ခန်းမဆရာ(၃)
Vol. 15 Ch. 203
“မြို့စားဟန်ရဲ့ ရာထူးကို အမွေဆက်ခံဖို့အတွက် သူ့မှာ လုံးဝယုံကြည်မှု ရှိနေတယ်လို့ သူတွေးနေတာ ဖြစ်နိုင်တယ်”
လင်းယွဲ့က ပြုံးပြီး ပြောလိုက်သည်။
“လုံးဝယုံကြည်မှု ရှိနေတာလား”
ဘိုင်လီဖုန်းကျီက “ချီထျန်ရှင်းက အတွင်းဆောင်ကို ဝင်နိုင်လောက်အောင် အဲဒီလောက် ယုံကြည်မှုရှိလား။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ထျန်ရှအဆောက်အအုံကို ဝင်ပြီးနောက်မှာ ချီထျန်ရှင်းအကြောင်းလည်း ကြားခဲ့ရတယ်။ သူက ထျန်ရှအဆောက်အအုံရဲ့ ဒုတိယအလွှာကို ပြီးခဲ့တဲ့နှစ်ကမှ ဝင်ခဲ့တာ။ အခု သူ့ရဲ့အဆင့်က သာမန်ပဲ။ ဒီယုံကြည်မှုက ဘယ်ကလာတာလဲ” ဟု မျက်စိလည်စွာ မေးလိုက်သည်။
လင်းယွဲ့သည် ချီထျန်ရှင်း၏ လျှို့ဝှက်ချက်ကို သတိရပြီး ပေါ့ပေါ့ပါးပါးပင် “ကိုယ်ခံပညာသူတော်စင်တစ်ဦးက သူ့ကို တစ်နှစ်ခွဲလောက် ကြိုးစားပမ်းစား သင်ကြားပေးနေခဲ့တာ။ ဒါကြောင့် ယုံကြည်မှုရှိတာပေါ့” ဟု ပြန်ဖြေလိုက်သည်။
“ကိုယ်ခံပညာသူတော်စင်”
ဘိုင်လီဖုန်းကျီသည် လင်းယွဲ့ကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ ကိုယ်ခံပညာသူတော်စင်က ကိုယ်ခံပညာ၏ သူတော်စင်ပင်။ ကိုယ်ခံပညာဆရာကြီးတစ်ဦးသည် မဟာကျင့်ကြံသူနှင့် ယှဉ်ပြိုင်နိုင်ပြီး ကိုယ်ခံပညာမဟာကျင့်ကြံသူဟုပင် ခေါ်ဆိုနိုင်ပါသည်။ ကိုယ်ခံပညာသူတော်စင်တစ်ဦးကမူ မဟာကျင့်ကြံသူကို ကျော်လွန်သည့် တည်ရှိမှုတစ်ခု ဖြစ်သည်။
ဤသို့ ထူးခြားသောပုဂ္ဂိုလ်ကို မြင့်မြတ်သောမဟာယုံ၏ အဓိကတိုင်တစ်တိုင်ဟု သတ်မှတ်နိုင်သည်။ မင်းသားတစ်ပါးကဲ့သို့ မြင့်မြတ်ပြီး အစွမ်းထက်သည့်သူများပင် သူတို့ကို အလေးအနက်ထား၍ ဆက်ဆံရသည်။ ကိုယ်ခံပညာသူတော်စင်တစ်ဦး၏ ကိုယ်ခံပညာအပေါ် နားလည်မှုက အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
ဤသို့သောပုဂ္ဂိုလ်တစ်ဦးထံမှ တစ်နှစ်ခွဲခန့် ကြိုးစားပမ်းစား လမ်းညွှန်မှုရရှိခြင်းက အံ့သြစရာကောင်းလောက်သည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည်။ အကယ်၍ မြင့်မားသောစွမ်းရည်နှင့် ထိုးထွင်းဉာဏ်ရှိသူတစ်ဦးသာ ကိုယ်ခံပညာစစ်မှန်သော ကိုယ်ပိုင်ဘုံကို ရနိုင်ခဲ့ပါက ဤသည်မှာ တကယ်ပင် ဖြစ်နိုင်ချေရှိသည့် အရာတစ်ခုဖြစ်သည်။
“ကိုယ်ခံပညာသူတော်စင်တစ်ဦးက ချီထျန်ရှင်းကို ဘယ်လိုများ လမ်းညွှန်ပေးနိုင်မှာလဲ”
