← Chapters

ချန်းပေ့ရွှမ်း ဆိုတာ ဘယ်ကောင်လဲကွ

Vol. 9 Ch. 817

ချန်းပေ့ရွှမ်း ဆိုတာ ဘယ်ကောင်လဲကွ

Vol. 9 Ch. 817

စားသောက်ပွဲသည် ဆက်လက်၍ ကျင်းပ နေ၏။

ချန်းဖန်သည် နေရာတွင်ပင် ထိုင်ရင်း ဝိုင်ကို သောက်နေခဲ့သည်။ မကြာခင်က သူ၏ နံဘေး၌ ဝိုင်းနေခဲ့သော လူငယ်များမှာမူ နှုတ်ဆက်ကာ အလျှိုလျှို ထွက်ခွာ သွားခဲ့ပြီ ဖြစ်သည်။

ချင်းယန်ဂိုဏ်းကား ပေ့ဟန်နယ်တွင် နှစ်သုံးထောင် တိုင်တိုင် တည်ရှိခဲ့သည့် ကြီးမားသော ဂိုဏ်းကြီး တစ်ခု ဖြစ်သည်။ ချန်းဖန်သည် ရွှေရောင်ကျီးကန်း နောက်ခံ ရှိသည့် မူလ အဆင့် တစ်ယောက် ဖြစ်သော်လည်း ထိုသို့သော ဂိုဏ်းကြီးကို ရင်ဆိုင်ရန် ဖြစ်နိုင်မည် မဟုတ်ချေ။

အဆုံး၌ ချန်းဖန်၏ နံဘေး၌ အဘိုးကြီးတင်းနှင့် မူဟုန်တိ နှစ်ယောက်သာ ကျန်ရစ်တော့၏။ မူဟုန်တိက ဘာမှမပြောပဲ ချန်းဖန်ကိုသာ ငြိမ်သက်စွာ ကြည့်နေခဲ့သည်။

"နင်ရော သူတို့နဲ့ လိုက်မသွားဘူးလား ... "

ချန်းဖန်က မေးလိုက်သည်။

"စီနီယာချန်း ...  ဘာလို့ သူ့ကို သတ်လိုက်တာလဲ ...  သူက ချင်းယန်ဂိုဏ်းရဲ့ တပည့် တစ်ယောက် ဆိုတာ စီနီယာ မသိဘူးလား ... "

မူဟုန်တိက ချန်ဖန်၏ မေးခွန်းကို မဖြေပဲ ပြန်လည် မေးခွန်းထုတ်လိုက်၏။

"သူက ငါနဲ့ ငါ့မျိုးနွယ်ကို မလေးမစား လုပ်တယ် ...  သူ သေသင့်တယ် ...  သူ့ အတွက် ဘယ်သူပဲ လာပြီး လက်စားချေချေ ငါ သူတို့ကိုပါ သတ်မယ်"

ချန်းဖန်က ပြောလိုက်သည်။

"စီနီယာချန်း ... "

မူဟုန်တိမှာ နောက်တစ်ကြိမ် ပြန်လည် တိတ်ဆိတ် သွား၏။ သူမ၏ မျက်ဝန်းတွင်မူ စိတ်ပျက်ခြင်း အချို့က နေရာယူ နေသည်။

"ကောင်းပြီလေ ...  စီနီယာ သဘော အတိုင်းပါပဲ ...  ကြိုက်သလို လုပ်ပါ"

ထို့နောက် သူမက သက်ပြင်းချကာ ချန်းဖန် အနားမှ ထွက်ခွာ သွားသည်။

***

ထိုအချိန် စားသောက်ပွဲ၏ အဓိနေရာ ဖြစ်သော စင်မြင့်ထက်၌ ...

"ဒီကျူးဝမ်မျိုးနွယ် ကောင်လေးက တစ်ခုခုတော့ တစ်ခုခုပဲ ...  သူက ဟူခွန်းဟောက်ကို တစ်ချက်တည်း သတ်လိုက်နိုင်တဲ့ အပြင် ကျန်းတုန်းရှုရဲ့ ဖိအားကိုတောင် လွယ်လွယ်ကူကူ ဖျက်ဆီး ပြခဲ့တယ်"

ပိုင်ချွင်အာက ဆိုလိုက်သည်။

ထိုပေ့ဟန်နယ်၏ ပါရမီရှင် လူငယ်များသည် စင်အောက်၌ ဖြစ်ပျက်ခဲ့သည်များအား တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ထိုအသေးအမွှား ကိစ္စများက သူတို့ ဝင်ပါ ရလောက်သည် အထိ မထိုက်တန်ချေ။

