တစ်ရက်တာအတွင်း
Vol. 32 Ch. 455
...
အာရန်သည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ရာ အတွေးများ ရှုပ်ထွေးနေဆဲပင် ဖြစ်လေသည်။
စာရေးဆရာဆိုသူ၏စကားအရ ရန် နစ်ခရိုလိုင်းသည် အချိန် စီးဆင်းမှု၏ ပြင်ပသို့ ရောက်ရှိသွားခဲ့ဘူးကြောင်း ဆိုလိုနေလေသည်။
သို့သော် ရန်နစ်ခရိုလိုင်းသာ ဤမျှစွမ်းအားကြီးမားခဲ့ပါက အဘယ့်ကြောင့် အရှင်သခင်လေးဦးမှ သူ့အားဖမ်းဆီး၍ ချိတ်စည်းတံဆိပ် ခတ်နှိပ်ခြင်းကို ခံခဲ့ရပါသနည်း။
အာရန်သည် နစ်ခရိုမန်ဆာမျှော်စင်မှ ထွက်ပြေးလွတ်မြောက်နိုင်ရန်အတွက် ဝါးမြိုသူ၏ အကူအညီကိုပင် ရယူခဲ့ရသေးသည်မဟုတ်ပါလား..။
ထိုဖြစ်ရပ်များ သူ၏မျက်စိရှေ့တွင်ပင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သော်လည်း သူသည် ဝါးမြိုသူကိုပင် မကယ်တင်နိုင်ခဲ့ချေ။
ထို့ကြောင့် ရန် နစ်ခရိုလိုင်းသည် အချိန် စီးဆင်းမှု၏ ပြင်ပတွင် ရှိနေနိုင်လောက်သည်အထိ ခွန်အားကြီးမားသူတစ်ဦး မဖြစ်နိုင်ပေ။
တစ်စုံတစ်ဦးမှ သူ့အား မကူညီပေးသရွေ့ သူသည် ၎င်းကို သူ၏ ကိုယ်ပိုင်ခွန်အားဖြင့် လုပ်ဆောင်နိုင်စရာအကြောင်းမရှိချေ။
အာရန်သည် သူ့ရှေ့မှစာရေးဆရာဆိုသူအား မော့ကြည့်လိုက်မိသည်။
ရန် နစ်ခရိုလိုင်းအား အချိန်၏ကန့်သတ်ချက်များမှ ခဏတာဖြစ်ဖြစ် လွတ်မြောက်ရန် ကူညီနိုင်မည့် တစ်စုံတစ်ဦးအကြောင်း တွေးလိုက်မိသောအခါ သူ၏ စိတ်ထဲတွင် တစ်ဦးတည်းသာ ပေါ်လာခဲ့လေ၏။
၎င်းမှာ သူ၏ ရှေ့တွင် ရပ်နေသောစာရေးဆရာဆိုသူပင်တည်း။
“ဒါပေမဲ့ သူသာ အချိန် စီးဆင်းမှုကနေ သွေဖယ်နိုင်စွမ်းရှိခဲ့မယ်ဆိုရင်တောင် သူ ဘယ်လိုလုပ်ပြီး...”
“ဟင်”
ထိုစဥ်မှာပင် စာရေးဆရာဆိုသူသည် သူ၏ ခေါင်းမော့လိုက်၍ ကောင်းကင်ရှိ ထူးဆန်းသော ဖြစ်ရပ်တစ်ခု ပေါ်လာသည်ကို ငေးကြည့်နေမိလိုက်သည်။
ထူးဆန်းသည့် အနီရောင်သန်းနေသော အရှိန်အဝါတစ်ခုသည် ကောင်းကင်တွင် ထွက်ပေါ်လာနေပြီး ထူးဆန်းသောမြင်ကွင်းတစ်ခုကို ဖန်တီးပေးလိုက်သည်။
“တခြားတစ်ယောက်ယောက်က မေးခွန်းဘောက်ချာကို သုံးလိုက်တာများလား” ဟု စာရေးဆရာဆိုသူသည် သူ၏ လေသံကို နှိမ့်၍ တိုးတိုးလေး ရေရွတ်မိလိုက်သည်။
“ဒါပေမဲ့ အဲဒီတည်နေရာက...”
