ဘဝကူးပြောင်းလာခြင်း
Vol. 1 Ch. 1
သာ့ရှီရွာ။
လင်းရှောင်ယွဲ့ ဖြည်းညှင်းစွာ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူမ၏ ကုတင်ဘေးတွင် အမျိုးသမီးတစ်ဦး ငိုကြွေးနေသည်ကို တွေ့လိုက်ရသည်။
သူမ အခြေအနေကို မေးမြန်းရန် ပြင်လိုက်စဉ်မှာပင်၊ သူမပိုင်ဆိုင်သည့် မှတ်ဉာဏ်တွေမဟုတ်သော အမှတ်တရတွေက သူမခေါင်းထဲကို အစုလိုက်အပြုံလိုက် ဝင်ရောက်လာခဲ့သည်။
ထို့နောက်မှာတော့ လင်းရှောင်ယွဲ့ ကြက်သီးထသွားမိသည်။
ဖုတ်ကောင်အုပ်ကြီးထဲ ပြုတ်ကျပြီးနောက် သူမ မသေခဲ့ဘဲ ဘဝကူးပြောင်းလာခဲ့ခြင်းဖြစ်သည်။
သူမ၊ လင်းရှောင်ယွဲ့သည် တက္ကသိုလ်ဘွဲ့ရပြီးနောက် ကမ္ဘာပျက်ကပ်နှင့် ကြုံတွေ့ခဲ့ရသည်။ သူမတွင် စိတ်စွမ်းအင်များ နိုးထလာခဲ့သောကြောင့် ကြေးစားစစ်သားအဖွဲ့တစ်ဖွဲ့သို့ ဝင်ရောက်ခဲ့သည်။
ကံမကောင်းစွာဖြင့်၊ ကမ္ဘာပျက်ကပ်တွင် လေးနှစ်တာမျှ ရှင်သန်ပြီးနောက် ဖုတ်ကောင်များ၏ ပါးစပ်အောက်တွင် အသက်ဆုံးရှုံးခဲ့ရသည်။
ယခု သူမ၏ ခန္ဓာကိုယ်သည်လည်း သူမနှင့် နာမည်တူ၊ မျိုးရိုးတူ လင်းရှောင်ယွဲ့ဟုခေါ်သည်။
ဤ လင်းရှောင်ယွဲ့သည် သာ့ရှီရွာရှိ လင်းမိသားစု တတိယအိမ်မှ ရူးကြောင်ကြောင်ကောင်မလေးတစ်ယောက်ဖြစ်သည်။
ဖခင်ဖြစ်သူမှာ မကြာသေးမီကမှ ဆုံးပါးသွားခဲ့ပြီး မိခင်၊ မောင်ငယ်နှင့် သူမတို့ကို လင်းမိသားစု၏ အဘွားဖြစ်သူက အိမ်မှ နှင်ထုတ်ခဲ့သောကြောင့် တောင်ခြေရှိ ဤစုတ်ပြတ်နေသောအိမ်တွင် လာရောက်နေထိုင်ကြရသည်။
အရင်ခန္ဓာကိုယ်ပိုင်ရှင် ထိခိုက်ဒဏ်ရာရပြီး သတိလစ်မေ့မြောသွားရသည့် အကြောင်းရင်းမှာ မနေ့က လင်းမိသားစု၏ အဘွားဖြစ်သူက အိမ်မှ ပစ္စည်းများကို အတင်းအဓမ္မ လာလုယူသောကြောင့်ဖြစ်သည်။
ထို့နောက် အရင်ခန္ဓာကိုယ်ပိုင်ရှင်သည် အသက်မရှင်နိုင်ခဲ့တော့ဘဲ၊ ၂၁ ရာစုမှ သူမ၊ လင်းရှောင်ယွဲ့က ဤခန္ဓာကိုယ်ကို လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။
"အဟင့်...ဟင့်... မေမေ့ရဲ့ ယွဲ့အာလေး... အဟင့်ဟင့်... မေမေ သမီးကို မကာကွယ်နိုင်ခဲ့ဘူး..."