"ဟူခွန်းဟောက်က သာမန်လောက်ပဲ ရှိတာပါ ...  ချင်းယန်ဂိုဏ်းမှာ ရွှမ်ချင်းကျိက လွဲပြီး ဘယ်သူမှ အရည်အချင်း မရှိဘူး"

ကူလင်ကျိက အေးစက်စက် ရယ်မောရင်း ဆိုလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ...  အဲဒီ ကျူးဝမ် မျိုးနွယ် မူလ အဆင့် လူငယ် ကျင့်ကြံသူကတော့ အံ့အားသင့် စရာပဲ"

"ဟုတ်တယ် ... "

မင်းသား ကျိုးချင်ချန်းက ခေါင်းညိတ် လိုက်သည်။

"ဒါပေမဲ့ သူက ကျူးဝမ် မျိုးနွယ် ဖြစ်နေတာ ကံဆိုးတာပဲ ...  သူ ဘယ်လိုပဲ ကျင့်ကြံပါစေ ရွှေအမြုတေ အဆင့်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး"

ထို့နောက် လူငယ်များက ခေါင်းခါရင်း ချန်းဖန် အကြောင်းကို ဝေဖန် ပြောဆိုခြင်းအား ရပ်တန့် လိုက်ကြသည်။ ထိုကျူးဝမ် လူငယ်မှာ ထူးဆန်းသော်လည်း သူတို့၏ စိတ်ဝင်စားမှုကို ရယူနိုင်သည့် အရည်အချင်းကို မပိုင်ဆိုင်ထားချေ။

သူတို့ အားလုံးထဲ၌ ပိုင်ချွင်အာ တစ်ယောက် သာလျှင် ချန်းဖန်ကို စိတ်ဝင်တစားဖြင့် မကြာခဏ လှမ်းကြည့်ရင်း အကဲခတ် နေခဲ့သည်။

စားသောက်ပွဲ ပြီးဆုံးချိန်၌ ချန်းဖန်သည် အဘိုးကြီးတင်းနှင့် အတူ ရွှေရောင်ကျီးကန်း သို့ ပြန်လာခဲ့သည်။ သူသည် ထိုနေရာတွင်ပင် နေထိုင်ရင်း ရတနာသတင်းကို နားစွင့်ကာ လေ့ကျင့် နေခဲ့၏။

ထိုရက်ပိုင်း အတွင်း မူဟုန်တိ ချန်းဖန် ထံသို့ တစ်ခေါက် ရောက်လာခဲ့သည်။ သူမသည် ဘာမှ မပြောပဲ စာအုပ် တစ်အုပ်ကိုသာ ချန်းဖန်ကို ပေး၍ ပြန်သွားခဲ့သည်။

ထိုစာအုပ် အတွင်းတွင် ချင်းယန်ဂိုဏ်း၏ အချက်အလက် အစုံအလင်ကို မှတ်တမ်းတင် ထား၏။ ထို့အပြင် စာအုပ်၏ နောက်ကျော၌ ကျူးရန်မြို့မှ လျှို့ဝှက် ထွက်ခွာနိုင်သည့် လမ်းကြောင်း မြေပုံ တစ်ခုကိုပါ ကပ်ပေးထားသည်။

"ချင်းယန်ဂိုဏ်းရဲ့ သာမန် ရွှေအမြုတေ အဆင့်လေးတွေက ငါ့ကို ဘယ်လို သတ်နိုင်မှာလဲ ... "

ချန်းဖန်က ပြုံးရင်း စာအုပ်ကို သိမ်းဆည်း လိုက်၏။

အမှန်တကယ် ဆိုလျှင် ထိုစာအုပ်မှာ သူ့အတွက် အသုံး မဝင်ချေ။ မူဟုန်တိ၏ စေတနာကို လက်ခံသည့် အနေဖြင့်သာ သူ လွှင့်မပစ်ခဲ့ခြင်း ဖြစ်သည်။

စာအုပ်ကို သိမ်းဆည်းပြီးနောက် ချန်းဖန်က ဆက်လက် ကျင့်ကြံ၏။

"ဟူး ...  ဟူး ... "

ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီများသည် ဝဲကတော့ အသွင်ဖြင့် ချန်းဖန်၏ ကိုယ်အတွင်း စီးဝင် နေသည်။ သူ၏ နောက်တွက်မူ ကမ္ဘာ သစ်ပင်က လှုပ်ယမ်း နေခဲ့၏။ ၎င်း၏ သစ်ကိုင်း တစ်ခုချင်းစီက ကောင်းကင်သို့ ဆန့်တန်းကာ အခြား ကမ္ဘာများ၏ စွမ်းအားကို စုပ်ယူနေသည်။