ဘိုင်လီဖုန်းကျီက “ချီထျန်ရှင်းမှာ သင့်တင့်တဲ့စွမ်းရည်ရှိပေမယ့် သူက ကိုယ်ခံပညာသူတော်စင်တစ်ဦးရဲ့ စိတ်ကြိုက်တွေ့တာမျိုး မဟုတ်ဘူး မဟုတ်လား။ လော့ချီမှာ ကိုယ်ခံပညာသူတော်စင်တွေနဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးရှိတယ်ဆိုတာလည်း ကျွန်မ မကြားဖူးဘူး” ဟု မေးလိုက်သည်။ ဤအကြောင်းပြချက်မှာ ရိုးရှင်းသည်။ အကယ်၍ လော့ချီသာ ကိုယ်ခံပညာသူတော်စင်တစ်ဦးကို ဖိတ်ခေါ်နိုင်ခဲ့ပါက သူသည် လင်းယွဲ့ကို လမ်းညွှန်ပေးရန် ဖိတ်ခေါ်ခဲ့ပြီးသား ဖြစ်မည်ဖြစ်သည်။ ဤသို့သော တည်ရှိမှုမျိုးအတွက် သူတို့၏စိတ်ဝင်စားမှုကို ဖမ်းစားနိုင်သည့် ရတနာတစ်စုံတစ်ရာ ရှာဖွေတွေ့ရှိရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သောကြောင့် လော့ချီအတွက် သူတို့ကို စာရင်းသွင်းရန် ခက်ခဲပါလိမ့်မည်။
“အဲဒီကိုယ်ခံပညာသူတော်စင်ဟာ လော့ချီနဲ့ ဘာမှမဆိုင်ပါဘူး”
လင်းယွဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒါပေမဲ့ စိတ်မပူပါနဲ့။ ကိုယ်ခံပညာသူတော်စင်ရဲ့ ခြောက်လကြာ လမ်းညွှန်မှုနဲ့တောင် သူက မင်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
ဘိုင်လီဖုန်းကျီက ခေါင်းအနည်းငယ် ခါလိုက်ပြီး “ကျွန်မ အဲဒါကို စိတ်မပူပါဘူး။ အတွင်းဆောင်မှာ နေရာသုံးနေရာပဲ ရှိတာ။ ချီထျန်ရှင်းသာ ဝင်သွားရင် သူက မြို့စားဟန်ရဲ့ ရာထူးကို အမွေဆက်ခံဖို့ သိသိသာသာ အခွင့်အလမ်းရမှာ မဟုတ်ဘူးလား” ဟု ပြောလိုက်သည်။
“ဟုတ်ပါတယ်”
လင်းယွဲ့က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ရယ်မောလိုက်သည်။
“အခြေအနေက သူ ဝင်နိုင်မှပေါ့”
“ဒီတစ်ခါ အတွင်းဆောင်ရဲ့ စစ်ဆေးသူတွေထဲမှာ တခြား အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ဦး ရှိနေသေးတာလား”
ဘိုင်လီဖုန်းကျီက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
“အဲဒီကျရင် မင်း သိပါလိမ့်မယ်”
လင်းယွဲ့က ပြုံးလိုက်သည်။
ကိုယ်ခံပညာသူတော်စင်၏ တစ်နှစ်ခွဲကြာ လမ်းညွှန်မှုလား။ တော်တော်လေး ခြောက်ခြားစရာကောင်းသည်။ သို့သော် ကိုယ်ခံပညာသူတော်စင်တစ်ဦးက မည်မျှပင် လမ်းညွှန်ပေးစေကာမူ ကိုယ်ခံပညာကို ဖန်တီးသူဖြစ်သော လူ့ဘိုးဘွားကိုမူ ကျော်လွန်နိုင်မည်မဟုတ်ပေ။
လူ့ဘိုးဘွားဘုရားကျောင်း….
