← Chapters

မင်းသားလေး(၂)

Vol. 15 Ch. 206

မင်းသားလေး(၂)

Vol. 15 Ch. 206

လူ့ဘိုးဘွားဘုရားကျောင်းရှေ့ရှိ ရင်ပြင်တစ်ခုလုံး ရုတ်တရက် ဆူညံသွားသည်။ လူအများစုက ပါရမီရှင်တစ်ဦးဖြစ်သော ဘိုင်လီဖုန်းကျီသည် ထာဝရညသွေးသားပါဝင်သည့် မျိုးပြောင်းသတ္တဝါတစ်ဦးဖြစ်နေခြင်းကို မမျှော်လင့်ခဲ့ကြပေ။

သို့သော် အသိဉာဏ်ရှိသူများကမူ လင်းယွဲ့သည် ဘိုင်လီဖုန်းကျီရှေ့တွင် ရပ်နေသည်ကို မြင်လိုက်ရသည့်အခါ ဘိုင်လီဖုန်းကျီ၏ အမှတ်သညာကို ချက်ချင်းနားလည်လိုက်ကြသည်။ သူမသည် ဆယ့်ခုနစ်ယောက်မြောက်မင်းသား၏ ယုံကြည်စိတ်ချရသော လက်ထောက်ဖြစ်ကြောင်း ရှင်းနေသည်။ ထို့ကြောင့် သူမတွင် ထာဝရညသွေးသားရှိနေခြင်းက အရေးကြီးသောကိစ္စတစ်ခုအဖြစ် မသတ်မှတ်တော့ပေ။

ထျန်ကွမ်းခန်းမဆရာပင်လျှင် စိတ်ဝိညာဉ်ပညာရှင်၏ ပြောစကားကို ပြန်ပြောရုံသာရှိပြီး လင်းယွဲ့ကိုကြည့်၍ ဘာမှ ထပ်မံပြောဆိုခြင်း မပြုတော့ပေ။

“ဂရုစိုက်စရာမလိုပါဘူး”

အပေါ်မှ မြို့စားဟန်က ထရပ်၍ ပြောသည်။

“မဟာကျင့်ကြံသူတွေအနေနဲ့ ကောင်းကင်မျက်လုံးက ဘိုင်လီဖုန်းကျီကို ဂရုမစိုက်တာကို သိရှိနိုင်ပါလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါက သူမဟာ ခြိမ်းခြောက်မှုမဟုတ်ဘူးဆိုတာကို ဖော်ပြပါတယ်”

သူသည် လင်းယွဲ့ကို ရှေ့သို့ထွက်၍ သက်သေမခံစေလိုသောကြောင့် ထရပ်ပြီး ပြောဆိုခြင်းဖြစ်သည်။

အလွန်ချောမောပြီး အေးစက်သည့် ဆံပင်ဖြူနှင့်အမျိုးသားဖြစ်သည့် မင်းသားအန်ချင်ကလည်း “အချိန်ဖြုန်းဖို့ မလိုပါဘူး” ဟု အေးဆေးစွာ ပြောလိုက်သည်။

အသိအမြင်ရှိသူတိုင်း အခုဆိုလျှင် အခြေအနေကို သဘောပေါက်သွားပြီဖြစ်သည်။ ဘိုင်လီဖုန်းကျီသည် မင်းသားတစ်ပါး၏ ယုံကြည်ရသောလက်ထောက်အဖြစ် သွေးကတိစာချုပ် ချုပ်ဆိုထားပြီး မြင့်မြတ်သောယုံကြည်ခြင်းနိုင်ငံကို သစ္စာဖောက်နိုင်ခြင်းမရှိသောကြောင့် သူမကို မေးခွန်းထုတ်ရန် အကြောင်းမရှိသလို အချိန်ဖြုန်းရန်လည်း မလိုကြောင်း ရှင်းနေသည်။

အများစုက နားလည်သွားကြပြီး ဤအရာက အံ့သြစရာမဟုတ်တော့ပေ။

“စိတ်ဝိညာဉ်ပညာရှင်ကို အနှောင့်အယှက် မပေးပါနဲ့တော့။ ဒီအမျိုးသမီးက ရန်သူမဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ပြန်သွားပါ”

ထျန်ကွမ်းခန်းမဆရာက ပြောလိုက်သည်။

“ဒါဆိုရင် စတင်ကြပါစို့...”

