ကိုယ်ကျင့်တရား စောင့်ထိမ်းသူ
Vol. 32 Ch. 451
…
အာရန်သည် သူ့ဘာသာသူ ထွက်သွားနိုင်စွမ်းရှိလေသည်။
တစ်ခုတည်းသောပြဿနာမှာ ပို၍ အားစိုက်ထုတ်ရမည်ဖြစ်သဖြင့် အချိန်ပိုလိုအပ်မည်ဖြစ်၏။
ကံကောင်းစွာဖြင့် ယခုတွင်မူ အချိန်နှင့်ပတ်သက်၍ စိုးရိမ်စရာမလိုတော့ပေ။
သူသည် မေးခွန်းဘောက်ချာကို အသုံးပြုပြီးဖြစ်၍ မေးခွန်းတစ်ခုမမေးသရွေ့ အကျိုးသက်ရောက်မှုသည် ခဏတာအတွင်း ကုန်ဆုံးသွားဦးမည် မဟုတ်ချေ။
"လေးလ နောက်ထပ်လေးလ ဒီထက်တော့ မလျော့နိုင်တော့ဘူး"
စာရေးဆရာဆိုသူသည်လည်း စိတ်မရှည်တော့သောကြောင့် ကြာချိန်ကို လျှော့ချခဲ့သည်။
"သဘောတူတယ်"
အာရန်သည် စာရေးဆရာဆိုသူဘက်သို့ ပျော်ရွှင်စွာဖြင့် သူ၏လက်တစ်ဖက်ကို ကမ်းပေးလိုက်သည်။
"မင်းကတော့ တကယ်ကို တစ်ခုခုပဲ..."
စာရေးဆရာဆိုသူသည်လည်း သက်ပြင်းတစ်ချက်ချကာ ခေါင်းကို ခါယမ်းလိုက်၏။
ထို့နောက် သူသည် အာရန်ကမ်းပေးလိုက်သောလက်ကို လှမ်း၍ဆွဲလိုက်ပြီးနောက် အာရန်အား အချိန်များမရပ်တံ့သွားခင် ဝါးမျိုရန် ကြိုးစားနေသော အမှောင်ထု နွံအိုင်အတွင်းမှ ဆွဲထုတ်ပေးလိုက်လေသည်။
စာရေးဆရာဆိုသူ၏အကူအညီဖြင့် အာရန်သည် အမှောင်နွံအိုင်ကြီးထဲမှ လွယ်ကူစွာ ထွက်လာနိုင်ခဲ့ပြီး မြေပြင်ပေါ်သို့ ပြန်တက်လာနိုင်ခဲ့၏။
အာရန်သည် မြေပြင်ပေါ်တွင် ခေတ္တထိုင်နေလိုက်ပြီး သူ၏ခြေထောက်များတွင် ထုံကျဉ်ကိုက်ခဲနေသေးသော်လည်း နောက်ဆုံးတွင်မူ စိတ်သက်သာရာရသွားပြီဖြစ်သဖြင့် သက်ပြင်းတစ်ချက်ချလိုက်လေသည်။
"ပြန်လည်ကုစားစမ်း"
အာရန်သည် သူ၏ခြေထောက်များပေါ်တွင် နဂါးလျှာအစွမ်းကို အသုံးပြုလိုက်ရာ ၎င်းတို့သည် ပို၍ပင် မြန်ဆန်စွာ ပြန်လည်ကောင်းမွန်လာခဲ့၏။
"ခုမှပဲ အဆင်ပြေသွားတော့တယ်"
အာရန်သည် ထိုသို့ပြောလိုက်ရင်းဖြင့် သက်တောင့်သက်သာဖြစ်သော ခံစားချက်တစ်ခုကို ခံစားမိလိုက်သည်။
တအောင့်အကြာတွင် အစောပိုင်းက ဘာမှမဖြစ်ခဲ့သကဲ့သို့ အေးအေးလူးလူးပင် မတ်တပ်ထရပ်လိုက်၏။