ဘုရားကျောင်းရှေ့မှ ကျယ်ဝန်းသည့်နေရာ၌ လူများသည် ပင်လယ်ပြင်ကဲ့သို့ စည်ကားနေကြသည်။ ဆယ်နှစ်တစ်ကြိမ်သာ ပြုလုပ်သည့် လူ့ဘိုးဘွားဘုရားကျောင်း၏ အတွင်းဆောင် စစ်ဆေးမှုတွင် မင်းသားတစ်ပါး ပါဝင်သောကြောင့် လူအများအပြားကို ဆွဲဆောင်နေသည်။ ဂုဏ်သိက္ခာရှိသော မိသားစုကြီးများ၊ မင်းမျိုးမင်းနွယ်များနှင့် ဂိုဏ်းအသီးသီးမှ တပည့်များ၊ သန့်ရှင်းသောမြေမှ လာသည့်သူများလည်း အလုံးအရင်းနှင့် ရောက်ရှိလာကြသည်။ စစ်ဆေးသူ ငါးဆယ့်သုံးယောက်သည် အစောကြီးကတည်းက ရောက်ရှိနေပြီး စစ်ဆေးမှုကို စတင်ရန် စောင့်ဆိုင်းနေကြသည်။
"မုယွဲ့"
မင်းသား ချန်ပင်း၏ ပဉ္စမမြောက်သခင်လေးက ရွှင်ရွှင်ပြုံးပြုံးဖြင့် လင်းယွဲ့အနီးသို့ ချဉ်းကပ်လာပြီး လက်အုပ်ချီရင်း “ကျွန်တော်တို့ တွေ့တာ တစ်လပဲ ရှိသေးပေမယ့် ခင်ဗျားရဲ့ ကျင့်ကြံမှုက တိုးတက်လာပြီ။ တကယ်ပဲ ထူးခြားတယ်” ဟု ပြောလိုက်သည်။
လင်းယွဲ့၏ အမှတ်သညာကို သိရှိထားသည့် အခြားစစ်ဆေးသူများက ဤသို့ကြားသောအခါ ဂုဏ်ပြုစကားပြောဆိုရန် အခွင့်အရေးယူလိုက်ကြသည်။ သို့သော် စစ်ဆေးသူအများစုကမူ ဂရုမစိုက်ကြပေ။ တိုင်ယမ်းနည်းပညာကို ကျွမ်းကျင်သောကြောင့် ကျင့်ကြံမှုအနည်းငယ်သာ တိုးတက်သွားရုံမျှသာဖြစ်သည်။ လွန်ခဲ့သောတစ်လက အပြင်ဆောင် စစ်ဆေးမှုတွင် လင်းယွဲ့၏ စွမ်းရည်ကို အများစုက သိထားနှင့်ပြီးသား ဖြစ်သည်။ သူ၏ လှုပ်ရှားမှုနည်းပညာသည် အမှန်တကယ်ပင် အထင်ကြီးစရာကောင်းသော်လည်း သူ၏ တိုက်ခိုက်မှုစွမ်းရည်မှာ အသင့်အတင့်သာရှိပြီး ခုခံကာကွယ်မှုမှာ သာမန်ဖြစ်သည်။ အဓိကအားဖြင့် ကျင့်ကြံမှုအတွက် အချိန်အနည်းငယ်သာ သုံးထားသောကြောင့် သူ၏အခြေခံမှာ အားနည်းနေသည်။ ဤသို့ ထင်ရှားသောအားနည်းချက်များဖြင့်ဆိုလျှင် သူသည် ထျန်ရှအဆောက်အအုံ၏ ပထမဆုံး စမ်းသပ်မှုငါးခုကိုပင် ကျော်ဖြတ်နိုင်မည်မဟုတ်ပေ။
