အမှားလုပ်မိခြင်း
Vol. 32 Ch. 456
“ရှင် ဘယ်သူလဲ”
အာရန်သည် သူ့နောက်မှ ပြင်းထန်သည့် လူသတ်လိုသောဆန္ဒတစ်ခုကို ခံစားလိုက်ရသည်။
သူ၏လည်ပင်းကို ထိုးဖောက်ရန် အသင့်ရှိနေသော အေးစက်သည့် လက်သည်းတစ်စုံသည် သူ၏ လည်ပင်းနောက်ဘက်တွင် ထိကပ်နေသည်ကိုပင် ခံစားနိုင်နေ၏။
“ငါပါ”
အာရန်သည် သူ၏လက်နှစ်ဖက်စလုံးကို အန္တရာယ်မရှိသကဲ့သို့ မြှောက်လိုက်ပြီး ပင်လယ်နဂါးဧကရီရှိရာဘက်သို့ လှည့်လိုက်သည်။
သူမသည် သူ့အားမြင်တွေ့သည်နှင့် သူမ၏မျိုးနွယ်ဝင်တစ်ဦးအဖြစ် ကြိုဆိုလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။
သို့သော် အံ့အားသင့်စရာကောင်းသည်မှာ သူမ၏ လူသတ်လိုသောစိတ်ဆန္ဒမှာ ပိုမို၍ပင် အားကောင်းလာခဲ့ခြင်းပင်။
သူမသည် သူ့အား ချက်ချင်းပင် စတင်တိုက်ခိုက်လိုက်သည်။
မသိစိတ်၏ တုံ့ပြန်မှုဖြင့် အာရန်သည် အရှိန်မြှင့်တင်ခြင်းအစွမ်းကို အသက်သွင်းလိုက်နိုင်ကာ ၎င်းက သူ့အား နဂါးဧကရီ၏တိုက်ခိုက်မှုမှ လက်မတင်လေး လွတ်မြောက်ရန် ကူမောင်လေးပေးလိုက်သည်။
သို့သော် ပင်လယ်နဂါးဧကရီ၏ ကုတ်ရာအချို့သည် သူ၏မျက်နှာ ညာဘက်ခြမ်းတွင် အနည်းငယ် ကျန်နေခဲ့လေ၏။
အာရန်၏ မျက်နှာ ဒဏ်ရာမှ လတ်ဆတ်သော သွေးအချို့ပင်စီးကျလာခဲ့သည်။
သူမသည် သူ့အား အဘယ်ကြောင့် တိုက်ခိုက်လိုက်သည်ကို အာရန်တစ်ယောက် နားမလည်နိုင်ဖြစ်သွားရကာ ဒဏ်ရာရထားသော သူ၏ ပါးပြင်ကို အနည်းငယ် ထိလိုက်မိသည်။
“ဘာလို့ ငါ့ကို တိုက်ခိုက်ရတာလဲ”
အာရန်သည် ရုတ်တရက် ရူးသွတ်သွားဖြင့် သူ့အားတုံ့ပြန်လိုက်သော ထိုအမျိုးသမီးအား မေးလိုက်သည်။
“နင် ငါ့မောင်ကို သတ်ပြီးမှ နင့်ကို ငါက ဘာလို့တိုက်ခိုက်ရသလဲလို့ မေးနေတာလား” ပင်လယ်နဂါးဧကရီသည် ဒေါသတကြီးဖြင့် ပြန်လည်အော်ဟစ်ပြောဆိုလိုက်ရာ သူမ၏ တိုက်ခိုက်နှုန်းအရှိန်မှာ ပို၍ပင်မြန်ဆန်လာခဲ့၏။
