← Chapters

ရွှေရောင် ကျီးကန်း

Vol. 9 Ch. 810

ရွှေရောင် ကျီးကန်း

Vol. 9 Ch. 810

"ကျုံးဝမ် လူမျိုးတွေက ဘာဖြစ်လို့ လဲ ... "

ချန်းဖန်က မေးလိုက်သည်။

သူတို့၏ အကြည့်များက သူ့အား အနည်းငယ် မသက်မသာ ဖြစ်စေ၏။ ထိုအရာများက ရှေးဟောင်းခေတ် တော်ဝင်မျိုးနွယ်များမှ သူတို့၏ ကျွန်များကို ကြည့်သည့် အကြည့်များနှင့် ဆင်တူသည်။

ချန်းဖန်က ထိုလူငယ်များကို သေချာစွာ အကဲခတ် ကြည့်လိုက်၏။ လူငယ်များ၏ အသားအရေသည် အာရှသားကဲ့သို့ ဝင်းဝါ ချောမွတ်သော်လည်း ပတ်ဝန်းကျင် ရာသီဥတု မတူညီမှုကြောင့် သူတို့၏ မျက်လုံးများမှာ ပြာလဲ့လဲ့ ဖြစ်နေခဲ့သည်။ ထို့အပြင် သူတို့ နှာခေါင်းများမှာလည်း အနည်းငယ် ပိုမိုမြင့်ကာ ဖြောင့်တန်း၏။

"ဘာမဟုတ်ပါဘူး ... "

လူငယ်များက အားနားစွာဖြင့် ခေါင်းခါ လိုက်ကြ၏။

မည်သည့် လူမျိုး ဖြစ်စေကာမူ ထိုမူလ အဆင့်မှာ သူတို့၏ အသက်များကို ကယ်ထားသူ ဖြစ်သည်။ ထို့အပြင် မူလ အဆင့် ဆိုသော ကျင့်ကြံခြင်း အဆင့်မှာ ကျူးရန်မြို့တွင်ပင် လေးစားခံထိုက်သော အဆင့် တစ်ခု ဖြစ်သည်။

ချန်းဖန်က မေးခွန်းများ ထပ်မံမေးရန် ဟန်ပြင် လိုက်စဉ်မှာပင် ကောင်းကင်၌ လေသင်္ဘောများ ပေါ်လာခဲ့သည်။

"ငါတို့ လူတွေ ရောက်လာပြီဟေ့ ... "

ယွင်ရဲ့အာက ခုန်ပေါက်ကာ အော်ဟစ် လိုက်၏။

"ဟူး ...  ဟူး ... "

လေသင်္ဘောများထက်မှ များစွာသော လူများ ဆင်းသက်လာသည်။  အများစုမှာ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်၊ ဝိညာဉ် ပင်လယ် အဆင့်များ ဖြစ်ပြီး ခေါင်းဆောင် တစ်ယောက်သာလျှင် မူလ အဆင့် ဖြစ်သည်။

"ကျုပ်တို့ရဲ့ သခင်လေးကို ကယ်တင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ...  ရောင်းရင်း"

မူလ အဆင့် ခေါင်းဆောင် အဘိုးအိုက ချန်းဖန်အား လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။ အခြားသော မိသားစု အကြီးအကဲများကလည်း ချန်းဖန်အား ကျေးဇူးတင်စကား ပြောဆိုကြ၏။

"ဂိုဏ်းအစေခံ စန်း ...  စီနီယာချန်းက ကျုံးဝမ် လူမျိုး တစ်ယောက်ပါ"

ရုတ်တရက် ကျန်းလင်ဖုန်းက ပြောလိုက်သည်။

"ကျုံးဝမ် ... "

မူလ အဆင့် ဂိုဏ်းအစေခံ စန်း အပါအဝင် လူတိုင်းမှာ အနည်းငယ် တွန့်ဆုတ် သွားကြ၏။ သို့သော်လည်း သူတို့က ချက်ချင်းပင် အမူအရာများကို ပြင်လိုက်ကြသည်။

"အာ ...  ရောင်းရင်းက ကျုံးဝမ်နယ်က မိတ်ဆွေ တစ်ယောက်ပဲ ...  ဘယ်လောက်တောင် အံ့အားသင့်ဖို့ ကောင်းလိုက်သလဲ"

