာကိုပဲ မြင်ချင်ကြတာမဟုတ်လား။ ငါတို့ရဲ့ စိတ်ဆန္ဒတစ်ခုတည်းနဲ့ အတင်းအကြပ်လက်ထပ်ခိုင်းတာမျိုးက မဖြစ်သင့်တော့ဘူးလေ။ ကလေးတွေ သူ့ဘာသာသူပဲ ဆုံးဖြတ်ပါစေ”
စမ်းဝေ၏ စကားများက ပညာသားပါလှသဖြင့် အပြစ်ဆိုလို့မရပေ။
“ညီလေးစွန်းတို့ရဲ့ပစ္စည်းတွေကို ပြန်ပို့ခိုင်းလိုက်ပါ့မယ်။ ကျေးဇူးပြုပြီး အကိုကြီးကို နားလည်ပေးပါ”
စွန်းမိသားစု၏ လက်ဆောင်က ကြီးကျယ်ခမ်းနားသော်ငြား ဖန့်ကြွယ်ယွီ၏လက်ဆောင်နှင့် ဘာမှ ယှဉ်မရပေ။
ထိုပစ္စည်းများကို ပြန်ပေးရသော်လည်း စမ်းဝေက နောင်တမရပေ။
“ဟုတ်ပြီ ဟုတ်ပြီ” စွန်းပါက စိတ်လျှော့လိုက်သည်။
သူတို့၏လက်ဆောင်များပြန်ပို့ခံရခြင်းနှင့် လက်ထပ်လမ်းကြောင်းခြင်းကို ဖျက်သိမ်းသည့်ကိစ္စက စွန်းမိသားစုကို သိုင်းလောကတွင် မျက်နှာမဖော်ရဲသည်အထိ အရှက်ရစေသည်။
“အကို စမ်းဝေ ဒီကောင်လေးကို အကိုကြီးရဲ့သားမက်အဖြစ်လက်ခံတယ်ဆိုထဲက သူကတစ်နေရာရာမှာ ထူးချွန်လို့ပဲဖြစ်ရမယ်။ ကျုပ်တို့ကို ခင်ဗျားသားမက်အကြောင်းလေးပြောပြပါဦး”
စမ်းဝေမှာပြောစရာစကားလုံးမရှိပေ။ ဝမ်ချုံးက နာမည်ကြီးပုဂ္ဂိုလ်ဖြစ်ပြီး မိန်းကလေးများနှင့် ပွေရှုပ်တတ်သော စီးပွါးရေးသမားဟု သိကြသည်။ ဒီ့ထက်ပိုပြီး ဘာအရည်အချင်းကောင်းမှ ရှိမည့်ပုံမပေါ်ပေ။
“ဟာကွာ..ဒီလူကတော့ တမင်သက်သက်ပွဲဖျက်နေတာပဲ”
ဖန့်ကြွယ်ယွီက စားသောက်နေရင်း ဖြစ်ပျက်နေသည့် အရာများအားလုံးကို မြင်ရသည်။
“ဟေး ဦးလေး..သူတို့သမီးကို သူတို့စိတ်ကြိုက်လူနဲ့ပေးစားမှာပေါ့။ ခင်ဗျားဘာတွေ စောဒကတက်နေတာလဲ”
ဖန့်ကြွယ်ယွီက ထိုသို့ပြောရင်း ဝမ်ချုံးဘေးမှာ နေရာယူလိုက်သည်။
“သူပဲ”
ကူးချန်ဂိုဏ်းက လူများက ကြောက်ဒူးတုန်ကုန်ကြသည်။
“စွန်းပါက ဒီနေ့ ဒုက္ခရောက်တော့မှာပဲ”
စွန်းပါက သိုင်းပါရမီရှင်အဆင့်ကို ရောက်တာမကြာသေးပေ။ ကူးမိုနှင့် ယှဉ်ပါက သူ့အနေအထားက ဘာမှ မပြောပလောက်ပေ။
“သူက ခေါင်းဆောင်ပိုင်ရဲ့ မွေးနေ့ပွဲမှာ တွေ့ခဲ့ရတဲ့ကောင်လေး မဟုတ်လား”
အဘိုးပိုင်၏ အသက် (၈၀)မွေးနေ့ပွဲကို တက်ရောက်သော လူများက သူ့ကိုမှတ်မိနေသည်။
စွန်းပါက သူနှင့် ထိပ်တိုက်ဆုံပါက မလွယ်ကူဘူးဟု သူတို့အားလုံးမှတ်ချက်ပြုကြသည်။
ဝမ်ချုံးက မျက်နှာဘယ်နားထားရမှန်းမသိအောင် ရှက်ရွံ့နေသည်။
“နေပါဦး မင်းက ဘယ်သူလဲ”
စွန်းပါက သူ့ကို မလေးမစားဆက်ဆံသောပုံစံကို မြင်ရပြီး ဒေါသထွက်သွားသည်။
“ကျစ်..ဒီနေ့ဒီအချိန်မှာ သီတင်းမကြည့်တဲ့သူကရှိသေးတာပဲ။ ငါ့ကိုတောင်မသိဘူးတဲ့။ ခင်ဗျားတို့ရွာမှာ အင်တာနက်လိုင်းမရဘူးလား”
“မင်းဘယ်လိုကောင်လဲ။စကားပြောတာ ဆင်ခြင်ပြော”