“ခဏလေး”

ထိုအချိန်တွင် နူးညံ့သည့်အသံတစ်ခုက ထျန်ကွမ်းခန်းမဆရာ၏ စကားကို ဖြတ်တောက်လိုက်သည်။ ထိုသို့ပြုလုပ်ရဲသူမှာ သူကဲ့သို့ ဂုဏ်ပုဒ်ရှိသူတစ်ဦးသာ ဖြစ်နိုင်သည်။ ထိုသူမှာ အမြဲပြုံး၍ တိတ်ဆိတ်နေခဲ့သည့် ဆယ့်နှစ်ယောက်မြောက်မင်းသားပင်။

“မင်းသားချန်”

ထျန်ကွမ်းခန်းမဆရာက ဆယ့်နှစ်ယောက်မြောက်မင်းသားဘက်သို့ လှည့်ကာ “တစ်ခုခု မှားယွင်းနေသလား” ဟု မေးလိုက်သည်။

ဆယ့်နှစ်ယောက်မြောက်မင်းသားက ညင်သာစွာ ပြုံးပြီး “ဒီလူတိုင်းက အလျင်စလိုလွန်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကောင်းကင်မျက်လုံးက သူမကို ဂရုမစိုက်ရုံနဲ့ ဒီအမျိုးသမီးဟာ ခြိမ်းခြောက်မှု မရှိဘူးလို့ ယူဆတာ တကယ်ပဲ ပညာရှိရာကျရဲ့လား” ဟု ပြောလိုက်သည်။

သူသည် ခေါင်းခါလိုက်ပြီး “အကယ်၍ အဲဒီလိုသာဆိုရင် ကျွန်တော်တို့ မြင့်မြတ်တဲ့ယုံကြည်ခြင်းနိုင်ငံမှာ ပုန်းအောင်းနေတဲ့ ထာဝရညကနေ လာတဲ့ မျိုးပြောင်းသတ္တဝါတွေအားလုံး ကောင်းကင်မျက်လုံးကို လှည့်စားနိုင်ခဲ့ရင် သူတို့က ခြိမ်းခြောက်မှု မဟုတ်ကြဘူးလား” ဟု ဆက်ပြောလိုက်သည်။

ထျန်ကွမ်းခန်းမဆရာနှင့် မြို့စားဟန်တို့ပင် ခေတ္တမျှ စကားမဲ့တိတ်ဆိတ်သွားသည်။ ထိုးထွင်းသိမြင်နိုင်သူတိုင်းသည် ဆယ့်နှစ်ယောက်မြောက်မင်းသားက တမင်သက်သက် ပြဿနာရှာနေကြောင်း သိရှိကြသည်။ သူသည် လင်းယွဲ့အား မင်းသားဖြစ်သည်ကို မသိသလို ဟန်ဆောင်ကာ မင်းသား၏ သွေးကတိစာချုပ်ချုပ်ဆိုထားသည့် အစေခံဟူ၍ မရှိသကဲ့သို့ ရှောင်ရှားနေသည်။

သို့သော် အခြေအနေကို နားလည်ထားသူများက ဆယ့်ခုနစ်ယောက်မြောက်မင်းသားသည် သူ၏ မင်းသားဂုဏ်ပုဒ်ကို မထုတ်ဖော်သေးသောကြောင့် ဆယ့်နှစ်ယောက်မြောက်မင်းသား၏ စကားများမှာ ဖြစ်နိုင်ခြေရှိနေကြောင်း သိသည်။ ဘိုင်လီဖုန်းကျီက သူမကိုယ်သူမ မင်းသားတစ်ပါး၏ အစေခံဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ကြေညာလိုက်ပါက ဆယ့်နှစ်ယောက်မြောက်မင်းသား၏ ထောင်ချောက်ထဲသို့ ရောက်သွားမည်ဖြစ်သည်။

