← Chapters

ထွက်ပြေးသွားသောဝိညာဥ် ...

Vol. 32 Ch. 462

ထွက်ပြေးသွားသောဝိညာဥ် ...

Vol. 32 Ch. 462

ကောင်းကင်နဂါးဘုရင်မ ၏ ဝိညာဉ်သည် အာရန်၏ ရုတ်တရက်ပြောင်းလဲသွားမှုကို ခံစားမိပြီး သူမ၏ မျက်လုံးများပင် ကျဉ်းမြောင်းသွားခဲ့သည်။

သူမသည် မူလကောင်းကင်နဂါးဘုရင်မ၏ ဝိညာဉ်အပိုင်းအစတစ်ခုမျှသာ ဖြစ်သည့်အတွက် ကောင်းကင်နဂါးဘုရင်မ၏ မှတ်ဉာဏ်အားလုံးကို ရရှိပိုင်ဆိုင်ထားခြင်းတော့ မရှိချေ။

သူမသည် မှတ်ဉာဏ်အစိတ်အပိုင်း အနည်းငယ်မျှကိုသာ ရရှိထားလေသည်။

သို့သော် ထိုမှတ်ဉာဏ်အစိတ်အပိုင်း အနည်းငယ်ထဲတွင်ပင် သူမရှေ့ရှိ လူငယ်၏ ယခုပြောင်းလဲသွားသော အော်ရာသည် သူမအနေဖြင့် ဘယ်သောအခါမှ မမေ့လျော့နိုင်သည့်အရာတစ်ခု ဖြစ်နေဆဲပင်။

သာမန်ဝိညာဉ်အစိတ်အပိုင်းလေးတစ်ခုအနေဖြင့်ပင် ဤအော်ရာအပေါ် သူမ၏ ပြင်းပြသော စိတ်ခံစားမှုအချို့ကို ခံစားမိနိုင်သေးသည်။

“ရှင်က...”

သူမ၏နှုတ်ခမ်းများ ပွင့်ဟသွားခဲ့သော်လည်း စကားမဆုံးခင်မှာပင် လူတစ်ဦး၏ သွင်ပြင်တစ်ခုသည် သူမ၏ရှေ့တွင် ပေါ်လာခဲ့သည်။

ထိုသက်တောင့်သက်သာမဖြစ်သော အော်ရာဖြင့် ဖုံးအုပ်ထားသော လက်သီးတစ်လုံးသည် သူမ၏ မျက်နှာဆီသို့ ကျရောက်လာခဲ့၏။

ကောင်းကင်နဂါးဘုရင်မ၏ ဝိညာဉ်သည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ယခင်ကကဲ့သို့ အကာအကွယ်အလွှာတစ်ခုကို ချင်ချင်းဖန်တီးယူလိုက်ရသည်။

သူမအတွက် ထိတ်လန့်အံ့အားသင့်စရာကောင်းသည်မှာ ထိုလက်သီးချက်သည် သူမ၏ ခွန်အားအပြည့်အဝအသုံးပြု၍ ပြုလုပ်ထားသော အကာအကွယ်လွှာကို လုံးတစ်ချက်တည်းနှင့် ဖျက်ဆီးပစ်လိုက်ခြင်းပင်။

၎င်းသည် သူမ၏ အကာအကွယ်လွှာဆီမှ သာမန်အက်ကွဲရာငယ်တစ်ခုမျှသာ မဟုတ်ခဲ့ပေ။

ထိုလက်သီးချက်ထိမှန်မိသည်နှင့် အကာအကွယ်လွှာတစ်ခုလုံးသည် ပါးလွှာသော မှန်တစ်ချပ်ကဲ့သို့ အပိုင်းပိုင်းအစစ ကွဲထွက်သွားခြင်းမျိုး ဖြစ်လေ၏။

ထိုလက်သီးချက်သည် သူမ၏ တုန်လှုပ်နေသော မျက်နှာကိုတိုက်ရိုက်ထိမှန်မိသွားပြီး အဝေးသို့ လွင့်စင်ထွက်သွားစေလောက်သည်အထိ ပြင်းထန်သော သက်ရောက်မှုတစ်ခုကို ဖြစ်ပွားစေခဲ့သည်။

သူမ၏ခန္ဓာကိုယ်သည် ထိန်းချုပ်မရတော့သော အရုပ်ကလေးတစ်ရုပ်ကဲ့သို့ လွင့်စင်သွားခြင်းမျိုးဖြစ်လေ၏။