တစ်ခုတည်းသောပြဿနာမှာ သူ၏ခန္ဓာကိုယ် အောက်တစ်ခြမ်းရှိ အဝတ်အစားများ မှာ ဆွေးမြေ့ပျက်စီးသွားခဲ့ပြီးဖြစ်၍ အောက်ပိုင်းတစ်ခုလုံး လုံးဝဟောင်းလောင်း ဖြစ်သွားခြင်းပင်။
အာရန်သည် သူ၏စနစ်သိုလှောင်ခန်းအတွင်းမှ ဝတ်စုံသစ်တစ်ထည်ကို ထုတ်ယူလိုက်ပြီး ပြောင်းလဲဝတ်ဆင်လိုက်သည်။
"ခင်ဗျားက ကျုပ်ကို အရင်က ဒီမြောက်ပိုင်းတိုက် ခရီးစဥ်မှာ သေဆုံးနိုင်တယ်လို့ ပြောခဲ့တယ်။ အဲ့ဒီတော့ ဒီဝိညာဥ်နှောင်ကြိုးအကြောင်းကို ခင်ဗျား သိနှင့်ပြီးသား မဟုတ်လား"
အာရန်သည် မျှော်စင်သခင်အား စိုက်ကြည့်ရင်း စာရေးဆရာဆိုသူအား မေးလိုက်၏။
မျှော်စင်သခင်သည် လုံးဝအားကိုးရာမဲ့နေပုံရလေသည်။
သူသည် လက်ချောင်းတစ်ချောင်းကိုပင် လှုပ်ရှားနိုင်ခြင်းမရှိသဖြင့် ယခုအချိန်မှာသာ သူ့အား သတ်ရန်ကျိုးစားမည်ဆိုပါက ပြီးပြည့်စုံသောအခွင့်အရေးတစ်ခု ဖြစ်ပေလိမ့်မည်။
ကံမကောင်းစွာဖြင့် ထိုသို့တိုက်ခိုက်ရန်မှာ လက်ရှိသူ၏ အခြေအနေနှင့် မဖြစ်နိုင်ပေ။
အချိန်များရပ်တံ့နေသော ကမ္ဘာတွင် အာရန်သည် မည်သည့်သက်ရှိကိုမဆို ထိခိုက်အောင်ပြုလုပ်နိုင်မည်မဟုတ်ပဲ အကယ်၍ပြုလုပ်လိုက်ပါက အချိန်များ ပုံမှန်အတိုင်း ပြန်လည်စီးသွားလိမ့်မည်ဖြစ်၏။
ထိုသို့ဆိုပါက မျှော်စင်သခင်အား တိုက်ခိုက်ရန် ကျိုးစားခြင်းသည် သူ့အား ဤကန့်သတ်ချက်များမှ လွှတ်ပေးလိုက်သလိုဖြစ်သွားပြီး ယခုရရှိထားသော လွတ်မြောက်နိုင်ခွင့်ကို ပြန်လည်လက်လွှတ်ဆုံးရှုံးခံလိုက်ရခြင်းနှင့် အတူတူပင် မဟုတ်ပါလား...။
ထို့ပြင် ဝိညာဥ်နှောင်ကြိုးသာရှိမနေခဲ့လျှင် မြောက်ပိုင်းတိုက်ကြီးသည် သူ့အတွက် ဤမျှအန္တရာယ်များခဲ့မည် မဟုတ်ပေ။
ကံမကောင်းစွာဖြင့် သူသည် ၎င်း၏ တည်ရှိမှုကိုပင် မသိနိုင်ခဲ့ချေ။
အာရန်သည် မျှော်စင်သခင်ဆီသို့ တည့်တည့်ဦးတည်သွားမိခဲ့ခြင်းဖြစ်ကာ မျှော်စင်သခင်မှ သူ့အား သတိထားမိစေရန်အတွက်ပင် ဂျီပီအက်စ်ကဲ့သို့အရာမျိုး တစ်ခုကိုပါ သူနှင့်အတူ သယ်ဆောင်သွားခဲ့သေးသည်။