အမျိုးသမီး၏ ငိုရှိုက်သံက ပို၍ရှင်းလင်းလာသည်။ လင်းရှောင်ယွဲ့၏ အာရုံငါးပါးသည် နောက်ဆုံးတွင် ပုံမှန်ပြန်ဖြစ်သွားသည်။ ထို့နောက် ကိုယ်ကို မတ်၍ ထိုင်လိုက်သည်။
လျိုရှီ တစ်ချက်ကြောင်သွားပြီးနောက် သတိပြန်ဝင်လာကာ ရှေ့သို့တိုးပြီး လင်းရှောင်ယွဲ့ကို ရင်ခွင်ထဲသို့ ပွေ့ဖက်လိုက်သည်။
"ယွဲ့အာ၊ ယွဲ့အာ၊ သမီးမသေဘူးလား?!" ဟု အံ့ဩတကြီး ပြောလိုက်သည်။
လင်းရှောင်ယွဲ့၏ နှလုံးသားထဲတွင် ရုတ်တရက် နွေးထွေးသွားပြီး စိတ်သက်သာရာရသွားသည်။
အရင်ခန္ဓာကိုယ်ပိုင်ရှင်၏ မိခင်သည် နူးညံ့ပြီး ကြောက်တတ်သူဖြစ်သော်လည်း သူမ၏ ကလေးနှစ်ယောက်ကို အမှန်တကယ် ချစ်မြတ်နိုးသည်။
လင်းမိသားစုသည် ယောက်ျားလေးဦးစားပေး မိသားစုဖြစ်ပြီး အရင်ခန္ဓာကိုယ်ပိုင်ရှင်မှာလည်း အရူးမလေးတစ်ယောက်ဖြစ်သည်။ အဘွားကြီးလင်းက သူမကို လျှို့ဝှက်စွာ သတ်ပစ်ချင်ခဲ့သည်။
သူမ၏ မိခင်က အမြဲစောင့်ကြည့်နေသောကြောင့်သာ အရင်ခန္ဓာကိုယ်ပိုင်ရှင်သည် အသက်၁၅နှစ်အထိ အသက်ရှင်နိုင်ခဲ့ခြင်းဖြစ်သည်။
ဒုတိယကလေးဖြစ်သည့် လင်းရှောင်ကျစ်မှာ ယောက်ျားလေးဖြစ်သော်လည်း အစ်မနှင့် မိခင်ကြောင့် အဘွားကြီးလင်း၏ မျက်စိထဲတွင် နေရာမရခဲ့ပေ။ ထို့နောက် သူတို့၏ဖခင်၊ တတိယသား ဆုံးပါးသွားသောအခါ မိခင်နှင့် ကလေးနှစ်ယောက်သာ ကျန်ရစ်ခဲ့သည်။ ဒီဘဝကို ဘယ်လိုဆက်ပြီး ရှင်သန်ကြမည်နည်း...
"သမီးဘာမှမဖြစ်ပါဘူး အမေ၊ မငိုပါနဲ့တော့။" သူမ၏ စိတ်အခြေအနေကို ပြန်လည်ထိန်းချုပ်ပြီးနောက် လင်းရှောင်ယွဲ့သည် ဤဘဝသစ်ကို လက်ခံပြီး ကောင်းကောင်းမွန်မွန် ရှင်သန်နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။
ဘယ်လောက်ပဲ ဆိုးဆိုးရွားရွား နေထိုင်ရပါစေ၊ ကမ္ဘာပျက်ကပ်မှာ ရှင်သန်ခဲ့ရတာလောက် ဆိုးနိုင်ပါ့မလား။ အနည်းဆုံးတော့ ဒီမှာ ဖုတ်ကောင်တွေမရှိဘူး မဟုတ်လား။
နောက်တစ်ချက်က သူမသည် စိတ်စွမ်းအင်အသုံးပြုသူတစ်ယောက်ဖြစ်သည်၊ အဆင့်နှစ်သာရှိသေးသော်လည်း ဒီကမ္ဘာမှာ အသက်မွေးဝမ်းကျောင်းပြုဖို့တော့ သိပ်မခက်ခဲလောက်ပါဘူး။
