စားသောက်ပွဲ
Vol. 9 Ch. 815
ရွှေရောင်ကျီးကန်းဆိုင်သည် စားသောက်ပွဲ ဖိတ်စာကို လက်ခံ ရရှိ၏။
ချန်းဖန်သည် အဘိုးကြီးတင်း၏ အကူအညီကို ရယူ၍ ဆေးကိုယ်စားလှယ် အနေဖြင့် ထိုစားသောက်ပွဲသို့ သွားရန် ဆုံးဖြတ် လိုက်သည်။ သူ့အနေဖြင့် ထိုနေရာမှ ရှေးဟောင်း မြေအောက် ပုလဲ အကြောင်း သတင်း စုံစမ်း ရရှိနိုင်ပေသည်။
...
ညနေစောင်း အချိန်သို့ ရောက်သည်နှင့် ချန်းဖန်သည် အဘိုးကြီးတင်းနှင့် အတူ မြို့တော်သခင်ကျန်း၏ စံအိမ်သို့ ရောက်ရှိ လာခဲ့သည်။
သူတို့ ရောက်ရှိချိန်၌ စားသောက်ပွဲတွင် ကျူးရန်မြို့၏ အကြီးအကဲများ၊ အဓိက မိသားစုများ၊ ကောင်းကင် နယ်မြေ ခြောက်ခုမှ ပါရမီရှင် တပည့်များ စုံလင် နေခဲ့ပြီ ဖြစ်လေသည်။
"သခင် ... မြို့တော်သခင်ကျန်းက ကောင်းကင် နယ်မြေ ခြောက်ခုထဲက တစ်ခုဖြစ်တဲ့ ဟူးကောင်းဂိုဏ်းရဲ့ တပည့် တစ်ယောက်ပေါ့ ... သူ့ရဲ့ ဟူးကောင်း ကျင့်စဉ်က အရမ်း အစွမ်းထက်တယ် ... ဒါကြောင့် မလို့ပဲ ရောက်လာတဲ့ ထိပ်သီး လူငယ်တွေက သူ့ကို လေးလေးစားစား ဆက်ဆံကြတာ"
အဘိုးကြီးတင်းက ချန်းဖန်အား တီးတိုး ရှင်းပြ လိုက်သည်။
"သိပြီ ... "
ချန်းဖန်က ခေါင်းတစ်ချက် ညိတ်ရင်း လူအုပ်ကို သေချာစွာ အကဲခတ်လိုက်သည်။
လင်းဝူဟွာနှင့် ကူလင်ကျိတို့မှာ စင်မြင့်ထက်၌ ရှိနေ၏။ မိသားစုကြီးများ၊ ဂိုဏ်းကြီးများမှ ပါရမီရှင် တပည့်များနှင့် မြို့တော်သခင်ကျန်း တို့မှာလည်း သူတို့နှင့် အတူ ထိုင်နေခဲ့သည်။
စင်မြင့်၏ အောက် ထိုင်ခုံများတွင်မူ ကျူးရန်မြို့ အကြီးအကဲများနှင့် သာမန်ဂိုဏ်းများမှ တပည့်များ ရှိနေခဲ့၏။ ထိုအထဲ၌ ချန်းဖန်သည် မူဟုန်တိ၊ ယွင်ရီအာနှင့် ကျန်းလင်ဖုန်းတို့ကိုပါ တွေ့ရသည်။
ချန်းဖန်နှင့် အဘိုးကြီးတင်းတို့မှာမူ ကုန်သည် အဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ သေးငယ်သော မိသားစု ခေါင်းဆောင်များနှင့် အတူ နေရာရ၏။ ရွှေရောင်ကျီးကန်းသည် ကြီးမားသော စီးပွားရေး အဖွဲ့ကြီးဟု ဆိုနိုင်သော်လည်း မိသားစုကြီးများ၊ ဂိုဏ်းကြီးများနှင့် ယှဉ်လျှင်မူ အလွန် အားနည်းသေးသည်။
"စီနီယာကျန်း ... ကျွန်မ အထင် ပြောရရင် ဒီတစ်ခေါက် ရတနာတွေကို စီနီယာကပဲ ရလိမ့်မယ်"
ပိုင်ချွင်အာက ခွက်ကို မြှောက်ရင်း ဆိုလိုက်သည်။ သူမ၏ နှုတ်ခမ်းများက ရဲရဲနီ နေရာ မြင်ရသူတိုင်းအား ရင်ခုန်စေ၏။