ထိုစမ်းသပ်မှုများသည် အလွန်ပြည့်စုံသောကြောင့် ဤသို့ ရှင်းလင်းသည့် ကွာဟချက်
များက အနှောင့်အယှက်ဖြစ်စေမည်မှာ သေချာသည်။
မည်သို့ပင်ဖြစ်စေ၊ အတွင်းဆောင်စာမေးပွဲအတွက် အရည်အချင်းပြည့်မီခြင်းက အလွန်အမင်း ခက်ခဲခြင်းမျိုးမဟုတ်ပေ။ အပြင်ဆောင်တပည့်များစွာသည် ဤအရာကို အောင်မြင်နိုင်သော်လည်း အများစုက သူတို့တွင် အခွင့်အလမ်းမရှိကြောင်း နားလည်ထားသောကြောင့် မပါဝင်ကြပေ။ အတွင်းဆောင်စစ်ဆေးမှုကို တက်ရောက်ရန် ရဲရဲဝံ့ဝံ့ရှိသူများသည် မိမိကိုယ်၏ စွမ်းရည်ကို ယုံကြည်မှုရှိသူများ အများစုပင် ဖြစ်သည်။ စစ်ဆေးသူများထဲတွင် ထျန်ရှအဆောက်အအုံ၏ ဒုတိယအလွှာသို့ ရောက်ရှိသူများက အများစုဖြစ်သည်။ ဤစစ်ဆေးသူများသည် ဤဆယ့်ခုနစ်ယောက်မြောက်မင်းသားကို မလေးမစား မလုပ်ရဲကြသော်လည်း ဤအတွင်းဆောင်စစ်ဆေးမှုနှင့်ပတ်သက်၍ ဤပြိုင်ဘက်ကို သိပ်၍ စိုးရိမ်ပူပန်ခြင်းမရှိကြပေ။
“မုယွဲ့ ဒီတစ်ခါ အတွင်းဆောင် စစ်ဆေးမှုကို ဘယ်သူက ဦးဆောင်နေလဲ မင်းသိလား”
မင်းသား ချန်ပင်း၏ ပဉ္စမမြောက်သခင်လေးက ပြုံးရင်း မေးလိုက်သည်။
“ဘယ်သူလဲ”
လင်းယွဲ့က မေးလိုက်သည်။
“အတွင်းဆောင် စစ်ဆေးမှုကို အတွင်းဆောင်ရဲ့ အကြီးအကဲက ယေဘုယျအားဖြင့် ဦးဆောင်တယ်လို့ ကျွန်တော် ကြားဖူးပါတယ်”
“ဒီတစ်ခါတော့ ကွဲပြားပါတယ်။ ကျွန်တော့်ဖခင်ဆီက ကြားရတာ ဒီတစ်ခါ အတွင်းဆောင် စစ်ဆေးမှုကို ဦးဆောင်သူက ထျန်ကွမ်းခန်းမရဲ့ ခန်းမဆရာပါ”
မင်းသား ချန်ပင်း၏ ပဉ္စမမြောက်သခင်လေးက တိုးတိုးလေး ပြောလိုက်သည်။
“ထျန်ကွမ်းခန်းမရဲ့ ခန်းမဆရာလား”
လင်းယွဲ့က မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။
“ကိုယ်ခံပညာသူတော်စင်တစ်ပါးက ဦးဆောင်တာလား”
လူ့ဘိုးဘွားဘုရားကျောင်းတွင် အတွင်းဆောင်အကြီးအကဲများအားလုံးသည် ကိုယ်ခံပညာဆရာကြီးများဖြစ်ကြပြီး အကြီးအကဲကိုယ်တိုင်ကလည်း သူတို့ထဲတွင် အင်အားကြီးသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သို့သော် ကိုယ်ခံပညာသူတော်စင်အဆင့်ရှိသည့် အင်အားကြီးပုဂ္ဂိုလ်တစ်ဦးအတွက် အကြီးအကဲရာထူးက သူတို့၏ ဂုဏ်ပုဒ်နှင့် မကိုက်ညီပေ။