ကောင်းကင်နဂါးဘုရင်မ၏ ဝိညာဉ်သည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး နံရံနှင့် ဝင်တိုက်မိမည့်အစား ဝင်္ကဘာနံရံကို ဖြတ်ကျော်သွားစေခဲ့သည်။

သူမသည် ဝင်္ကဘာ၏ အခြားထောင့်တစ်နေရာတွင် ဟန်ချက်အချို့ပြန်ထိန်းလိုက်နိုင်ပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။

ကောင်းကင်နဂါးဘုရင်မ၏ ဝိညာဉ်သည် သူမ၏ ပါးတစ်ဖက်ကို ပြန်လည် ပွတ်သပ်ရင်း အံ့အားသင့်ထိတ်လန့်နေပုံရ၏။

ထိုအရိုက်နှက်ခံရသည့် ခံစားချက်သည် သူမ၏ စိတ်ထဲတွင် ယခုအချိန်ထိ လတ်ဆတ်နေဆဲပင်။

ထိုခံစားချက်သည် ယခင်ကလည်း ထိုကဲ့သို့သောအရာမျိုးကို သူမခံစားခဲ့ရဖူးသကဲ့သို့ ရင်းနှီးသော ခံစားချက်မျိုးဖြစ်နေလေသည်။

ထိုအချိန်တွင် သူမသည် အသက်ရှူရန်ပင် အချိန်မရလိုက်ဘဲ ကျယ်လောင်သော အသံတစ်သံကို ထပ်မံကြားလိုက်ရသည်။

သူမ၏ရှေ့မှ ဝင်္ကဘာနံရံသည် ကျိုးပဲ့ထွက်သွားပြီး ထိုနေရာအလယ်ခေါင်လောက်မှ အပေါက်ကြီးတစ်ခု ဖြစ်သွားခဲ့လေသည်။

ဤဝင်္ကဘာနံရံများသည် ကောင်းကင်နဂါးဘုရင်မ၏ အကြေးခွံများဖြင့် ပြုလုပ်ထားခြင်းဖြစ်သောကြောင့် လွယ်ကူစွာ ဖျက်ဆီး၍ မဖြစ်နိုင်သလောက်ပင်။

သို့သော်ယခုမူ တစ်စုံတစ်ဦးသည် ထိုလို့မဖြစ်နိုင်သလောက်ခက်ခဲ့သည့်အရာကို လွယ်ကူစွာ လုပ်ဆောင်နိုင်ခဲ့ဟန်တူ၏။

ထိုဝင်္ကဘာနံရံရှိ အပေါက်သစ်ဆီမှ လူငယ်တစ်ဦး ဝင်ရောက်လာခဲ့သည်။

ထိုလူငယ်၏ အော်ရာသည် မှောင်မိုက်မှုများဖြင့် ဖုံးအုပ်ထားလေသည်။

ထိုလူငယ်လေး၏ မျက်လုံးများတွင်မူ မည်သည့်အရာကိုမှ ဂရုစိုက်လိုစိတ်မရှိဘဲ သူ၏လုပ်ရပ်များအပေါ်တွင် မည်သည့်ခံစားချက်မှ ရှိမနေသကဲ့သို့ ပုံစံပေါက်နေလေသည်။

သူ၏မျက်လုံးများသည် ကောင်းကင်နဂါးဘုရင်မ၏ ဝိညာဉ်အား အဆိပ်ရှိသော မြွေတစ်ကောင်မှ သားကောင်ကို အမဲလိုက်ရန် စောင့်ဆိုင်းနေသကဲ့သို့ ပုံစံမျိုးဖြင့် စိုက်ကြည့်နေခဲ့၏။

ကောင်းကင်နဂါးဘုရင်မ၏ ဝိညာဉ်သည် ဤယခုသူမ ခံစားနေရသော ခံစားချက်မှာ အဘယ်အရာဖြစ်သည်ကို နားမလည်နိုင်ဖြစ်နေရသည်။

၎င်းသည် အများခေါ်သည့် ကြောက်ရွံ့ခြင်းဆိုသည့်အရာများလား...။

ကောင်းကင်နဂါးဘုရင်မ၏ ဝိညာဉ်အပိုင်းအစဖြစ်သော သူမကဲ့သို့ဖြစ်တည်မှုသည် အဘယ့်ကြောင့် ထိုကဲ့သို့သော ကြောက်ရွံ့မှုမျိုးကို ခံစားနိုင်ရသနည်း။

