ပါရမီရှင်များ စုစည်းမှု
Vol. 9 Ch. 814
ဝမ်ရှင်း တန်ခိုးရှင် ကျူးဟန် ... .
သူကား လွန်ခဲ့သည့် နှစ်သုံးထောင်ခန့် အချိန်များမှ ပြိုင်ဘက်ကင်း ကျင့်ကြံသူ ဖြစ်သည်။ သူသည် အခြေတည် ဝိညာဉ် အဆင့်သို့ ခြေတစ်လှမ်း လှမ်းခဲ့ကာ ကောင်းကင် နယ်မြေ ခြောက်ခု၏ အထက်၌ ရပ်တည် နိုင်ခဲ့သည်။ သူနှင့် မျိုးဆက် တစ်ခုတည်း ဖြစ်သည့် သခင်ကြီး ပေ့ဟန်ပင်လျှင် သူ့အား ကြောက်ရွံ့ခဲ့ရသည်။
သို့သော်လည်း ကံဆိုးစွာပင် ရွှေအမြုတေ အဆင့်တစ်ယောက်၏ အသက်မှာ အဆုံးသတ် ရှိ၏။ ဝမ်ရှင်း တန်ခိုးရှင် ကျူးဟန်သည် ကျူးဟန် တောင်တန်း၌ အခြေတည် ဝိညာဉ် အဆင့်သို့ တက်ရောက်ရန် ကြိုးစားရင်း သေဆုံးခဲ့သည်။
ဝမ်ရှင်း တန်ခိုးရှင် ကျူးဟန် သေဆုံးပြီးနောက် သူ၏ ရတနာများ၊ ကျင့်စဉ်များမှာ ကျူးဟန် တောင်တန်း အတွင်းပိုင်း တစ်နေရာတွင်ပင် ကျန်ရစ်ခဲ့သည်။
လွန်ခဲ့သည့် နှစ်ထောင်ချီ အတွင်း မရေမတွက်နိုင်သော လူများသည် ထိုရတနာများကို ရှာဖွေရန် ကြိုးစားခဲ့သော်လည်း ဝမ်ရှင်း တန်ခိုးရှင် ကျူးဟန် ချန်ရစ်သည့် အေးခဲခြင်း အစီအရင်၏ တားဆီးခြင်းကိုသာ ခံခဲ့ရသည်။
သို့သော်လည်း အစီအရင်မှာ နှစ်ခြောက်ဆယ်လျှင် တစ်ကြိမ် အားလျော့တတ်ပြီး ထိုအချိန်၌ လူများသည် အတွင်းသို့ ဝင်ကာ ရတနာများကို ရှာဖွေလေ့ရှိကြသည်။ ရွှမ်မိန်ဂိုဏ်းမှ လင်းဝူဟွာနှင့် ဆေးကိုယ်စားလှယ်တို့မှာ ထိုအကြောင်းရင်းကြောင့် ကျူးရန်မြို့သို့ ရောက်ရှိ လာကြခြင်း ဖြစ်သည်။
"မင်းဟာ ဒါပဲလား ... "
ချန်းဖန်၏ မျက်လုံး၌ စိတ်ပျက်ခြင်းများ ဖြတ်ပြေး သွား၏။
သူသည် ဝမ်ရှင်း တန်ခိုးရှင်၏ ရတနာများကို စိတ်မဝင်စားပေ။ သို့သော်လည်း ထို ကျူးဟန်သာ အခြေတည် ဝိညာဉ် အဆင့် တစ်ယောက် ဆိုပါက သူ့အနေဖြင့် ထိုနေရာသို့ မဆိုင်းမတွ သွားမိလိမ့်မည် ဖြစ်သည်။
"အဲ ... ကျွန်တော် ... "
အဘိုးကြီးတင်းမှာ အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွား၏။ သူသည် ချန်းဖန်က သူ့အား သတ်မည်ကို အလွန်တရာ စိုးရွံ့ နေခဲ့မိသည်။