ထို့ကြောင့် လူ့ဘိုးဘွားဘုရားကျောင်းသည် ကိုယ်ခံပညာသူတော်စင်များအတွက် သီးခြားခန်းမများ ဆောက်လုပ်ထားသည်။ ထျန်ကွမ်းခန်းမသည် လူ့ဘိုးဘွားဘုရားကျောင်းမှ ဤသို့ သီးခြားခန်းမတစ်ခုပင်ဖြစ်သည်။ ခန်းမဆရာက ကိုယ်ခံပညာသူတော်စင်တစ်ပါး ဖြစ်သည်။ ဂုဏ်ပုဒ်အရဆိုလျှင် သီးခြားခန်းမအသီးသီးမှ ခန်းမဆရာများသည် လူ့ဘိုးဘွားဘုရားကျောင်း၏ စစ်မှန်သော ခန်းမဆရာအောက်တွင်သာ ရှိကြသည်။
“ဒါက မင်းသားလေးကြောင့် ဖြစ်နိုင်ပါတယ်”
မင်းသား ချန်ပင်း၏ ပဉ္စမမြောက်သခင်လေးက “မြို့စားဟန် မင်းသားအန်ချင်နဲ့ မင်းသားတစ်ပါးတောင် ဒီအခမ်းအနားကို တက်ရောက်မှာဖြစ်တဲ့အတွက် လူ့ဘိုးဘွားဘုရားကျောင်းက အတွင်းဆောင် စစ်ဆေးမှုကို ဦးဆောင်ဖို့ ခန်းမဆရာတစ်ပါးကို ဖိတ်ခေါ်ခဲ့တာပါ” ဟု ပြောလိုက်သည်။
လင်းယွဲ့ နားလည်သွားသည်။ သို့သော်...
“မင်းသားတစ်ပါးလား”
လင်းယွဲ့က မေးလိုက်သည်။
“ဘယ်မင်းသားလဲ”
“အဲဒါက မင်းသားချန် ဖြစ်မယ်လို့ ဆိုပါတယ်”
မင်းသား ချန်ပင်း၏ ပဉ္စမမြောက်သခင်လေးက ပြောလိုက်သည်။
လင်းယွဲ့ မျက်လုံးအနည်းငယ် မှေးစင်းသွားသည်။
“ဒါ့အပြင် ကျွန်တော့်ရဲ့ ဆဋ္ဌမဦးလေး မင်းသားအန်ချင်လည်း လာပါလိမ့်မယ်” ဟု ပဉ္စမမြောက်သခင်လေးက ထပ်ပြောလိုက်သည်။
ပတ်ဝန်းကျင်မှ စစ်ဆေးသူများသည် ဤသို့ကြားသောအခါ ဖိအားတစ်ခု ရုတ်တရက် ခံစားလိုက်ရသည်။ မင်းသားအန်ချင်သည် အိမ်ရှေ့မင်းသား၏ အရည်အချင်းအရှိဆုံး မျိုးဆက်ဖြစ်ပြီး ကိုယ်ခံပညာသူတော်စင်တစ်ပါးလည်း ဖြစ်သည်။ အိမ်ရှေ့မင်းသားသည် ထူးခြားသော ဂုဏ်ပုဒ်ရှိပြီး အခြားမင်းသားများကို အပြတ်အသတ် ကျော်လွန်သည်။ မင်းသားအန်ချင်၏ ဂုဏ်ပုဒ်က ဆယ့်နှစ်ယောက်မြောက်မင်းသားနှင့် သိပ်မကွာခြားပေ။