"ကျုပ်တော့ အဲ့လို မမျှော်လင့်ရဲပါဘူး ... ဂျူနီယာပိုင် ... "
ကျန်းတုန်းရှုက ရယ်မောရင်း နှိမ့်ချစွာ ပြောလိုက်သည်။
သူတို့ နှစ်ယောက်သည် အဆင့်တူများ ဖြစ်သော်လည်း ကျန်းတုန်းရှုမှာ အလွန် သုံးရာကျော် လေ့ကျင့်ခဲ့သူ ဖြစ်သည်။ တစ်ချိန်တည်း၌ ပိုင်ချွင်အာမှာ အသက် လေးဆယ်မျှသာ ရှိသေးသည့် အပြင် ယင်ယန် ကောင်းကင်နယ်မြေ၏ ကိုယ်စားလှယ် ဖြစ်သည်။ မင်းသား ကျိုးချင်ချန်းပင် သူမ၏ စကားကို လိုက်နာရသည်။
ထိုအချိန်၌ စင်မြင့်အောက်ရှိ လူများမှာလည်း ဆွေးနွေး နေကြ၏။
"ကူလင်ကျိ လင်းဝူဟွာ ပိုင်ချွင်အာ ကျိုးချင်ချန်း မန်ကူး ချူထျန်းယု ... သူတို့ အားလုံးက ပေ့ဟန်နယ်ရဲ့ အထူးချွန်ဆုံး လူတွေချည်းပဲ ... မြို့တော် သခင်ကျန်းကြောင့်သာ မဟုတ်ရင် ငါတို့ သူတို့ကို တွေ့ရဖို့ မလွယ်ဘူး"
ယွင်မိသားစု လူငယ် တစ်ယောက်က သက်ပြင်း ချလိုက်၏။
"ငါတော့ ကူလင်ကျိကို သဘောကျတယ် ... သူ့ပုံစံကို ကြည့်ရတာ အရမ်း အစွမ်းထက်မယ် ထင်တယ် ... သူ လင်းဝူဟွာကို ရှုံးခဲ့တာလည်း ထျန်းမိန်ဓားကြောင့်ပဲ ဖြစ်မှာ"
ယွင်ရီအာက ပြောသည်။
"ငါကတော့ နတ်မိမယ်ပိုင်ကို ပိုပြီး လေးစားတယ် ... တော်ဝင် မိသားစုက မင်းသားတောင် သူ့ စကားကို နားထောင်ရတယ် ... နောက်ပြီး သူ့ပုံစံက သဘောကောင်းမယ့်ပုံပဲ"
ကျန်းလင်ဖုန်းကလည်း အားကျမခံ ဆိုလိုက်၏။
သူတို့ အဖွဲ့ထဲ၌ မူဟုန်တိ တစ်ယောက်သာလျှင် ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ သူမသည် တစ်စုံတစ်ခုကို စဉ်းစားရင်း အတွေးနက် နေပုံရ၏။
"ညီမလေးမူ ... ဘာတွေ စဉ်းစား နေတာလဲ"
ရည်မွန်သော လူငယ် တစ်ယောက်က ပြုံးရင်း မူဟုန်တိအား မေးလိုက်သည်။
ထိုလူငယ်သည် ချင်းယန်ဂိုဏ်း၏ ဒုတိယ ဆက်ခံသူ ဖြစ်ကာ ဝိညာဉ်ပင်လယ် ထိပ်ဆုံး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူနှင့် မူဟုန်တိမှာ ဂိုဏ်းတစ်ခုတည်းမှ ဖြစ်ရာ ဂိုဏ်းတူ မောင်နှမဟု ဆိုနိုင်သည်။
"အာ ... စီနီယာဟူ ... ငါ တွေ့ဖူးတဲ့ ပါရမီရှင် တစ်ယောက်ကို သတိရ လာမိလို့ပါ"
မူဟုန်တိက ပြန်ဖြေလိုက်၏။
"အမပြောတာက ဟိုကျူးဝမ် လူမျိုး စီနီယာချန်းလား ... "
ယွင်ရီအာက စိတ်ဝင်တစားဖြင့် ဝင်ရောက် မေးလိုက်သည်။
"ဘယ်လို ... ကျူးဝမ်လူမျိုး ... "
စီနီယာဟူမှာ အံ့အားသင့် သွား၏။
"အင်း ... "
မူဟုန်တိက ခေါင်းညိတ်ရင်း ပြန်ဖြေ လိုက်သည်။