“သင်သည် မင်းသားတစ်ပါး၏ အစေခံဟု ပြောသလား။ မည်သည့်မင်းသားလဲ။ သက်သေအထောက်အထားကရော” ဟု မေးမြန်းခံရမည်ဖြစ်သည်။ ထိုအခါ လင်းယွဲ့သည် သူ၏ မင်းသားဂုဏ်ပုဒ်ကို လူသိရှင်ကြား အသိအမှတ်ပြုလိုက်ပါက သူသည် သူ့နေရာကို ယူရလိမ့်မည်ဖြစ်သည်။

မြို့စားဟန်က အသံတိုးတိုးဖြင့် “မင်းသားချန်က ဘာလုပ်သင့်တယ်လို့ ထင်ပါသလဲ” ဟု မေးလိုက်သည်။

“အရမ်းရိုးရှင်းပါတယ်”

ဆယ့်နှစ်ယောက်မြောက်မင်းသားက ညင်သာစွာ ပြုံးလိုက်သည်။

“ကောင်းကင်မျက်လုံးက ဒီအမျိုးသမီးကို သတိမထားမိတာကြောင့် ကောင်းကင်ဘုံပြစ်ဒဏ်

ချမှတ်ရေးဌာနက ဝင်ရောက်စွက်ဖက်ဖို့ မလိုပါဘူး။ ဒါပေမဲ့ သူမရဲ့သွေးသားတစ်ဝက်က လူသားမျိုးနွယ်မဟုတ်တဲ့အတွက် သူမကို ချင်းထျန်းဗျူရိုက ခဏထိန်းသိမ်းထားသင့်ပါတယ်”

သူ ပြောနေရင်းပင် အောက်မှ အခမ်းအနားလာကြည့်သူများကို ကြည့်လိုက်ပြီး “ဒီနေ့ ချင်းထျန်းဗျူရိုက အရာရှိတွေ ရောက်ရှိနေတာ ရှိပါသလား” ဟု မေးလိုက်သည်။

ခရမ်းရောင်အရာရှိဝတ်စုံနှင့် ဦးရစ်မြင့်မြင့်၊ အပြာရောင်ကျောက်စိမ်းခါးပတ်ပါသည့် အလယ်

ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ကျက်သရေရှိစွာ ရှေ့သို့တိုးလာပြီး ခေါင်းငုံ့ကာ “ဒီအရာရှိက ချင်းထျန်းဗျူရို၏ အကြီးအကဲ ချိုက်ကျွဲက မင်းသားချန်ကို အရိုအသေပြုပါသည်” ဟု ပြောလိုက်သည်။ သူသည် လွန်ခဲ့သည့် တစ်နှစ်ကျော်က ဒီဟုန်မြို့သို့သွားရာလမ်းတွင် လင်းယွဲ့နှင့် အခြားသူများကို ကြားဖြတ်ခဲ့သည့် မဟာကျင့်ကြံသူပင် ဖြစ်သည်။

ချင်းထျန်းဗျူရိုသည် ကျင့်ကြံသူများကြားမှ ရဲအရာရှိများနှင့် ဆင်တူသည်။ ဒီဟုန်မြို့ရှိ ရုံးများစွာထဲမှ သတ်သတ်မှတ်မှတ် ဂုဏ်ပုဒ်နှင့် လုပ်ဆောင်ချက်ရှိသည်။ သို့သော် ချင်းထျန်းဗျူရိုမှ အရာရှိအတော်များများသည် ဆယ့်နှစ်ယောက်မြောက်မင်းသားနှင့် ရင်းနှီးကြပြီး အကြီးအကဲကိုယ်တိုင်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်ကို အများစုက သိထားကြသည်။

