ချိတ်စည်းများကိုပယ်ဖျက်ခြင်း
Vol. 32 Ch. 465
...
ကောင်းကင်နဂါးဘုရင်မ၏ နှလုံးသားဆီမှ အဆီအနှစ်စွမ်းအင်များကို အာရန်တစ်ယောက် စုပ်ယူနေစဉ်တွင် သူ၏ ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုများစွာ ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။
သူ၏သွေးမျိုးဆက်ထဲသို့ စိမ့်ဝင်နေသော ထိုစွမ်းအားသည် ရီဝေဝေဖြစ်လာစေသည်ဟု ခံစားနေရပြီး စက္ကန့်တိုင်း ထိုစွမ်းအားကြောင့် သူသည် ပိုမို၍ မူးဝေလာနေသကဲ့သို့ပင်။
အာရန်သည် မူလကမ္ဘာမြေပေါ်တွင်ရှိစဥ်တုံးက အရက်သေစာများ အတော်အတန် သောက်လေ့သောက်ထ ရှိခဲ့သူတစ်ဦးဖြစ်သဖြင့် ၎င်းသည် မရင်းနှီးသော ခံစားချက်တစ်ခုတော့ မဟုတ်ပေ။
တစ်ခုတည်းသော ကွဲပြားချက်မှာ ယခုသည် ရီဝေဝေဖြစ်မှုပမာဏ အလွန်အမင်း များပြားနေခြင်းသာ ဖြစ်ပေသည်။
အာရန်သည် ကောင်းကင်နဂါးဘုရင်မ ၏ နှလုံးသားတစ်ဝက်ကိုပင် ဝါးမြို၍ မပြီးသေးသော်လည်း၊သူသည် ဘဝတစ်လျှောက်လုံးတွင် ဘယ်တုံးကမှ မမူးဖူးလောက်အောင် မူးရစ်နေမိပြီဖြစ်၏။
သူ၏ခန္ဓာကိုယ်မှ ချွေးစေးများပင်ထွက်လာခဲ့ပြီး အနည်းငယ် ပေါ့ပါးလာသည်ဟုလည်း ခံစားလိုက်ရသည်။
အာရန်တစ်ယောက် ထိုနှလုံးသား၏ နောက်ဆုံးအကြွင်းအကျန်အချို့ သူ၏ပါးစပ်ထဲတွင် ပျောက်ကွယ်သွားချိန်၌မူ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် နောက်ထပ်ပြောင်းလဲမှုဖြစ်စဥ်တစ်ခုကို ထပ်မံ၍ ခံစားလိုက်မိ၏။
သူ၏ အာရုံခံစားနိုင်မှုများသည် ပိုမိုကျယ်ပြန့်လာခဲ့ကာ ယခုအထပ်ရှိ သတ်မှတ် နယ်နိမိတ် အကန့်အသတ်ကိုပင်ကျော်လွန်၍ ခံစားနိုင်လာသည်။
ယခုအာရန်သည် အခြားအထပ်များတွင် ဖြစ်ပေါ်နေသည့် ပြောင်းလဲမှုများကိုပင် မြင်နိုင်နေပြီဖြစ်သည်။
ပထမအထပ်တွင် သူ ကောင်းကင်နဂါးဘုရင်မ၏ ဝိညာဉ်ကို လိုက်လံဖမ်းဆီးခဲ့စဉ်က ဖျက်ဆီးမိခဲ့သော နံရံများကို လျစ်လျူရှုလိုက်ပါက အနည်းငယ် အပြည့်အစုံကျန်ရှိနေသည့် တစ်ခုတည်းသော နေရာပင်ဖြစ်သည်။
ကောင်းကင်နဂါးဘုရင်မ၏ ဝိညာဉ်သည် ဝင်္ကဘာ၏ မတူညီသော အပိုင်းတစ်ခုဆီသို့ ပို့လိုက်ပြီးနောက် ဝင်္ကဘာကို ဖြတ်၍ သူမ၏လမ်းကို ရှာဖွေရန် ကြိုးစားနေဆဲဖြစ်သော ပင်လယ်နဂါးဧကရီအား အာရန်တစ်ယောက် အာရုံခံမိလိုက်သည်။