"ကျွန် ... ကျွန်တော် ကြားသလောက် ဆိုရင် ဝမ်ရှင်း တန်ခိုးရှင် ကျူးဟန်မှာ ရှေးဟောင်း မြေအောက် ပုလဲ လို့ ခေါ်တဲ့ ရတနာ တစ်ခု ရှိတယ်တဲ့ ... သူက အခြေတည် ဝိညာဉ် အဆင့်ကို ရောက်ပြီးတာနဲ့ အဲဒီ ပုလဲနဲ့ ကောင်းကင် ရတနာ တစ်ခု လုပ်ဖို့ စီစဉ် ထားခဲ့တာတဲ့ ... ဒါပေမဲ့ သူ ကျရှုံးသွားခဲ့တယ် ... ရှေးဟောင်း မြေအောက် ပုလဲက ကျူးဟန် တောင်တန်းမှာ ပျောက်ဆုံး နေတုန်းပဲ ... ခုထိ ဘယ်သူမှ ရှာမတွေ့ကြသေးဘူး"
"ဟမ် ... "
ရှေးဟောင်း မြေအောက် ပုလဲ ဆိုသော အမည်ကို ကြားသည်နှင့် ချန်းဖန်၏ မျက်လုံး များမှာ တောက်ပ သွားသည်။ သူက အဘိုးကြီးတင်း၏ ပခုံးကို တင်းကျပ်စွာ ဆုပ်ကိုင်းရင်း မေးလိုက်၏။
"မင်းပြောတာ ရှေးဟောင်း မြေအောက် ပုလဲလား ... "
"ခရက် ... "
အဘိုးကြီးတင်း၏ ပခုံးမှ အရိုးကျိုးသံ သဲ့သဲ့ ထွက်ပေါ်လာ၏။ အဘိုးကြီးတင်းမှာ နာကျင်မှုကြောင့် ချွေးစေးများပင် ထွက်လာ ခဲ့သည်။
"ဟုတ် ... ဟုတ်ပါတယ် ဝမ်ရှင်း တန်ခိုးရှင် ... ကောင်းကင် နယ်မြေ ခြောက်ခုရဲ့ ဂိုဏ်းချုပ် တွေတောင် အဲဒီနေရာကို သွားရှာခဲ့ပါသေးတယ် ... ဒါပေမဲ့ သူတို့ ဘာမှ ရမသွားခဲ့ပါဘူး ... ကျွန် ... ကျွန်တော့်ကို လွှတ်ပေးပါဦး"
"ရှေးဟောင်းပုလဲက တကယ့် ရတနာတစ်ခုပဲ ... ထျန်းဟောင်ဂြိုဟ်ပေါ်မှာ တစ်ခု ရှိနေမယ်လို့ မထင်ထားခဲ့မိဘူး"
ချန်းဖန်က အဘိုးကြီးတင်း၏ ပခုံးကို လွှတ်ပေးလိုက်သည်။ သူ၏ မျက်လုံးများကမူ လောဘ အရိပ်အယောင်များဖြင့် လင်းလက် နေခဲ့၏။
ရှေးဟောင်းမြေအောက် ပုလဲသည် ပင်လယ်ရေအောက် ပေတစ်သိန်း အနက်၌သာ ပေါ်ထွန်း တတ်သည့် အလွန် ရှားပါးသော ရတနာ ဖြစ်သည်။ ၎င်းသည် နာမည် အတိုင်းပင် ရှေးဟောင်း မြေအောက် ကမ္ဘာ၏ စွမ်းအားများကို သိုလှောင်ထား၏။ ရှေးဟောင်း မြေအောက် ပုလဲကို အစွမ်းထက် လက်နက်များ ပြုလုပ်ရာ၌ အသုံးပြု နိုင်သည့် အပြင် "ချောင်" ရွှေအမြုတေ ဖွဲ့စည်းရာ၌လည်း အသုံးပြု နိုင်သည်။
"ပထမ အဆင့်ကိုးခု ရွှေအမြုတေ ဖွဲ့စည်းဖို့ ဆိုရင် လုံလောက်တဲ့ အမတေချီနဲ့ အဆင့်မြင့် ကျင့်ကြံခြင်း ကျင့်စဉ်တွေပဲ လိုအပ်တယ် ... ဒါပေမဲ့ ချောင် ရွှေအမြုတေ ဖွဲ့စည်းဖို့ အတွက် ဆိုရင်တော့ ရှားပါးတဲ့ ရတနာတွေ အပြင် ကောင်းကင် သားရဲသွေးတောင် လိုအပ်တယ်"