သူမ နားမလည်နိုင်ခဲ့ပေ။

သူမသည် သူမ၏လက်ကိုမြှောက်လိုက်ပြီး ဝင်္ကဘာအား ပြန်လည် ထိန်းချုပ်လိုက်သည်။ ဝင်္ကဘာ၏ နံရံများအားလုံးသည် သူမ၏ထိန်းချုပ်မှုအောက်တွင် တုန်ခါသွားခဲ့ကြသည်။

ဝင်္ကဘာနံရံ၏ ကြီးမားသောအစိတ်အပိုင်းများသည် အာရန်ဆီသို့ ဘေးဘက်အသီးသီးမှ ပိတ်ထားလိုက်ကြပြီး ပိုးကောင်ငယ်လေး တစ်ကောင်ကို ကြိတ်ချေရန် ကြိုးစားနေသည့် ကျောက်တုံးကြီးများအလား သူ၏ ခန္ဓာကိုယ်ကို ဆောင့်ဝင် တိုက်လိုက်ကြ၏။

ကောင်းကင်နဂါးဘုရင်မ ၏ ဝိညာဉ်သည် ထိုတိုက်ခိုက်မှုအား အဝေးမှ မျက်တောင်မခပ်ပဲ စောင့်ဆိုင်း ကြည့်ရှုနေခဲ့လေသည်။

ထိုအာရန်အား ပိပြားသွားစေခဲ့သောနံရံများသည် ဆက်လက် လှုပ်ရှားမှုများ မရှိတော့သောကြောင့် သူမ အောင်မြင်သွားပြီလားဟုပင် တွေးမိလိုက်၏။

ထိုမျှလောက် လွယ်ကူပါ့မလား...။

သူမ စိတ်အနည်းငယ်ပြန်လည်အေးသွားစဥ်မှာပင် သူမ၏နောက်ကျောဘက်ဆီမှ ခြေသံများကို ကြားလိုက်ရသည်။

တစ်စုံတစ်ဦးက သူမဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာနေသည့် ခံစားချက်မျိုးကို သူမခံစားလိုက်ရလေသည်။

သူမ နောက်သို့လှည့်ကြည့်လိုက်သောအခါ အာရန်သည်် သူမ၏နောက်တွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။

“ရှင်နဲ့ ကျွန်မကို သတ်ခဲ့တဲ့သူနဲ့ ကြားမှာ ဘယ်လိုပတ်သက်မှုမျိုးရှိနေတာလဲ” ကောင်းကင်နဂါးဘုရင်မ၏ ဝိညာဉ်သည် နောက်သို့ထပ်မံ ဆုတ်လိုက်ပြီးနောက် သူမ၏မျက်နှာအမူအရာများသည် ပိုမိုမှောင်မိုက်လာခဲ့ကာ သူမသည် ပိုမိုပြင်းထန်သော အမှန်တရားတစ်ခုကို သိရှိသွားခဲ့ဟန်တူလေသည်။

ထိုအော်ရာ... ၎င်းသည် ကောင်းကင်နဂါးဘုရင်မအား သတ်ခဲ့သည့်ထိုပုဂ္ဂိုလ်၏ အော်ရာ ဖြစ်နေကြောင်း သူမသေခြာစွာမှတ်မိသွားခဲ့သည်။

သူမတွင် ထိုမှတ်ဉာဏ်အစိတ်အပိုင်းများ အတိအကျမကျန်ရှိနေသော်လည်း၊ သူမ၏ ပင်ကိုယ်သိစိတ်အရ ထိုကဲ့သို့ဖြစ်နေကြောင်းကို ရှင်းလင်းစွာ ခံစားမိနေသည်။

ဤအော်ရာအပေါ် ကြောက်ရွံ့မှုသည် ကောင်းကင်နဂါးဘုရင်မ၏ အတွင်းစိတ်နက်နက်ထဲတွင် နက်ရှိုင်းစွာ မြှုပ်နှံထားဆဲပင် ဖြစ်လေ၏။