သမုဒ္ဒရာအုပ်စိုးသူ ဟူသည့် စွမ်းရည်အသစ်သည်လည်း ပြီးပြည့်စုံသော ကောင်းကင်နဂါးတစ်ကောင်အသွင်ဖြင့် သူ၏အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီဖြစ်၏။
ယခု သမုဒ္ဒရာသည် အာရန်၏ နယ်မြေတစ်ခု ဖြစ်လာခဲ့လေပြီ။
သူသည် သမုဒ္ဒရာအတွင်းတွင် ရှိနေသမျှကာလပတ်လုံး သူ၏စွမ်းရည်များသည် ကုန်းပေါ်တွင်ရှိနေသည်ထက် ပိုမို၍ အားကောင်းနေပေလိမ့်မည်။
အာရန်သည် သမုဒ္ဒရာ၏ ကျယ်ပြန့်မှုသဘောတရားကို သူ၏ နှလုံးသားအတွင်း၌ ခံစားသိရှိနိုင်ခဲ့ပြီး ၎င်း၏နက်နဲမှုအတွင်းသို့ သူ့အားခေါ်ဆောင်သွားနေသကဲ့ သို့ခံစားနေရသည်။
၎င်းသည် ရင်းနှီးမှုရှိသလို တစ်ပြိုင်နက် ထူးဆန်းသည်ဟုလည်း ခံစားရလေ၏။
ပင်လယ်ကို အမိန့်ပေးနိုင်သော စွမ်းအားသည် သူ၏ လက်တွင်း၌ ရှိနေပြီဖြစ်ကာ ၎င်းက ကောင်းကင်နဂါးဘုရင်မ၏ နှလုံးသားမှ သူရရှိခဲ့သမျှထဲတွင် အကြီးမားဆုံး လက်ဆောင်တစ်ခုလည်းဖြစ်လေသည်။
ဤစွမ်းရည်သည် ကောင်းကင်နဂါးဘုရင်မကို ယခင်က အလွန်ကြောက်မက်ဖွယ် ကောင်းစေခဲ့သော စွမ်းရည်တစ်ခုလည်းဖြစ်သည်။
ကောင်းကင်နဂါးဘုရင်မ၏ ဝိညာဉ်သည်သာ သမုဒ္ဒရာထဲတွင် ရှိနေခဲ့ခြင်းဖြစ်ပါက သူမနှင့် ရင်ဆိုင်ရန် သူသည် ပိုမိုခက်ခဲခဲ့မည်ဖြစ်ကြောင်း သေချာနေခဲ့သည်။
“နှလုံးသားကို ဒီကုန်းပေါ်ကို ယူလာခဲ့တဲ့သူ... သူက ဒါတွေကို ကြိုတင် တွက်ထားပြီးသားများလား”
အာရန်သည် သူ၏ နဂါးအဖြစ် ခန္ဓာကိုယ်အသွင်ပြောင်းလဲမှုဖြစ်စဥ်ကို လူသားတစ်ဦးအဖြစ် ပြန်လည်ပြောင်းလဲလိုက်ရာ ကောင်းကင်နဂါးဘုရင်မ၏ နှလုံးသားကို အရိပ်အယောင်မျှပင် မတွေ့ရတော့သော ဗလာကျင်းနေသော နေရာတစ်ခုတွင် ရပ်လျပ်ရှိနေမိခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
အာရန်သည် သူ၏ နှုတ်ခမ်းဆီမှ သွေးစအနည်းငယ်ကို ပြန်သုတ်လိုက်သည်။
ထိုစဥ်ရုတ်တရက် သူ၏ပတ်ဝန်းကျင် ကမ္ဘာကြီးတစ်ခုလုံးသည် အနည်းငယ် တုန်ခါနေသကဲ့သို့ ခံစားလိုက်ရသဖြင့် သူ၏ မျက်လုံးများအနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
၎င်းသည် ဟင်းလင်းပြင်ခရီးသွားမှုကြောင့် ခံစားခဲ့ရသည့် ဝေဒနာနှင့် မတူညီပေ။ ၎င်းသည် ပို၍ပင် ထူးဆန်းသည်ဟု ခံစားမိလိုက်၏။
၎င်းသည် လုံးဝမသက်မသာဖြစ်ခြင်းမျိုး မဟုတ်ခဲ့ပေ။
အမှန်တကယ်တွင် သူသည် လေထဲတွင် ပျံဝဲနေသကဲ့သို့ ခံစားနေရခြင်းဖြစ်ပြီး သူ၏ ခန္ဓာကိုယ်သည် ပြီးပြည့်စုံသောအခြေအနေတွင် ရှိနေသကဲ့သို့ပင် ဖြစ်နေခြင်းပင်။