ချန်းဖန်သည် ငြိမ်သက်စွာ ထိုင်ရင်း တွေးနေမိ၏။
"ရှေးဟောင်း မြေအောက် ပုလဲထဲမှာပါတဲ့ ချီက ကောင်းကင် ခရမ်းချီ၊ အဝါရောင် ကမ္ဘာချီ၊ တိုင်ရှုချီ တွေနဲ့ မယှဉ်နိုင်ဘူး ဆိုပေမဲ့ သာမန် ချီတွေထက် အများကြီး ပိုပြီး အစွမ်းထက်တယ် ... ငါ အဲဒီချီကို အမြုတေထဲ ပေါင်းထည့်လိုက်မယ် ဆိုရင် ချောင် ရွှေအမြုတေကို ဖွဲ့စည်းဖို့ ပိုပြီး အခွင့်အရေး များသွားလိမ့်မယ်"
ထိုသို့ တွေးပြီးနောက် ချန်းဖန်သည် ကျူးဝမ်မြို့သို့ သွားရန် အစီအစဉ်ကို ရွှေ့ဆိုင်းကာ ရှေးဟောင်း မြေအောက် ပုလဲကို အရင် ရှာဖွေရန် ဆုံးဖြတ် လိုက်သည်။
...
ထိုရက်များ၌ များစွာသော နာမည်ကျော် ပါရမီရှင်များမှာ ကျူးရန်မြို့သို့ တဖွဲဖွဲ ရောက်ရှိ လာကြ၏။
"ဝှစ် ... "
ကောင်းကင်၌ ငွေရောင် အလင်းတစ်ခု ပေါ်လာခဲ့သည်။
ထိုအလင်း၏ အတွင်းတွင်မူ ငွေရောင် အတောင်ပံများကို ပိုင်ဆိုင်ထားသည့် နတ်ဘုရား တစ်ပါး ရှိ၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ငွေဖြင့် ပြုလုပ်ထားကာ သူ၏ ဆံပင်များမှာလည်း ငွေရောင် ဖြစ်သည်။
"ဟူး ... ဟူး ... "
သူက အတောင်ပံကို တစ်ချက် ခတ်လိုက်ရာ ကျူးရန်မြို့ အတွင်း လေပြင်း မုန်တိုင်းများ ဖြစ်ပေါ်လာ၏။ ထိုမုန်တိုင်းများ၏ တိုက်စားမှု အောက်၌ မြို့အကာအကွယ် အစီအရင်ပင် အက်သံများ ထွက်ပေါ် လာခဲ့သည်။
"အဲဒါ ငွေရောင် ဝိညာဉ် မျိုးနွယ်ရဲ့ ပါရမီရှင် ကူလင်ကျိ မလား ... သူက နတ်ဘုရား စွမ်းအား လေးခု အပါအဝင် မူလ အဆင့်နဲ့ မွေးဖွားလာတာတဲ့ ... အခု သူက အသက် လေးဆယ်ပဲ ရှိသေးပေမဲ့ ရွှေအမြုတေ အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာတဲ့"
တစ်ယောက်က ကောင်းကင်သို့ မော့ကြည့်ရင်း ပြောလိုက်သည်။
"ငွေရောင် ဝိညာဉ် မျိုးနွယ်က ကောင်းကင် နယ်မြေ ခြောက်ခုနဲ့ တန်းတူ အင်အားကြီးတဲ့ မိသားစုကြီး မလား ... တော်ဝင်မြို့မှာတောင် တော်ဝင် မိသားစုပြီးရင် သူတို့က ဒုတိယအင်အား အကြီးဆုံးပဲ ... "