၎င်းသည် သူမ၏သွေးဖြင့် သမုဒ္ဒရာတစ်ခုလုံးကို အနီရောင်ခြယ်သခဲ့သူ ဖြစ်သည်။

သူမ၏ မပြည့်စုံသော မှတ်ဉာဏ်အစိတ်အပိုင်းများထဲတွင်ပင် ထိုသူသာအလိုရှိပါက ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးကိုပင် ဖြတ်တောက်နိုင်ပုံရသော ဓားတစ်ချောင်းကို ကိုင်ဆောင်ထားရင်း ကောင်းကင်၌ ရပ်နေသည့် ဝိုးတဝါးရုပ်သွင်တစ်ခုကို မှတ်မိနိုင်နေဆဲပင်။

အာရန်သည် သူမ၏ အမေးကို ပြန်မဖြေခဲ့ပေ။

ယင်းအစား သူ၏လက်ကိုဆန့်ထုတ်ိပြီး ကောင်းကင်နဂါးဘုရင်မ ၏ ဝိညာဉ်ကို သာ ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။

ထိုအမျိုးသမီးသည် ဝိညာဉ်ပုံစံဖြင့် ရှိနေခြင်းဖြစ်သည့်အပြင် သူမ မလိုလားလျှင်ပင် အာရန်သည် သူမအား ထိတွေ့နိုင်နေဆဲပင်။

သူ၏အော်ရာသည် ဝိညာဉ်များကို ပြီးပြည့်စုံစွာ ဆန့်ကျင်တုံ့ပြန်နိုင်ပုံရနေလေ၏။

ကောင်းကင်နဂါးဘုရင်မ၏ ဝိညာဉ်သည် သူမ စိတ်ထဲ၌ မည်သည့်အရာကိုမျှ နားမလည်နိုင်တော့ဘဲ ခေတ္တခဏမျှ ကြောင်အသွားခဲ့မိသည်။

အာရန်သည် ထိုပုဂ္ဂိုလ်နှင့် မည်သို့ပတ်သက်နေသည်ကို သူမမသိနိုင်ပေ။

သူမရှေ့ရှိလူငယ်တွင် ထိုပုဂ္ဂိုလ်၏အော်ရာ အကြွင်းအကျန်များ ရှိနေသော်လည်း ထိုလူငယ်သည် ထိုလူ မဟုတ်ကြောင်းကိုတော့ သူမအနှေင့် ရှင်းလင်းစွာ သိရှိထားသည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့်နည်း။

သူမသည် နောက်သို့ အလိုအလျောက် ဆုတ်ရန် ကြိုးစားလိုက်သော်လည်း သူမ၏ခန္ဓာကိုယ်သည် ထိုနေရာတွင် ရပ်တန့်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ အာရန်၏လက်ချောင်းများသည် အသံတိတ်နတ်ဆိုးတစ်ပါး ချဉ်းကပ်လာနေသကဲ့သို့ သူမနှင့် ပိုမို၍ နီးကပ်လာနေခဲ့သည်။

အာရန်၏လက်ချောင်းများသည် သူမကို ထိမိတော့မည့်ဆဲဆဲအချိန်မှာပင် သူမသည် အနီးရှိ တည်ရှိမှုတစ်ခုကို သတိထားမိလိုက်သည်။

သူမ၏အတွေးများဖြင့် အနီးရှိ မိုင်နိုတောအား အမိန့်အချို့ပေးလိုက်လေသည်။

မိုင်နိုတောသည် အာရန်ဆီသို့ တိုက်ရိုက် ဝင်ရောက်တိုက်ခိုက်ကာ အနည်းငယ် နောက်သို့ ဆုတ်ခွာသွားစေခဲ့သည်။

ခေတ္တမျှ ရရှိလိုက်သော အချိန်လေးတွင်ပင် ကောင်းကင်နဂါးဧကရီသည် အာရန်၏ ထိန်းချုပ်ထားမှုအောက်ဆီမှ လွတ်မြောက်ရန် လုံလောက်စွာအချိန်ရခဲ့သည်။

သူမသည် လျင်မြန်စွာ နောက်သို့ ပျံထွက်သွားပြီး ဝင်္ကဘာထဲတွင် ရောနှောဝင်ရောက် ပျောက်ကွယ်သွားခဲ့၏။

ဤတစ်ကြိမ်တွင် သူမသည် ရှေ့သို့ ပျံသန်းခြင်းကို မရပ်တန့်တော့ဘဲ နံရံတစ်ခုပြီးတစ်ခု ဖြတ်သန်းသွားခဲ့ကာ ကောင်းကင်နဂါးဘုရင်မ၏ နှလုံးသားတည်ရှိရာ မြေအောက်ဂူ ၏ အဓီကဗဟိုအတွင်းပိုင်းသို့ တည့်တည့်မတ်မတ် ပျံသန်းသွားခဲ့တော့သည်။