“ချိုက်ချင်း”

ဆယ့်နှစ်ယောက်မြောက်မင်းသားက ပြုံးကာ ခေါင်းညိတ်လိုက်သည်။

“သင် ဒီမှာရှိနေတာမို့ ဒီအမျိုးသမီးကို ချင်းထျန်းဗျူရိုကို ခေါ်သွားပြီး သေချာစောင့်ကြည့်ပါ” ဟု ပြောလိုက်သည်။

“ဟုတ်ကဲ့”

ချိုက်ကျွဲက ချက်ချင်း ခေါင်းငုံ့လိုက်သည်။

လူအုပ်၏ မျက်နှာအမူအရာများမှာ မသိစိတ်မှပင် ပြောင်းလဲသွားသည်။

ဒီလို ပါရမီရှင် ကိုယ်ခံပညာကျင့်ကြံသူတစ်ဦးကို ချင်းထျန်းဗျူရိုကို ဒီအတိုင်းပဲ ခေါ်သွားတော့မှာလား။

သူမ အတွင်းဆောင် စာမေးပွဲကို လွဲချော်သွားမှာ မဟုတ်ဘူးလား။

"မင်းသားချန်"

ထျန်ကွမ်းခန်းမဆရာက မျက်မှောင်အနည်းငယ်ကြုံ့ပြီး “ဒီအမျိုးသမီးက အတွင်းဆောင် စစ်ဆေးခံသူတစ်ဦးပါ။ အတွင်းဆောင် စစ်ဆေးမှုတောင် မစရသေးဘူး။ သူမကို ခေါ်သွားတာက မသင့်တော်ဘူး မဟုတ်လား” ဟု ပြောလိုက်သည်။

ဘိုင်လီဖုန်းကျီသည် ဆယ့်ခုနစ်ယောက်မြောက်မင်းသား၏ အစေခံဖြစ်ကြောင်း ရှင်းနေပြီး ထို့ကြောင့် သူမသည် လူ့ဘိုးဘွားဘုရားကျောင်းသို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီသည်။ ဆယ့်နှစ်ယောက်မြောက်မင်းသား၏ လုပ်ဆောင်ချက်က လူ့ဘိုးဘွားဘုရားကျောင်းအတွက် ကိုယ်ခံပညာ ပါရမီရှင်တစ်ဦးကို ဆုံးရှုံးစေနိုင်သည်။ လူ့ဘိုးဘွားဘုရားကျောင်းသည် အချင်းချင်းအုပ်စုဖွဲ့တိုက်ခိုက်ခြင်းမျိုး မရှိသော်လည်း ခန်းမဆရာအနေဖြင့် ဤသို့ လစ်လျူရှုထား၍မရပေ။

“ခန်းမဆရာရဲ့ စကားတွေက နေရာလွဲနေပါတယ်”

ဆယ့်နှစ်ယောက်မြောက်မင်းသားက ခေါင်းအသာအယာခါလိုက်သည်။

“ဒီအမျိုးသမီးက ကျွန်တော်တို့ မြင့်မြတ်တဲ့ယုံကြည်ခြင်းနိုင်ငံမှာ တကယ်ပဲ ထာဝရညကနေ လာတဲ့ မျိုးပြောင်းသတ္တဝါဖြစ်နေရင် သူမကို လူ့ဘိုးဘွားဘုရားကျောင်းထဲ ဝင်ခွင့်ပြုတာက အပြစ်တစ်ခု ဖြစ်လာမှာပေါ့ မဟုတ်ဘူးလား”