သူသည် သူ၏စကားကို မပြီးဆုံးခဲ့သော်လည်း သူ၏မျက်လုံးများတွင် စူးစမ်းလိုသော အကြည့်များ ပြည့်နှက်လျက်ရှိလေ၏။
ထို့နောက် အာရန်ဘက်သို့ သူ၏အာရုံကို ပြန်လည် ပို့လွှတ်လိုက်ကာ...
“မင်းရဲ့မေးခွန်းကို ငါပြန်ဖြေနိုင်တာ ဒီလောက်ပဲ ခု ဒီနေရာမှာ ငါ့ရဲ့တာဝန်လည်း ပြီးဆုံးသွားခဲ့ပြီ”
သူ၏ ခန္ဓာကိုယ်ပတ်လည်ရှိ သံကြိုးများသည်လည်း ပြန်လည်ပျောက်ကွယ်သွားခဲ့ကာ သူသည်လည်း အာရန်၏မြင်ကွင်းဆီမှ တဖြည်းဖြည်းချင်း ပြန်လည် ပျောက်ကွယ်သွားခဲ့တော့သည်။
ကောင်းကင်ရှိ ထူးဆန်းသောအနီရောင်များသည်လည်း ပြန်လည် ပျောက်ကွယ်သွားခဲ့လေသည်။
ထို့နောက် ကောင်းကင်သည် ယခင်ကအတိုင်း ၎င်း၏ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့၏။
အချိန် စီးဆင်းမှု ပြန်လည်စတင်လာခဲ့ချိန်တွင် အာရန်၏ အာရုံအတွင်း ပထမဆုံးဝင်ရောက်လာသည့်အရာမှာ နဂါးဧကရီလက်အတွင်းရှိ အသားတုံး၏ မွှေးကြိုင်သောအနံ့ပင်ဖြစ်လေတော့သည်။
အာရန်အနေဖြင့် စာရေးဆရာ၏ တုံ့ပြန်မှုအပေါ် ခေါင်းခါမိရုံသာတတ်နိုင်တော့၏။
ထိုပုဂ္ဂိုလ်သည် အစောပိုင်းက တိုးတိုးလေး ရေရွတ်လိုက်ခြင်းဖြစ်သော်လည်း အာရန်သည် သူ၏ ရေရွတ်သံကို ကြားမိလိုက်လေသည်။
၎င်းက မေးခွန်းဘောက်ချာကို အသုံးပြုခဲ့သော အခြား ကမ္ဘာကူးပြောင်းလာသူတစ်ဦး အကြောင်းပင်ဖြစ်၏။
စာရေးဆရာဆိုသူ၏ ထူးဆန်းသောတုံ့ပြန်မှုသည် အာရန်၏အာရုံမှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။
စာရေးဆရာဆိုသူသည် ထိုသို့တိုးတိုးလေးရေရွတ်လိုက်စဥ် ခဏ၌ မြောက်ဘက်ဒေသသို့ လှည့်ကြည့်နေခဲ့ရာ ၎င်းက ပရောဖက် သို့မဟုတ် ဝိညာဥ်လမ်းလျှောက်သူကို ဆိုလိုခြင်း မဟုတ်ဟု အာရန်အား သေခြာသွားစေခဲ့သည်။
ဤကမ္ဘာတွင် အာရန်မသိသေးသော ကမ္ဘာကူးပြောင်းလာသူတစ်ဦး ကျန်ရှိနေသေးလေသည်။
အာရန်သည် ထိုကမ္ဘာကူးပြောင်းလာသူ၏ အစစ်အမှန် ခွန်အားအကြောင်းကို အမှန်တကယ်ပင် စူးစမ်းချင်နေမိခဲ့၏။
အခြားကမ္ဘာကူးပြောင်းလာသူအယောက်စီတိုင်းတွင် ခေတ်တစ်ခေတ်ကို စိုးမိုးချယ်လှယ်နိုင်သည့် ထူးခြားသော စွမ်းရည်များရှိနေခဲ့ကြလေသည်။
ဝိညာဥ်လမ်းလျှောက်သူသည် သူရဲကောင်းအကယ်ဒမီ၏ ဒုတိယကျောင်းအုပ် ရာထူးကို ရယူထားသူဖြစ်သည်။