ထျန်းဟောင်ဂြိုဟ်ကား အမှန်တကယ်ပင် ကျင့်ကြံခြင်း ဂြိုဟ်တစ်ခု ဖြစ်သည်။

၎င်း၏ ချီထူထပ်မှုမှာ ကမ္ဘာဂြိုဟ်ထက် အဆ ရာထောင်ချီ ပိုမိုရာ ချန်းဖန်၏ ကျင့်ကြံခြင်းမှာလည်း ခုန်ပေါက်ကာ တိုးတက် နေခဲ့သည်။ ယခုဆိုလျှင် ချန်းဖန်သည် ဆန္ဒ ရှိပါက အဆင့်မြင့် ရွှေအမြုတေ တစ်ခုကို ဖွဲ့စည်း နေနိုင်ပြီ ဖြစ်လေသည်။

"ဒါပေမဲ့ အဲဒါက ငါလိုချင်တဲ့ ရွှေ အမြုတေ မဟုတ်ဘူး ...  ချောင်အဆင့် ကောင်းကင် အဆင့် ရွှေအမြုတေ မဟုတ်ရင် အနာဂတ်မှာ ငါ ဘယ်လို လုပ်ပြီး အစွမ်းထက် တော့မှာလဲ ...  ကောင်းကင် ကပ်ဘေးက ငါ ဘယ်လို လုပ်ပြီး လွတ်မြောက်နိုင်မှာလဲ"

ချန်းဖန်က မျက်လုံးများကို ဖွင့်ရင်း ကျူးဟန် တောင်တန်းရှိရာ အရပ်သို့ လှမ်းမျှော်ကြည့် လိုက်၏။

ထိုအရပ်၌ "ရှေးဟောင်း မြေအောက် ပုလဲ" ရှိသည်။ ထိုအထဲ၌ ပါဝင်သော ရွှမ်မင်ချီသည် သူ့အား ချောင် ရွှေအမြုတေ ဖွဲ့စည်းနိုင်အောင် ကူညီပေးလိမ့်မည်။ သို့ဖြစ်ရာ သူ့အနေဖြင့် ထိုအရာကို ရအောင် ယူရန် လိုအပ်သည်။

နောက်ရက်များ အတွင်း၌ ချန်းဖန်သည် ငြိမ်းချမ်းစွာ ဆက်လက် ကျင့်ကြံနေခဲ့သည်။ တစ်ပတ်ခန့် ကြာပြီးနောက် သူစောင့်နေသော သတင်းကား ရောက်ရှိ လာခဲ့၏။

"ဝမ်ရှင်းတန်ခိုးရှင် ...  ကျူးဟန် တောင်တန်းရဲ့ အအေးလှိုင်းက စတင်ပြီးတော့ လျော့ပါး နေပါပြီ ...  အခြား လူတွေတော့ အဲဒီကို သွားနေကြပြီ"

အဘိုးကြီးတင်းက ပြော၏။

"ကောင်းပြီ"

ချန်းဖန်သည် သာမန် လူတစ်ယောက် အသွင်သို့ ပြောင်းလဲကာ ရွှေရောင်ကျီးကန်း အတွင်းမှ လမ်းလျှောက် ထွက်လာခဲ့သည်။ ရတနာ ပေါ်လာမည့် အချိန်က လိုသေးသည် ဖြစ်ရာ သူသည် အလျင်လိုခြင်း မရှိချေ။

ကျူးဟန် တောင်တန်းသို့ သွားသည့် လမ်းတစ်လျှောက်၌ ချန်းဖန်သည် များစွာသော တန်ခိုးရှင် ကျင့်ကြံသူများကို မြင်တွေ့ရ၏။ ထိုအထဲ၌ ကျူးရန်မြို့မှ သူတွေ့ဖူးသော ကျင့်ကြံသူများ အပြင် အခြား မျက်နှာစိမ်း လူများ များစွာ ပါဝင်နေ၏။

"ဟူး ...  ဟူး ... "

ချန်းဖန်သည် နှေးကွေးစွာပင် ပျံသန်းလာရာ နေ့တစ်ဝက်ကြာမှ ကျူးဟန်တောင်တန်း အတွင်းပိုင်းသို့ ရောက်လာခဲ့သည်။

"ရောက်ပြီ ... "

ချန်းဖန်က မြေပြင်ပေါ်သို့ ဆင်းသက်ရင်း ရေရွတ် လိုက်၏။

သူ၏ အရှေ့တွင်မူ ပေတစ်ရာခန့် မြင့်မားသော တံခါးကြီး တစ်ခု ရှိနေခဲ့သည်။ ထိုတံခါးကြီးသည် အိုမင်းနေပြီ ဖြစ်သည့်တိုင် ပျက်စီးခြင်း မရှိသေးချေ။ တံခါး၏ တစ်ဖက်တွင်မူ အခြား ကမ္ဘာ တစ်ခု အလား နှင်းများက ထူထပ်စွာ ကျဆင်း နေ၏။