အာရန်သည် သူ့ကိုယ်သူ ပြန်လည်ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း အလွန်ခက်ခဲနေကြောင်းကို တွေ့ရှိလိုက်ရသည်။
သူသည် နဂါးလျှာအစွမ်းကို ထပ်မံအသုံးပြုကြည့်လိုက်သော်လည်း အလားတူပင် ဖြစ်နေဆဲပင်။
[သင်၏ သွေးမျိုးဆက်သည် ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်အတွင်းသို့ ဝင်ရောက်သွားခဲ့ပါပြီ]
[ပြောင်းလဲမှုဖြစ်စဥ် ကျန်ရှိချိန် - ၂၄ နာရီ]
[နောက်ထပ် ၂၄ နာရီအတွင်း သင်သည် ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်၏ ဘေးထွက်ဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ ဤအချိန်အတွင်း တိုက်ခိုက်ခြင်းများမပြုလုပ်ရန် အကြံပြုအပ်ပါသည်။]
သူ၏ မျက်စိရှေ့တွင် ဇယားကွက်တစ်ခုပေါ်လာကာ စာလုံးအချို့ကို မြင်တွေ့လိုက်ရလေသည်။
အလားတူ ထိုစာလုံးများသည် သူ့ရှေ့ရှိ ဖန်သားပြင်ပေါ်တွင် ပေါ်လာခြင်းဖြစ်သော်လည်း ၎င်းတို့ကို သူသည် ရှင်းရှင်းလင်းလင်းတော့ မမြင်နိုင်ခဲ့ပေ။
စာလုံးများသည် ဖန်သားပြင်မှ ခုန်ထွက်လာပြီး သူ၏ ပတ်လည်တွင် ကခုန်နေသကဲ့သို့ ခံစားနေရသောကြောင့်ပင်တည်း။
“ဒါ အမြင်အာရုံ မှောက်မှားမှုများလား။ ဘယ်လောက်တောင် ထူးဆန်းတဲ့ ဘေးထွက်ဆိုးကျိုးလဲ။”
နောက်ထပ် ၂၄ နာရီကြာအောင် သူသည် ဆက်လက်အိပ်နေသင့်သည်ဟု တွေးမိလိုက်သဖြင့် အာရန်သည် သူ၏နဖူးကို ပြန်လည်ပွတ်သပ်မိလိုက်သည်။
သူ၏ လက်ရှိစိတ်အခြေအနေအရ ယခုအချိန်တွင် ပင်လယ်နဂါးဧကရီ နှင့် တွေ့ဆုံခြင်းသည် မှန်ကန်သောရွေးချယ်မှုဖြစ်သည်ဟု မခံစားရပေ။
ထို့နောက် အာရန်သည် မြေပြင်ပေါ်တွင်သာ ပြန်ထိုင်နေလိုက်ပြီး နံရံကို မှီထားရန်ကျိုးစားလိုက်သည်။
အာရန်သည် သူ၏ မျက်လုံးများကိုမှိတ်ထားလိုက်ပြီးနောက် သူသည် အိပ်ပျော်ရန် ကြိုးစားကြည့်လိုက်သည်။
သူ အိပ်ရန် ပိုမိုကြိုးစားလေလေ သူ၏စိတ်သည် ပို၍ မတည်မငြိမ် ဖြစ်လာလေလေပင်တည်း။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ အခြားပြောင်းလဲမှုတစ်ခုကိုလည်း ထပ်မံခံစားမိလိုက်သည်။
သူ၏နှလုံးခုန်နှုန်းသည် ပိုမိုမြန်ဆန်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့သည် ထိုအရာကြောင့် ထူးဆန်းသော တုံ့ပြန်မှုအချို့ဖြစ်ပေါ်လာနေခဲ့သည်။