"အဲဒါက မေးခွန်းဘောက်ချာကို အသုံးပြုပြီး မင်း မေးချင်တဲ့မေးခွန်းလား" စာရေးဆရာက ပြန်မေးလိုက်ရာ အာရန်က ခေါင်းကို ချက်ခြင်းပင် ပြန်ခါပြလိုက်၏။
"ရတယ် မဖြေနဲ့တော့"
အာရန်က အော်ဟစ်သတိပေးလိုက်သည်။
"ဒါက သာမန်မေးခွန်းတစ်ခုသက်သက်ပါ"
အချိန်ရပ်တံ့နေခြင်း၏ အကျိုးသက်ရောက်မှုသည် မေးခွန်းဘောက်ချာကို အသုံးပြုပြီး မေးထားသောမေးခွန်းကို စာရေးဆရာဆိုသူမှ ပြန်မဖြေခင်အချိန်အထိသာ ဖြစ်လေ၏။
ထိုကဲ့သို့သော မေးခွန်းမျိုးဖြင့် သူသည် မဖြုန်းတီးပစ်နိုင်ပေ။
အထူးသဖြင့် ယခုလိုအခြေအနေမျိုးတွင်ဖြစ်၏။
အကြောင်းမှာ ၎င်းက မျှော်စင်သခင်အား ပြန်လည် လွတ်မြောက်စေလိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။
"ဒါဆိုရင်တော့ ငါလည်း မဖြေနိုင်ဘူး"
စာရေးဆရာဆိုသူသည် အာရန်၏မေးခွန်းကို မဖြေတော့ပဲ အာရန်ဆီမှ မျက်နှာလွဲ၍ အခြားနေရာတစ်ခုသို့သာ စိုက်ကြည့်နေလိုက်သည်။
"ကျုပ် ရှင်သန်နိုင်ဖို့ တစ်ခုတည်းသောအခွင့်အရေးက ဓားဧကရာဇ်ပိုင်ဆိုင်တဲ့ ကံကြမ္မာဓားကို အသုံးပြုဖို့ပဲလို့ ခင်ဗျား ပြောခဲ့တယ်။ အဲဒီဓားကို ကျုပ် အသုံးပြုနိုင်ရင် မျှော်စင်သခင်ကိုပါ သတ်နိုင်တယ်လို့ ဆိုလိုတာလား"
ပထမမေးခွန်းကို မဖြေနိုင်သောကြောင့် အာရန်သည် သူ၏ မေးခွန်းကို ပြောင်းလဲလိုက်သည်။
၎င်းသည် အတင်းအကျပ်မေးသော မေးခွန်းတစ်ခုမဟုတ်သရွေ့ မေးခွန်းဘောက်ချာ၏ အကျိုးသက်ရောက်မှုများကို ထည့်တွက်မည် မဟုတ်ပေ။
"မင်း ရှင်သန်နိုင်ဖို့ အခွင့်အရေးရှိနိုင်တယ်လို့ပဲ ငါ ပြောခဲ့တာ။ မင်း သူ့ကို သတ်နိုင်တယ်လို့ ငါ မပြောခဲ့ပါဘူး။ တစ်ချိန်တည်းမှာပဲ မင်း သူ့ကို မသတ်နိုင်ဘူးလို့လည်း ငါ မပြောထားဘူး။ ဒါကြောင့် ဘယ်လိုဖြစ်မလဲ ဘယ်သူသိမှာလဲ"
စာရေးဆရာဆိုသူက ပခုံးတွန့်ရင် ဝိုးတိုးဝါးတား အဖြေတစ်ခုကိုသာ ပြန်ပြောလိုက်သည်။
အာရန်သည် စာရေးဆရာဆိုသူ၏စကားများအား မည်သို့နားလည်ရမည်ကိုပင် မသိတော့ဘဲ သူ၏နားထင်ကြောများကိုသာ တစ်ချက်ပြန်ပွတ်လိုက်မိ၏။
