← Chapters

ရွှမ်မိန်ဂိုဏ်း

Vol. 9 Ch. 812

ရွှမ်မိန်ဂိုဏ်း

Vol. 9 Ch. 812

လေလံ စတင်သည်နှင့် မိသားစုကြီးများ၊ တစ်ကိုယ်တော် ကျင့်ကြံသူများမှာ စတင်ကာ ဈေးပေးကြ၏။ ထိုအထဲ၌ မူလ အဆင့် ကျင့်ကြံသူများပင် ပါဝင်နေသည်။

"ဝိညာဉ်ကျောက်တုံး သုံးသောင်း ... "

"ဝိညာဉ်ကျောက်တုံး သုံးသောင်းခွဲ ... "

"ဝိညာဉ်ကျောက်တုံး ငါးသောင်း ... "

ဈေးကား လျင်မြန်စွာပင် တစ်သိန်း အထိ ရောက်ရှိလာသည်။ လေလံပွဲသို့ လာရောက် ကြသည့် သေးငယ်သော မိသားစု ခေါင်းဆောင်များမှာ ဆွံ့အ နေကြ၏။

ဝိညာဉ်ကျောက်တုံး တစ်သိန်း ...

ထိုပမာဏကား ဝိညာဉ် ပင်လယ် အဆင့် ကျင့်ကြံသူ တစ်ယောက် မူလ အဆင့်သို့ တက်ရောက်ရန် လုံလောက်သည့် ပမာဏ ဖြစ်သည်။ ကျင့်ကြံခြင်း ဂိုဏ်းကြီးများ၊ မိသားစုကြီးများမှ လွဲ၍ မည်သူမျှ ထိုပမာဏကို တတ်နိုင်မည် မဟုတ်ချေ။

"ဟူး ...  လား ...  လား ... "

ချန်းဖန်သည် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို ဖြန့်ကျက်ကာ လေလံခန်းမ တစ်ခုလုံးသို့ လွှမ်းခြုံလိုက်၏။ အခန်းနံရံ အစီအရင်များမှာ သူ့အား မတားဆီးနိုင်ချေ။

"မူလ အဆင့်တွေ များသားပဲ ... "

ချန်းဖန်က ခပ်တိုးတိုး ရေရွတ် လိုက်သည်။

ဒုတိယ ထပ်ရှိ လျှို့ဝှက်ခန်းများ အတွင်း၌ သူကိုယ်တိုင် အပြင် အခြား မူလ အဆင့်များလည်း ရှိနေခဲ့သည်။ ချန်းဖန်သည် ထိုလူများထဲ၌ မူဟုန်တိနှင့် တူသော တစ်စုံ တစ်ယောက်ကိုပင် သတိထား မိသည်။ ထိုတစ်ယောက်ကား မူမိသားစုမှ မူလ အဆင့် ဖြစ်နိုင်သည်။

ဝိညာဉ်အမြုတေကို စုပ်ယူပြီးနောက် ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံမှာ ထူးခြား အောင်မြင်ခြင်း အဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်ပြီး သာမန် ရွှေအမြုတေ အဆင့် တစ်ယောက်ထက်ပင် ပို၍ အစွမ်းထက် နေခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ရာ မည်သူမျှ သူ့အား သတိ မထားမိကြချေ။

တစ်ချိန်တည်း၌ လျှို့ဝှက်ခန်း တစ်ခု အတွင်းတွင် အလွန်အမင်း လှပပြီး အေးစက် မောက်မာဟန် ရသော အနက်ရောင်ဝတ် မိန်းကလေး တစ်ယောက် ထိုင်နေခဲ့သည်။

သူမ၏ နောက်တွင်မူ အဘိုးအို တစ်ယောက် ရပ်နေခဲ့၏။ ထိုအဘိုးအိုသည် မူလ အဆင့် တစ်ယောက် ဖြစ်သော်လည်း မိန်းကလေး၏ ရှေ့တွင်မူ အစေခံ တစ်ယောက် အလား ယဉ်ကျေးနေသည်။

