← Chapters

ပြောပြ၍မရနိုင်သော ဖြစ်တည်မှု ...

Vol. 32 Ch. 453

ပြောပြ၍မရနိုင်သော ဖြစ်တည်မှု ...

Vol. 32 Ch. 453

“ခင်ဗျားနဲ့ ဒီမြစ်အောက်က သူနဲ့ဆိုရင်ကော ဘယ်သူကပိုပြီး ခွန်အားကြီးမလဲ” အာရန်သည် မြစ်နှင့် မီတာတစ်ရာခန့်အကွာတွင် ရပ်လိုက်ပြီး စာရေးဆရာဆိုသူအား ထိုမေးခွန်းကို မေးလိုက်ခြင်းဖြစ်၏။

အာရန်သည် မြောက်ဘက်တိုက်သို့စတင် ဝင်ရောက်စဥ်အချိန်က ထိုမြစ်ပြင်အား ဖြတ်ကျော်နေစဉ် အတွင်းရှိ တစ်စုံတစ်ရာအား အာရုံခံမိခဲ့ခြင်း ဖြစ်လေသည်။

ကာဒီနယ်ရဟန်းအမတ် ထရီနီယယ်က အရှင်သခင်များပင် ထိုမြင်ပင်လယ်ကြီး အောက်ရှိ ဖြစ်တည်မှုနှင့်သာ အမှန်တကယ် ရင်ဆိုင်တွေ့ခဲ့မည်ဆိုရပါက ထိုနေရာမှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်မည်မဟုတ်ကြောင်း သူ့အား အသိပေးခဲ့သည်။

ထို့ပြင် သူ၏ ကိုယ်ပိုင်ဝိညာဉ်ကပင် မြစ်အပေါ်တွင် ဖြတ်ကျော်ခဲ့စဥ်က အနည်းငယ် မတည်မငြိမ်ဖြစ်နေခဲ့ပြီး သူသာ တစ်စက္ကန့်မျှ မြစ်ထဲသို့ ဆင်းမိခဲ့လျှင်ပင် ချက်ချင်း သေဆုံးသွားနိုင်သည်ဟူသော ခံစားချက်မျိုးပင်ဖြစ်၏။

ထိုမြစ်အောက်ခြေတွင် တည်ရှိနေသော ထိုထူးဆန်းသည့် ဖြစ်တည်မှုတစ်ခုအား သိရှိနိုင်မည့်သူဆိုပါက သူ့နောက်တွင် လိုက်ပါလာသော စာရေးဆရာဆိုသူ တစ်ယောက်သာ ရှိနိုင်မည် မဟုတ်ပါလား..။

“ငါ ဖြေလို့မဖြစ်ဘူး”

စာရေးဆရာဆိုသူကိုယ်တိုင်ပင် ထိုဖြစ်တည်မှုအား ထုတ်ဖော်ပြောပြ၍ မရနိုင်သကဲ့သို့ ဖြစ်နေဟန်တူ၏။

၎င်းသည် ဤကမ္ဘာကြီး၏ စည်းမျဉ်းများဖြင့် ကန့်သတ်ထားခြင်းများလား..။

“အနည်းဆုံးတော့ ခင်ဗျားအနေနဲ့ အဲဒီအရာက အရှင်သခင်လေးဦးထက် ပိုအားကောင်းလားဆိုတာတော့ ပြောပြနိုင်တယ်မလား။ ဒီကမ္ဘာကလူတွေ အနေနဲ့လည်း အဲဒီလောက်တော့ အကြမ်းဖျင်းနားလည်ထားပြီးသား ဆိုတော့ ဒါက စည်းမျဉ်းတွေကို ချိုးဖောက်ရာကျလိမ့်မယ်လို့တော့ မထင်ဘူး”

စာရေးဆရာဆိုသူသည် အာရန်၏စကားကြောင့် ခေတ္တတိတ်ဆိတ်သွားပြီး ၎င်းကို တွေးနေလိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက်မှ ပြန်လည် ဖြေကြားလိုက်၏။

“အရှင်သခင်တွေထက်တော့ သေချာပေါက် အားကောင်းတာပေ့ါ။ ငါဒီလောက်ပဲ ပြောပြနိုင်တယ်။ ဘယ်လောက်အထိ အားကောင်းလဲဆိုတာတော့ ငါ မဖြေပေးနိုင်ဘူး”