ထိုအရာကား ဝမ်ရှင်း တန်ခိုးရှင် ကျူးဟန် ထားရစ်သော တံခါးပင် ဖြစ်သည်။ များစွာသော ကျင့်ကြံငူများသည် ထိုတံခါး၏ အရှေ့၌ စိတ်ရှည်စွာ စောင့်ဆိုင်း နေကြ၏။

"စီနီယာချန်း ... "

ရုတ်တရက် လှမ်းခေါ်သံ တစ်ခုက ချန်းဖန်၏ နားစည်သို့ တိုးဝင်လာ၏။

ချန်းဖန်က အသံလာရာ အရပ်သို့ လှည့်ကြည့်လိုက်ရာ လက်ဝှေ့ယမ်း ပြနေသော ယွင်ရီအာအား တွေ့လိုက်ရသည်။ သူမ၏ ဘေးတွင်မူ မူဟုန်တိ၊ ကျန်းလင်ဖုန်းနှင့် အခြား ကျင့်ကြံသူများ ရှိနေခဲ့သည်။

မကြာခင်မှာပင် ထိုအုပ်စုမှာ ချန်းဖန်၏ နံဘေးသို့ ရောက်လာကြ၏။

"စီနီယာချန်း ...  ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ ...  ကျူးရန်မြို့ကနေ ထွက်မသွား သေးဘူးလား ...  ရွှမ်ချင်းကျိက စီနီယာကို တွေ့တာနဲ့ သတ်ဖို့ ကြိုးစား လိမ့်မယ်"

မူဟုန်တိက စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

"မစိုးရိမ်နဲ့ ...  သူ မပြောနဲ့ သူ့ဆရာ လာတောင် ငါမကြောက်ဘူး"

ချန်းဖန်က တည်ငြိမ်စွာပင် ဆိုလိုက်၏။

"ဟမ့် ...  ရောက်လာမှ ဘယ်လို ဖြစ်မလဲ ဆိုတာ စောင့်ကြည့်ရသေးတာပေါ့"

ကျန်းလင်ဖုန်းက ကြိတ်၍ နှာခေါင်းရှုံ့ လိုက်သည်။

ချန်းဖန်က ထိုအမူအရာကို မြင်သော်လည်း မသိချင်ယောင်သာ ဆောင်နေလိုက်၏။

"စီနီယာချန်း ...  ဝမ်ရှင်း တန်ခိုးရှင် ကျူးဟန်က ကောင်းကင် နယ်မြေ တစ်ခုကို တွေ့ခဲ့ပြီးတော့ အဲဒီ နေရာနဲ့ ဆက်သွယ်ထားတဲ့ ဂိတ်တံခါး တစ်ခုကို ဒီနေရာမှာ တည်ဆောက် ထားခဲ့တာ ...  မူလ အဆင့်တွေပဲ အထဲကို ဝင်နိုင်ကြတယ် ...  နာမည်ကျော် ပါရမီရှင်တွေနဲ့ ကျွန်မတို့ရဲ့ မူလ အဆင့် ဘိုးဘေးတွေတော့ အထဲကို ဝင်သွားကြပြီ ...  စီနီယာချန်း ဝင်မယ် ဆိုရင် ဂရုစိုက်ပါ"

မူဟုန်တိက ပြောလိုက်၏။

"အင်း ... "

ချန်းဖန်က မူဟုန်တိကို ခေါင်းညိတ်ပြ ပြီးနောက် ကောင်းကင်သို့ ပျံတက် လိုက်၏။ သူ တံခါး အတွင်း ဝင်ရောက်ခါနီး၌ အဇူရာ အလင်း တစ်ခုက အလွန် လျှင်မြန်စွာဖြင့် မိုးကုပ်စက်ဝိုင်း၌ ပေါ်လာခဲ့သည်။

"ချန်းပေ့ရွမ်း ဆိုတာ ဘယ်ကောင်လဲကွ ... "

အလင်းနှင့် အတူ ကျယ်လောင်သော အသံတစ်ခုက တွဲလျက် ထွက်ပေါ်လာ၏။ ထိုအသံ၏ ရိုက်ခတ်မှု အောက်၌ တောင်တန်းများပင် တုန်ရီ သွားခဲ့သည်။

အဇူရာ အလင်းအား မြင်ပြီးနောက် မူဟုန်တိ၏ မျက်နှာမှာ ဖြူရော် သွားတော့၏။

***

All Chapters