"ကျူးရန်မြို့မှာ ဒီလို ပြည့်စုံတဲ့ အဆင့်မြင့် ဝိညာဉ်ဆေးတွေ ပေါ်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး ...  ဒီဆေးကို လုပ်တဲ့ တစ်ယောက်က တော်ဝင်မြို့က ဆရာရှဲ့လောက် အစွမ်းထက်မှာ သေချာတယ်"

အနက်ရောင်ဝတ် မိန်းကလေးက ရေရွတ် လိုက်သည်။ ထို့နောက် သူက တစ်စုံတစ်ခုကို သတိရဟန် မေးလိုက်၏။

"ဒါနဲ့ ခုရက်ပိုင်း အတွင်းမှာ ဘာထူးခြားမှုတွေ ရှိလဲ"

"ပေ့ဟန်နယ် ကောင်းကင်နယ်မြေ ခြောက်ခုထဲကဆိုရင် ထျန်းမန်ခန်းမနဲ့ ယင်ယန် နန်းတော်က တပည့်တွေ ရောက်လာတယ် လို့ ကြားတယ် ...  နောက်ပြီး တော်ဝင် မိသားစုကတောင် တစ်စုံတစ်ယောက်ကို လွှတ်လိုက်တယ်လို့ သတင်းတွေ ထွက်နေတယ်"

အဘိုးအိုက အဖြေပေး လိုက်သည်။

"အင်း ...  သူတို့ အားလုံးကလည်း ဝမ်ရှင်း တန်ခိုးရှင် ကျူးဟန်ရဲ့ ရတနာတွေ အတွက် ဒီကို ရောက်လာတာ ဖြစ်ရမယ် ...  ဝမ်ရှင်း တန်ခိုးရှင် ကျူးဟန်က အခြေတည် ဝိညာဉ် အဆင့်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့ ကျင့်ကြံသူ ဆိုတော့ သူ့ရဲ့ ရတနာတွေကို မျက်စိကျကြတာ မထူးဆန်းပါဘူး"

မိန်းကလေးက ခေါင်းတစ်ချက် ညိတ်လိုက်သည်။ ထို့နောက် သူမ၏ မျက်လုံးများက အနည်းငယ် အေးစက် သွား၏။

"ငါ အခြား ရတနာတွေကို မလိုချင်ဘူး ...  ဒါပေမဲ့ ငါ့ရဲ့ ရှေးဟောင်း မြေအောက် ပုလဲကို လာရှုပ်တဲ့ လူတိုင်း သေရမယ်"

"ဒါပေါ့ ...  ဒါပေါ့ ... "

အဘိုးအိုက ခေါင်းအား ငုံ့ရင်း ထောက်ခံ လိုက်သည်။

တစ်ချိန်တည်း၌ မူလ အဆင့်များ၏ ဝင်ရောက် ဈေးပေးမှုနှင့် အတူ လေလံပွဲမှာလည်း ပိုမို အသက်ဝင် လာခဲ့သည်။

"ဝိညာဉ် ကျောက်တုံး နှစ်သိန်း ...  ငါ ဝိညာဉ် ကျောက်တုံး နှစ်သိန်း ပေးမယ်"

ကျယ်လောင်သော အသံနှင့် အတူ လျှို့ဝှက်ခန်း တစ်ခု၏ တံခါး ပွင့်ဟလာကာ လူတစ်ယောက် ထွက်လာသည်။

"ယွင်မိသားစု ဘိုးဘေး ... "

များစွာသော လူများမှာ အဘိုးအိုအား တွေ့သည်နှင့် လေးစားသည့် အမူအရာများ ပေါ်လာခဲ့၏။

ထိုအဘိုးအိုကား ကျူးရန်မြို့၏ ကျော်ကြားသော ပုံရိပ်တစ်ခု ဖြစ်သည်။ သူသည် မူလ အဆင့်သို့ ဝင်ရောက် ပြီးသည်နှင့် တံခါးပိတ်၍ ကျင့်ကြံနေခြင်းဖြစ်ပြီး ပေါ်မလာသည်က ဆယ်စုနှစ်များစွာ ကြာခဲ့ပြီ ဖြစ်သည်။

