လေလံပွဲ
Vol. 9 Ch. 811
ချန်းဖန်သည် နောက်သုံးရက် အကြာတွင် ပြန်လာမည်ဟု ဆိုကာ ဆေးပုလင်းကို ထားခဲ့၍ ရွှေရောင် ကျီးကန်း ဆိုင်မှ ပြန်လည် ထွက်ခွာသွားခဲ့သည်။
ချန်းဖန် ပျောက်ကွယ်သွားသည်နှင့် အဘိုးအိုက ဆေးပုလင်းကို ကိုင်ကာ အခန်း တစ်ခု အတွင်းသို့ ဝင်ရောက် သွား၏။ ထိုအခန်း အတွင်းတွင်မူ လက်ဖက်ရည် သောက်နေသော အနက်ရောင်ဝတ် လူတစ်ယောက် ရှိသည်။ ရွှေရောင် ကျီးကန်း ဆေးဆိုင်၏ များစွာသော အကြီးအကဲများမှာ ထိုလူငယ်၏ နံဘေး၌ လေးစားစွာ ရပ်နေကြ၏။
"သခင်ကြီး ... သူ အခုပဲ ထွက်သွားပါပြီ ... ဆေးတွေကိုတော့ နောက်သုံးရက် အကြာ လေလံပွဲမှာ ရောင်းချပါမယ်"
အဘိုးအိုက ဦးညွှတ်ရင်း ပြောလိုက်၏။
"အင်း ... "
အနက်ရောင်ဝတ် လူက ခေါင်းညိတ် လိုက်သည်။
သူသည် အသက် သုံးဆယ် အရွယ်ဟု ထင်ရသော်လည်း ဆွတ်ဆွတ်ဖြူ နေသော ဆံပင်များနှင့် လေးနက်သော မျက်လုံးများကို ပိုင်ဆိုင်ထားသည်။ သူကား မူလအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။
"သခင်ကြီး ဘာလို့ ဆေးတွေကို မဝယ်ဖို့ ပြောခိုင်းတာလဲ ... ဝိညာဉ် ကျောက်တုံး တစ်သိန်းက ကျုပ်တို့ ရွှေရောင် ကျီးကန်းအတွက် မများပါဘူး"
ဝတုတ် အကြီးအကဲ တစ်ယောက်က မေးလိုက်သည်။
ထိုဆေးပုလင်းကို တစ်သိန်းဖြင့် တိုက်ရိုက် ဝယ်ယူပြီး လေလံပွဲတွင် ပြန်လည် ရောင်းချပါက ပိုမို များပြားသော အမြတ်ငွေကိုပင် ရရှိနိုင်သည်။
"ကောင်းကင် အမတေဆေး ဆယ်လုံးက ငါတို့ အတွက် အရေးမပါဘူး ... ဆရာက ငါ့ကို ဆေးခန်းမတွေ အတွက် ပါရမီရှင်တွေ ရှာဖို့ ခိုင်းလိုက်တာ ... အဲဒီ လူက တကယ်ပဲ ဆေးဖော်စပ်သူ ဖြစ်မယ် ဆိုရင် ငါတို့ ရရှိမယ့် ဆုလာဘ်က ပိုပြီး ကြီးမားလိမ့်မယ်"
အနက်ရောင်ဝတ် လူက အနည်းငယ် ပြုံးရင်း ဆိုလိုက်၏။
"အဲ့လိုလား ... "
လူတိုင်းက သဘောပေါက်ဟန် ခေါင်းညိတ် လိုက်ကြသည်။
ရွှေရောင်ကျီးကန်း ဆေးဆိုင်များသည် ပေ့ဟန် နယ်တစ်ခုလုံး၌ ဆိုင်ခွဲများစွာဖြင့် ဖွင့်ထားခြင်း ဖြစ်သည်။
သူတို့၏ နောက်ခံမှာ တော်ဝင်မြို့မှ မင်းသား တစ်ပါး ဖြစ်သည်။ ပေ့ဟန် မင်းသားများသည် သခင်ကြီး ပေ့ဟန်၏ အရိုက်အရာ အတွက် အစဉ်အမြဲ ယှဉ်ပြိုင် နေလေ့ရှိသည်။ သို့ဖြစ်ရာ အဆင့်မြင့် ဝိညာဉ် ဆေးဖော်စပ်သူ တစ်ယောက်ကို ပိုင်ဆိုင်ခြင်းက သူတို့၏ ယှဉ်ပြိုင်မှုကို သိသိသာသာ အကျိုးသက်ရောက်မှု ရှိစေလိမ့်မည် ဖြစ်သည်။
"အဲဒီ တန်ခိုးရှင် ပြောတာတော့ ဆေးတွေကို သူကိုယ်တိုင် လုပ်ခဲ့တာတဲ့ ... သခင်ကြီးက ဘာလို့ တစ်ခါတည်း ခေါ်မထား လိုက်တာလဲ"