သူမသည် နဂါးလျှာအစွမ်းကို အသုံးပြု၍ပင် အာရန်အား ပိုမိုနှေးကွေးသွားစေရန် သူ၏ ပတ်လည်ရှိ ဆွဲငင်အားများကို တိုးမြှင့်ထားလိုက်သည်။
သူမ၏ ယခုတည်နေရာသည် သန့်စင်မြို့တော်နှင့် အလှမ်းမဝေးသောကြောင့် ကြီးမားသည့်စွမ်းအင်များ အသုံးမပြုမိစေရန်မူ သတိထားနေရဆဲဖြစ်လေသည်။
“မင်းရဲ့မောင်ကို သတ်ခဲ့တာ”
အာရန်သည် သူ့ကိုယ်သူ ပါးပြန်ရိုက်ပစ်ချင်စိတ်ပင် ပေါ်လာမိခဲ့သည်။
သူသည် စာရေးဆရာဆိုသူ၏ တုံ့ပြန်မှုနှင့် နောက်ထပ် ကမ္ဘာကူးပြောင်းလာသူအကြောင်း အာရုံလွင့်မျောနေခဲ့မိသဖြင့် ပင်လယ်နဂါးဧကရီအား ကူမောင်လေးပေးခဲ့စဉ်က အသုံးပြုခဲ့သော ဟန်ဆောင်မှုကိုပင် မေ့လျော့သွားခဲ့မိလေသည်။
ယင်းအစား သူမ၏မောင်ကို သတ်ခဲ့ကာ သူမလက်မှ လွတ်မြောက်သွားခဲ့သော အကြီးအကဲရန်အဖြစ်နှင့် သူမကို တွေ့ဆုံမိခဲ့ခြင်းဖြစ်နေ၏။
ဤမျှမိုက်မဲသောအမှားမျိုး လုပ်မိခဲ့ခြင်းအတွက် သူ့ကိုယ်သူသာ ကျိန်ဆဲနိုင်တော့သည်။
သူသည် ယခုသူ၏အဆင့်နှင့်ဆိုလျှင် ပြန်လည်တိုက်ခိုက်ကာ သူမကိုပင် လွယ်ကူစွာ အနိုင်ယူနိုင်နေပြီဖြစ်သော်လည်း သူတို့သည် သန့်စင်မြို့တော်အနီးတွင် ရှိနေခြင်းဖြစ်သောကြောင့် သူမကဲ့သို့ပင် သူလည်း သတိထား တိုက်ခိုက်နေရခြင်း ဖြစ်လေသည်။
သန့်စင်မြို့တော်မှ ဤနေရာကို စစ်ဆေးရန် အစောင့်တပ်သားအချို့ကို စေလွှတ်မိခဲ့လျှင်ပင် သူ့အတွက် အရေးမကြီးပေ။
သို့သော် ပင်လယ်နဂါးဧကရီသည် ၎င်းတို့၏ ဖမ်းဆီးခြင်းကို ခံရပေလိမ့်မည်။
၎င်းက သူဖြစ်စေချင်သောအရာတစ်ခုမဟုတ်ချေ။
‘လာစမ်းပါ ဦးနှောက်ရယ် တစ်ခုခု အကြံဉာဏ်ထွက်စမ်းပါ...’