"လွန်ခဲ့တဲ့ရက်တုန်းက ပေ့ဟန် တောင်တန်းမှာ စီနီယာချန်းက ငါတို့ကို ကယ်ခဲ့ဖူးတယ်လေ ... သူက အသက် ငယ်ငယ်လေး ရှိသေးပေမဲ့ မူလ အဆင့်ကို ရောက်နေခဲ့တာ ... သူသာ ဒီမှာ ရှိရင် စီနီယာ ကူလင်ကျိတို့နဲ့ အတူ စင်မြင့်ပေါ်မှာ ထိုင်နေရမှာလို့ ငါတွေးနေတာ"
မူဟုန်တိ၏ အရည်ရွှမ်းနေသော မျက်ဝန်းများကို ကြည့်၍ စီနီယာဟူမှာ အနည်းငယ် သဝန်တို သွား၏။
"ညီမလေးမူရဲ့ ... မူလ အဆင့်တွေက သူတို့ရဲ့ အသွင်အပြင်ကို ပြောင်းလဲ နိုင်တယ်လေ ... အဲဒီ တစ်ယောက်က ရုပ်ဖျက်ထားတဲ့ အသက် ရာကျော် အဘိုးကြီး ဖြစ်ချင် ဖြစ်နေမှာပေါ့"
"နောက်ပြီး သူက ဘယ်လိုလုပ်ပြီး ပေ့ဟန်နယ် ထိပ်တန်း ပါရမီရှင်တွေနဲ့ နှိုင်းယှဉ်နိုင်မှာလဲ ... တော်ဝင် မိသားစုက လူတွေ မပြောနဲ့ ငွေရောင် ဝိညာဉ်မျိုးနွယ် နဲ့ ရှီတုန်း မျိုးနွယ်တွေကတောင် အရမ်း အစွမ်းထက် ကြတယ် ... ညီမလေးမူ ပြောတဲ့ စီနီယာချန်းက မူလအဆင့် ဆိုရင်တောင် သူက ကျူးဝမ် မျိုးနွယ် ဆိုတော့ အခက်သား ... ကျူးဝမ် မျိုးနွယ်တွေက ပါရမီမှာ ကန့်သတ် ခံထားရတော့ အရမ်း အားနည်းကြတယ် ... သူတို့က သာမန်လူတွေလောက်တောင် အားမကောင်းကြဘူး ... ညီမလေးမူသာ ဆန္ဒရှိရင် ငါ အဲဒီ ကျူးဝမ် မျိုးနွယ် တစ်ခုလုံးကို သုတ်သင်ပေးလို့ ရတယ်"
စီနီယာဟူ၏ စကားအား ကျန်းလင်ဖုန်းက ခေါင်းညိတ် ထောက်ခံလိုက်၏။
"စီနီယာဟူ ပြောတာ မှန်တယ် ... ကျူးဝမ် မျိုးနွယ်တွေက ကျိန်စာတိုက် ခံထားရတာ ... သူတို့မှာ ဘာ ကျင့်ကြံခြင်း ပါရမီမှ ပါမလာဘူး ... သူတို့က အောက်ခြေ လူတန်းစား အဖြစ် ရှင်သန်ဖို့ မွေးဖွား လာကြတာ ... အဲဒီလို ကျူးဝမ် မျိုးနွယ် တစ်ယောက်က ဘယ်လိုလုပ်ပြီး ပေ့ဟန်နယ်ရဲ့ ပါရမီရှင်တွေနဲ့ နှိုင်းယှဉ် နိုင်မှာလဲ"
မူဟုန်တိမှာ ဘာမှ ပြန်မပြောပဲ ပါးစပ်ကိုသာ ပိတ်ထားလိုက်၏။ သူမသည် ချန်းဖန်ဘက်မှ ကာကွယ်ပြောဆို လိုသော်လည်း သူမ၌ စကားလုံးများ ရှိမနေခဲ့ချေ။
သူမက သက်ပြင်းတစ်ချက် ချ၍ အဝေးသို့ ငေးကြည့်လိုက်၏။ ရုတ်တရက် သူမ၏ အမြင် အာရုံ အတွင်းသို့ ဝိုင်တစ်ခွက်ကို ကိုင်၍ လူအုပ်ကြား၌ အေးဆေးစွာ ထိုင်နေသော လူတစ်ယောက်၏ ပုံရိပ်က ဝင်လာခဲ့သည်။
"သူလား ... "
မူဟုန်တိ၏ မျက်လုံးများက ဝင်းပ သွား၏။
"ညီမလေးမူ ... ဘာဖြစ်လို့လဲ"
စီနီယာဟူက သူမအား ကြည့်ရင်း မေးလိုက်သည်။
"ငါ သိတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ် ထင်တယ်"