အခြား တစ်ယောက်ကလည်း တုန်ရီစွာဖြင့် ရေရွတ်လိုက်သည်။
"ဟူး ... ဟူး ... "
ကူလင်ကျိသည် လှံတစ်စင်းကို ကိုင်ရင်း ကောင်းကင်၌ ခန့်ညားစွာ ရပ်နေခဲ့၏။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ငွေရောင် အလင်းများက ကျူးရန်မြို့ အကာအကွယ် အစီအရင်ကို ချိုးဖျက်နိုင်ကြောင်း ဖော်ပြ နေခဲ့သည်။
"လင်းဝူဟွာ ... ငါနဲ့ လာတိုက်စမ်း ... "
ကူလင်ကျိက အော်ဟစ် လိုက်သည်။ သူ၏ အသံက အလွန်အမင်း အေးစက် နေခဲ့၏။
"ကူလင်ကျိ ... နင်က ရှုံးပြီးသား တိုက်ပွဲကို ထပ်တိုက် ချင်လို့လား ... "
လှောင်ပြောင်သော အသံနှင့် အတူ ကောင်းကင်ထက်သို့ အနက်ရောင် အရိပ် တစ်ခု ပျံတက်လာ၏။
ထိုအရိပ်က ကူလင်ကျိ၏ အရှေ့သို့ ရောက်သည်နှင့် အနက်ရောင်ဝတ် မိန်းကလေး တစ်ယောက် အသွင်သို့ ပြောင်းလဲသည်။ သူမ၏ အမူအရာသည် အေးစက်သော်လည်း အလွန်အမင်း လှပ၏။ သူမ၏ မျက်ခုံးမွေး နှစ်ခု အလယ်တွင်မူ ဓားချီ တစ်ခု ဖြစ်တည် နေသည်။
"အဲဒါက လင်းမိသားစုက လင်းဝူဟွာ မလား ... သူလည်း ရောက်နေတာလား ... "
မရေမတွက်နိုင်သော လူများမှာ အံ့ဩသွားကြ၏။
"ကူလင်ကျိက လင်းဝူဟွာကို ရှုံးခဲ့တာလား ... ဒါက တကယ့် သတင်းကြီးပဲ"
မူဟုန်တိနှင့် ယွင်ရီအာတို့မှာလည်း အားကျစွာဖြင့် ကောင်းကင်သို့ မော့ကြည့် နေကြသည်။
"ဟမ့် ... နင့်ကိုသာ ဝမ်ရှင်း တန်ခိုးရှင် ဟယ်မိန်က သူ့ရဲ့ ထျန်းမိန်ဓား မပေးခဲ့ရင် ငါ နင့်ကို ရှုံးမှာ မဟုတ်ဘူး"
ကူလင်ကျိက မကျေမနပ် နှာခေါင်းရှုံ့ လိုက်သည်။
"ဟဟ ... နင်က အရှုံးကို လက်မခံနိုင်ဘူး ဆိုရင်လည်း နောက်တစ်ပွဲ ထပ်ပြီး တိုက်ကြတာပေါ့ ... နင့်ကိုယ်နင် ယုံကြည်ချက် မရှိရင် ငွေရောင်ဝိညာဉ် မျိုးနွယ်ရဲ့ ရတနာတွေ ယူလာပြီး တိုက်လို့ ရတယ်နော်"
လင်းဝူဟွာက အေးဆေးစွာပင် ပြုံးရင်း ပြောလိုက်သည်။
"နင် ... "
ကူလင်ကျိမှာ ဒေါသထွက် သွား၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်မှ ငွေရောင် အလင်းမှာ ပို၍ တောက်ပ လာသည်။
ထိုအချိန်မှာပင် ...