အာရန်သည် ပင်လယ်နဂါးဧကရီ၏ တိုက်ခိုက်မှုများကို လျှင်မြန်စွာ ရှောင်ရှားနေရင်း ဖြင့် ဦးနှောက်တွင်လည်း အပြင်းအထန်စဥ့်စားနေခဲ့မိသည်။
သူ တုံ့ပြန်တိုက်ခိုက်မှုတစ်ခု ပြုလုပ်လိုလျှင် သန့်စင်မြို့တော်နှင့် အတိုင်းအတာတစ်ခုအထိ ဝေးနေမှသာ လုပ်ဆောင်နိုင်ပေလိမ့်မည်။
“ပြေးမနေနဲ့ ရှင်က သူရဲဘောကြောင်တဲ့ တိရစ္ဆာန်လိုကောင် ရှင့်ရဲ့သေဆုံးခြင်းကို လာပြီး လက်ခံလိုက်”
ပင်လယ်နဂါးဧကရီသည် ဒေါသတကြီးအော်ဟစ်တုံ့ပြန်လိုက်ရင်း သူ၏နောက်ကျောတွင် နဂါးအတောင်များ ပေါ်လာခဲ့လေ၏။
သူမသည် အာရန်နောက်သို့ ပျံသန်း၍ လိုက်သွားလေတော့သည်။
ပုံမှန်အားဖြင့် ပင်လယ်နဂါးများသည် သာမန်ကျင့်ကြံသူတစ်ဦးထက် ပို၍မြန်ဆန်လေသည်။
ပင်လယ်နဂါးဧကရီအတွက် ကံမကောင်းသည့်အချက်မှာ အာရန်သည် သာမန် ကျင့်ကြံသူတစ်ဦး ဟုတ်မနေခြင်းပင်။
သူမ မည်မျှ မြန်ဆန်စွာ ပျံသန်းပါစေ သူတို့နှစ်ဦးကြားရှိ အကွာအဝေးကို မချိုးဖျက်နိုင်သေးပေ။
“ကျုပ် ပြေးနေတယ်လို့ ဘယ်သူက ပြောတာလဲ။ ကိုယ့် မောင်လေးကိုတောင် ကိုယ်မကယ်နိုင်တဲ့သူကများ မင်းလို အရေးမပါတဲ့ တောရိုင်းတိရစ္ဆာန်မျိုးနဲ့ ကစားဖို့ ကျုပ်က စိတ်မဝင်စားလို့ရှောင်နေတာ”
အာရန်က ပင်လယ်နဂါးဧကရီအား အသနားခံရမည့်အစား သူမအား လှောင်ပြောင်၍ပင် ခနဲ့လိုက်သေးသည်။
ပြေးနေစဉ်မှာပင် အာရန်သည် အစီအစဉ်တစ်ခုကို စဉ်းစားမိခဲ့ပြီး ဖြစ်လေသည်။
သူ၏ ထိုအစီအစဉ်တွင် အောင်မြင်မှုရရှိရန် သူသည် သူ၏ အပိုင်းကို ကောင်းစွာ သရုပ်ဆောင်နိုင်ရမည်ဖြစ်လေ၏။
ယခုအချိန်တွင် သူသည် ကောင်းကင်နဂါးမျိုးနွယ်ဝင်တစ်ဦး မဟုတ်တော့ပေ။
သူသည် ပင်လယ်နဂါး၏ နယ်မြေအတွင်းသို့ ဝင်ရောက်ပြီး ၎င်းတို့၏ အိမ်ရှေ့မင်းသားကို သတ်ဖြတ်ခဲ့သော အကြီးအကဲရန်ပင် ဖြစ်နေလေသည်။
ယခုအာရန်သည် ပင်လယ်နဂါးဧကရီအား သန့်စင်မြို့စားမင်းဆီမှ ကယ်တင်ပေးခဲ့သူ မဟုတ်တော့ချေ။
“နင်”
ပင်လယ်နဂါးဧကရီ၏ မျက်လုံးနီနီများသည် ဒေါသကြောင့် ပို၍နက်မှောင်လာခဲ့လေသည်။
ဤငနဲသားသည် သူမအား လှောင်ပြောင်နေခဲ့ရုံသာမက သူမ မောင်လေး၏ သေဆုံးမှုကိုပင် ပြက်ရယ်ပြုနေသည်တဲ့လား။
သူမသည် ဒေါသအလွန်ထွက်သွားမိသောကြောင့် သူမကိုယ်သူမ ထိန်းချုပ်နိုင်ခြင်းပင် မရှိတော့ပေ။