ပျံသန်းနေစဉ်တွင် သူမ၏နောက်မှ ပေါက်ကွဲသံများကို အဆက်မပြတ်ကြားနေရပြီး ဝင်္ကဘာတစ်ခုလုံးသည် စတင်၍ တစ်ဖြည်းဖြည်း ယိုင်နဲ့လာခဲ့သည်။

“သူက ရုတ်တရက်ကြီး ဘာဖြစ်သွားတာလဲ”

ဖြစ်ပျက်နေသည့် အရာတစ်ခုကိုမျှ သူမ လိုက်မမှီနိုင်တော့ပေ။

သူမသည် ထိုလူငယ်အား ပထမဆုံးအကြိမ် မြင်တွေ့စဉ်က သူသည် သူမထက် များစွာ အားနည်းသူဟုထင်မှတ်ထားခဲ့သည်။

သူသည် ရုတ်တရက်ကြီး ထိုမျှလောက် အားကောင်းလာသည်ကို သူမ နားမလည်နိုင်ပေ။

ထိုလူငယ်သည် ထိုအော်ရာနှင့် ထိုကဲ့သို့ ခွန်အားကို ရယူရန် မည်သည့်တားမြစ်နည်းလမ်းများကို အသုံးပြုခဲ့သနည်း။

မည်သို့ပင်ဖြစ်စေ ထိုလူငယ်သည် သူမ၏နှလုံးသားကို ရယူရန် ဤနေရာသို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်းကိုမူ သူမသေချာစွာခန့်မှန်းနိုင်ခဲ့သည်။

သူမသည် ထိုသူအား ၎င်းကို ရယူခွင့်ပြု၍ မဖြစ်ပေ။

သူမသည် အခက်အခဲများစွာကို ကျော်လွန်ပြီး နှလုံးသားအား ကာကွယ်ကာ ဤနေရာမှ တစ်နေရာသို့ ပို့ဆောင်လိုက်ရပေလိမ့်မည်။

သူမကို သတ်ခဲ့သူထံမှ ရရှိသောစွမ်းအားကို အသုံးပြုနေသည့် ထိုလူငယ်အား ထိုနှလုံးသားကို ပေးအပ်လိုက်ခြင်းထက် အခြားသူတစ်ဦးဦးက ထိုနှလုံးသားကို ရယူနိုင်ခြင်းက ပို၍ကောင်းမွန်ဦးမည်ဖြစ်၏။

သူမသည် မြေအောက်ဂူ၏ အမျိုးမျိုးသော ဝင်္ကဘာအပိုင်းများကို ဖြတ်သန်းခဲ့လေသည်။

ဤဝင်္ကဘာကြီး၏ ပထမဆုံးအထပ်မှာ လုံးဝဝင်္ကဘာစစ်စစ်ပင်ဖြစ်သည်။

ဒုတိယအထပ်မှာမူ မြေပြင်မရှိဘဲ အရည်ပျော်နေသော ချော်ရည်ပူများဖြင့်သာ တစ်နေရာလုံး ပြန့်နှံ့နေလေသည်။

ဤမြေအောက်ဂူ တွင် သာမန်လူများအား ပျံသန်းခြင်းကို ကန့်သတ်ထားသောကြောင့် လူသားတစ်ဦးအနေဖြင့် ဖြတ်ကျော်ရန်မှာ ပို၍ခက်ခဲစေခဲ့သည်။

တတိယနှင့် စတုတ္ထအထပ်များကို ဖြတ်သန်းရန်လည်း အလားတူ အခက်အခဲမျိုးရင်ဆိုင်ရမည်ဖြစ်ပြီး ပဉ္စမအထပ်တစ်ခုတည်းသာ ကောင်းကင်နဂါးဘုရင်မ ၏ နှလုံးသားကို ထားရှိသည့်နေရာစစ်စစ်ဖြစ်လေ၏။

ကောင်းကင်နဂါးဘုရင်မ ၏ ဝိညာဉ်သည် ထိုပဉ္စမအထပ်သို့ ရောက်ရှိသွားပြီးနောက် သူမ အသက်ရှင်စဉ်က ပိုင်ဆိုင်ခဲ့သည့် နှလုံးသားတစ်စုံကို ခေတ္တခဏခန့် စိုက်ကြည့်နေလိုက်သည်။

#Catfoot

All Chapters