အာရန်သည် မှိန်းနေရာမှ သူ၏ မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီးခန္ဓာကိုယ်အောက်ပိုင်းကို ငုံ့ကြည့်လိုက်ကာ သက်ပြင်းတစ်ချက်ချလိုက်မိသည်။
“ဟေ့ကောင် မင်းစိတ်တွေထကြွဖို့ ဒီထက်ပိုကောင်းတဲ့အချိန်ကို ရှာလို့မရတော့ဘူးလားကွ”
အာရန်သည် သူ၏ ရုတ်တရက် ထိုသို့ကိုးရိုးကားယားနိုင်သည့် အဖြစ်ကြောင့် သက်ပြင်းရှည်ကြီးတစ်ချက်သာချလိုက်မိပြီး သူ၏ မျက်လုံးများကို တစ်ဖန်ပြန်မှိတ်ထားလိုက်သည်။
နာရီနှင့်ချီ၍ သူသည် သတိမေ့မျောသွားသလို ခံစားလိုက်ရသည်။
၎င်းသည် အိပ်ပျော်နေသကဲ့သို့ ဖြစ်နေသော်လည်း တစ်ချိန်တည်းတွင်ပင် နိုးကြားနေသကဲ့လည်း ဖြစ်နေခဲ့ပြန်သည်။
အရာအားလုံးသည် သူသတိရှိရှိ ထိန်းချုပ်နိုင်သော အိပ်မက်တစ်ခုကဲ့သို့ပင် ဖြစ်နေလေသည်။
ထိုအခြေအနေတွင် သူမည်မျှကြာအောင် ရောက်ရှိနေခဲ့သည်ကိုပင် အာရန်တစ်ယောက် မမှတ်မိတော့ပေ။
ထို့နောက်အာရန်သည် ခြေသံအချို့ကို ကြားရမှသာ သူ၏မှေးနေသော မျက်လုံးများကို အနည်းငယ်ဖွင့်ကြည့်လိုက်မသည်။
အဝေးတစ်နေရာတွင် ရှုယင်သည် သူ့ဆီသို့ တန်းတန်းမက်မက် လျှောက်လာနေသည်ကို မြင်လိုက်ရလေ၏။
“နောက်ထပ် အိပ်မက်တစ်ခုလား”
ရှုယင်သည် ဤနေရာကို လေ့လာနေသည်အား ကြည့်နေရင်း အာရန်သည် သူ့ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်မိသည်။
“ကောင်းကင်နဂါးဘုရင်မရဲ့ နှလုံးသားကို ရှာတွေ့ပြီလား” ဟု သူမက အာရန်အား မေးလိုက်သည်။
အာရန်သည် ၎င်းအကြောင်းကို သိပ်မတွေးမိခဲ့ပေ။
၎င်းသည် သူ၏ နိုးတဝက်အိပ်မက်တစ်ခုသာ ဖြစ်သောကြောင့် ရှုယင်သည် ဤနေရာသို့ သူလာရခြင်း၏ ရည်မှန်းချက်အကြောင်း သိနေခြင်းမှာ အဓိပ္ပာယ်ရှိသည်ဟု ယူဆမိလိုက်သည်။
“အခုတော့ အဲ့ဒါက ငါ့ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားပြီ။”
အာရန်သည် သူ့လက်ကို ရင်ဘတ်ပေါ်သို့ ဖြည်းညှင်းစွာ ပုတ်ပြလိုက်သည်။
“ဒီအချိန်ကစပြီး ငါဟာ ကောင်းကင်နဂါးဖြစ်သွားပြီ”
ရှုယင် သည် အာရန်အား တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။
သူမ မည်သို့တွေးနေသည်ကို နားလည်ရန် မဖြစ်နိုင်ပေ။
သူမသည် အာရန်ကို ရိုးရှင်းစွာပင် စိုက်ကြည့်နေခဲ့ပြီး သူမ၏စိတ်သည် တစ်စုံတစ်ရာကို အသဲအသန်ဆုံးဖြတ်နေသကဲ့သို့ပင်။
“ဒီလိုဆိုရင်တော့ တခြားရွေးချယ်စရာ မရှိတော့ဘူးပေါ့။”