ဂိုဏ်းအစေခံစန်းက အော်ဟစ် ရယ်မော လိုက်သည်။

ထို့နောက် သူက ချန်းဖန်အား သူ၏ လေသင်္ဘောပေါ်သို့ တက်ရောက်ရန် ဖိတ်ခေါ်၏။ သို့သော်လည်း သူ၏ အမူအရာက အမှန်တကယ် စိတ်ပါဟန် မရပဲ ယဉ်ကျေးမှု အရသာ ဖြစ်ကြောင်း ပေါ်လွင် နေခဲ့၏။

"ဆရာ ...  ဂိုဏ်းအစေခံစန်းက ခါတိုင်း ဆိုရင် မူလ အဆင့်ကို တွေ့တာနဲ့ ပျာယာခတ် နေတာမလား ...  အခု သူက ဘာလို့ အေးစက်စက်ပုံစံ ဖြစ်နေဝာာလဲ ...  စီနီယာချန်းက ပါရမီရှင် ဖြစ်မှာ သေချာပါတယ် ...  သူက ကျွန်တော်တို့ အသက်လောက်ပဲ ရှိဦးမှာ"

လေသင်္ဘောပေါ်ရှိ အစောင့် တစ်ယောက်က သူတို့၏ ခေါင်းဆောင်ကို မေးလိုက်၏။

"အရူးကောင် ...  သူက ကျုံးဝမ် လူမျိုးတဲ့ကွ ... "

အစောင့် ခေါင်းဆောင်က ငေါက်ငမ်း လိုက်သည်။ ထို့နောက် သူက ချန်းဖန်အား ကြည့်ကာ ခေါင်းခါရင်း တီးတိုး ရေရွတ် လိုက်၏။

"နှမြောစရာ ကောင်းလိုက်တာ ...  သူ့လို ပါရမီရှင်မျိုးက အနာဂတ်မှာ ရွှေအမြုတေ အဆင့်တောင် ဖြစ်လာနိုင်တယ် ...  ဒါပေမဲ့ သူက ကျုံးဝမ် လူမျိုး ဖြစ်နေတော့လည်း ... "

ချန်းဖန်မှာ သူ၏ နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ထားရာ ထိုစကားများအား ကြားသည်။ သူသည် ထိုအရာကို ဂရုစိုက်ခြင်း မရှိသော်လည်း သူ၏ ခေါင်းအတွင်းတွင်မူ သံသယများက ပို၍ တိုးပွားလာခဲ့၏။

ထို့နောက် အခြား အကြီးအကဲများက ချန်းဖန်အား သူတို့၏ လေသင်္ဘောများ အတွင်း ဝင်ရောက်ရန် ဖိတ်ခေါ် ကြသည်။ သို့သော်လည်း ချန်းဖန်က တိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။

"အာ ...  စီနီယာချန်းက မလိုက်ချင်ဘူး ဆိုတော့လည်း အတင်းကြီး မဖိတ်ခေါ်တော့ပါဘူး ...  ခွင့်ပြုပါဦး"

ထိုအကြီးအကဲများကား ချန်းဖန် ငြင်းဆိုသည်နှင့် ချက်ချင်းပင် သူတို့၏ လေသင်္ဘောများထက်သို့ ပြန်လည် တက်သွား ကြတော့သည်။

နောက်ဆုံး၌ မူဟုန်တိ တစ်ယောက်သာ ကျန်ရစ်ခဲ့တော့၏။ သူမက ချန်းဖန် အတွက် အနည်းငယ် စိတ်မကောင်း ဖြစ်နေဟန် ရသည်။

"စီနီယာချန်း ...  အကြီးအကဲတွေရဲ့ အပြုအမူတွေ အတွက် ကျွန်မကပဲ တောင်းပန် ပါတယ် ...  စီနီယာချန်းရဲ့ ကျေးဇူးကို ကျွန်မ တစ်သက်လုံး မမေ့ပါဘူး ...  တကယ်လို့ တစ်ခုခု အကူအညီ လိုအပ်ရင် မူမိသားစုကို လာခဲ့ပါ"

"အင်း ... "

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။

ကျန်းလင်ဖုန်းကမူ သူ့အား တစ်ချက်ပင် လှည့်မကြည့်ခဲ့ချေ။

"ဟူး ...  ဟူး ... "