"မင်းတို့ နှစ်ယောက်စလုံးက ပေ့ဟန်နယ်ရဲ့ ထိပ်တန်း ပါရမီရှင်တွေပါ ... တကယ်လို့ မင်းတို့ တိုက်ခိုက်ကြမယ် ဆိုရင် ငါ့ရဲ့ ကျူးရန် တစ်မြို့လုံး ပျက်စီး သွားလိမ့်မယ် ... ဘာလို့ ငါ့စံအိမ်ကို လာပြီး တစ်ခွက်လောက် မသောက်တာပဲ ... တိုက်ပွဲက နောက်မှ တိုက်လို့ ရပါတယ်"
မြို့တော်သခင် စံအိမ်ဆီမှ အခြား အသံတစ်ခု လွင့်ပျံကာ ထွက်ပေါ်လာ၏။
"အဲဒါက ကျူးရန်မြို့တော် သခင် ကျန်းတုန်းရှုပဲ ... သူက ရာစုနှစ် သုံးရားကျော် ကျင့်ကြံခဲ့ပြီးတော့ မခန့်မှန်းနိုင်တဲ့ အဆင့် တစ်ခုကို ရောက်နေပြီ"
အဘိုးကြီးတင်းက ရှင်းပြ လိုက်သည်။
"အင်း ... "
ချန်းဖန်က ခေါင်းညိတ် လိုက်၏။
သူတို့ နှစ်ယောက်သည် ရွှေရောင်ကျီးကန်း ဆေးဆိုင်၏ အမိုးထက်၌ ရပ်ကာ ကောင်းကင်ရှိ ကျင့်ကြံသူ နှစ်ယောက်ကို ကြည့်နေခဲ့ကြခြင်း ဖြစ်သည်။
အဆုံး၌ ကူလင်ကျိနှင့် လင်းဝူဟွာတို့မှာ တိုက်ခိုက်ခြင်း မပြုကြတော့ပဲ မြို့တော် စံအိမ် အတွင်းသို့ ပျံသန်း ဝင်ရောက် သွားကြသည်။ သူတို့ နှစ်ယောက် စလုံးမှာ ရတနာများ မရခင် ဒဏ်ရာရမည့် အဖြစ်ကို ရှောင်လွှဲလိုကြပုံ ရ၏။
မကြာခင်မှာပင် ကျူးရန်မြို့၏ ကောင်းကင်၌ အလင်းများ တစ်ခုပြီး တစ်ခု ပေါ်လာခဲ့သည်။ သူတို့သည် ပေ့ဟန်နယ်၏ ထိပ်သီး ပါရမီရှင်များ ဖြစ်ပြီး အဓိကအားဖြင့် ကောင်းကင် နယ်မြေ ခြောက်ခုနှင့် ကြီးမားသော မိသားစုကြီးများမှ ရောက်ရှိ လာကြခြင်း ဖြစ်သည်။
"ဟိုတစ်ယောက်က ထျန်းမန် ကောင်းကင်နယ်မြေရဲ့ မန်ကူး လို့ ခေါ်တယ် ... သူက အသက် သုံးဆယ် အရွယ်မှာတင် ထျန်းမန် ခန္ဓာကို ရရှိခဲ့တာတဲ့ ... နောက်ပြီး သူက အခုထိ တစ်ပွဲမှ မရှုံးဖူးသေးဘူး ... သူ့ရဲ့ ခန္ဓာကိုယ်က တစ်ဝက်တစ်ပျက် ဝိညာဉ် ရတနာရဲ့ တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည် ရှိတယ်တဲ့"
"ဟိုရုပ်ချောတဲ့ ကျင့်ကြံသူက တော်ဝင်မြို့ ချူမိသားစုရဲ့ သခင်လေး ချူထျန်းယုလေ ... သူက ဘာအခက်အခဲမှ မရှိပဲ ရွှေအမြုတေ အဆင့်ကို ဝင်ရောက်နိုင်တယ်တဲ့"