စာရေးဆရာဆိုသူ၏ လေသံသည် ပိုမိုလေးနက်လာခဲ့ပြီး ထပ်မံ၍ ထပ်လောင်းပြောဆိုလိုက်သည်။

“ငါ မင်းကို အကြံပေးနိုင်တာတစ်ခုတော့ ရှိတယ်။ အဲ့ဒီမြစ်ထဲကို ဘယ်တော့မှ ဆင်းကြည့်ဖို့မကျိုးစားနဲ့။ ခုသွေးပင်လယ်ရဲ့ အတိတ်က အုပ်ချုပ်သူ ကောင်းကင်နဂါး ကိုယ်တိုင်တောင် ဒီမြစ်အတွင်းကိုရောက်ရှိသွားရင် ရှင်သန်နိုင်မှာ မဟုတ်ဘူး”

“ဓားဧကရာဇ်ရဲ့ဓားကို အသုံးပြုခဲ့ရင်ကော ရှင်သန်ဖို့ အခွင့်အရေးရှိနိုင်မလား” အာရန်က စာရေးဆရာဆိုသူအား ဆက်လက်၍ မေးလိုက်၏။

အာရန်သည် ထိုဖြစ်တည်မှု၏ ခွန်အားအကြောင်းကို တိုက်ရိုက်မေးနိုင်မည် မဟုတ်သော်လည်း စည်းမျဉ်းများကို ချိုးဖောက်ရာမကျပဲ အဖြေအချို့ကိုရရှိနိုင်ရန် အတွက် စကားအနည်းငယ် နှိုက်ကြည့်ရန်သာ ဆုံးဖြတ်လိုက်ရသည်။

“အဲဒီဓားနဲ့လဲ မင်း ရှင်သန်နိုင်မှာ မဟုတ်ဘူး”

“ဒါမှမဟုတ် ကျုပ်သာ နစ်ခရိုမန်ဆာမျှော်စင်သခင်ကို အခုအသုံးပြုနေတဲ့ လှည့်ကွက်အတိုင်း ထပ်သုံးခဲ့ရင်ရော”

အာရန်သည် ဆက်လက်၍ မေးလိုက်ရာ ၎င်းသည် သူ မေးချင်သော အဓိကမေးခွန်း ပင်ဖြစ်လေသည်။

ကံမကောင်းစွာဖြင့် စာရေးဆရာဆိုသူအား မယုံသင်္ကာမဖြစ်စေရန် ဤမေးခွန်းအတွက် အခြားမေးခွန်းများဖြင့် လမ်းကြောင်းယူခဲ့ခြင်းဖြစ်လေ၏။

“ငါ အဲဒါကို မစမ်းကြည့်ဖို့ အကြံပေးချင်တယ်။ အဲ့ဒီနည်းလမ်းနဲ့လည်း မင်း ရှင်သန်နိုင်ဦးမှာ မဟုတ်ဘူး” ဟု စာရေးဆရာဆိုသူက ပြန်ဖြေလိုက်လေသည်။

“ကျုပ်သိပြီ...”

ထိုအဖြေတစ်ခုဖြင့်ပင် အာရန်သည် မြစ်အောက်ခြေရှိ ဖြစ်တည်မှု၏ အကြောင်းကို များစွာ နားလည်လိုက်ပြီဖြစ်သည်။

“ဒါဆို ဒီကမ္ဘာတစ်ခုလုံး အချိန်တွေရပ်တန့်သွားချိန်မှာတောင် မြစ်အောက်ဘက်မှာ ရှိတဲ့အရာကိုတော့ သက်ရောက်မှုမရှိနိုင်ဘူးပေါ့။ သူက အချိန်တွေရဲ့ ချုပ်နှောင်ထားမှုကနေ လွတ်မြောက်နိုင်စွမ်းရှိတယ်နဲ့ တူတယ်”

“ဟင်”

စာရေးဆရာဆိုသူသည် မျက်မှောင်ကြုတ်မိလိုက်ကာ ယခုမှသာ အာရန်၏ မေးခွန်းနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သွားခဲ့တော့သည်။