လေသင်္ဘောများ ထွက်ခွာသွားပြီးနောက် ထိုနေရာ၌ ချန်းဖန် တစ်ယောက်သာ ကျန်ရစ်ခဲ့တော့၏။ သူကား အနည်းငယ် စိတ်ရှုပ်ထွေး နေခဲ့သည်။

"ကောင်းကင် လမ်းကြောင်းကနေ ထွက်ခွာသွားတဲ့ ကျင့်ကြံသူတွေထဲမှာ အခြေတည် ဝိညာဉ် အဆင့် တစ်ယောက် အပြင် မူလ အဆင့်တွေ ရွှေအမြုတေ အဆင့်တွေ အများကြီး ပါတယ် ...  ကောင်းကင် ညီမျှခြင်းရဲ့ ကျင့်ကြံခြင်း အဆင့် ဆိုရင် ထျန်းဟောင်ဂြိုဟ်မှာတောင် ကျော်ကြားနိုင်တယ် ...  ဒီနေရာမှာ သူတို့ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ"

ချန်းဖန်က ခေါင်းအား ခါလိုက်သည်။ ထို့နောက် သူက ရွှေရောင် အလင်း အသွင်သို့ ပြောင်းလဲ၍ ကျူးရန်မြို့သို့ ဦးတည် လိုက်တော့၏။

"ဟူး ...  ဟူး ... "

ချန်းဖန်သည် မိုင်တစ်ထောင် အကွာအဝေးကို မိနစ်ပိုင်းလောက်သာ အချိန်ယူ လိုက်ရသည်။ သိပ်မကြာခင်မှာပင် သူသည် ကြီးမားသော ရှေးဟောင်းမြို့ကြီး တစ်မြို့သို့ ရောက်ရှိ လာခဲ့၏။

ထိုမြို့၏ နံရံများသည် အနက်ရောင် သံဖြင့် ပြုလုပ်ထားကာ ပေတစ်ရာခန့် ရှည်လျား၏။ ထိုနံရံများ၌ များစွာသော အဆောင် သင်္ကေတများ ရှိပြီး ထိုအရာများက နေ့ဘက်တွင်ပင် လင်းလက် တောက်ပနေသည်။

"ဝှစ် ... "

ချန်းဖန်သည် သေမျိုး တစ်ယောက် အသွင်သို့ ပြောင်းလဲကာ မြို့အတွင်း ဝင်ရောက် လာခဲ့သည်။

ကျူးရန် မြို့၏ အကာအကွယ် အစီအရင်သည် ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက် ဖွဲ့စည်းထားခြင်း ဖြစ်ရာ ချန်းဖန်သာ ဆန္ဒရှိပါက လွယ်ကူစွာ ဖျက်ဆီးနိုင်သည်။ သို့သော်လည်း သူသည် ထျန်းဟောင်ဂြိုဟ်သို့ ရောက်ရောက်ချင်း ဆောက်နှင့် မထွင်းလိုချေ။

ကျူးရန်မြို့၏ လမ်းမများသည် မီတာ တစ်ရာခန့် ကျယ်ဝန်း၏။ လမ်းမများ ထက်တွင်မူ သယ်ဆောင်ရေး သားရဲများ၊ လူများ ပျားပန်းခပ်မျှ သွားလာ နေကြသည်။

ချန်းဖန်သည် လမ်းတစ်လျှောက်၌ များစွာသော တန်ခိုးရှင် ကျင့်ကြံသူများကို တွေ့ရ၏။ သို့သော်လည်း ထိုအထဲမှ အများစုမှာ အခြေခံ တည်ဆောက်ခြင်း အဆင့်၊ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်များသာ ဖြစ်သည်။ ချန်းဖန်သည် တစ်ခါတစ်ရံမှသာ ကောင်းကင်၌ ပျံသန်းနေသော ဝိညာဉ် ပင်လယ် အဆင့်များကို တွေ့ရ၏။ မူလ အဆင့်များကို တစ်ကြိမ်မျှပင် မတွေ့ရချေ။

"ကြည့်ရတာ ထျန်းဟောင်ဂြိုဟ်မှာတောင် မူလ အဆင့်က ရှားပါးတဲ့ ပုံပဲ ... "