ဖေးသည် လေမျှော်စင်၏ အမွေဆက်ခံသူအဖြစ် ကူးပြောင်းလာခဲ့ခြင်းဖြစ်၏။
ပရောဖက်သည်လည်း ဤကမ္ဘာသို့ ရောက်လာသောအခါ သူရဲကောင်းအကယ်ဒမီတွင်းရှိ ပါမောက္ခတစ်ဦး ဖြစ်နေပြီဖြစ်သည်။
စတုတ္ထမြောက် ကမ္ဘာကူးပြောင်းလာသူမှာမူ ပို၍ပင် ကံကောင်းသည်ဟုဆိုနိုင်သည်။
အဘယ်ကြောင့်ဆိုသော် သူသည် သူ၏ ကမ္ဘာကူးပြောင်းခြင်းဖြစ်စဥ်ပြီးပြီးချင်းမှာပင် သန့်စင်ဧကရာဇ်တန်းဖြစ်ခဲ့သောကြောင့်ပင်တည်း။
သို့သော် ကံမကောင်းစွာဖြင့် သူ၏ကံကောင်းမှုနှင့်အတူ ကံဆိုးမှုတစ်ခုသည်လည်း အဆစ်ပါလာခဲ့လေသည်။
ယင်းမှာ အာရန်တစ်ယောက် သန့်စင်အင်ပါယာသို့ ရောက်ရှိလာသည့်အချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေခဲ့ခြင်းပင်ဖြစ်၏။
ယခုအခါတွင် အာရန်မသိသေးသည့် ကမ္ဘာကူးပြောင်းလာသူတစ်ဦးသာ ကျန်နေတော့သည်။
အာရန်သည် ဤနောက်ဆုံး ကမ္ဘာကူးပြောင်းလာသူသည်လည်း မြောက်ပိုင်းတိုက်ကြီးတွင်သာ ရှိနေရမည်ဟု ယခုအခါတွင် လုံးဝသေချာသွားပြီဖြစ်၏။
၎င်းသည် စာရေးဆရာဆိုသူ ယခုထွက်ခွာသွားသောနေရာပင် ဖြစ်သည်မဟုတ်ပါလား...။
“သူ့မှာ အရမ်းကြမ်းတဲ့ စွမ်းရည်အဆန်းကြီးတွေတော့ မရှိပါစေနဲ့”
အာရန်သည် မြောက်ဘက်တိုက်သို့ လှည့်ကြည့်ရင်း တိတ်တိတ်လေး ဆုတောင်းလိုက်မိသည်။
အချိန်စီးဆင်းမှုများ ပြန်လည်စတင်လာပြီဖြစ်သဖြင့် မျှော်စင်သခင်၏ ဒေါသထွက်နေသောမျက်နှာကို အာရန်တစ်ယောက် စိတ်ကူးဖြင့်သာ ကြည့်မိနေတော့သည်။
....
မြောက်ပိုင်းတိုက်ကြီးတွင် အချိန်စီးဆင်းမှုသည် ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့သည်။
မျှော်စင်သခင်တစ်ယောက် သတိပြန်ဝင်လာသည်နှင့် အာရန်အား မည်သည့်နေရာတွင်မှ ထပ်မံရှာမတွေ့တော့သောကြောင့် သူ၏ မျက်နှာအမူအရာသည် လွန်စွာ မှောင်မိုက်သွားခဲ့ရလေသည်။
အာရန်သည် အခုနလေးတင်ကမှ သူ၏ အမှောင်မန္တာန်အတွင်း ပိတ်မိနေခြင်းဖြစ်သော်လည်း မျက်တောင်တစ်ချက်ခပ်စာအချိန်လေး အတွင်းမှာပင် ရုတ်တရက်ကြီး လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ပင် ဖြစ်နေခဲ့၏။
မျှော်စင်သခင်သည် သူ၏ အော်ရာကို ဖြန့်ကျက်လိုက်ပြီး ထောင်ပေါင်းများစွာသော မိုင်အကွာအဝေးကို ရှာဖွေကြည့်လိုက်သည်။
သို့သော် အာရန်၏ အငွေ့အသက်ကို မည်သည့်နေရာတွင်မှ သူ ရှာမတွေ့ခဲ့ရပေ။ ဝိညာဥ်နှောင်ကြိုးဆက်သွယ်ချက်ပင် လုံးဝပျောက်ကွယ်သွားခဲ့ရသည်။
