စက္ကန့်ပိုင်း အတွင်း သတ်ခြင်း
Vol. 9 Ch. 818
"အဲဒါ ဘယ်သူလဲ ... "
မရေ မတွက်နိုင်သော လူများမက အဇူရာ အလင်းဆီသို့ လှမ်းကြည့်ရင်း ရေရွတ် လိုက်ကြသည်။
ထိုပုဂ္ဂိုလ်ကား အလွန်ပင် အစွမ်းထက် လွန်းသည်။ သူ၏ ဆယ်မိုင် အကွာအဝေးမှ အသံကပင်လျှင် တောင်တန်းများကို တုန်လှုပ်နိုင်စွမ်း ရှိ၏။ အားနည်းသော လူများ ဆိုလျှင် တုန်ရီ၍ မျက်နှာများ ဖြူရော်နေကြပြီ ဖြစ်သည်။
"အဲဒါ ချင်းယန်ဂိုဏ်းရဲ့ နှစ်တစ်ရာ အတွင်း အတော်ဆုံး ပါရမီရှင် ရွှမ်ချင်းကျိလေ ... "
အချို့က လေးစား အားကျစွာဖြင့် ပြန်ဖြေ ကြ၏။
ချင်းယန်ဂိုဏ်းသည် နှစ်ဆယ်တွင် တစ်ကြိမ် တပည့် တစ်ထောင်ကို ရွေးချယ်သည်။ ရွှမ်ချင်းကျိသည် လွန်ခဲ့သည့် နှစ်တစ်ရာ အတွင်း အတော်ဆုံး ပါရမီရှင် ဖြစ်ရာ မျိုးဆက် ငါးခု၊ လူငါးထောင် အတွင်း၌ ထိပ်တန်းမှ ရပ်တည်နေသောသူ ဖြစ်သည်။ ထို့အပြင် သူသည် အသက် သုံးဆယ့် ခုနစ်နှစ်ဖြင့် မူလ အဆင့်သို့ ရောက်ရှိခဲ့ပြီး သူ၏ "ချင်းယန်ရွှေ ခန္ဓာ" မှာလည်း ထူးခြား အောင်မြင်ခြင်း အဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။
"ဘုန်း ... "
အဇူရာ အလင်းတန်းက အလွန် လျင်မြန်သော အရှိန်ဖြင့် တံခါး အနားသို့ ရောက်ရှိလာကာ မြေပြင်သို့ ဆင်းသက်သည်။ ထို့နောက် လူသုံးယောက်၏ ပုံရိပ် ပေါ်လာခဲ့၏။ ယောက်ျား နှစ်ယောက်၊ မိန်းမ တစ်ယောက် ဖြစ်သည်။
ခေါင်းဆောင် ဖြစ်ဟန်တူသော လူငယ်မှာ အဇူရာ ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ ခန္ဓာကိုယ် တစ်ဝိုက်တွင်မူ မူလ အဇူရာ ချီအလင်းများ ကောင်းကင်ကို ထိုးဖောက်တော့မည့် အလား ထွက်ပေါ် နေခဲ့၏။ သူကား ချင်းယန်ဂိုဏ်း၏ ပါရမီရှင် ရွှမ်ချင်းကျိပင် ဖြစ်သည်။
အခြား နှစ်ယောက်မှာ နတ်မိမယ် သကဲ့သို့ ချောမောကာ အေးစက်သော မိန်းကလေးနှင့် ခရမ်းရောင် မျက်လုံး ပိုင်ရှင် လူငယ် တစ်ယောက်တို့ ဖြစ်သည်။
"စိတ်ကူးယဉ်ကျွန်းက နတ်မိမယ် ယွီလုံနဲ့ ကျိလော့ဂိုဏ်း ဖန်ကျန်းယု ... "
မူဟုန်တိ၏ မျက်နှာမှာ ပို၍ သွေးဆုတ်ဖြူရော် သွား၏။
ထိုနှစ်ယောက်ကား သူတို့ ဂိုဏ်းများ၏ အထူးချွန်ဆုံး တပည့်များ ဖြစ်ကာ ရွှမ်ချင်းကျိ ကဲ့သို့ အစွမ်းထက်ကြသူများ ဖြစ်သည်။ နတ်မိမယ် ယွီလုံ၊ ဖန်ကျန်းယုနှင့် ရွှမ်ချင်းကျိ တို့မှာ သူငယ်ချင်းများ ဖြစ်ကြ၏။