ယွင်မိသားစု ဘိုးဘေး ထွက်ပေါ်လာသည်နှင့် များစွာသော လူများမှာ ဈေးဆက်ပေးခြင်း မရှိတော့ချေ။ ထိုအရာက ယွင်မိသားစု ဘိုးဘေးကို လေးစားမှုကြောင့် ဖြစ်သလို ဝိညာဉ် ကျောက်တုံး နှစ်သိန်း ဆိုသော ပမာဏမှာလည်း အလွန် များပြားလွန်း နေသောကြောင့် ဖြစ်သည်။

ယွင်မိသားစု ဘိုးဘေး ပြုံးရန် ဟန်ပြင် လိုက်စဉ်မှာပင် အေးစက်သော အသံတစ်ခုမှာ ရုတ်တရက် ထွက်ပေါ်လာ၏။

"ဝိညာဉ်ကျောက်တုံး သုံးသိန်း ... "

"ဘယ်သူလဲကွ ... "

ယွင်မိသားစု ဘိုးဘေးမှာ ဒေါသထွက် သွားသည်။

လေလံပွဲသို့ တက်ရောက်လာသည့် အခြား လူများမှာလည်း စိတ်ဝင်စား သွားကြ၏။ မည်သူက အဘိုးကြီးယွင်နှင့် ယှဉ်ပြိုင်၍ ဈေးပေးရဲသနည်း။

လူတိုင်း ပွဲကြီးပွဲကောင်း တစ်ခု ကြည့်ရတော့မည်ဟု ထင်နေကြစဉ်မှာပင် လျှို့ဝှက်ခန်း တစ်ခု အတွင်းမှ အဘိုးအို တစ်ယောက် ထွက်ပေါ်လာသည်။

"အဘိုးကြီးယွင် ...  မင်းက ကိုယ့်မိတ်ဆွေကြီးကိုတောင် မမှတ်မိ ဘူးလား ... "

"ဆရာရင် ...  မင်းက တော်ဝင်မြို့ လင်းမိသားစုရဲ့ သခင်မလေးလင်းဆီမှာ အမှုထမ်း နေတာ မလား ...   ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ ...   လျှို့ဝှက်ခန်းထဲမှာ မိန်းကလေးလင်းပါ ပါလာတာလား"

ယွင်မိသားစု ဘိုးဘေးမှာ အံ့အားသင့် သွားသည်။ တစ်ချိန်တည်း၌ သူ၏ နဖူးတွင် ချွေးစေးများ ထွက်လာခဲ့၏။

"ဟုတ်တယ် ...  သခင်မလေးက သူ့ညီမကို မွေးနေ့ လက်ဆောင်ပေးဖို့ ဒီဆေးကို ဝယ်မလို့ တဲ့ ...  ဘာလို့လဲ ...  မင်းက သူနဲ့ ပြိုင်ပြီး ဈေးပေး မလို့လား"

ဆရာရင်က မေးလိုက်သည်။

"မဟုတ်ပါဘူး ...  မဟုတ်ပါဘူး ... "

ယွင်မိသားစု ဘိုးဘေးက ခေါင်းကို ကပျာကယာ ခါရင်း သူ၏ နဖူးမှ ချွေးများကို အင်္ကျီလက်ဖြင့် သုတ်လိုက်၏။ သူကား မူလ အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည့်တိုင် ထိုအခိုက်အတန့်၌ အလွန် ကြောက်လန့် နေခဲ့သည်။

တစ်ချိန်တည်း၌ လေလံခန်းမ အတွင်းရှိ လူများမှာ တိတ်ဆိတ် နေကြ၏။

"တော်ဝင်မြို့ လင်းမိသားစုရဲ့ သခင်မလေး ဆိုတော့ လင်းဝူဟွာ ဖြစ်ရမယ် ...  ငါကြားရ သလောက်ဆို သူက ရွှမ်မိန်ဂိုဏ်းရဲ့ တပည့် တစ်ယောက်တဲ့ ...  နောက်ပြီး သူက အသက် ငယ်ငယ်နဲ့ မူလ အဆင့်ကို ရောက်ခဲ့တဲ့ အတွက် လူတွေက သူ့ကို ရွှမ်မိန် ကဝေလို့တောင် ခေါ်ကြတယ် တဲ့"