ချန်းဖန်က မှတ်ချက်ချရင်း ဟာလာဟင်းလင်း ဖြစ်နေသော သူ၏ အိတ်ကို စမ်းလိုက်၏။ ကျင့်ကြံခြင်း လောက၌ ဝိညာဉ် ကျောက်တုံးများမှာ ငွေကြေးများ ဖြစ်သည်။ သူ့အနေဖြင့် ဤနေရာ၌ တစ်ခုခုကို ဝယ်ချင်ပါက ဝိညာဉ်ကျောက်တုံးများ လိုအပ်သည်။

ချန်းဖန်သည် ကောင်းကင် လမ်းကြောင်း တစ်လျှောက်၌ ဝိညာဉ် ကျောက်တုံး အားလုံးကို သုံးစွဲခဲ့ရရာ သူ့တွင် ဝိညာဉ်ကျောက်တုံး တစ်ခုပင် မကျန်တော့ချေ။ သို့ဖြစ်ရာ သူ့အနေဖြင့် ဝိညာဉ် ကျောက်တုံး ရှာဖွေရန် လိုအပ်နေခဲ့ပြီ ဖြစ်သည်။

မကြာခင်မှာပင် သူသည် ဝိညာဉ် ဆေးဝါး အရောင်းဆိုင် တစ်ခု၏ အရှေ့သို့ ရောက်လာခဲ့၏။ ထိုဆိုင်၏ အရှေ့တွင် ဆယ်ပေခန့် မြင့်မားသော ရွှေရောင် ကျီးကန်း ရုပ်တုကြီး တစ်ခု ရှိသည်။

"ဆရာလေး ...  ဝိညာဉ်ဆေးဝါး ဝယ်ချင်လို့လား ...  ရွှေရောင် ကျီးကန်းမှာ အဆင့်မြင့် ဝိညာဉ်ဆေးက အစ အကုန်လုံး ရှိပါတယ် ...  "

ဆိုင်အတွင်းမှ သွက်လက်ဟန် ရသော မိန်းကလေး တစ်ယောက် ထွက်လာကာ ချန်းဖန်အား ဖိတ်ခေါ်လိုက်၏။

သူမသည် အလွန် လှပပြီး ဉာဏ်အလင်း စုဆောင်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ ထိုအချိန်၌ ချန်းဖန်သည် သေမျိုး တစ်ယောက်၏ အသွင်သို့ ပြောင်းလဲထားသည့်တိုင် မိန်းကလေးက သူ့အား မလေးမစား လုပ်ခြင်းမျိုး မရှိချေ။

"ငါ ဝိညာဉ်ဆေး အချို့ ရောင်းချင်လို့ပါ ... "

ချန်းဖန်က ပြောရင်း ဆေးပုလင်း တစ်ခုအား ထုတ်ယူ လိုက်၏။

"ကောင်းပါပြီ ...  ခဏ စောင့်ပေးပါဦး"

မိန်းကလေးက ချန်းဖန်အား နေရာချပေးကာ လက်ဖက်ရည် တည်ခင်းပြီး ထွက်ခွာ သွားသည်။

မကြာခင် မိန်းကလေးနှင့် အတူ အဇူရာ ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအို တစ်ယောက် ပါလာ၏။ သူကား ဝိညာဉ်ပင်လယ် အဆင့် တစ်ယောက် ဖြစ်သည်။

အဘိုးအိုက ချန်းဖန်အား နှုတ်ဆက်ပြီးနောက် ဆေးပုလင်းကို ကောက်ယူ စစ်ဆေးလိုက်သည်။ တဖြည်းဖြည်းနှင့် သူ၏ မျက်လုံးများမှာ ပြူးကျယ်လာသည်။

"ဒါက ...  အဆင့်မြင့် ဝိညာဉ်ဆေး ဖြစ်တဲ့ ကောင်းကင် အမတေဆေးတွေပဲ ...  နောက်ပြီး နို့နှစ်ရောင် ရှိတယ် ဆိုတော့ အသန့်စင်ဆုံး ဖြစ်တယ် ဆိုတာ ထင်ရှားနေတယ် ...  မိတ်ဆွေ သင် ဒါကို ဘယ်က ရတာလဲ"

အဘိုးအိုက စိတ်လှုပ်ရှားစွာ မေးလိုက်၏။

သူ၏ စကားက အခန်း အတွင်းရှိ လူများအား စိတ်ဝင်စား သွားစေသည်။

အဆင့်မြင့် ဝိညာဉ်ဆေး ...