"ငါ့ဂိုဏ်းတူ ညီလေးကို သတ်တဲ့ ချန်းပေ့ရွှမ်း ဆိုတာ ဘယ်သူလဲ ... "
ရွှမ်ချင်းကျိက အေးစက်စွာဖြင့် မေးလိုက်သည်။
များစွာသော လူများက ချန်းဖန် ရှိရာသို့ ကြည့်လိုက် ကြ၏။ သူတို့ကား မြို့တော်သခင် စံအိမ်၌ ချန်းဖန် ဟူခွန်းဟောက်အား သတ်သည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသော လူများ ဖြစ်သည်။
"ဟူခွန်းဟောက်ကို သတ်တာ မင်းလား ... "
ရွှမ်ချင်းကျိက ချန်းဖန်အား စူးရဲစွာ ကြည့်လိုက်သည်။
"ဟုတ်တယ် ... "
ချန်းဖန်က ခေါင်းညိတ် လိုက်၏။ သူ၏ အမူအရာက တည်ငြိမ်နေသည်။
"ကလေး ... မင်းက ရွှမ်ချင်းကျိကို မလေးမစား လုပ်ပြပြီး နာမည်ကြီးချင် နေတာလား"
ဖန်ကျန်းယုက ချန်းဖန်အား ကြည့်ရင်း ရယ်မော လိုက်သည်။
"ချင်ယန်ဂိုဏ်းကို စော်ကားတာက အခြား ဂိုဏ်းတွေကိုပါ စော်ကားတာနဲ့ အတူတူပဲ ... စီနီယာရွှမ် ... ငါ နင့်အစား သူ့ကို သတ်ပေး ရမလား"
နတ်မိမယ် ယွီလုံကလည်း ဆိုလိုက်၏။ သူမသည် ချန်းဖန်ကို ပုရွက်ဆိတ် တစ်ကောင် ဟုသာ မြင်ပုံရသည်။
"စီနီယာတို့ ... အဲဒါက နားလည်မှု လွဲနေတာပါ ... စီနီယာဟူက စီနီယာချန်းကို အရင်ဆုံး စပြီး စော်ကားခဲ့တာပါ ... နောက်ပြီးတော့ ... "
မူဟုန်တိက ဝင်ရောက် ရှင်းပြန်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း သူမ၏ စကား မဆုံးခင်မှာပင် ကျန်းလင်ဖုန်းက ဝင်ရောက်ကာ ပြောလိုက်သည်။
"မဟုတ်ဘူး စီနီယာ ... အဲဒီ ကျူးဝမ် မျိုးနွယ်က သူ့ရှေ့မှာ ဒူးမထောက်လို့ ဆိုပြီး အစ်ကိုဟူကို သတ်ပစ်လိုက်တာ"
"ဟမ် ... "
ရွှမ်ချင်းကျိ၏ မျက်လုံးများက အလွန်အမင်း အေးစက် သွား၏။
"ချင်းယန်ဂိုဏ်းကို ဆန့်ကျင်တဲ့ ဘယ်သူမဆို သေရမယ် ... "
"ဘုန်း ... "
ရွှမ်ချင်းကျိက လက်အား ဝှေ့ယမ်းလိုက်ရာ သူ၏ မူလ အဇူရာချီ အလင်းက ဆယ်ပေခန့် ကြီးမားသော နဂါးလက်သည်း အဖြစ်သို့ ပြောင်းလဲ၏။
ရွှမ်ချင်းကျိသည် ယခုမှ မူလ အလယ်ဆင့်တွင် ရှိနေသေးသော်လည်း သူ၏ တိုက်ခိုက်မှုမှာမူ အမြုတေ ဖွဲ့စည်းခြင်း အဆင့်အလား အစွမ်းထက် နေခဲ့ပြီ ဖြစ်သည်။
"မကောင်းတော့ဘူး ... "
မူဟုန်တိ၏ မျက်နှာမှာ သွေးဆုတ်ဖြူရော် သွား၏။ သူမသည် ချန်းဖန် အတွက် အလွန် စိတ်ပူ နေမိသည်။