ထျန်ကွမ်းခန်းမဆရာ မျက်မှောင်ကြုံ့သွားသည်။ ဤအကြောင်းပြချက်မှာ အလွန်မှန်ကန်နေသဖြင့် ပြန်ချေပရန် ခက်ခဲသည်။ ဆယ့်ခုနစ်ယောက်မြောက်မင်းသားသည် သူ၏ ဂုဏ်ပုဒ်ကို မထုတ်ဖော်သေးကြောင်း လူတိုင်းမြင်နေရပြီး သူကလည်း ဤအကြောင်းကို သေချာပေါက် ပြောမည်မဟုတ်ပေ။ ဆယ့်နှစ်ယောက်မြောက်မင်းသားက ဤအချက်ကို ကောင်းစွာ အသုံးချနေခြင်းဖြစ်သည်။

မြို့စားဟန်လည်း စကားမပြောတော့ပေ။ ဤသည်မှာ အဓိပ္ပာယ်မရှိကြောင်း သူ သိနေသည်။ သူသည် စိုးရိမ်တကြီးဖြင့် လင်းယွဲ့ထံသို့ အတွေးများ ပို့လိုက်သည်။

“မင်းသားလေး မင်းသားချန်က မင်းသားရဲ့ မင်းသားဂုဏ်ပုဒ်ကို မထုတ်ဖော်နိုင်သေးတာကို အသုံးချပြီး မင်းသားကို ရန်စနေတာ။ မင်းသားလေး လုံးဝ အမှားမလုပ်မိစေနဲ့”

“သူ့ရဲ့ရည်ရွယ်ချက်က မင်းသားကို မဟုတ်ပါဘူး၊ မင်းသားလေး။ ဘိုင်လီဖုန်းကျီကို လူ့ဘိုးဘွားဘုရားကျောင်းရဲ့ အတွင်းဆောင်စာမေးပွဲကို လွဲချော်စေဖို့ပါ။ ဒီအချိန်မှာ သူက ဘိုင်လီဖုန်းကျီကို မျှတတဲ့အကြောင်းပြချက်တွေနဲ့ ဖယ်ရှားနေတာဖြစ်တဲ့အတွက် မင်းသားကို တိုက်ရိုက်

ပစ်မှတ်ထားတာ မဟုတ်ပါဘူး။ မင်းသားလေး အကောင်းအဆိုးကို သေချာစဉ်းစားပါ”

သူ၏အရေးပေါ် အတွေးပေးပို့မှုက လင်းယွဲ့၏စိတ်ထဲသို့ ရောက်ရှိလာသည်။

“မင်းသားလေး ရမ်းကားစွာ မပြုမူပါနဲ့”

ဘိုင်လီဖုန်းကျီကလည်း လင်းယွဲ့အား ပြောလိုက်သည်။

“အခုအချိန်မှာ အခြေအနေကြီးကို ပိုပြီး ဦးစားပေးရမယ်”

လင်းယွဲ့က တိတ်ဆိတ်စွာ နားထောင်နေပြီး သူ၏မျက်နှာအမူအရာ မပြောင်းလဲပေ။ လင်းယွဲ့ တည်ငြိမ်နေပြီး ရန်စခြင်းမခံရသည်ကို မြင်သောအခါ မြို့စားဟန် သက်ပြင်းချလိုက်သည်။

ပတ်ဝန်းကျင်မှ ကြည့်ရှုသူများတွင် အတွေးများ အမျိုးမျိုးရှိနေကြသည်။ တချို့က ဘိုင်လီဖုန်းကျီ၏ တောက်ပသည့်အနာဂတ် ဆုံးရှုံးသွားခြင်း၊ ကိုယ်ခံပညာသူတော်စင်အောက်တွင် အမှုထမ်းရန် အခွင့်အရေးကို လွဲချော်သွားနိုင်ခြင်းအတွက် စိတ်မကောင်းဖြစ်နေကြသည်။ ဤမင်းသားသည် သွယ်ဝိုက်သောအကျိုးကျေးဇူး ရရှိသော်လည်း ကောင်းမွန်သော အစေခံတစ်ဦးတော့ ဆုံးရှုံးရမည်ဖြစ်သည်။