တစ်ယောက်က ကြောက်လန့် တုန်ရီစွာ ရေရွတ် လိုက်သည်။

ထိုအခိုက်၌ မူဟုန်တိနှင့် ကျန်းလင်ဖုန်း တို့ပင် အံ့ဩနေခဲ့သည်။

လင်းမိသားစုသည် တော်ဝင်မြို့၏ အဓိက မိသားစု တစ်ခု ဖြစ်ပြီး ရွှေအမြုတေ အဆင့် ကျင့်ကြံသူကိုပင် ပိုင်ဆိုင်ထားသည်။

ရွှမ်မိန်ဂိုဏ်းမှာမူ ပေ့ဟန်နယ်၏ ကောင်းကင် နယ်မြေ ခြောက်ခု အနက် တစ်ခု အပါအဝင် ဖြစ်သည်။ ၎င်းသည် မူဟုန်တိ၏ ချင်းယန်ဂိုဏ်းထက် ပိုမို အင်အားကြီးသည်။

"ခွင့်ပြုပါဦး ... "

နောက်ဆုံး၌ ယွင်မိသားစု ဘိုးဘေးမှာ ဆရာရင်အား လေးစားစွာ နှုတ်ဆက်၍ ထွက်ခွာ သွားသည်။

ဤသို့ဖြင့် လင်းဝူဟွာမှာ ကောင်းကင် အမတေ ဆေးပုလင်းကို ဝိညာဉ်ကျောက်တုံး သုံးသိန်းဖြင့် ရရှိလိုက်သည်။

ချန်းဖန်သည် ဝိညာဉ်ကျောက်တုံးများကို လက်ခံ ရရှိသည်နှင့် ချက်ချင်းပင် ရွှေရောင် ကျီးကန်း လေလံခန်းမ အတွင်းမှ ထွက်ခွာ လာခဲ့သည်။ သူ၏ နောက်ထပ် အစီအစဉ်က ကမ္ဘာ၏ ရှေးဟောင်း အရှေ့တိုင်း ကျင့်ကြံသူများ တစ်ဖြစ်လဲ ကျူးဝမ် မျိုးနွယ်များ အကြောင်း စုံစမ်းရန် ဖြစ်သည်။

"လွန်ခဲ့တဲ့ သုံးရက် အတွင်း စုံစမ်း ရသလောက်ဆို ကျူးဝမ် မျိုးနွယ်တွေက မြောက်အရပ် ရှေးဟောင်းကျူးဝမ်မြို့မှာ နေထိုင်ကြတယ်တဲ့ ...  သူတို့က မွေးကတည်းက အရမ်း အားနည်းကြပြီး ဘယ်လို ကျင့်ကြံခြင်း ပါရမီမှ ပါမလာကြဘူး တဲ့ ...  သူတို့ အထဲက အနည်းငယ် ကပဲ ဝိညာဉ်ပင်လယ် အဆင့်ကို ရောက်ကြတယ်တဲ့ ...  အဲဒါက ထူးဆန်းနေတယ် ...  သူတို့ ဘာတွေ ဖြစ်ခဲ့တာလဲ"

ချန်းဖန်က မျက်မှောင်ကြုတ်ကာ စဉ်းစား နေမိ၏။ အဆုံး၌ သူက ထိုကျူးဝမ်မြို့ကို သွားရန် ဆုံးဖြတ် လိုက်သည်။

"ဟူး ...  ဟူး ... "

ရုတ်တရက် ချန်းဖန်၏ ပတ်လည်၌ အနီရောင် မြူနှင်းများ ကျရောက်လာကာ မြင်ကွင်း အလုံးစုံအား ပိတ်ဆို့ သွား၏။

"ပုံရိပ်ယောင် အစီအရင် ... "

ချန်းဖန်က တစ်ချက်ကြည့်ရုံမျှဖြင့် ချက်ချင်း သိလိုက်၏။ ထိုအရာမှာ တစ်စုံတစ်ယောက်က သူ့အား ပုံရိပ်ယောင် အစီအရင်ဖြင့် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

"နှုတ်ဆက်ပါတယ် ...  ကျုပ်က ကူမိသားစုက ကူဟန်ချန်းပါ"