သူမသည် သူမ၏ မျက်လုံးများကို ခဏ မှိတ်လိုက်ပြီး သူမကိုယ်သူမ ပြန်လည်တည်ငြိမ်သွားစေရန် ကြိုးစားနေသကဲ့သို့ အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူထုတ်လိုက်သည်။
အာရန်တစ်ယောက် မိမိကိုယ်မိမိ အိပ်မက်ထဲတွင်သာ ရှိနေဆဲဟု ထင်မှတ်မိနေဆဲမှာပင် သူမသည် အာရန်ဆီသို့ ပိုမိုနီးကပ်စွာ ကပ်လာခဲ့သည်။
သူ့ရှေ့ရှိအမျိုးသမီးသည် ရှုယင် မဟုတ်ဘဲ လုံးဝကွဲပြားသော အမျိုးသမီးတစ်ဦးဖြစ်နေကြောင်းကိုမူ အာရန်တစ်ယောက် မရိပ်မိခဲ့ပေ။
သူမသည် အနည်းငယ်ကြောက်ရွံ့နေသကဲ့သို့ သူမ၏မျက်နှာအမူအရာများမှာ အနည်းငယ် ချီတုံချတုံဖြစ်နေဟန်ရလေသည်။
တစ်ချိန်တည်းတွင် သူမသည် အလွန်ရှက်ရွံ့နေပုံလည်း ပေါ်နေခဲ့သည်။
“ချိတ်စည်းကို ချိုးဖြတ်နိုင်ဖို့အတွက် ဒီအရာကို ငါ...လုပ်ကိုလုပ်မှရလိမ့်မယ်။”
သူမသည် သူ၏ မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး ယခုအခါ လုံးဝစိတ်ပိုင်းဖြတ်လိုက်ပုံရလေ၏။
အာရန်သည် ကောင်းကင်နဂါးအသစ် ဖြစ်သွားပြီဖြစ်သောကြောင့် သူမတို့ပင်လယ်နဂါးများ၏ ချိတ်စည်းကို ချိုးဖျက်ရန် နည်းလမ်းနှစ်ခုသာ ကျန်ရှိတော့သည်။
ပထမတစ်ခုမှာ အာရန်အား သတ်၍ သူ၏နှလုံးသားကို ရယူခြင်းပင်။
ထိုရွေးချယ်မှုကို ရွေးချယ်နိုင်လောက်အောင် သူမသည် သန်မာနေသည်ဟု ကိုယ့်ကိုယ်ကို မယုံကြည်ဝံ့ပေ။
ထို့အပြင် ကောင်းကင်နဂါးသည်သာ သူမတို့ဘက်မှ ရပ်တည်နေသမျှကာလပတ်လုံး ပင်လယ်နဂါး များ၏ အနာဂတ်သည် အချိန်တိုအတွင်း လွန်စွာတောက်ပလာနိုင်ပေသည်။
အာရန်သည် သူမတို့၏ မျိုးနွယ်ဝင်တစ်ဦး ဖြစ်နေသည်မှာ အမှန်ပင်ဖြစ်၏။
ထို့ပြင် ထိုသူ၏နှလုံးသားကို ရယူခြင်းသည် ကောင်းကင်နဂါးကို တစ်ဖန်ပြန်၍ သစ္စာဖောက်ခြင်းနှင့် အတူတူပင်ဖြစ်သည် မဟုတ်ပါလား..။
အာရန်သည် သူမတို့ မျိုးနွယ်စုအား ပိုမိုသန်မာသည့် နေရာတစ်ခုသို့ရောက်ရှိရန် ဦးဆောင်ပေးနိုင်စွမ်းရှိလေသည်။
သူမတွင်ရှိသော တစ်ခုတည်းသော ရွေးချယ်စရာမှာ သူ၏ ဆန္ဒအလျောက်ပေးသော ကောင်းကင်နဂါး အဆီအနှစ်အချို့ကို လက်ခံလိုက်ခြင်းသာဖြစ်လေသည်။
သူမ၏ ခန္ဓာကိုယ်တွင်ချုပ်ထားသော ချိတ်စည်းများ ကျိုးပျက်သွားသည်နှင့် တစ်ပြိုင်နက် သူမ၏ တိုင်းသူပြည်သားများသည်လည်း သူမနှင့် ထပ်တူပင် လွတ်မြောက်သွားကြပေလိမ့်မည်ဖြစ်၏။
#Catfoot