"ဟိုမိန်းကလေးကတော့ ယင်ယန် ကောင်းကင် နယ်မြေရဲ့ ပိုင်ချွင်အာတဲ့ ... ကျွန်တော် ကြားသလောက်ဆိုရင် သူက တိုင်ယင် ဓမ္မ စွမ်းအားက အမြင့်ဆုံး အဆင့်ထိ လေ့ကျင့်နိုင်ခဲ့တဲ့ အပြင် တိုင်ယင် ဝိညာဉ်ခန္ဓာကိုပါ ဖွဲ့စည်းပြီးပြီတဲ့"
အဘိုးကြီးတင်းမှာ ချန်းဖန်အား ကောင်းကင်ကို ညွှန်ပြရင်း ပေ့ဟန်နယ်၏ နာမည်ကျော် ပါရမီရှင်များနှင့် မိတ်ဆက်ပေး နေခဲ့သည်။
"နေဦး ပိုင်ချွင်အာနဲ့ အတူ လာတဲ့ တစ်ယောက်က မင်းသားလား ... "
အဘိုးအိုတင်း၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွား၏။
မင်းသား ကျိုးချင်ချန်း ...
သူကား သခင်ကြီး ပေ့ဟန်၏ ဆယ့်ခုနစ်ဆက်မြောက် မျိုးဆက် ဖြစ်သည်။ သူသည် ငယ်ရွယ်စဉ်ကပင် အလွန်အမင်း ပါရမီ ပါကာ အသက် နှစ်ဆယ်ဖြင့် မူလ အဆင့်သို့ တက်လှမ်း နိုင်ခဲ့သူ ဖြစ်သည်။ သူကား တော်ဝင် မိသားစု၏ အထူးချွန်ဆုံး မျိုးဆက် မဟုတ်သည့်တိုင် ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် ဖြစ်သည်။
"ဘုရားရေ ... သူက တကယ့်ကို မင်းသားပဲ ... ဒီနေ့ ကျူးရန်မြို့မှာ ဘာတွေ ဖြစ်နေတာလဲ ... လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်ကတောင် ခုလောက် မစည်ကားခဲ့ဘူး ... တော်ဝင်မိသားစုက လူတောင် ရောက်လာတယ် ဆိုတော့ ရှေးဟောင်း မြေအောက် ပုလဲက ခုတစ်ကြိမ်မှာ တကယ် ပေါ်လာတော့မှာလား ... "
အဘိုးကြီးတင်းမှာ အလွန်တရာ စိတ်လှုပ်ရှား သွား၏။ သို့သော်လည်း သူ၏ ဘေးမှ ချန်းဖန်အား ကြည့်မိသည်နှင့် သူ၏ စိတ်များက ပြန်လည် တည်ငြိမ် သွားသည်။
ထိုထူးဆန်းသော ကျူးဝမ် မျိုးနွယ်လေးကား အသက် နှစ်ဆယ်ပင် ပြည့်သေးပုံ မပေါ်ချေ။ သို့တိုင်အောင် ရွှေအမြုတေ အဆင့် အထိ ရောက်နေခဲ့သည်။
ဤလူငယ်လေးနှင့် ယှဉ်ပါက ပါရမီရှင် ဆိုသည့် မူလ အဆင့်များမှာ မပြောပ လောက်တော့ပေ။
သိပ်မကြာခင်မှာပင် ကျူးရန်မြို့ အတွင်း သတင်း တစ်ခု ပျံ့လွင့်လာ၏။ ထိုသတင်းကား မြို့တော်သခင်ကျန်းက အထူးဧည့်သည်များ အတွက် စားသောက်ပွဲ တစ်ခု ကျင်းပလိမ့်မည် ဆိုသော သတင်းပင်။
***