ထိုလူငယ်သည် သူ၏ အချိန်ရပ်တံ့နိုင်စွမ်းမှာ ထိုအရာအပေါ် အလုပ်ဖြစ်မဖြစ် တိုက်ရိုက်မေးခဲ့ပါက သူသည် ဖြေဆိုရန်ငြင်းဆန်မိခဲ့ပေလိမ့်မည်။

ထို့ကြောင့် ထိုလူငယ်လေးသည် သူ့အား အခြားမေးခွန်းများဖြင့် လှည့်ပတ်၍ သတိလက်လွတ်ဖြစ်သွားချိန်တွင် အငိုက်ဖမ်း၍ လှည့်မေးလိုက်ခြင်းဖြစ်လေ၏။

အာရန်သည် မေးခွန်းဘောက်ချာကို အသုံးပြုပြီးသည့် နောက်တွင်ပင် ထိုအရာ၏လက်မှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပါလျှင် အချိန်ဥပဒေသများသည် ထိုအရာအပေါ် သက်ရောက်မှုမရှိဟုသာ ဆိုနိုင်ပေလိမ့်မည်။

“အဲ့ဒီအရာက ခင်ဗျားနဲ့ အဆင့်တူပဲလို့ ထင်တယ်။ ဒါမှမဟုတ် ပိုပြီးတောင်မြင့်ရင် မြင့်နေနိုင်လိမ့်မယ်”

အာရန်သည် ဤကမ္ဘာတွင် ထူးဆန်းစွာတည်ရှိနေသော ထိုဖြစ်တည်မှုအကြောင်းအား ပိုမိုသိရှိလာလေလေ ပို၍အံ့အားသင့်လာလေလေ ဖြစ်ခဲ့ရသည်။

သူသည်အစောပိုင်းက ဤကမ္ဘာရှိ ဘုရားသခင်ဟု ခေါ်ဆိုနိုင်သောပုဂ္ဂိုလ်တစ်ဦးသာ ရှိနေခဲ့မည်ဆိုပါက ယခုစာရေးဆရာဆိုသူသာ ဖြစ်ပေလိမ့်မည်ဟု ထင်မှတ်ထားမိခဲ့သည်။

သို့သော် ယခုမူ ထိုမြစ်ထဲရှိ ဖြစ်တည်မှုသည် စာရေးဆရာဆိုသူထက် အနည်းငယ်မျှပင် အားနည်းခြင်းမရှိချေ။

ထို့အပြင် ၎င်းက ပို၍ စွမ်းအားကြီးနိုင်ချေပင် ရှိနေလေ၏။

အာရန်သည် မတော်တဆမှုတစ်ခုခုကြောင့်ဖြစ်စေ ထိုမြစ်အတွင်းသို့ ဘယ်တော့မှ ခြေမချမိရန် သူ့ကိုယ်သူ သေချာစွာ ကတိပေးလိုက်မိသည်။

သူ၏ အသက်ကလေးသည် သူ့အတွက် အဖိုးအတန်ဆုံးသော အရာဖြစ်ပြီး သူသည် မိုက်မဲသော အမှားတစ်ခုအတွက်နှင့် ၎င်းကို စတေးပစ်စရာအကြောင်းမရှိပေ။

ထို့နောက်အာရန်သည် လေထဲတွင် ပျံတက်သွားလိုက်ပြီး သူတတ်နိုင်သမျှ အမြင့်ဆုံးအထိ ပျံသန်းလိုက်လေသည်။

သူသည် မြစ်ကို ဖြတ်ကျော်နေစဉ် မြစ်နှင့် အတတ်နိုင်ဆုံး အကွာအဝေးတစ်ခုကို ခြားထားရန် ကြိုးစားခဲ့သည်။

စာရေးဆရာဆိုသူကလည်း အာရန်နောက်သို့ လိုက်ပါလာခဲ့ရာ သူ၏အကြည့်သည် မြစ်တစ်ဖက်ခြမ်းတွင် ရောက်ရှိနေဟန်ရ၏။

