ရွှေရောင်ကျီးကန်း ဆေးဆိုင်အား ဖျက်ဆီးခြင်း
Vol. 9 Ch. 813
ရွှေရောင်ကျီးကန်း ဆေးဆိုင်၊ အပေါ်ဆုံး အထပ်၌ ...
အနက်ရောင် ဝတ်စုံဝတ် ကိုယ်စားလှယ်သည် ထိုင်၍ လက်ဘက်ရည် သောက်နေကာ အခြား အကြီးအကဲများက သူ့အား အစီရင်ခံ နေကြသည်။
"ကူမိသားစုက ပေးတဲ့ ဝိညာဉ် ကျောက်တုံး တစ်သိန်း လေးသောင်းနဲ့ပါ ပေါင်းမယ် ဆိုရင် ဒီတစ်ကြိမ်မှာ ဝိညာဉ် ကျောက်တုံး လေးသိန်းလောက် အမြတ်ရလိုက် ပါတယ်"
ရွှေရောင်ကျီးကန်း ဆိုင်ခွဲ ခေါင်းဆောင်က ပြုံးရင်း ပြောလိုက်သည်။
"ဒါပေမဲ့ ကိုယ်စားလှယ် ... ကျုပ်တော့ စိတ်ပူနေမိတုန်းပဲ ... တန်ခိုးရှင်ချန်းက လွယ်လွယ် ရှုပ်လို့ ရတဲ့လူမျိုး ဖြစ်မှာ မဟုတ်ဘူးနော် ... ကျုပ်တို့ ဆုံးဖြတ်ချက်က မှားများ သွားပြီလား"
အဘိုးကြီးတင်းက ဝင်ရောက်၍ ပြောလိုက်သည်။
"သူက ကျူးဝမ် လူမျိုး တစ်ယောက် မဟုတ်ဘူးလား ... ဘယ်လိုလုပ်ပြီး မူလ အဆင့် ဖြစ်နိုင်မှာလဲ ... အဘိုးကြီးတင်း မင်းရူးနေပြီလား"
လက်ထောက် ခေါင်းဆောင်က ဂရုမစိုက်စွာ ပြောလိုက်၏။
"အဘိုးကြီးကူက အစီအရင် ပညာနဲ့ မီး ထိန်းချုပ်နိုင်စွမ်းကြောင့် ထင်ရှားတယ် ... ဟိုကျူးဝမ် မျိုးနွယ်လေးက အမှန်တကယ် မူလအဆင့် ဖြစ်မယ် ဆိုရင်တောင် အဘိုးကြီးကူကို မယှဉ်နိုင်ဘူး ... နောက်ပြီး ငါတို့ ရွှေရောင်ကျီးကန်းက ပေ့ဟန်နယ် ထိပ်တန်း ဆေးခန်းမတွေထဲက တစ်ခုပဲ ... သူ ငါတို့ကို ပြဿနာ မရှာရဲပါဘူး"
အနက်ရောင်ဝတ် ကိုယ်စားလှယ်က ပြောလိုက်သည်။
တောင်ဝင် မိသားစု၊ ကောင်းကင် နယ်မြေ ခြောက်ခုတို့နှင့် ယှဉ်ပါက ရွှေရောင်ကျီးကန်းမှာ အားနည်းနိုင်သော်လည်း ချန်းဖန်ကဲ့သို့ သာမန် ကျင့်ကြံသူများ အတွက်မူ သူတို့မှာ ဆန့်ကျင်၍ မရနိုင်သော သူများ ဖြစ်ကြသည်။
ရွှေကျီးကန်း အပေါ်ဆုံးထပ်၌ အကြီးအကဲများ ပြောဆို နေကြချိန်မှာပင် ...