သူက ရှင်သန်နိုင်ဖို့ အခွင့်အရေးရှိနိုင်တယ်လို့ ဆိုလိုတဲ့အခါ အောင်မြင်နိုင်ခြေ ရာခိုင်နှုန်း ဘယ်လောက်ရှိတဲ့ အခွင့်အရေးမျိုးလဲ။
တစ်ရာခိုင်နှုန်း အခွင့်အရေးလား။ တစ်ရာရာခိုင်နှုန်း အခွင့်အရေးလား။ ဘာတစ်ခုမှ မရှင်းလင်းပေ။
ကံမကောင်းစွာဖြင့် ထိုပုဂ္ဂိုလ်အား သူသည် အတင်းအကျပ် မမေးသရွေ့ ထိုမေးခွန်းကို ဖြေမည်မဟုတ်ကြောင်း ရှင်းလင်းနေပြီဖြစ်သဖြင့် အာရန်လည်း ယခုအချိန်တွင် ဘာမှ မတတ်နိုင်ခဲ့ချေ။
ယင်းအစား သူသည် မျှော်စင်သခင်ရှိရာဘက်သို့သာ ပြန်လှည့်လိုက်သည်။
မျှော်စင်သခင်၏ အစစ်အမှန်ခွန်အားက ဘာလဲဆိုသည်ကို သူ ကိုယ်တိုင်မျက်စိဖြင့် မြင်တွေ့ချင်သေး၏။
" ခွဲခြားသတ်မှတ်ခြင်း"
အာရန်၏ရှေ့တွင် အနီရောင်မျက်နှာပြင်တစ်ခု ပေါ်လာခဲ့သည်။
ထိုမျက်နှာပြင်ကို မြင်လိုက်ရသောအခါ အာရန်၏ မျက်နှာအမူအရာများ ပိုမို၍ နက်ရှိုင်းလာခဲ့၏။
သူသည် မျှော်စင်သခင်၏ စွမ်းရည်များကြောင့် အံ့အားသင့်သွားခြင်း မဟုတ်ပေ။
ယင်းအစား သူ ဘာတစ်ခုမျှ မမြင်နိုင်သောကြောင့် အံ့အားသင့်သွားခြင်းသာ ဖြစ်လေသည်။
စနစ်မျက်နှာပြင်ပေါ်ရှိ စာလုံးများအားလုံးသည် ဝါးတားနေပြီး ပိတ်ပင်ထားမှုတစ်ခု ခံနေရပုံပေါ်သောကြောင့် ထိုပုဂ္ဂိုလ်၏ အမည်ကိုပင် သူသည် ကောင်းစွာဖတ်ရှုရန် မဖြစ်နိုင်ခဲ့ပေ။
မကြာမီ သေးငယ်သော စာကြောင်း အနည်းငယ်သာပါရှိသည့် အနက်ရောင်စာမျက်နှာတစ်ခုသည် ထိုအနီရောင်မျက်နှာပြင်ရှေ့တွင် ထပ်မံပေါ်လာခဲ့၏။
[မှားယွင်းနေပါသည်။ အမည်မသိရသော စွမ်းအားတစ်ခုသည် ပစ်မှတ်၏ အချက်အလက်များကို ကာကွယ်ထားပါသည်။ အချက်အလက်များကို အတင်းအကျပ် ဖော်ထုတ်ရန် သင်၏ ခွန်အားသည် လုံလောက်မှုမရှိပေးပါ။ နောက်တစ်ကြိမ်မှသာ ထပ်မံကြိုးစားကြည့်ပါရန်။]
"အမည်မသိစွမ်းအားတစ်ခုက ကာကွယ်ထားတယ်ဆိုပါလား"
အာရန်သည် စာရေးဆရာဆိုသူအား ပြန်ကြည့်လိုက်သည်။
"ခင်ဗျား မျှော်စင်သခင်နဲ့ပတ်သတ်တာ တစ်ခုခု ကျုပ်ကို ပြောပြနိုင်မလား"
စာရေးဆရာဆိုသူသည် ဤတစ်ကြိမ်တွင်မူ တစ်လုံးတစ်ပါဒမျှပင် မပြောတော့ဘဲ တိတ်ဆိတ်၍သာနေခဲ့၏။