ထိုမြစ်၏ တစ်ဖက်ခြမ်းတွင် အသန့်ရှင်းဆုံးသော အသက်ဓာတ်များပြည့်နှက်နေသည့် ရှင်သန်ခြင်း၏ အော်ရာအငွေ့အသက်များပြည့်နှက်နေလေသည်။

သို့သော် မြစ်၏ အခြားတစ်ဖက်တွင်မူ ဆန့်ကျင်ဘက်အနေဖြင့် သေခြင်း၏ အော်ရာများဖြင့်သာ ပြည့်နှက်နေခဲ့ပြီ သေခြင်းတရား၏ အသန့်စင်ဆုံး ဖြစ်တည်မှုဖြစ်သည့် ငရဲ၏ အငွေ့အသက်များဖြင့် ဖုံးလွှမ်းထားလေ၏။

ကံကောင်းစွာဖြင့် မြစ် သို့မဟုတ် မြစ်ပင်လယ်ကြီးအတွင်း၌ တည်ရှိနေသော ထိုအရာသည် အာရန်အား မည်သည့် တုံ့ပြန်ခြင်းမျိုးမှ မပြုခဲ့ပေ။

အာရန်သည် မြစ်ပေါ်၌ ပျံသန်းနေစဉ် ပုန်းကွယ်နေသော တစ်စုံတစ်ဦးမှ သူ့အား စောင့်ကြည့်နေသကဲ့သို့သာ ခံစားမိခဲ့သည်။

ဤသို့ဖြင့် အာရန်သည် မြစ်၏အခြားတစ်ဖက်ခြမ်းရှိ မြေပြင်သို့ ရောက်ရှိသွားသောအခါမှသာ ထိုခံစားချက်မှာ ပျောက်ကွယ်သွားခဲ့ရပြီး နောက်ဆုံးတွင်တော့သူသည် အနောက်ပိုင်းတိုက်ကြီးသို့ ပြန်လည်ခြေချနိုင်ခဲ့ပြီး ဖြစ်လေ၏။

ယခု အာရန်သည် အခြားတိုက်သို့ ရောက်ရှိသွားပြီဖြစ်သောကြောင့် သူ၏ လည်ပင်းမှ ဝိညာဥ်နှောင်ကြိုး၏ သက်ရောက်မှုသည်လည်း ပြန်လည်ပျောက်ကွယ်သွားခဲ့ပြီး သူ့အားထောက်လှန်းနိုင်ခြင်းရှိတော့မည်မဟုတ်ပေ။

ဤသို့ဖြင့် မျှော်စင်သခင်သည် သူ၏ တိကျသောတည်နေရာကို ရှာတွေ့နိုင်တော့မည်မဟုတ်ပေ။

အနည်းဆုံး‌တော့ ငရဲတံခါးမဖွင့်ခင် အချိန်အထိတော့ သူလုံခြုံနိုင်ဦးမည် ဖြစ်လေသည်။

မျှော်စင်သခင် ဆက်စပ်တွေးကြည့်နိုင်မည့်တစ်ခုတည်းသောအရာမှာ သူသည် သန့်စင်ကောင်းချီးစွမ်းအင်များကို အသုံးပြုခဲ့ခြင်းပင်ဖြစ်သည်။

ကံကောင်းစွာဖြင့် အာရန်သည် အခြားစွမ်းရည်များကို အသုံးမပြုမိခဲ့ပေ။

သူ အသုံးပြုခဲ့သော တစ်ခုတည်းသောအရာမှာ အရှိန်မြှင့်တင်ခြင်းအစွမ်းသာဖြစ်ပြီး ၎င်းသည် သွေးမျိုးဆက်စွမ်းရည်တစ်ခုလည်း ဖြစ်လေသည်။

ကောင်းချီးစွမ်းရည်နှင့် သွေးမျိုးဆက်စွမ်းရည်တို့ကြားရှိ ကွာခြားမှုကို ခွဲခြားရန် မဖြစ်နိုင်လုနီးပါးပင် ဖြစ်သည်။

ထိုစဥ်ကသူအသုံးပြုခဲ့သော ဓား၏ အော်ရာသည်ပင် ကောင်းချီးစွမ်းအင်များ ပြည့်နှက်နေခဲ့ပြီး ၎င်းက သူ့အား သန့်စင်အင်ပါယာနှင့် ဆက်စပ်တွေးမိစေမည် ဖြစ်လေ၏။