"ဘုန်း ... "
အောက်ထပ်များမှ ကျယ်လောင်သော ပေါက်ကွဲသံများ၊ လူအော်ဟစ်သံများ ထွက်ပေါ် လာသည်။ ထိုအသံများက လျင်မြန်စွာပင် အပေါ်ဆုံးထပ်နှင့် နီးကပ် လာခဲ့၏။
"ဘာတွေ ဖြစ်နေတာလဲ ... "
အနက်ရောင်ဝတ် ကိုယ်စားလှယ် အပါအဝင် အကြီးအကဲများမှာ မျက်မှောင်ကြုတ် သွားကြသည်။ တစ်စုံတစ်ယောက်ကို စေလွှတ်၍ စစ်ဆေးခိုင်းရန် သူတို့ ဟန်ပြင် လိုက်စဉ်မှာပင် အခန်း၏ တံခါးမှာ လွင့်စဉ် ကွဲထွက် သွားခဲ့၏။
"ဘုန်း ... "
တံခါး မရှိတော့သော အပေါက်မှ လူငယ် တစ်ယောက်၏ ပုံရိပ် ပေါ်လာခဲ့သည်။ ထိုလူငယ်ကား ချန်းဖန်ပင် ဖြစ်လေသည်။
"တန်ခိုးရှင်ချန်း ... "
"ဟမ် ... ဒီကလေး အသက်ရှင် နေသေးတာလား ... "
အကြီးအကဲ များစွာမှာ ချန်းဖန်အား သရဲတစ္ဆေ တစ်ကောင်အလား ကြည့်ရင်း ထိတ်လန့် သွားကြ၏။
သူက ကူမိသားစု မူလအဆင့်၏ လက်အောက်၌ သေသွားသင့်သည် မဟုတ်လော။ အဘယ်ကြောင့် ရွှေရောင်ကျီးကန်းဆိုင်သို့ ပြန်လည် ရောက်ရှိ လာရသနည်း။
"ဘာလဲ ... မင်းတို့က ငါ မသေသေးလို့ အံ့ဩနေကြတာလား"
ချန်းဖန်က ပြုံးရင်း အခန်းအတွင်း လမ်းလျှောက် ဝင်လာခဲ့သည်။
"မိတ်ဆွေလေး ... အဲဒါက နားလည်မှု လွဲတာပါ ... "
အကြီးအကဲ တစ်ဦးက ထိုင်ရာမှ ထ၍ ရှင်းပြရန် ကြိုးစားလိုက်၏။
သို့သော်လည်း ချန်းဖန်က နားမထောင်ပဲ အဖြူရောင် အလင်းတစ်ခုကိုသာ ပစ်လွှတ် လိုက်သည်။ ထိုအလင်းက အကြီးအကဲ၏ နဖူးသို့ တိုးဝင်ကာ အသက်အား နှုတ်ယူ လိုက်၏။
"လက်ထောက် ခေါင်းဆောင် ... "
အခြားလူများမှာ အလွန်တရာ တုန်လှုပ် သွားကြသည်။
လက်ထောက်ခေါင်းဆောင်မှာ ထိပ်တန်း ကျင့်ကြံသူ မဟုတ်သည့်တိုင် ဝိညာဉ်ပင်လယ် အဆင့်တွင် ရှိနေပြီး သူ၏ ခန္ဓာကိုယ်ကိုလည်း ဓမ္မ ရတနာ တစ်ခုက ကာကွယ်ထားသည်။ သို့တိုင်အောင် သူသည် ချန်းဖန်၏ တိုက်ခိုက်မှု တစ်ခုကိုပင် တားဆီးနိုင်စွမ်း မရှိခဲ့ချေ။
"ကျုပ်တို့ ရွှေရောင်ကျီးကန်းက ပေ့ဟန်နယ်မှာ ကျော်ကြားတဲ့ ကုန်သွယ်ရေး အဖွဲ့ကြီး တစ်ခုပဲ ... နောက်ပြီး ကျုပ်တို့ ခေါင်းဆောင်က ဝမ်ရှင်းတန်ခိုးရှင် တစ်ဦးပဲ ... မင်းက ရွှေရောင်ကျီးကန်းရဲ့ ရန်သူ ဖြစ်ချင်တာလား"
အကြီးအကဲ တစ်ဦးက သူတို့၏ အရှိန်အဝါကို သုံး၍ ချန်းဖန်အား ခြိမ်းခြောက်ရန် ကြိုးစားလိုက်သည်။
"ပါးစပ် ပိတ်ထားစမ်း ... "
ချန်းဖန်က ထိုအကြီးအကဲအား လက်တစ်ချက် ဝှေ့ယမ်းကာ သတ်ဖြတ်ပစ် လိုက်၏။