အဘိုးအိုက နားမလည်သည့် ပုံစံဖြင့် မေးလိုက်၏။
"အဘိုးကြီးတင်း ... ဒီတစ်မြို့လုံးမှာတောင် မူလ အဆင့်က လက်တစ်ဆုပ်စာပဲ ရှိတာ ... သူတို့တွေက အဲဒီလို လွယ်လွယ်ကူကူ ထွက်ပေါ် လာလိမ့်မယ်လို့ မင်းထင်နေလား ... နောက်ပြီးတော့ သူ့ရဲ့ အသွင်အပြင်က ဘာတွေ ခြားနားနေတယ် ဆိုတာ မင်း သတိထားမိလား"
အနက်ရောင်ဝတ်လူက အနည်းငယ် ရယ်မော လိုက်သည်။
"အသွင်အပြင် ... "
အခြားလူများမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။
"အနက်ရောင် မျက်လုံးနဲ့ အနက်ရောင် ဆံပင် ... မဟုတ်မှ လွဲရော သူက ကျုံးဝမ် လူမျိုးလား ... မဖြစ်နိုင်ပါဘူး ... ကျုံးဝမ် လူမျိုး တစ်သောင်းမှာ တစ်ယောက်လောက်ပဲ တန်ခိုးရှင် ကျင့်ကြံသူ ဖြစ်နိုင်တာလေ ... ဘယ်လိုလုပ်ပြီး ဒီလောက် ငယ်ရွယ်တဲ့ မူလ အဆင့် တစ်ယောက် ရှိနေရတာလဲ"
"သူက ကျုံးဝမ် လူမျိုး တစ်ယောက် ဆိုတာတော့ သေချာတယ် ... မူလအဆင့် ဟုတ် မဟုတ်တော့ ငါလည်း မသိဘူး ... တကယ်လို့ ဟုတ်ခဲ့မယ် ဆိုရင်တောင် ထူးဆန်းတဲ့ ရတနာ တစ်ခုခုကို သူရခဲ့လို့ပဲ ဖြစ်ရမယ်"
အနက်ရောင်ဝတ် လူက ခန့်မှန်း ပြောဆို လိုက်၏။
"ဒါဆိုရင် ကျွန်တော်တို့ သူ့ကို သတ်ပြီး သူ့ခန္ဓာကိုယ်မှာ ရှာဖွေလိုက်မယ် ဆိုရင်ရော ... "
အကြီးအကဲ တစ်ယောက်က အကြံပေးသည်။
"မဖြစ်ဘူး ... သူ့မှာ ကောင်းကင် အမတေဆေးတွေ ပါလာတယ် ဆိုတာ ယွင်မိသားစု သခင်လေး အပါအဝင် လူတွေ အများကြီး မြင်လိုက်တယ် ... နောက်ပြီး အဲဒီ ဆေးတွေထက် အဲဒီ လူငယ် နောက်မှာ ရှိတဲ့ လူတွေကိုပဲ ငါ ပိုပြီး စိတ်ဝင်စားတယ်"
အနက်ရောင်ဝတ် လူက အေးစက်စွာ ပြုံးလိုက်တော့၏။
***
သုံးရက် ဆိုသော အချိန်သည် လျင်မြန်စွာပင် ကုန်ဆုံးသွား၏။
ချန်းဖန်သည် ရွှေရောင် ကျီးကန်း ဆေးဆိုင်သို့ ဒုတိယအကြိမ် ပြန်လည် ရောက်ရှိ လာခဲ့သည်။ ထိုနေ့၌ ရွှေရောင် ကျီးကန်း ဆေးဆိုင် တစ်ခုလုံးမှာ များစွာသော လူများနှင့် ပြည့်နှက် နေခဲ့၏။
"ဒီတစ်ကြိမ် လေလံပွဲကို လာတဲ့လူတွေ များတာပဲ ... "
"ဟုတ်တယ် ... ငါ ကြားရ သလောက်ဆို ဒီနေ့ လေလံပွဲမှာ အဆင့်မြင့် ဝိညာဉ်ဆေး ဆယ်လုံး ပါဝင်တဲ့ ပုလင်း တစ်ပုလင်း ရောင်းမှာတဲ့ ... အခုဆိုရင် ယွင်မိသားစု မူမိသားစုနဲ့ မြို့တော် သခင် စံအိမ်က လူတွေတောင် ရောက်နေပြီ ... မြို့တော် သခင်လေးနဲ့ မူသခင်မလေးတို့တောင် လာမှာတဲ့ ... "
"မူဟုန်တိလား ... သူက ချင်းယန်ဂိုဏ်းချုပ်ရဲ့ တပည့်အဖြစ် ရွေးချယ်ခြင်းကို ခံထား ရတယ်ဆို ... "