ထိုအရာကား သာမန် လူတစ်ယောက်ကို ဝိညာဉ် ပင်လယ် အဆင့်ထိ ရောက်ရှိ စေနိုင်သော ဆေးဝါးများ ဖြစ်သည်။ ထို့အပြင် ထိုဆေးမှာ အသန့်စင်ဆုံးဟု ဆိုရာ မည်သည့် ဘေးထွက်ဆိုးကျိုးမှ မရှိပဲ အသုံးပြုနိုင်သည်ဟု အဓိပ္ပာယ်ရ၏။

များစွာသော လူများက ချန်းဖန်အား လောဘတကြီး ကြည့်ကြသည်။ တစ်စုံတစ်ယောက်၏ ချမ်းသာခြင်းမှာ ၎င်း၏ ပျက်စီးခြင်းလည်း ဖြစ်၏။

အဘိုးအိုမှာ အခြားလူများ၏ အကြည့်များကို မြင်သည်နှင့် ချန်းဖန်အား သီးသန့်ခန်း တစ်ခု အတွင်း ဖိတ်ခေါ် လိုက်သည်။ ထိုနေရာမှာ လုံခြုံရာ သူတို့၏ စကားများကို မည်သူမျှ ကြားနိုင်တော့မည် မဟုတ်ချေ။

သို့သော်လည်း ချန်းဖန်က ထိုအရာ အတွက် စိတ်မရှိချေ။ သူက ပြုံးကာ ပြောလိုက်၏။

"ဒီဆေးတွေက ငါလုပ်ထားတာပါ ... "

"ဘယ်လို ... "

အဘိုးအို၏ မျက်လုံးများမှာ ပြူးကျယ် သွား၏။

အဆင့်မြင့် ဝိညာဉ်ဆေးကို ပြုလုပ်နိုင်သူများမှာ မူလ အဆင့်များသာ ဖြစ်သည်။ မူလ အဆင့်မှ လွဲ၍ မည်သူမျှ အဆင့်မြင့် ဝိညာဉ်ဆေးကို ပြုလုပ်နိုင်မည် မဟုတ်ချေ။

"မိတ်ဆွေက မူလ အဆင့် ကျင့်ကြံသူလား ...  တောင်းပန်ပါတယ် ...  ခွင့်လွှတ်ပေးပါ တန်ခိုးရှင်"

အဘိုးအိုက ချန်းဖန်အား အလွန် လေးစားသော အမူအရာဖြင့် တောင်းပန် လိုက်သည်။

"တန်ခိုးရှင် ...  အဆင့်မြင့် ဝိညာဉ်ဆေးတွေက အရမ်း အဖိုးတန်ပါတယ် ...  နောက်ပြီး တန်ခိုးရှင်ရဲ့ ဆေးတွေက အကောင်းတကာ့ အကောင်းဆုံး ဆေးတွေ ဖြစ်ဝောာ့ အနည်းဆုံး ဝိညာဉ် ကျောက်တုံး တစ်သိန်း အထိ တန်ကြေးရှိပါတယ် ...  အခု လောလောဆယ် ရွှေရောင် ကျီးကန်းမှာက အဲဒီလောက် မရှိသေးပါဘူး"

အဘိုးအိုက ခဏရပ်ကာ ဆက်ပြောလိုက်၏။

"ဒါပေမဲ့ နောက်သုံးရက်မှာ ရွှေရောင် ကျီးကန်းက လေလံပွဲ တစ်ခု ကျင်းပမှာပါ ...  အဲဒီကျရင် ကျူးရန်မြို့ ကျင့်ကြံခြင်း မိသားစုတွေရဲ့ မူလ အဆင့်တွေပါ တက်ရောက်မှာပါ ...  တကယ်လို့ တန်ခိုးရှင်သာ စောင့်နိုင်မယ် ဆိုရင် အဲဒီ လေလံပွဲနေ့ကျ ပိုပြီး မြင့်တဲ့ ဈေးနဲ့ ရောင်းချ နိုင်ပါတယ် ... "

"နောက်သုံးရက် ... "

ချန်းဖန်က တီးတိုး ရေရွတ်လိုက်၏။

***

All Chapters