သူသည် ထိုလူငယ်လေး ပြောခဲ့သော စကားလုံးတစ်လုံးချင်းစီတိုင်းကိုပင် မကြားခဲ့သကဲ့သို့ပင် ဟန်ဆောင်နေလိုက်သည်။
စာရေးဆရာဆိုသူ၏ မျက်နှာတဝိုက်တွင် မြူခိုးများဖြင့် အစဥ်ဖုံးနေသောကြောင့် သူ၏ ရုပ်ရည်သည် မည်ကဲ့သို့ ပုံပန်းရှိကြောင်း ခန့်မှန်း၍မရနိုင်ပေ။
"ခင်ဗျားဆီက ဘာအဖြေမှ ထပ်ပြီးသိရတော့မှာမဟုတ်ဘူးနဲ့ တူတယ်" ထို့နောက် အာရန်သည် အဖြေတစ်ခု ရရှိရန် ထပ်မံကြိုးစားခြင်းကို လက်လျှော့လိုက်ရုံသာ ရှိတော့သည်။
ထို့နောက်အာရန်သည် ဓားတစ်ချောင်းကို ကိုင်မြှောက်လိုက်ပြီး မျှော်စင်သခင်ဆီသို့ ပိုမို နီးကပ်စွာ လျှောက်သွားလိုက်၏။
သူသည် မျှော်စင်သခင်အား တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိသောကြောင့် အချိန်ရပ်တံ့နေခြင်း၏ အကျိုးသက်ရောက်မှုများသည် ဆက်လက် တည်မြဲနေဆဲပင်ဖြစ်သည်။
အာရန်သည် မျှော်စင်သခင်၏ရှေ့သို့ရောက်သောအခါ သူ၏ခြေလှမ်းကို ရပ်တန့်လိုက်သည်။
သို့သော် အာရန်သည် သူ၏လက်ထဲမှဓားကို မျှော်စင်သခင်အပေါ်တွင် အသုံးပြုခဲ့ခြင်းတော မဟုတ်ပေ။
ယင်းအစား သူသည် ထိုဓားကို မြေပြင်ပေါ်တွင် စာလုံးအနည်းငယ်ကို ထွင်းရန် အသုံးပြုခဲ့ခြင်းဖြစ်၏။
မျှော်စင်သခင် နိုးထလာသောအခါ နားလည်နိုင်ရန်အတွက် ဤကမ္ဘာ၏ ဘာသာစကားကိုသာ အသုံးပြု၍ ရေးသားခဲ့ခြင်းလည်းဖြစ်လေသည်။
"မင်းက တကယ်ပဲ..."
စာရေးဆရာဆိုသူသည် အာရန်မှ မျှော်စင်သခင်အတွက် ရည်ရွယ်၍ ရေးသားထားသော စာအချို့ကို ဖတ်ကြည့်မိလိုက်ရာ သူ၏မျက်နှာကို လက်ဖြင့် ပြန်ရိုက်မိလုနီးပါးပင် ဖြစ်သွားခဲ့ရသည်။
"မင်းက တကယ်ပဲ ကလေးဆန်လိုက်တာကွာ"
"ခင်ဗျား အခုမှ ကိုယ်ကျင့်တရားစောင့်ထိမ်းသူတစ်ဦးလို ကျုပ်ကိုလာမပြောနဲ့လေ" အာရန်က ပခုံးတွန့်၍ ပြောလိုက်ပြီးနောက် ထိုနေရာမှ လှည့်ထွက်လာခဲ့၏။
အာရန်သည် ရေးချင်သော စာလုံးအချို့ကို အားရပါးရ ရေးသားပြီးသွားပြီ ဖြစ်သောကြောင့် ဓားကို သူ၏ စနစ်သိုလှောင်ခန်းသို့ ပြန်ထည့်ထားလိုက်သည်။
#Catfoot