“ခင်ဗျား လုပ်ပုံတွေ မဟုတ်လို့ ပြောနေရတာ။ လူငယ်တွေချစ်ကြိုက်ကြတာ ဘာဆန်းလဲ။ ခု စမ်းမိသားစုက သူတို့သမီးကို ငါ့သူငယ်ချင်းနဲ့ သဘောတူတဲ့ကိစ္စမှာ ခင်ဗျားက ဘာတွေဝင်နာနေတာလဲ။ ခင်ဗျား အရင်ဘဝက သံပုရာသီးများဖြစ်ခဲ့လား”
“မင်း သေချင်ပြီလား ဟေ့ကောင်””အကိုစမ်း..အကိုကြီးရဲ့ မွေးနေ့မို့လို့ ငါစိတ်ထိန်းနေတာ။ ဒီကောင်က တော်တော်တရားလွန်လာတာ။ ငါတို့စွန်းမိသားစုကို စော်ကားလွန်းအားကြီးနေပြီ။ ဒီကောင့်ကို သတ်ရမှ ကျေနပ်မယ်”
“ညီလေးစွန်း ကြိုက်သလိုလုပ်ပါ”
စမ်းဝေက သူ့ကိုမတားပေ။ သူ့မှာ ဖန့်ကြွယ်ယွီကို သတ်နိုင်မည့် အစွမ်းအစရှိမှရမည်။
“အင်း တစ်ခုခုတော့ ထူးဆန်းနေပြီ”
စွန်းပါ၏ စိတ်ထဲထင့်သွားသည်။ သို့သော် သူတွေးတာလည်း ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်ဟု တွေးသောအခါ စိတ်သက်သာရာရပြန်သည်။
စွန်းပါက ဖန့်ကြွယ်ယွီကို စတင်တိုက်ခိုက်တော့သည်။
“အာ..ငါက သွေးထွက်သံယိုဖြစ်တာတွေမမြင်ချင်ပါဘူးဆို။ ဒီလူတွေက မဖြစ်ဖြစ်တဲ့နည်းနဲ့ အရောက်ပို့နေကြတာပဲ”
ဖန့်ကြွယ်ယွီက စိတ်ရှုပ်လာသည်။
“ငါ ဖြေရှင်းခဲ့တာတွေများပြီ။ ကူးရီ ဒီတစ်ခါ မင်းအလှည့်ပဲ”
“ဟုတ်ကဲ့ သခင်လေး။ ကျွန်တော်သူ့ကို သတ်လိုက်ရမလား”
ကူးရီ၏ အသံက သူ၏နားထဲ ပဲ့တင်သံထပ်လာသည်။
“သတ်ဖို့အထိမလိုပါဘူး။ မှတ်လောက်သားလောက်အောင် ပညာပေးပြီး ပြန်လွှတ်ပေးလိုက်”
“ဟုတ်ကဲ့”
စွန်းပါ၏ လက်က ဖန့်ကြွယ်ယွီ၏ လည်ပင်းနားကို ရောက်မည့်အချိန်တွင် မျက်နှာခပ်တင်းတင်း တောင့်တောင့်ဖြောင့်ဖြောင့် လူတစ်ဦးက သူ့ရှေ့မှာဘွားခနဲပေါ်လာသည်။
“တကယ့်ကို အဆင့်မြင့်နတ်ဘုရားအဆင့်မှာရှိတဲ့လူက သူ့ကိုစောင့်ရှောက်နေတာပဲ”
“စွန်းပါတော့သေပြီ”
“ငါတို့လူတွေကိုလည်း သူ့ကို သွားပြီးရန်မစဖို့ မှာထားရမယ်”
“ဖြန်း”
ကူးရီက စွန်းပါ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲသည်။
စွန်းပါက ရုတ်တရက်ပေါ်လာသော ကူးရီကိုမြင်ပြီး ထိတ်လန့်သွားသည်။
“မင်းဘယ်သူလဲ”
“ငါ့သခင်လေးက မင်းကို မှတ်လောက်သားလောက်အောင် ဆုံးမဖို့လွှတ်လိုက်တာ”
ထိုသို့ပြောရင်း စွန်းပါ၏ ရင်ဘတ်ကို ခပ်ပြင်းပြင်းထိုးလိုက်သည်။
“အား”
စွန်းပါ၏ ပါးစပ်မှ သွေးများစီးကျလာသည်။သို့သော် ကူးရီ၏ လက်အပေါ် သွေးများမကျလာခင်မှာပင် အငွေ့ပျံပြီး ကွယ်ပျောက်သွားတော့သည်။
ကူးရီက စွန်းပါ၏ ကော်လံမှဆွဲပြီး မိုးပေါ်သို့ လွှင့်ပစ်လိုက်ပုံက စမ်းမိသားစုအိမ်ဝန်းထဲမှ
အမှိုက်ထုပ်ကိုရှင်းပစ်သည့်ပုံစံဖြစ်သည်။
ခန်းမဆောင်တစ်ခုလုံး အပ်ကျသံပင်ကြားရသည်အထိ တိတ်ဆိတ်ငြိမ်သက်သွားသည်။
စာစဉ်ပြီး၏