အဘိုးကြီးတင်း အပါအဝင် အခန်း အတွင်းရှိ အကြီးအကဲ အားလုံးကား ကြောက်လန့် တုန်ရီ နေကြပြီ ဖြစ်သည်။ သူတို့ထဲ၌ အနက်ရောင်ဝတ် ကိုယ်စားလှယ်သာလျှင် တည်ငြိမ်စွာ ရှိနေခဲ့၏။
"မင်းက မူလ အဆင့် ဖြစ်နေမယ်လို့ ငါ မထင်ထားခဲ့မိဘူး ... ငါ့ရဲ့ အကဲခတ်မှုက လွဲမှားခဲ့တာပဲ"
အနက်ရောင်ဝတ် ကိုယ်စားလှယ်က ထိုင်နေရာမှ မထပဲ အေးဆေးစွာ ပြောလိုက်သည်။ သူ၏ မျက်လုံးများမှာ တလက်လက် တောက်ပနေ၏။
"ဒီတော့ ဒီကောင်းကင် အမတေဆေးတွေကို လုပ်တဲ့ တစ်ယောက်က မင်းပဲပေါ့ ဟုတ်လား ... မင်းက ဆေးဖော်စပ်သူ တစ်ယောက်လား"
အနက်ရောင်ဝတ် ကိုယ်စားလှယ်၏ စကားကြောင့် ရွှေရောင်ကျီးကန်း အကြီးအကဲများမှာ အံ့အားသင့် သွားကြသည်။
"ဒီကျူးဝမ် မျိုးနွယ်လေးက ငယ်ငယ်ရွယ်ရွယ်နဲ့ မူလအဆင့်ကို ရောက်နေတဲ့ အပြင် ဆေးဖော်စပ်သူ တစ်ယောက်ပါ ဖြစ်နေတာလား ... "
ထျန်းဟောင်ဂြိုဟ် ကျင့်ကြံခြင်း လောက၌ အဆင့်မြင့် ဝိညာဉ်ဆေးနှင့် တစ်ဝက်တစ်ပျက် ရတနာဆေးလုံး ဖော်စပ်နိုင်သူများကို အဆင့်မြင့် ဆေးဖော်စပ်သူများဟု သတ်မှတ်ကြသည်။
အဆင့်မြင့် ဆေးဖော်စပ်သူ တစ်ယောက်ချင်းစီသည် ဆေးပညာ နယ်မယ်၌ ကျွမ်းကျင်အဆင့် ရှိသူများ ဖြစ်ကြသလို မူလ အဆင့် အရှင်သခင်များလည်း ဖြစ်ကြသည်။ သူတို့အား လိုချင်သည့် မိသားစုများမှာ ရေတွက်၍ပင် မရနိုင်ချေ။
"အဲဒီ ဆေးလုံးတွေကို ငါဖော်စပ် ထားတော့ ဘာဖြစ်လဲ ... "
ချန်းဖန်က အမူအရာ ကင်းမဲ့စွာ မေးလိုက်သည်။
"တကယ်လို့ မင်းက ဆေးဖော်စပ်သူ တစ်ယောက် ဆိုရင် အရင်က ဖြစ်ပျက်ခဲ့တာတွေကို သင်ပုန်းချေလိုက် ကြတာပေါ့ ... ငါတို့က တောင်းပန်တဲ့ အနေနဲ့ မင်းကို ဝိညာဉ်ကျောက်တုံး တစ်သိန်းပေးမယ် ... ဘယ်လို သဘောရလဲ"
အနက်ရောင်ဝတ် ကိုယ်စားလှယ်က ပြုံးရင်း ဆက်ပြောလိုက်၏။
"မင်း ငါ့ကို သိကောင်း သိလိမ့်မယ် ... ငါက ရွှေရောင်ကျီးကန်ရဲ့ ကိုယ်စားလှယ် တစ်ယောက် ဖြစ်တဲ့ ဆေးကိုယ်စားလှယ်ပဲ ... ဒီတော့ ငါ့မှာ ဆေးလုပ်ငန်းနဲ့ ပတ်သက်ရင် လုပ်ပိုင်ခွင့် အပြည့် ရှိတယ် ... ခုတစ်လောမှာ ငါ့သခင်က မင်းလို အရည်အချင်းရှိတဲ့ လူမျိုးတွေ လိုအပ်နေတယ် ... မင်းသာ ငါတို့ ရွှေရောင်ကျီးကန်းကို ဝင်ရောက်မယ် ဆိုရင် ငါတို့ မင်းကို ရွှေအမြုတေ အဆင့် ကျင့်စဉ်တောင် ပေးနိုင်တယ်"
သူ၏ စကားက များစွာသော အကြီးအကဲများ၏ မျက်လုံးများကို တောက်ပ သွားစေ၏။
ရွှေအမြုတေ အဆင့် ကျင့်စဉ် ...