မျှော်စင်သခင်သည် သူ့အား သန့်စင်ဧကရာဇ်၏ ညီတော်အဖြစ် အသွင်ယူနေသည်ဟု ယုံကြည်မိခဲ့လျှင်ပင် ယခုလောလောဆယ်တွင် မြောက်ပိုင်းတိုက်ကြီးမှနေ၍ သူလုပ်နိုင်မည့်အရာ ဘာမှရှိမည်မဟုတ်ပေ။

မျှော်စင်သခင်သည် အာရန်အားရှာဖွေရန် ကြိုးစားချင်ခဲ့လျှင် သန့်စင်အင်ပါယာအား စစ်ကြေငြာရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့သည့်အတွက် ၎င်းက သူမြောက်ဘက်တိုက်သို့ သွားရောက်ခဲ့ရသည့် ရည်ရွယ်ချက်တစ်ခုပင် မဟုတ်ပါလော...။

“မင်း အခု လုံခြုံတဲ့နေရာတစ်ခုကို ‌ရောက်ရှိနေပြီဆိုတော့ မင်းမေးစရာရှိတာ မြန်မြန်မေးပြီး ငါ့ကို ထွက်သွားခွင့်ပေးတော့လေ။ ငါ့မှာလည်း အခြား လုပ်စရာ အလုပ်တွေ အများကြီးရှိနေသေးတယ်”

စာရေးဆရာဆိုသူသည် သူ၏နဖူးကို ပြန်လည် ပွတ်သပ်မိရင်း ရက်သတ္တပတ်များစွာ ဤနေရာတွင် ကလေးထိန်းကဲ့သို့ အာရန်နောက်သို့ တကောက်ကောက် လျောက်လိုက်နေခဲ့ရခြင်းအား လွန်စွာ ငြိးငွေ့နေဟန်ရလေသည်။

သူသည် ဤနေရာတွင် ပိတ်မိနေခဲ့ခြင်းကြောင့် အခြားအရေးကြီးသော ဖြစ်ရပ်များစွာကိုလည်း လွဲချော်ခဲ့ရသည်။

“နဲနဲစောပါသေးတယ်။ ကျုပ်တို့ သန့်စင်မြို့တော်နား ရောက်တဲ့အထိ စောင့်ပေးပါဦးလား”

စာရေးဆရာဆိုသူသည် အာရန်အား တိတ်ဆိတ်စွာ စိုက်ကြည့်လိုက်သည်။

သူ့တွင်လည်းအခြားရွေးချယ်စရာမရှိတော့သောကြောင့် အာရန်နောက်သို့ပင် တစ်ဖန် ထပ်မံလိုက်ပါသွားရပြန်လေသည်။

ဤသို့ဖြင့် နောက်ထပ် ရက်သတ်တစ်ပတ်အနည်းငယ်အထိ ကမ္ဘာကြီးတစ်ခုလုံးနှင့် ငရဲတံခါးပွင့်မည့် အချိန်သည်ပင် ရပ်တံ့သွားခဲ့ရလေသည်။

ငရဲတံခါးဖွင့်ရန် ကျန်ရှိနေသော သုံးပတ်သည် ဆက်လက်ရပ်တံ့နေခဲ့ရာ တွက်ကြည့်မည်ဆိုပါက လက်တွေ့တွင် တစ်ရက်ပင် မကုန်ဆုံးသေးချေ။

ဤသို့ဖြင့် စာရေးဆရာဆိုသူသည် အာရန်နှင့်အတူ လိုက်ပါလာရင်း ၎င်းတို့သည် သန့်စင်မြို့တော်အနီးသို့ ရောက်ရှိသောအခါမှသာ ရပ်လိုက်ကြလေသည်။

ထို့နောက် ကျောက်တုံးတစ်တုံးပေါ်တွင် ရုပ်သေကြီးဖြင့် ကျောက်ရုပ်တစ်ရုပ်အလား ထိုင်လျက်စောင့်နေသော ပင်လယ်နဂါးဧကရီအား မြင်တွေ့လိုက်ရလေတော့၏။

#Catfoot

All Chapters