တချို့ကမူ ဘိုင်လီဖုန်းကျီကဲ့သို့ ပါရမီရှင်တစ်ဦးပင် အတွင်းဆောင်သို့ ဝင်ရောက်ရန် သေချာနေသော်လည်း ဤသို့ မမျှော်လင့်သည့် အလှည့်အပြောင်းမျိုးနှင့် ကြုံတွေ့ရခြင်းကို ပျော်ရွှင်နေကြသည်။ အတွင်းဆောင် စစ်ဆေးခံသူအများစုကတော့ အလွန်ပျော်ရွှင်နေကြသည်။ ဘိုင်လီဖုန်းကျီမရှိတော့ပါက အတွင်းဆောင်မှ ကျန်ရှိနေသည့် နေရာတစ်နေရာ ပွင့်သွားမည် မဟုတ်ပါလား။

ဆယ့်နှစ်ယောက်မြောက်မင်းသားသည် တည်ငြိမ်နေသည့် လင်းယွဲ့ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် အနည်းငယ်လေးစားမှုရှိသော်လည်း နောင်တရသည့် အရိပ်အယောင်တစ်ခုလည်း ပါနေသည်။ ဤတစ်ကြိမ် သူသည် ဆယ့်ခုနစ်ယောက်မြောက်မင်းသား၏ ပါရမီရှင်အစေခံတစ်ဦး အတွင်းဆောင်သို့ ဝင်ရောက်ခြင်းကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သည်။ သူ အတော်လေး ကျေနပ်နေပြီး ချီထျန်ရှင်း အတွင်းဆောင်သို့ ဝင်ရောက်ရန် အခွင့်အလမ်းကို တိုးမြှင့်ပေးခဲ့သည်။ တစ်နေရာတည်းဆိုလျှင် မမျှော်လင့်သည့်အရာများ ဖြစ်သွားနိုင်သော်လည်း နှစ်နေရာဆိုပါက အောင်မြင်ရန် သေချာသလောက်ပင်ဖြစ်သည်။

“ချိုက်ချင်း ဒီအမျိုးသမီးကို ချင်းထျန်းဗျူရိုကို ပြန်ခေါ်သွား”

ဆယ့်နှစ်ယောက်မြောက်မင်းသားက ညင်သာစွာ ပြုံးပြီး ပြောလိုက်သည်။

ချိုက်ကျွဲက ချက်ချင်း ဘိုင်လီဖုန်းကျီဘက်သို့ လှည့်ပြီး “ဘိုင်လီဖုန်းကျီ တည်ငြိမ်စွာနဲ့ လက်နက်ချပါ။ ပြီးရင်အရာရှိနဲ့အတူ လိုက်ခဲ့ပါ။ ဒီအရာရှိကို အတင်းအကျပ် အရေးယူဖို့ မလုပ်ပါနဲ့” ဟု ပြောလိုက်သည်။

သူ ပြောရင်းပင် သူ၏ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်ရာ ကြိုးတစ်ချောင်းသည် အနက်ရောင်နဂါးအဖြစ် ပြောင်းလဲပြီး ဘိုင်လီဖုန်းကျီဆီသို့ ပျံသန်းလာကာ သူမကို ချည်နှောင်ရန် ကြိုးစားသည်။

ဘိုင်လီဖုန်းကျီ၏ မျက်နှာက တည်ငြိမ်နေပြီး ဘာမှ ခုခံမှုမလုပ်ပေ။

ထိုအခိုက်တွင် ရုတ်တရက်…

“ဘုန်း”

ဟိန်းဟောက်နေသည့် လေနှင့် မီးကြား၌ ထူးခြားသည့် ဓားရောင်ခြည်တစ်ခု ထွက်ပေါ်လာသည်။ မှော်ပစ္စည်းကြိုးက အနက်ရောင်နဂါးအဖြစ် ပြောင်းလဲသွားပြီး ပြင်းထန်စွာ ထိမှန်ခံရသည်။ နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏ အလင်းရောင်များ ပျံ့နှံ့သွားကာ ကန့်လန့်ဖြတ် ပျံထွက်သွားသည်။ ထို့နောက် ဓားရောင်ခြည်က နောက်တစ်ကြိမ် လင်းလက်လာပြီး ချိုက်ကျွဲရှေ့တွင် ချက်ချင်း ရပ်နေသည်။