ထိုအရာများကား တော်ဝင်မိသားစုနှင့် ကျင့်ကြံခြင်း ထိပ်တန်း ဂိုဏ်းကြီးများသာ ပိုင်ဆိုင်သော ကျင့်စဉ်များ ဖြစ်သည်။ ထိုကျင့်စဉ်ကိုသာ ကျင့်ကြံခါက ကျင့်ကြံသူ အနေဖြင့် ရွှေအမြုတေ အဆင့်သို့ ရောက်ရန် အခွင့်အလမ်း ပိုမို များပြား သွားလိမ့်မည် ဖြစ်သည်။
"မင်းပြောလို့ ပြီးပြီလား ... "
ချန်းဖန်က ထူးမခြားနားစွာပင် မေးလိုက်ဟည်။
"မင်းက ဘာကို ပြောချင်တာလဲ"
ဆေးကိုယ်စားလှယ်မှာ နားမလည်စွာ ပြန်လည် မေးခွန်းထုတ် လိုက်၏။
"သေလိုက်လို့ ပြောတာ ... "
ချန်းဖန်က အေးစက်စွာ အဖြေပေးရင်း ဓားအားဖြည့် ကျောက်မျက်အား တို့ထိ လိုက်၏။
"ကလန့် ... "
ရုတ်တရက် လေထု၌ ရွှေရောင် ဓားအလင်း တစ်ခု ပေါ်လာကာ ခန်းမ အတွင်း တစ်ချက် ဝှေ့ယမ်းသွား၏။ ထိုဓားအလင်း နောက်တစ်ကြိမ် ပြန်ပေါ်လာချိန်၌ အကြီးအကဲ ရှစ်ယောက်၏ ခေါင်းများမှာ ပြတ်တောက် သွားခဲ့ပြီ ဖြစ်သည်။ အဘိုးကြီးတင်း တစ်ယောက်သာလျှင် လွတ်မြောက်ခဲ့၏။
"မင်း လုပ်ရဲတယ်ပေါ့ ... "
ဆေးကိုယ်စားလှယ်၏ မျက်နှာမှာ ဒေါသဖြင့် နီရဲလာသည်။
သူကား ရွှေရောင်ကျီးကန်း၏ ဆေးကိုယ်စားလှယ် ဖြစ်ပြီး မရေမတွက်နိုင်သော လူများက သူ့အား လေးစားရသည်။ ထို့အပြင် သူသည် ကျင့်ကြံခြင်း လမ်းစဉ်တွင်လည်း မူလ ထိပ်ဆုံး အဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်။ သူ၏ စကားအား မည်သူမျှ အလေးမထား မလုပ်ရဲကြချေ။
"ဘုန်း ... "
ဆေးကိုယ်စားလှယ်၏ ခန္ဓာကိုယ်မှ မီးများ ပေါက်ကွဲ ထွက်ပေါ်လာ၏။ တစ်ချိန်တည်း၌ ရွှေရောင်ကျီးကန်း ပုံရိပ်က သူ၏ နောက်၌ ဖြစ်ပေါ်လာသည်။ ထိုကျီးကန်းက အဆုံးမဲ့ မီးစွမ်းအားများကို သယ်ဆောင်ကာ ချန်းဖန်အား ထိုးသုတ်ဟန် ပြင်၏။
"သွား ... "
ချန်းဖန်က ခြေဖနှောင့်ကို ညင်သာစွာ ဆောင့်ရင်း ပြောလိုက်သည်။
"ဘုန်း ... "
ရုတ်တရက် လေထုသည် အေးခဲသွား၏။ မီတာ တစ်ရာ အတွင်းရှိ အမတေချီများမှာ သံမဏိပြား အလား ပြောင်းလဲ သွားသည်။