"ယွဲ့အာ... သမီး... သမီး စကားပြောတာ..." လျိုရှီသည် လင်းရှောင်ယွဲ့ကို လွှတ်ပေးလိုက်ပြီး သူမကို ကြည့်ကာ စကားထစ်ငေါ့စွာပြောလိုက်သည်။ ဘယ်လိုဖြစ်ပြီး စကားတွေက ချောမွေ့နေရတာလဲ။
လင်းရှောင်ယွဲ့က ညင်သာစွာ ပြုံးလိုက်ပြီး "အမေ၊ သမီး မရူးတော့ဘူး။"
လျိုရှီ၏ မျက်လုံးများ ပြူးကျယ်သွားပြီးနောက် အံ့ဩဝမ်းသာမှုများ ဖြစ်ပေါ်လာသည်။
လင်းရှောင်ယွဲ့၏ လက်မောင်းနှစ်ဖက်ကိုကိုင်ကာ သူမ၏ ခန္ဓာကိုယ်ကို အပေါ်အောက် လှည့်ပတ်ကြည့်ရှုရင်း "ဒါဘယ်လိုဖြစ်တာလဲ။ ဘုရားလောင်းက ကိုယ်ထင်ပြခဲ့တာလား။ ငါ့သမီးလေး မရူးတော့ဘူးတဲ့လား။"
"အမေ၊ ဘုရားလောင်း ကိုယ်ထင်ပြတာမဟုတ်ဘူး၊ အဖေပါ။" လင်းရှောင်ယွဲ့က ပြုံးလျက်ပြောလိုက်သည်။
လျိုရှီ၏ အံ့ဩနေသော မျက်နှာကိုကြည့်ရင်း လင်းရှောင်ယွဲ့က ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးပြောလိုက်သည်။
"သမီးမေ့မြောနေတုန်း အဖေ့ကိုတွေ့ခဲ့တယ်။ အဖေက မျက်နှာမည်းမည်းနဲ့ ဦးလေးကြီးတစ်ယောက်ကို တောင်းပန်ပြီး အဲ့ဒီဦးလေးကြီးက သမီးကို ဝိညာဉ်ဆေးတစ်လုံး ပေးခဲ့တယ်။ ပြီးတော့ အဖေက သမီးကို အဲ့ဒီလောကမှာ နှစ်ပေါင်းများစွာ နေထိုင်စေခဲ့ပြီး အဲ့ဒီက တန်ခိုးကြီးတဲ့လူတွေကို သမီးကို ပညာတွေသင်ပေးဖို့ တောင်းဆိုခဲ့တယ်။"
"နွားခေါင်းနဲ့မြင်းမျက်နှာ ဦးလေးကြီးနှစ်ယောက်က အဖေ့ကို ခေါ်သွားတော့မှ အဖေက သမီးကို အမေ့ကို ပြုစုဖို့နဲ့ ရှောင်ကျစ်ကို ကာကွယ်ဖို့အတွက် ပြန်လာခိုင်းခဲ့တာ။"
လျိုရှီ တုန်လှုပ်သွားသည်။
မျက်နှာမည်းမည်းဦးလေးကြီးဆိုတာ ယမမင်း မဟုတ်လား။
ပြီးတော့ နွားခေါင်းနဲ့ မြင်းမျက်နှာ ဦးလေးကြီးတွေက ငရဲပြည်က နွားခေါင်းနဲ့ မြင်းမျက်နှာ ငရဲထိန်းတွေလား။
သမီးလေး ခေါင်းထိသွားပြီး သမားတော်လျန်က လူသေသွားပြီလို့တောင် ပြောခဲ့တာ၊ အခုပြန်ရှင်လာတယ်။ တကယ်ပဲ ငရဲပြည်ကိုသွားပြီး သူ့အဖေနဲ့တွေ့ခဲ့တာလား။
ထိုသို့တွေးမိသောအခါ လျိုရှီသည် စိတ်လှုပ်ရှားကာ လင်းရှောင်ယွဲ့ကို အမြန်ပြန်ပွေ့ဖက်ထားလိုက်သည်။ သူမ ထပ်ပြီးထွက်သွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
***
စာအုပ်သစ်လေး စတင်လိုက်ပါပြီ။ ဒါလေးကိုလည်း အားပေးကြပါဦးနော်။