“သူ ဒါကို ဘယ်လိုများ လုပ်လိုက်တာလဲ”
မျှော်စင်သခင်သည် မျက်မှောင်ကြုတ်လိုက်ရင်း ၎င်းမှာ အရာတစ်ခုတည်းသာ ညွှန်ပြနေကြောင်း သူ သဘောပေါက်သွားခဲ့သည်။
အာရန်သည် သူ၏ မျက်စိရှေ့မှပင် ဤတိုက်ကြီးမှ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်နေလေ၏။
“ဒါက သူ အရင်တစ်ခေါက်လုပ်ခဲ့တဲ့ အတိုင်းပဲ...” ဟု ပြောလိုက်သော်လည်း မြေပြင်ပေါ်ရှိ မြှားသဏ္ဍာန်ဓားခြစ်ရာလေး တစ်ကို သတိပြုမိလိုက်သဖြင့် သူ၏ စကားလုံးများ ရပ်တံ့သွားခဲ့သည်။
မျှောင်စင်သခင်သည် ထိုမြှားသင်္ကေတ ညွှန်ပြနေသော ဦးတည်ရာသို့ လိုက်သွားခဲ့ရာ သူ၏အကြည့်သည် မကြာမီ ချွန်ထက်သောဓားတစ်ချောင်းဖြင့် မြေပြင်ပေါ်တွင် ရေးထွင်းထားသော စာပိုဒ်တစ်ခုပေါ်သို့ ရောက်ရှိသွားခဲ့သည်။
သူသည် ထိုစာကို ဖတ်မိလေလေ သူ၏မျက်နှာအမူအရာများ ပိုမို၍မှောင်လာလေလေ ဖြစ်ခဲ့ရသည်။
မြေပြင်ပေါ်တွင် ထွင်းထားသော စာကြောင်းတိုင်းသည် ဤကမ္ဘာတွင် အသုံးပြုသော ကျိန်ဆဲနည်းများအနက်အဆိုးဝါးဆုံးစကားလုံးအသုံးအနှုန်းများဖြင့် ပြည့်နှက်နေလေသည်။
အချို့စကားလုံးများသည် ရိုင်းစိုင်းလွန်းသည့်အတွက်ကြောင့် သူပင် ယခင်က တစ်ခါမျှ ကြားဘူးခဲ့ခြင်းမရှိပေ။
အာရန်သည် မျှော်စင်သခင်တစ်ဦးတည်းကိုသာမက သူ၏မျိုးဆက် ခုနစ်ဆက်ကိုပင် ကျိန်ဆဲသွားခဲ့ခြင်းဖြစ်နေသည်။
မျှော်စင်သခင်သည် သူ၏ဒေါသကို မထိန်းနိုင်တော့ပေ။
“ရန်.... နစ်...ခရို....လိုင်း”
သူသည် အာရန်၏ အမည်အား ကျယ်လောင်စွာ အော်ဟစ်လိုက်မိရာ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အော်ရာတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားခဲ့သည်။
သူ၏ သေခြင်း အော်ရာ သက်ရောက်ခံရသည့် နေရာတိုင်းတွင် အပျက်အစီးများ စတင်ဖြစ်ပေါ်လာလေတော့၏။
ထိုနေရာရှိ မြေပြင်သည် ရာစုနှစ်ပေါင်းများစွာအထိ မြက်ပင် တစ်ပင်ပင် မပေါက်နိုင်လောက်အောင်အထိ ဖျက်ဆီးခြင်းခံလိုက်ရသည်။
ဂရေရန်ဒေါ်ဒေါ်မိသားစုပင် မျှော်စင်သခင်၏ ဒေါသ နောက်ဆက်တွဲကို ရှောင်လွှဲနိုင်ခြင်း မရှိခဲ့ချေ။