သူမသည် သူမအတွက် အန္တရာယ်ရှိနိုင်သော်လည်း သူ၏ခန္ဓာကိုယ် ခွန်အားကို အကန့်အသတ်ထက် ကျော်လွန်တိုးမြှင့်စေရန် နဂါးလျှာအစွမ်းကို အသုံးပြုလိုက်တော့သည်။
သူမသည် သူမ၏ အစစ်အမှန်နဂါးပုံစံသို့ မပြောင်းလဲပါက ယခုသည် သူမ သွားနိုင်သည့် အမြန်ဆုံးနှုန်းထားပင်ဖြစ်လေသည်။
အာရန်အတွက် နောက်ထပ် အံ့အားသင့်စရာတစ်ချက်မှာ ဤအမြန်နှုန်းသည် သူ၏ကိုယ်ပိုင်အမြန်နှုန်းထက်ပင် ပို၍မြန်ဆန်ကြောင်း တွေ့ရှိခဲ့ရသောကြောင့်ပင်။
အာရန်အနေဖြင့် ပျံသန်းမှုဖြင့် အရှိန်မြှင့်တင်နိုင်စွမ်းကို အသုံးမပြုနိုင်သောကြောင့် ယခု သူ၏အမြန်နှုန်းသည် အကန့်အသတ်များ ရှိနေဆဲပင်ဖြစ်၏။
ပြီးခဲ့သည့် ဆယ်မိနစ်အတွင်း ၎င်းတို့နှစ်ဦးကြားရှိ အကွာအဝေးသည် စက္ကန့်ပိုင်းအတွင်း တဖြည်းဖြည်း ကျုံ့လာနေခဲ့သည်။
၎င်းတို့နှစ်ဦးသည် အလွန်မြန်မြန် ပျံသန်းနေသောကြောင့် ကမ္ဘာမြေနှင့် အလွန်နီးကပ်စွာ ပျံသန်းနေသော ကြယ်ပျံများကဲ့သို့ပင် အလားသဏ္ဍာန်တူနေခဲ့၏။
ကံကောင်းစွာဖြင့် ၎င်းတို့သည် သန့်စင်မြို့တော်နှင့် ပို၍ ဝေးရာအရပ်ဖြစ်သော မြောက်ပိုင်းတိုက်ကြီးတည်ရှိရာဘက်သို့ ပျံသန်းနေခဲ့ကြခြင်းဖြစ်လေသည်။
နောက်ထပ် မိနစ်နှစ်ဆယ် ထပ်မံကုန်ဆုံးသွားသောအခါ ၎င်းတို့နှစ်ဦးကြားရှိ အကွာအဝေးသည် မီတာအနည်းငယ်သာ ကွာတော့လေသည်။
နောက်ထပ် အနည်းငယ်မျှထပ်၍ နီးကပ်နိုင်မည်ဆိုပါက ပင်လယ်နဂါးဧကရီသည် သူမ၏ လက်မောင်းတစ်ဖက်ဖြင့် အာရန်အား ရိုးရှင်းစွာ ဖမ်းမိနိုင်ပေတော့မည်ဖြစ်၏။
“ရောက်ပြီ...”
အာရန်သည် မြေပြင်အနီးရှိ ဆိုင်းဘုတ်တစ်ခုကို မြင်လိုက်ရလေသည်။
သူ၏ ကိုယ်တွင်းရှိ ကောင်းကင်နဂါးသွေးမျိုးဆက်ကလည်း အနည်းငယ် မတည်မငြိမ်ဖြစ်စ ပြုလာပြီဖြစ်သည်။
သူသည် ကောင်းကင်နဂါး၏ တည်နေရာပြ မြေပုံပေါ်တွင် အမှတ်အသားပြုထားသော နေရာနှင့် တဖြည်းဖြည်း ပို၍နီးကပ်နေပြီလည်းဖြစ်လေသည်။
“ဟင် ဘုန်းတော်ကြီးတွေ အဲဒီမှာ ဘာလုပ်နေကြတာလဲ”
ခဏကြာပြီးနောက် အာရန်သည် ဘုန်းတော်ကြီးများမှ စောင့်ကြပ်နေသော ကျောက်သားအဆောက်အအုံဟောင်းတစ်ခုကို လှမ်း၍မြင်တွေ့လိုက်ရတော့သည်။