"ဟမ် ... "
ဆေးကိုယ်စားလှယ်၏ မျက်နှာ၌ ထိတ်လန့်ခြင်းများ ဖြစ်ပေါ်လာသည်။ ထိုအချိန်၌ သူသည် လက်တစ်ချောင်းကိုပင် လှုပ်နိုင်စွမ်း မရှိတော့သလို သူထုတ်ဖော် ထားသည့် မီးစွမ်းအား များမှာလည်း ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်လေသည်။
"မင်း ... မင်းက ရွှေအမြုတေ အဆင့် တစ်ယောက်လား ... "
ဆေးကိုယ်စားလှယ်က အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်၏။
သူကား မူလအဆင့် အထွတ်အထိပ်၌ ရှိနေသူ ဖြစ်ပြီး မည်သည့် မူလ အဆင့်ကို မဆို ယှဉ်ပြိုင် တိုက်ခိုက်နိုင်သည်။ ရွှေအမြုတေ အဆင့်မှ လွဲ၍ မည်သူမျှ သူ့အား ခြေဖနှောင့် တစ်ချက်ဖြင့် ထိန်းချုပ်နိုင်စွမ်း ရှိမည် မဟုတ်ချေ။
"ဆိုပါတော့ ... "
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း ပြောလိုက်သည်။
"ဝမ်ရှင်းတန်ခိုးရှင် ... ကျုပ် ... ကျုပ်ကို ခွင့်လွှတ်ပေးပါ ... ရွှေရောက်ကျီးကန်းက သင့်ကို ကျေးဇူးဆပ်ပါ့မယ်"
ဆေးကိုယ်စားလှယ်က ထိတ်လန့်စွာ ဆိုလိုက်၏။
"ကံမကောင်းတာပဲ ... ငါက ရန်သူကို လွှတ်ပေးရတာ မကြိုက်ဘူး"
ချန်းဖန်က ပြုံးလိုက်သည်။ ထို့နောက် သူက လက်အား ဆန့်ထုတ်ကာ ရွှေရောင် ဓားအလင်းအား ပစ်လွှတ် လိုက်၏။
"မင်း ငါ့ကို သတ်လို့ မရဘူး ... ငါက ရွှေရောင်ကျီးကန်းရဲ့ ဆေးကိုယ်စားလှယ်ပဲ ... ငါ့သခင်က ယင်ယန် ကောင်းကင် နယ်မြေရဲ့ အကြီးအကဲ ဝမ်ရှင်းတန်ခိုးရှင် ရွှေရောင်ကျီးကန်း ... "
"ကလန့် ... "
သူ၏ စကား မဆုံးခင်မှာပင် "အမတေ ဖြည့်တင်းခြင်း ဓား" က သူ၏ လည်ပင်းနှင့် နတ်ဘုရား စိတ်ဝိညာဉ်အား ဖြတ်တောက် သွားတော့၏။ ထို့နောက် ချန်းဖန်က အနက်ရောင် မီးတောက်တစ်ခုကို ပစ်လွှတ်ကာ သူ၏ ခန္ဓာအား သင်္ဂြိုဟ် ပစ်လိုက်သည်။
ရွှေရောင်ကျီးကန်း၏ ဆေးကိုယ်စားလှယ် သို့မဟုတ် မူလ ထိပ်ဆုံး အဆင့် တစ်ယောက်ကား ကျူးရန်မြို့၌ မည်သူမျှ မသိပဲ သေဆုံး သွားခဲ့ရပြီ ဖြစ်လေသည်။