ဤနေရာသည် ဂရေရန်ဒေါ်ဒေါ်မိသားစု၏ ပိုင်နက်နယ်မြေအနီးတွင် ရှိနေခြင်းဖြစ်သောကြောင့် မိသားစု၏ ပိုင်ဆိုင်မှုများသည်လည်း ထိုအော်ရာ၏ သက်ရောက်မှုဆီမှ မလွတ်မြောက်နိုင်ခဲ့ပဲ ဖြစ်ခဲ့ရသည်။
ဂရေရန်ဒေါ်မိသားစု၏ ပိုင်ဆိုင်သမျှအရာအားလုံးသည် စက္ကန့်ပိုင်းအတွင်းမှာပင် မျှော်စင်သခင်၏ သေခြင်း အော်ရာသက်ရောက်မှုအောက်တွင် ဖုန်မှုန့်များအဖြစ် သို့ ပြောင်းလဲသွားခဲ့ရလေသည်။
ထိုနေရာရှိ အော်ရာသက်ရောက်ခံရသော မိုင်ပေါင်းများစွာအတွင်း သက်ရှိတစ်ဦးတစ်ယောက်မျှပင် မကျန်ရစ်ခဲ့ချေ။
အချိန်တအောင့်ကြာပြီးနောက်မှသာ မျှော်စင်သခင်သည် နောက်ဆုံးတွင် သူ၏ စိတ်ကိုပြန်လည် ထိမ်းချုပ်နိုင်ခဲ့ကာ ထိုအချိန်အတွင်း ထိုနေရာရှိ လူပေါင်းများစွာ သေဆုံးသွားခဲ့ရပြီး ဖြစ်လေ၏။
ကံကောင်းစွာဖြင့် မြောက်ပိုင်းတိုက်ကြီး၏ ကျယ်ပြန့်မှုနှင့်နှိုင်းယှဥ်မည်ဆိုပါက ထိုဖျက်ဆီးခံခဲ့ရသောနေရာသည် ကျယ်ပြန့်သော ကောင်းကင်ယံကြီးရှိ ကြယ်ပွင့်လေးတစ်ပွင့်ပမာ အစက်အပျောက်ငယ်လေးတစ်ခုမျှသာ ဖြစ်နေသည်။
လူ့အသက်ပေါင်းများစွာသည် မျက်စိတစ်မှိတ်လျှပ်တစ်ပြတ် တစ်ခဏတာလေး အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့ရသော်လည်း လူအများစုသည် ၎င်းဖြစ်ရပ်ကို ဘယ်တော့မှ သိနိုင်လိမ့်မည်ပင် မဟုတ်ပေ။
ဘယ်လက်ရုံးအစောင့်အရှောက်သည် သေဆုံးသွားခဲ့ပြီးဖြစ်ကာ သူ၏ တပည့်မလေး အန်ညာ၏ မိသားစုသည်လည်း ဖျက်ဆီးခံခဲ့ရလေပြီ။
တစ်ချိန်ကခန်းနားလွန်းခဲ့သော ပြိုင်ဘက်မိသားစုကြီးနှစ်ခု၏ စစ်ပွဲသည် ယနေ့တစ်ရက် အတွင်းမှာပင် အနိုင်ရသူကို ဆုံးဖြတ်ပြီးခဲ့ပြီ ဖြစ်လေ၏။
ဤချိန်မှစ၍ နစ်ခရိုမန်ဆာမျှော်စင်တွင် ညွှန်ကြားရေးမှူးနှင့် နှိုင်းယှဉ်နိုင်သော အစောင့်အရှောက်ဟူ၍ တစ်ဦးတည်းသာ ကျန်ရှိတော့ပေမည်။
၎င်းမှာ ညာလက်ရုံးအစောင့်အရှောက်ပင်တည်း။
နစ်ခရိုမန်ဆာမျှော်စင်၏ ခွင့်ပြုချက်ဖြင့် မြောက်ပိုင်းတိုက်ကြီးအား ထိန်းချုပ်နိုင်မည့် ကျန်ရစ်သည့် တစ်ခုတည်းသောမိသားစုမှာ လီယို၏ ရိုတန်ဟိမ်း မိသားစုသာ ဖြစ်လေ၏။
အန်ညာသည် သူမ အာရုံစိုက်ရန်ပင် ထိုက်တန်သည်ဟု မယူဆခဲ့သော ထိုအစေခံလူငယ်လေးတစ်ယောက်ကြောင့်ပင် တစ်ရက်တည်းနှင့် သူမတွင်ရှိသမျှ အရာအားလုံး ဆုံးရှုံးခဲ့ရကာ သူမသည် ထိုအကြောင်းကို သိရှိနိုင်ခွင့်ပင် မရရှိခဲ့ချေ။
#Catfoot