"ဟုတ်တယ် ... ချင်းယန်ဂိုဏ်းက ကျော်ကြားတဲ့ ဂိုဏ်းတစ်ခု ဖြစ်ပြီးတော့ သူတို့ရဲ့ ဂိုဏ်းဘိုးဘေးကလည်း ရွှေအမြုတင် အဆင့် လေ ... ကြည့်ရတာ မူမိသားစုတော့ အနာဂတ်မှာ မူလ အဆင့် တစ်ယောက် ထပ်ပြီး တိုးလာတော့မယ် ထင်တယ်"
များစွာသော လူများမှာ စောင့်ဆိုင်းရင်း ဆွေးနွေး နေကြသည်။
"တန်ခိုးရှင် ... ဒီဘက်ကို ကြွပါ"
ချန်းဖန် ဝင်လာသည်ကို တွေ့သည်နှင့် ရွှေရောင် ကျီးကန်း ဆေးဆိုင်မှ လူများက သူ့အား လေလံ ခန်းမ အတွင်းသို့ ခေါ်သွား ခဲ့သည်။
သူသည် လေလံခန်းမ ဒုတိယ အထပ်ရှိ သီးသန့်ခန်း တစ်ခုတွင် နေရာရ၏။ ထိုသီးသန့်ခန်းများမှာ အလွန် အရေးကြီးသော ဧည့်သည်များ အတွက်သာ ဖြစ်သည်။ မူဟုန်တိနှင့် ကျန်းလင်ဖုန်းတို့ပင် ထိုနေရာများ၌ နေခွင့် မရှိကြချေ။
...
လေလံပွဲကား မကြာခင် စတင်တော့မည် ဖြစ်သည်။
အဇူရာ ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးကြီးတင်းသည် လေလံ စင်မြင့်ပေါ်သို့ ဖြည်းညင်းစွာ တက်လာခဲ့၏။
"ရွှေရောင်ကျီးကန်း လေလံပွဲကနေ ကြိုဆိုပါတယ် ... ဒီတစ်ကြိမ် လေလံပွဲကိုတော့ ကျူးရန်မြို့က ဧည့်သည်တွေတင်သာမက တော်ဝင်မြို့ မိသားစုကြီး တစ်ခုက ဧည့်သည် တစ်ယောက်ပါ တက်ရောက်လာတာ ဖြစ်ပါတယ်"
"ဘယ်လို ... "
ခန်းမ အတွင်း၌ တီးတိုး စကားပြောသံများ ထွက်ပေါ်လာ၏။
တော်ဝင်မြို့မှ လူတစ်ယောက် ရောက်ရှိ နေလိမ့်မည်ဟု မည်သူမျှ မထင်ထားကြချေ။ တော်ဝင်မြို့နှင့် နှိုင်းယှဉ်ပါက ကျူးရန်မြို့မှာ မြို့ငယ်လေး တစ်ခုသာ ဖြစ်သည်။
"လေလံပွဲကို ပစ္စည်းကောင်းလေး တစ်ခုနဲ့ စတင် ဖွင့်လှစ်ချင်ပါတယ် ... အဲဒါကတော့ နှစ်ခုနစ်ရာ သက်တမ်းရှိတဲ့ ကျုးမင် သစ်ပင်ပါပဲ ... ဒီသစ်ပင်က ရေခဲ ကျင့်စဉ်နဲ့ ယင် ကျင့်စဉ် ကျင့်ကြံတဲ့ လူတေ အတွက် အရမ်း အသုံးဝင်ပါတယ် ... "
အဘိုးကြီးတင်း ကျူးမင် သစ်ပင်၏ အသုံးဝင်ပုံများကို ရှင်းပြပြီးနောက် တက်ရောက် လာသော လူများက ဈေးများ ပေးကြသည်။ နောက်ဆုံး၌ ဝိညာဉ် ပင်လယ် အဆင့် တစ်ယောက်က ထိုအရာကို ဝိညာဉ် ကျောက်တုံး ငါးရာပေး၍ ဝယ်ယူ သွားခဲ့သည်။
ထို့နောက် ဒုတိယနှင့် တတိယ လေလံတင် ပစ္စည်းများမှာလည်း လျင်မြန်စွာပင် ရောင်းထွက် သွားသည်။
"ဒီတစ်ခါ အလှည့်ကျတာကတော့ အဆင့်မြင့် ဝိညာဉ်ဆေး ဖြစ်တဲ့ အနီရောင် မီးတောက်ဆေး ဖြစ်ပါတယ် ... ဒီဆေးကတော့ မီးလမ်းစဉ် ကျင့်ကြံသူတွေနဲ့ မီးနတ်ဘုရား စွမ်းအား လေ့ကျင့်သူတွေ အတွက် အထူး သင့်လျော်ပါတယ် ... အဖွင့်ဈေးကတော့ ဝိညာဉ် ကျောက်တုံး တစ်ထောင် ဖြစ်ပါတယ်"