"ဝမ်ရှင်း တန်ခိုးရှင် ... ဒီကျုံးဝမ် မျိုးနွယ် လူငယ်လေးက ဝမ်ရှင်း တန်ခိုးရှင် ဖြစ်နေတာပဲ"
တစ်ဦးတည်းသော ကျန်ရစ်သူ ဖြစ်သည့် အဘိုးကြီးတင်းကား ထိတ်လန့် တုန်ရီ နေခဲ့ပြီ ဖြစ်လေသည်။ တစ်ချိန်တည်း၌ သူသည် အလွန်အမင်း နောင်တရမှုကို ခံစား နေရ၏။
"မင်းတို့မှာ ရှိသမျှ ဆေးတွေ ဝိညာဉ် ကျောက်တုံးတွေ အကုန် ယူလာခဲ့စမ်း ... "
ချန်းဖန်က လက်တစ်ဖက် ဝှေ့ယမ်းရင်း ပြောလိုက်၏။
သူသည် ထိုအကြောင်းရင်းကြောင့် အဘိုးကြီးတင်းကို မသတ်ခဲ့ခြင်း ဖြစ်သည်။
သို့မဟုတ်ပါက ရွှေရောင်ကျီးကန်း အတွင်းရှိ ဆေးများ၊ ဝိညာဉ်ကျောက်တုံးများကို သူ့အနေဖြင့် တကူးတက လိုက်ရှာ နေရဦးမည် ဖြစ်သည်။
"ဝမ်ရှင်းတန်ခိုးရှင် ... ဒါတွေက ကျုပ်တို့မှာ ရှိသမျှ ဝိညာဉ်ကျောက်တုံးနဲ့ ဆေးတွေပါ"
အဘိုးကြီးတင်းက လျင်မြန်စွာပင် ထုတ်ယူ၍ ချန်းဖန်အား ပေး၏။
ချန်းဖန်က ထိုအရာများကို နတ်ဘုရား စိတ်အာရုံဖြင့် တစ်ချက် စစ်ဆေးကာ ခေါင်းညိတ် လိုက်သည်။
"အဆင့်မြင့် ဝိညာဉ်ဆေးပင် တစ်ရာ ခြောက်ဆယ့် ခုနစ်ပင် ... တစ်ဝက် တစ်ပျက် ဝိညာဉ်ဆေးပင်က ငါးခု ... ရွှေရောင် ကျီးကန်း သစ်သီး တစ်လုံးနဲ့ ဝိညာဉ်ကျောက်တုံး ခုနစ်သိန်း ... "
ထိုရွှေရောင်ကျီးကန်း ဆိုင်ခွဲကား အမှန်ပင် ချမ်းသာပေသည်။ ထိုဝိညာဉ်ကျောက်တုံး အရေ အတွက်က ချန်းဖန်ကိုပင် လောဘတက်စေသည်။ ထို့အပြင် ရွှေရောက်ကျီးကန်း သစ်သီးမှာလည်း ရတနာဆေးများတွင်ပင် တန်ဖိုးရှိသော အရာတစ်ခု ဖြစ်သည်။
ချန်းဖန်က ဝိညာဉ်ကျောက်တုံးများ၊ ဝိညာဉ်ဆေးများ အားလုံးကို ဓားအားဖြည့် ကျောက်မျက် အတွင်း ထည့်သွင်း သိမ်းဆည်း လိုက်၏။
"အရှင်က ဝမ်ရှင်းတန်ခိုးရှင် ကျူးဟန်ရဲ့ ရတနာတွေ အတွက် လာခဲ့တာလား ... "
ရုတ်တရက် အဘိုးကြီးတင်းက မေးလိုက်သည်။
"ဝမ်ရှင်းတန်ခိုးရှင် ကျူးဟန်ရဲ့ ရတနာ ... ဘာ ရတနာလဲ"
ချန်းဖန်က မျက်မှောင်ကြုတ် လိုက်၏။
***