"ရွှမ်ချင်းကျိက တကယ် အစွမ်းထက်တာပဲ ... သူ့ရဲ့ မူလ အဇူရာချီကလည်း ပြည့်စုံတဲ့ အဆင့် အထိ ရောက်နေပြီ ... သူတို့ ဂိုဏ်းရဲ့ အကြအကဲတွေတောင် သူ့လောက် အစွမ်း မထက်နိုင်ဘူး"
တစ်စုံတစ်ယောက်က ဆိုလိုက်သည်။
"အဲဒီ လူငယ်က ရွှမ်ချင်းကျိ ဒေါသ ထွက်တဲ့ အထိ ဘာတွေ လုပ်ခဲ့တာလဲ ငါမသိဘူး ... ဒါပေမဲ့ မကြာခင် သူ သေရတော့မယ်မှာတော့ သေချာတယ်"
အခြား တစ်ယောက်က သက်ပြင်း ချလိုက်သည်။
"ဘုန်း ... "
ထိုအချိန်မှာပင် ကြီးမားသော နဂါး လက်သည်းက ပြင်းစွာသော အဟုန်ဖြင့် ချန်းဖန်၏ ကိုယ်ပေါ်သို့ ကျ၏။ သို့သော်လည်း ချန်းဖန်က ထိုတိုင်ခိုက်မှုကို ရှောင်တိမ်ခြင်း မပြုပဲ လေပြင်းလေညင်း တစ်ခု တိုက်ခတ်သည့် အလား သည်အတိုင်း ခံယူလိုက်သည်။
"ဘာလဲ ... "
လူများစွာမှာ ဆွံ့အ သွားကြ၏။
နတ်မိမယ် ယွီလုံနှင့် ဖန်ကျန်းယုတို့ပင် အံ့အားသင့် သွားကြသည်။ သူတို့ ပင်လျှင် ရွှမ်ချင်းကျိ၏ တိုက်ခိုက်မှုကို ချန်းဖန် ကဲ့သို့ ခန္ဓာကိုယ် သက်သက်ဖြင့် မခံယူရဲချေ။
"မင်းမှာ အစွမ်းအစ တချို့ ရှိနေတာပေါ့ ... ဒါကို ထပ်ခုခံကြည့်စမ်း"
ရွှမ်ချင်းကျိက နှာခေါင်းရှုံ့ကာ ထပ်မံ တိုက်ခိုက် လိုက်သည်။
"ကလန့် ... "
လေထုသည် တုန်ခါကာ ဓားတေးသံ အချို့ မြူးထူးလာ၏။
တစ်ချိန်တည်း၌ ရွှမ်ချင်းကျိ၏ လက်မှ မူလ အဇူရာ ချီအလင်း ပေါ်ထွက်လာကာ ဓားပျံ တစ်ချောင်း အသွင် ပြောင်းလဲသည်။ ထိုဓားပျံက ကောင်းကင်ကို ထိုးခွဲကာ ချန်းဖန်၏ ရင်ဘတ်ကို ဖောက်ခွင်းရန် ကြိုးစား၏။
"ရွှေအမြုတေ အဆင့်တွေတောင် ငါ့ကို ဓားချီနဲ့ မတိုင်ရဲဘူး ... "
ချန်းဖန်က လက်တစ်ဖက်ကို ဆန့်ထုတ် လိုက်သည်။
"ဘုန်း ... "
ရုတ်ခြည်းပဲ ပတ်ဝန်းကျင် ဆယ်ပေ အတွင်းရှိ အရာရာမှာ ချန်းဖန်၏ ထိန်းချုပ်မှုကို ခံလိုက်ရသည်။ ရွှမ်ချင်းကျိ၏ ဓားပျံမှာလည်း ခြွင်းချက် မဟုတ်ခဲ့ချေ။
"ဘယ်လို ဖြစ်နိုင်မှာလဲ ... "
နတ်မိမယ် ယွီလုံနှင့် ဖန်ကျန်းယုတို့မှာ အေးခဲ သွား၏။
ထိုကဲ့သို့ ကောင်းကင်နှင့် မြေကြီးအကြားရှိ အရာရာကို ထိန်းချုပ်နိုင်စွမ်းမှာ အမြုတေ ဖွဲ့စည်းခြင်း အဆင့်များသာ ပိုင်ဆိုင်သည့် စွမ်းအား ဖြစ်သည်။ ဤသို့ဆိုလျှင် ထိုလူငယ်က အမြုတေ ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်နေသည်လား။
"သွား ... "