“ဘုန်းတော်ကြီးတွေက ရှင့်ရဲ့အသက်ကို ကယ်တင်နိုင်လိမ့်မယ်လို့ ရှင် တကယ်ထင်နေတာလား။ ဒီနေ့ ဒီကမ္ဘာကနေ ရှင့်ကို ကျွန်မရအောင် ဖယ်ရှားပစ်မယ်” ပင်လယ်နဂါးဧကရီသည်လည်း ရှေ့ရှိ သန့်စင်ဘုန်းတော်ကြီးများကို မြင်လိုက်မိလေသည်။
အာရန်သည် သူမကိုရင်ဆိုင်ရန် သန့်စင်အင်ပါယာအား ထပ်မံအသုံးချရန် ကြိုးစားနေသည်ဟုပင် သူမ ထင်မှတ်မိလိုက်သည်။
သူသည် သူမအား ဘုန်းတော်ကြီးများတည်ရှိရာဘက်သို့ တမင်တကာ မျှားခေါ်လာခဲ့ဟန်တူသည်။
သို့သော် သူမသည် ယခုအချိန်တွင်မူ မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ပေ။
သူမ အရာအားလုံးကို စွန့်စားရမည်ဆိုလျှင်ပင် အာရန်အား ရအောင် သတ်မည်ဖြစ်သည်။
“မင်းတို့အားလုံး သေရမယ်”
သူမသည် ထိုသို့ အော်ဟစ်ကြိမ်းဝါးလိုက်မိရာ ဤတိုက်ကြီးသို့ သူမလာခဲ့ရခြင်း၏ အစစ်အမှန် ရည်ရွယ်ချက်ကိုပင် မေ့လျော့သွားဟန်ရ၏။
ယခုအချိန်တွင် သူမအတွက် ဦးစားပေးလုပ်ဆောင်ရမည့်အရာမှာ အာရန်အား သတ်ပစ်ရန်ပင်ဖြစ်လေသည်။
“ ကယ်ကြပါဦးဗျို့ ... ပင်လယ်နဂါးတွေ ကျုပ်ကို တိုက်ခိုက်နေပါတယ် ဘုရားကျောင်း အလိုရှိတဲ့ ရာဇဝတ်ကောင်က ကျုပ်ကို တိုက်ခိုက်နေပါတယ်”
အာရန်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ အဝေးရှိ သန့်စင်ဘုန်းတော်ကြီးများ၏ အာရုံကို ဖမ်းစားလိုက်မိလေသည်။
အာရန်၏ အော်ဟစ်အကူအညီတောင်းလိုက်သံကြောင့် သန့်စင်ဘုန်းတော်ကြီးများသည် လွန်စွာ အံ့အားသင့်သွားခဲ့ကြသည်။
၎င်းတို့သည် သန့်စင်မြို့တော်သို့ မရောက်သေးသောကြောင့် အာရန်အား သိမနေခဲ့ကြပေ။
သို့သော် ပင်လယ်နဂါးဧကရီသည် ဘုရားကျောင်းမှအလိုရှိသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်းကိုမူ ၎င်းတို့ သိထားခဲ့ကြလေသည်။
သူမ၏နောက်ကျောဘက်ရှိ အတောင်ပံများနှင့် သူမ၏ ပုံပန်းသဏ္ဍာန်ကို ကြည့်ရှုခြင်းအားဖြင့် သူမသည် သူတို့၏ ရန်သူဖြစ်ကြောင်း ရှင်းလင်းလာခဲ့သည်။
ဘုန်းတော်ကြီးတစ်ဦးသည် သန့်စင်ဘုရားကျောင်းအား အကူအညီများစေလွှတ်ရန် ဆက်သွယ်မှုတစ်ခုကိုပင် စတင်စီစဉ်လိုက်၏။
တခြား သန့်စင်ဘုန်းတော်ကြီးများမှာမူ အာရန်နှင့် ပင်လယ်နဂါးဧကရီတို့အား တားဆီးရန် ၎င်းတို့ရှိရာဘက်သို့ ပြေးထွက်သွားကြလေသည်။
#Catfoot