“ဟမ်”

ချိုက်ကျွဲ အံ့အားသင့်သွားပြီး သူ၏မျက်နှာ ပြင်းထန်စွာ ပြောင်းလဲသွားသည်။ ပတ်ပတ်လည်တွင် ချက်ချင်း တိတ်ဆိတ်သွားပြီး လူတိုင်း တိတ်ဆိတ်နေကြသည်။ သူတို့၏ မျက်နှာအမူအရာများမှာ အံ့အားသင့်မှုများဖြင့် ပြည့်နေသည်။ ဘိုင်လီဖုန်းကျီပင် အံ့အားသင့်နေသည်။

အရေးယူလိုက်သူမှာ လင်းယွဲ့ ပင်။

“မင်း...”

ချိုက်ကျွဲသည် မယုံနိုင်ဖြစ်နေပြီး လင်းယွဲ့ကို စူးစိုက်ကြည့်ကာ “ဒီအရာရှိ တာဝန်ထမ်းဆောင်တာကို မင်း ရဲရဲဝံ့ဝံ့နဲ့ တားဆီးရဲတယ်” ဟု အော်လိုက်သည်။

“ဟောင်တာ ရပ်တော့ အဘိုးကြီး..”

လင်းယွဲ့က သူ၏ဓားကို တစ်ဖက်တည်းဖြင့် ကိုင်ထားပြီး ချိုက်ကျွဲကို ချိန်ထားသည်။ သူ၏အမူအရာမှာ တည်ငြိမ်နေသည်။

“ရယ်စရာပဲ၊ ငါက ငါ့ရဲ့အမှတ်သညာကို တက်ကြွစွာ မထုတ်ဖော်ရသေးတာတောင် ကောင်းကင်ဘုံအတားအဆီးသုံးခုကို ခဲရာခဲဆစ်ကျော်ဖြတ်ထားတဲ့ အဘိုးကြီးခွေးတစ်

ကောင်က တော်ဝင်အမိန့်မပါဘဲ နန်းတော်ရှေ့မှာ ဒီလောက်အထိ ရဲရဲဝံ့ဝံ့နဲ့ မာနကြီးရဲတယ်လား”

(T/L E tranမှာ palace လို့ရေးထားလို့နန်းတော်လို့သုံးလိုက်တာပါ။ တစ်နည်းအားဖြင့်ဆိုရင် သူကမင်းသားအဖြစ်အသိအမှတ်အပြုမခံရသေးတော့ နန်းတော်လို့ပဲသုံးထားတာပါ)

ထိုနေရာရှိ လူတိုင်း အံ့အားသင့်ပြီး တိတ်ဆိတ်စွာဖြင့် သူ့ကို စိုက်ကြည့်နေကြသည်။

ဤ... ဤမင်းသားသည် သူ၏မင်းသားဂုဏ်ပုဒ်ကို သူ့ဘာသာသူ အသိအမှတ်ပြုလိုက်ပြီလား။

“ဘိုင်လီ သေချာနားထောင်”

လင်းယွဲ့က စကားလုံးတစ်လုံးချင်းစီကို သေချာပြောလိုက်သည်။

“ဒီအဘိုးကြီးမှာ တော်ဝင်အမိန့် မရှိဘူး၊ ကောင်းကင်နဲ့မြေကြီးဥပဒေကို မဖိတ်ခေါ်နိုင်ဘူး၊ သူ့ရဲ့ တာအိုကျင့်ကြံမှုကလည်း သာမန်ပဲ။ အကယ်၍ သူက မင်းကို ထပ်ပြီး အရေးယူဖို့ ရဲရဲဝံ့ဝံ့ ရှိရင် သူ့ကို ရိုက်ချလိုက်”

All Chapters