ချောမောသော လူငယ် တစ်ယောက်သည် အနီရောင် မြူနှင်းများ အတွင်းမှ ချန်းဖန်ထံသို့ လျှောက်လာခဲ့သည်။

သူ၏ မျက်ခုံးမွေးများသည် ဓားအလား ဖြောင့်တန်းနေကာ သူ၏ ဆံပင်များက နီရဲ နေ၏။

ထိုလူငယ်သည် မူလ အဆင့်သို့ ရောက်လု နီးပါး ဝိညာဉ် ပင်လယ် အဆင့် ထိပ်ဆုံး တစ်ယောက် ဖြစ်သည်။ သူ၏ နောက်တွင်မူ များစွာသော ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်၊ ဝိညာဉ်ပင်လယ် အဆင့်များ လိုက်ပါလာ၏။

"မင်းတို့ ဘာလိုချင်လို့လဲ ... "

ချန်းဖန်က တည်ငြိမ်စွာပင် မေးလိုက်သည်။

"ဟဲဟဲ ...  မင်းရဲ့ ဝိညာဉ်ကျောက်တုံး သုံးသိန်းပေါ့ကွာ ... "

ကူဟန်ချန်းက အေးဆေးစွာ ရယ်မောရင်း ဆိုလိုက်သည်။

"အဲ ...  နောက်ပြီး ကျန်သေးတယ် ...  မင်းမှာ ကျန်နေသေးတဲ့ ကောင်းကင် အမတေ ဆေးတွေရယ် အဲဒါတွေ ဘယ်က ရလာသလဲ ဆိုတာရယ် ...  မင်းသာ ငါ တောင်းသမျှကို ကြည်ကြည်ဖြူဖြူ ထုတ်ပေးမယ် ဆိုရင် ငါတို့ မင်းကို လွှတ်ပေးမယ်"

"ငါက ငြင်းမယ် ဆိုရင်ရော ... "

ချန်းဖန်က မေးလိုက်သည်။

"အဲဒါဆိုရင်တော့ မင်းကို ငါတို့ အစီအရင်ရဲ့ အစွမ်းကို မြည်းစမ်းခိုင်း ရမှာပေါ့ ...  ကူမိသားစုက မီးတောက် အစီရင်နဲ့ ကျော်ကြားတယ် ဆိုတာ မင်းမသိတာလား ...  အခု မင်းကို ဝန်းရံထားတဲ့ အစီအရင်က ငါတို့ ဘိုးဘေး ကိုယ်တိုင် ပြုပ်လုပ်ထားတဲ့ အစီအရင်ပဲ ...  ကျူးရန် မြို့တော်သခင်တောင် လွယ်လွယ်ကူကူ သတိထားမိမှာ မဟုတ်ဘူး"

ကူဟန်ချန်း၏ ခန္ဓာကိုယ်မှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ် လာ၏။

"ရွှေရောင်ကျီးကန်းက မင်းကို ငါ ဘယ်သူလဲ ဆိုတာရော မပြောလိုက်ဘူးလား"

ချန်းဖန်က သက်ပြင်းတစ်ချက် ချရင်း မေးလိုက်သည်။

"ဟဟ ...  မင်းက ဘယ်သူ မလို့လဲ ... "

ကူဟန်ချန်းက လှောင်ပြောင် ရယ်မော လိုက်သည်။

"ငါက ကောင်းကင် အမတေ ဆေးကို လုပ်တဲ့ လူပေါ့ ... "

ချန်းဖန်က ပြုံးလိုက်၏။

"ဘယ်လို ... "

ချန်းဖန်၏ အဖြေကြောင့် ကူဟန်ချန်း၏ မျက်နှာတွင် စိုးရိမ်ခြင်းများ ဖြစ်ပေါ်လာ ခဲ့သည်။ သို့သော်လည်း ထိုအရာက နောက်ကျ သွားခဲ့ပြီ ဖြစ်လေသည်။

"ဘုန်း ... "