မူဟုန်တိက ပြန်ဖြေရင်း တစ်နေရာသို့သာ စူးစိုက်ကြည့် နေခဲ့သည်။
"ဘယ်သူလဲ ... "
လူတိုင်းက မူဟုန်တိ ကြည့်နေသော နေရာသို့ လိုက်လံ ကြည့်လိုက်ကြရာ အနက်ရောင် ဝတ်စုံဝတ်နှင့် ချောမောသော လူငယ် တစ်ယောက်ကို မြင်ကြရ၏။ ထိုလူငယ်ကား စားသောက်ပွဲသို့ ရောက်နေသည့် ချန်းဖန်ပင် ဖြစ်လေသည်။
"စီနီယာချန်း ... "
ယွင်ရီအာက မတ်တတ်ရပ်ရင်း ချန်းဖန်အား လက်ယမ်း ပြလိုက်၏။
"ဟုတ်တယ် ... အဲဒါ စီနီယာချန်းပဲ"
ဝူမိသားစု သခင်လေးကလည်း ထိုင်ရာမှ ထလိုက်သည်။
သူတို့သည် ကျူးဝမ်မျိုးနွယ်များကို အထင်သေးသော်လည်း ချန်းဖန်ကိုမူ ချစ်ခင် လေးစား၏။
မူဟုန်တိက နားမလည်စွာဖြင့် ကျန်းလင်ဖုန်းအား ကြည့်ရင်း မေးငေါ့ လိုက်သည်။ ကျန်းလင်ဖုန်းက လျင်မြန်စွာပင် သူ့အား အဖြစ်အပျက် အလုံးစုံကို အကျဉ်းချုံးကာ ရှင်းပြပေး လိုက်၏။
"ဒါဆို သူက ကျူးဝမ် မျိုးနွယ်ရဲ့ မူလ အဆင့်ပေါ့ ... "
စီနီယာဟူ၏ မျက်လုံးများက ကျဉ်းမြောင်း သွား၏။ အထူးသဖြင့် မူဟုန်တိ၏ ချန်းဖန် အပေါ် ကြည့်သော မျက်လုံးများက သူအား ပို၍ စိတ်မသက်မသာ ဖြစ်စေသည်။
"ဟုတ်တယ် ... အဖေက မိသားစုကြီးတွေနဲ့ ကုန်သယ် အဖွဲ့တွေကိုပဲ စားသောက်ပွဲကို ဖိတ်ခေါ်တာပါ ... သူက ဘယ်လို ဝင်လာတာ လဲ"
ကျန်းလင်ဖုန်းက ပြန်ဖြေရင်း နားမလည်စွာ ရေရွတ် လိုက်သည်။
ထိုအချိန်၌ ယွင်ရီအာမှာ ချန်းဖန်၏ အနားသို့ ရောက်နေခဲ့ပြီ ဖြစ်လေသည်။
"ယွင်ရီအာ ... နင် ငါ့ကို ဘယ်လို တွေ့သွားတာလဲ"
ချန်းဖန်မှာ အနည်းငယ် အံ့ဩနေခဲ့၏။
"စီနီယာချန်း ... ဟိုတစ်ခါတုန်းက ကျွန်မ ရိုင်းစိုင်းမိပါတယ် ... ပြန်ရောက် ကတည်းက အမမူက အဲဒီ အပြုအမူ အတွက် ကျွန်မကို အမြဲတမ်း ဆူနေခဲ့တာ ... ကျွန်မကို ခွင့်လွှတ်ပေးပါနော်"
ယွင်ရီအာက လက်နှစ်ဖက်ကို ယှက်ရင်း ပြောလိုက်သည်။
ချန်းဖန်က လှမ်းကြည့်လိုက်ရာ သူ့အား ပြုံး၍ ကြည့်နေသော မူဟုန်တိအား တွေ့ရသည်။ ချန်းဖန်က ပြန်လည် ပြုံးကာ သူမအား ခေါင်းညိတ်ပြလိုက်၏။
ထို့နောက် ဝူမိသားစု၊ ချင်မိသားစုမှ လူငယ်များကလည်း ချန်းဖန်အား လာရောက်ကာ နှုတ်ဆက်ကြသည်။ ချန်းဖန် ထိုလူငယ်များနှင့် စကားပြောနေစဉ်မှာပင် အသံတစ်ခု ထွက်ပေါ်လာ၏။
"မင်းက ကျူးဝမ်လူမျိုး မူလ အဆင့်ပေါ့ ဟုတ်လား ... "
ချန်းဖန်က အသံလာရာသို့ ကြည့်လိုက်ရာ ကျန်းလင်ဖုန်းနှင့် အခြား လူငယ် တစ်ယောက်အား တွေ့လိုက်ရ၏။
***