အဘိုးကြီးတင်းက ပြောရင်း သူ၏ အရှေ့ရှိ ကျောက်စိမ်း သေတ္တာလေးကို ဖွင့်ပြ လိုက်သည်။ ထိုအထဲတွင်မူ မီးတောက်များဖြင့် ဝန်းရံနေသော အနီရောင် ဆေးတစ်လုံး ရှိနေခဲ့၏။
"ဝိညာဉ် ကျောက်တုံး ထောင့်ငါးရာ ... "
"ဝိညာဉ် ကျောက်တုံး နှစ်ထောင် ... "
"ဝိညာဉ် ကျောက်တုံး သုံးထောင် ... "
မိသားစုကြီးများက စတင်၍ ဈေးများ ပေးကြ၏။ ဤသို့ဖြင့် အနီရောင် မီးတောက် ဆေး၏ ဈေးမှာလည်း ချက်ချင်းပင် ခုန်ပေါက် မြင့်တက် လာခဲ့သည်။
"အနီရောင် မီးတောက်ဆေး ... "
ချန်းဖန်သည် ထိုဆေးလုံးကို ကြည့်ကာ အံ့အားသင့် နေခဲ့၏။
သူသည် ပြန်လမ်းမဲ့ တောင်ကြား၌ ထိုဆေးလုံးများကို ဖော်စပ်ခဲ့ဖူးပြီး ဝမ်ရှောက်ယွင်၊ အန်ရာနှင့် ဖန့်ချုံးတို့မှာလည်း ထိုဆေးလုံး အာနိသင်ဖြင့် ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယခု လေလံပွဲမှ ဆေးလုံးမှာ သူဖော်စပ်ခဲ့သည့် ဆေးလုံးနှင့် ယှဉ်ပါက များစွာ နိမ့်ကျလှသည်။ သို့တိုင်အောင် ထိုအရာ၏ ဈေးက အဆမတန် မြင့်မား နေခဲ့သည်။
နောက်ဆုံး၌ ထိုအနီရောင် မီးတောက် ဆေးလုံးကို ကောင်းကင် မီးတောက်ဂိုဏ်း ကူမိသားစုမှ ဝိညာဉ်ကျောက်တုံး ခုနစ်ထောင့် လေးရာဖြင့် ဝယ်ယူ သွားခဲ့သည်။
"ကဲ ... ကျွန်တော်တို့ နောက်ဆုံး ပစ္စည်းကို လေလံတင်ပါတော့မယ် ... ဒီပစ္စည်းကို အားလုံးပဲ စိတ်ဝင်စားကြမယ်လို့ မျှော်လင့် ပါတယ်"
အဘိုးအိုတင်းက ခဏမျှ ရပ်ပြီးနောက် ဆက်လက်၍ ပြောလိုက်၏။
"ဒီပစ္စည်းလေးကတော့ ကောင်းကင် အမတေ ဆေးလို့ ခေါ်တဲ့ အဆင့်မြင့် ဝိညာဉ်ဆေး ဆယ်လုံး ပါဝင်တဲ့ ပုလင်းပဲ ဖြစ်ပါတယ် ... သူတို့ဟာ အသန့်စင်ဆုံး အဆင့်မှာ ရှိနေတဲ့ အတွက် သုံးစွဲသူကို ဘယ်လို ဘေးထွက် ဆိုးကျိုးမှ မရှိပဲ ဝိညာဉ် ပင်လယ် အဆင့်ကို ရောက်ဖို့ ကူညီပေး နိုင်ပါတယ်"
ထို့နောက် အဘိုးကြီးတင်းက ကျောက်စိမ်း ပုလင်း တစ်ခုကို ထုတ်ယူကာ အများ မြင်သာအောင် ပြသ၏။ ထိုအထဲတွင်မူ နို့နှစ်ရောင် သန်းနေသော ဆေးလုံး ဆယ်လုံး ရှိနေခဲ့သည်။
"နတ်ဘုရားဆေး ... အဲဒါတွေကို တကယ့်ကို နတ်ဘုရားဆေး တွေပဲ ... "
မူဟုန်တိနှင့် ကျန်းလင်ဖုန်းတို့ အပါအဝင် လူတိုင်းမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။
"ကြမ်းခင်းဈေးကတော့ ဝိညာဉ် ကျောက်တုံး သုံးသောင်းပါ ... ဈေးစတင် ပေးနိုင်ပါပြီ"
အဘိုးကြီးတင်းက ကြေညာလိုက်သည်။
***