ချန်းဖန်က အင်္ကျီလက်အား ဝှေ့ယမ်း လိုက်ရာ ထိုဓားပျံက ရွှမ်ချင်းကျိထံ ပြန်လည် တိုးဝင် သွားသည်။
"မဟာ ချင်းယန် ... "
ရွှမ်ချင်းကျိက အော်ဟစ်ရင်း သူ၏ အစွမ်း အထက်ဆုံး အကာအကွယ် အလင်းကို ထုတ်ဖော် လိုက်သည်။
သူသည် ချန်းဖန်မှာ အမြုတေ ဖွဲ့စည်းခြင်း အဆင့် တစ်ယောက် ဖြစ်လိမ့်မည်ဟု တစ်ခါမျှ မတွေးဖူးချေ။ သို့သော်လည်း သူသိရှိချိန်၌ ထိုအရာက နောက်ကျ သွားခဲ့ပြီ ဖြစ်လေသည်။
"ဘုန်း ... "
အဇူရာ ဓားပျံက မဟာ ချင်းယန် အကာအကွယ် အလင်းကို ထိုးခွဲလိုက်၏။ ထို့နောက် ထိုအရာက ရွှမ်ချင်းကျိ၏ အသက်ကိုပါ နှုတ်ယူရန် ရှေ့ဆက် တိုး၏။
"စီနီယာ ... ပြေး ... "
နတ်မိမယ် ယွီလုံက အော်ဟစ်ကာ သတိပေး လိုက်သည်။
သို့သော်လည်း မူလ အလယ်ဆင့် တစ်ယောက်က ချန်းဖန်၏ တိုက်ခိုက်မှုမှ မည်ကဲ့သို့ လွတ်မည်နည်း။
"ဘုန်း ... "
အဇူရာ ဓားပျံက ရွှမ်ချင်းကျိ၏ ခန္ဓာကိုယ်အတွင်း တိုးဝင်သွား၏။ သို့သော်လည်း ရွှမ်ချင်းကျိမှာ မည်သို့မျှ မထိခိုက်ပဲ နေရာတွင်ပင် ရပ်နေဆဲ ဖြစ်သည်။
"သူက တကယ့်ကို အမြုတေ ဖွဲ့စည်းခြင်း အဆင့် တစ်ယောက်ပဲ ... "
ရွှမ်ချင်းကျိမှာ မည်သည့်အရာများ ဖြစ်ပျက်သွားခြင်း မသိသော်လည်း ထိတ်လန့် နေခဲ့သည်။
"ငါ မသေသေးတာ ကံကောင်းတာပဲ ... ဆရာ့ဆီ ပြန်ပြီး အကူအညီ တောင်းရမယ် ... "
သူက တိုက်ပွဲနေရာမှ ထွက်ခွာရန် ဟန်ပြင် လိုက်စဉ်မှာပင် လူတိုင်းက သူ့အား စူးစိုက် ကြည့်နေသည်ကို သတိထား လိုက်မိ၏။
"ဘာလို့လဲ ... သူတို့က ဘာလို့ အဲဒီလို ကြည့်နေတာလဲ"
ရွှမ်ချင်းကျိမှာ နားမလည်နိုင်အောင် ဖြစ်သွားသည်။
သူက ခေါင်းကို ရင်ဘတ်အား ကြည့်လိုက်ရာ တဖြည်းဖြည်း ကြီးမားလာသော အက်ကွဲကြောင်း တစ်ခုအား တွေ့လိုက်ရ၏။
"ငါ့ ... ငါ့ကို ထိသွားတာလား"
ရွှမ်ချင်းကျိ၏ မျက်နှာက လုံးဝ ဖြူရော် သွားသည်။
"ဘုန်း ... "
ထို့နောက် သူ၏ ခန္ဓာကိုယ် အတွင်းရှိ အဇူရာ ဓားချီမှာ ပေါက်ကွဲ၏။ ထိုပေါက်ကွဲမှုက သူ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဖြတ်ကာ နတ်ဘုရား စိတ်ဝိညာဉ်ကိုပါ ဝါးမျိုလိုက်သည်။
"ရွှမ်ချင်းကျိ သေပြီ ... "
ရုတ်တရက် လူတိုင်းကား တိတ်ဆိတ် သွား၏။ မူဟုန်တိ၊ နတ်မိမယ် ယွီလုံတို့ အပါအဝင် မည်သူမျှ စကား တစ်ခွန်းပင် မဆိုနိုင်ကြတော့ချေ။
***