ချန်းဖန်က ခြေတစ်လှမ်း လှမ်းလိုက်ရာ အစီအရင် တစ်ခုလုံး လှုပ်ခါသွား၏။ တစ်ချိန်တည်း၌ ချန်းဖန်၏ ခန္ဓာကိုယ်မှ အဆုံးမဲ့ စွမ်းအားများ ပြည့်နှက်လာကာ ပတ်ဝန်းကျင်အား ရိုက်ခတ်သည်။

"ဘုန်း ...  ဘုန်း ...  ဘုန်း ... "

မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ကူဟန်ချန်း၏ နောက်မှ အစောင့် အားလုံးမှာ သွေးမြူများ အဖြစ် ပေါက်ကွဲ သွား၏။

"ဘယ်လိုလဲ ... "

ချန်းဖန်က ပြုံးရင်း ကူဟန်ချန်းအား ကြည့်လိုက်သည်။

"သူက သေမျိုး တစ်ယောက် မဟုတ်ဘူး ...  မူလ အဆင့် ကျင့်ကြံသူ တစ်ယောက်ပဲ ...  ရွှေရောက်ကျီးကန်း ...  မင်းတို့က ငါ့ကို အရူးလုပ်ရဲတယ်ပေါ့"

ကူဟန်ချန်းမှာ ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီ၍ နေခဲ့သည်။

"ကျွန်တော် တောင်းပန် ... "

ကူဟန်ချန်း၏ စကား မဆုံးခင်မှာပင် ချန်းဖန်က လေကို ဆုပ်ကိုင်၍ ဓားတစ်ချောင်းအား ဖန်ဆင်းကာ ထက်ဝက် ပိုင်းပစ်လိုက်၏။ ထို့နောက် သူက လက်တစ်ချောင်းအား ဆန့်ထုတ်ကာ အနီရောင် မြူနှင်းများကို တို့ထိ လိုက်သည်။

"ဟူး ... "

ရုတ်ခြည်းပင် အနီရောင် မြူနှင်းများမှာ ပြိုကွဲ၍ တင်ပျဉ်ချိတ် ထိုင်နေသော အဘိုးအို တစ်ယောက် ထိုနေရာတွင် ပေါ်လာခဲ့၏။

"ရောင်းရင်း ကျင့်ကြံသူ ...  ကျုပ်ပြောတာ နားထောင်ပါဦး"

အဘိုးအိုမှာ ချန်းဖန်အား တွေ့သည်နှင့် ကြောက်လန့် သွားသည်။

"သေလိုက် ... "

ချန်းဖန်က ဘာမျှ မပြောတော့ပဲ ဓားအလင်း တစ်ခုကိုသာ ပစ်လွှတ်လိုက်သည်။

"ကလန့် ... "

ထိုဓားအလင်းက အဘိုးအို၏ ခန္ဓာနှင့် နတ်ဘုရား စိတ်ဝိညာဉ်ကို တစ်ပါတည်း ပိုင်းဖြတ်လိုက်၏။ ချန်းဖန် အတွက် ထိုသို့သော သာမန် မူလအဆင့် တစ်ယောက်ကို သတ်ဖြတ်ရန် ဒုတိယ ဓားချက်ပင် ထုတ်စရာ မလိုအပ်ခဲ့ချေ။

ကူမိသားစု၏ မူလ အဆင့်ကို သတ်ဖြတ် ပြီးနောက် ချန်းဖန်က ရွှေရောင်ကျီးကန်း ဆေးဆိုင်ဘက်သို့ လှည့်လိုက်သည်။ သူ၏ မျက်လုံးများက အလွန်အမင်း အေးစက် နေခဲ့၏။

"ငါ ဘယ်သူ ဆိုတာကို သိတာ ရွှေရောင် ကျီးကန်း တစ်ခုပဲ ရှိတယ် ...  မင်းတို့က ငါ့ကို လုပ်ချင်တိုင်း လုပ်လို့ရမယ် ထင်နေတာလား"

ထို့နောက် ရုတ်ခြည်းပင် ချန်းဖန်၏ ခန္ဓာကိုယ်မှာ ထိုနေရာမှ ပျောက်ကွယ် သွားသည်။ သူ၏ ဦးတည်ချက်ကား ရွှေရောင် ကျီးကန်း ဆေးဆိုင်ပင် ဖြစ်တော့၏။

***

All Chapters