ခွန်အားအကြီးဆုံးလူ ...
Vol. 32 Ch. 452
အာရန်သည် မြေပြင်ပေါ်ရှိ အမှောင်ထုများကြီးစိုးနေသည့် ရွံ့နွံအိုင်လိုမျိုးဖြစ်နေသော နေရာတစ်ခုကို စိုက်ကြည့်လိုက်မိသည်။
၎င်းသည် မျှော်စင်သခင်၏ အကျဉ်းထောင်နယ်မြေနှင့် တိုက်ရိုက် ချိတ်ဆက်ထားပုံရလေသည်။
တစ်စုံတစ်ဦးသည်သာ ထိုနယ်မြေသို့ ပို့ဆောင်ခံလိုက်ရပါက လွတ်မြောက်နိုင်ခွင့်မှာ အိပ်မက်တစ်ခုအဆင့်အထိ လျော့ကျသွားပေလိမ့်မည်။
သို့သော် သူသည် ၎င်းဆီမှ တစ်စုံတစ်ရာ ထူးဆန်းသည်ဟုလည်း ခံစားနေရ၏။
အတိတ်က ဝါးမြိုသူသည် ရန် နစ်ခလိုလိုင်းနှင့်အတူ နစ်ခရိုမန်ဆာ မျှော်စင်မှ ထွက်ပြေးခဲ့စဉ် ထိုကဲ့သို့သော နေရာမျိုးမှ သူ့အား ကယ်တင်ခဲ့သည်ဟု မှတ်ဉာဏ်အပိုင်းအစအတွင်း၌ ဖော်ပြထားခဲ့ခြင်းများလား။ သူ မသေချာပေ။
ထို့နောက် အာရန်သည် သူ၏ လက်ထဲတွင်ရှိသော အသုံးမဝင်တော့သည့် မှတ်တမ်းတင်သလင်းကျောက် အပိုင်းအစလေးကိုသာ တစ်ချက်ကြည့်လိုက်မိသည်။
“သူသာ ဒီလှည့်ကွက်ကို ယုံပြီး င့ါကိုသာ မှတ်တမ်းလေးတစ်ခေါက်လောက်ပေးပြခဲ့ရင် ဘယ်လောက်တောင်ကောင်းမလဲ”
အာရန်သည် မှတ်တမ်းတင်သလင်းကျောက်၏ ကျန်ရှိနေသော သေးငယ်သည့် အပိုင်းအစလေးကို လိုလိုမယ်မယ်အဖြစ် သူ၏ စနစ်လိုလှောင်ခန်းထဲတွင် ထိမ်းသိမ်းထားလိုက်ပြီး အစောပိုင်းက သူ၏ သရုပ်ဆောင်မှုမှာ အနည်းငယ်အားနည်းနေခြင်းကြောင့်များလားဟု တွေးမိလိုက်သည်။
“ငါ နဲနဲပိုပြီး ဒါ့ထက် ဒရာမာဆန်ဆန် သရုပ်ဆောင်ခဲ့သင့်တယ်တယ်ထင်”
အာရန်သည် စိတ်ပျက်စွာဖြင့် သက်ပြင်းသာ ချလိုက်နိုင်တော့၏။
“သူများဆီက နွားနို့ထပ်မညှစ်နိုင်တော့တာနဲ့ပဲ ဒီလိုညီးညူနေစရာမလိုဘူးထင်တယ်” ဟု စာရေးဆရာဆိုသူက ပြောလိုက်ရာ အာရန်သည် အတွေးများအတွင်း နစ်မြောနေရာမှ ပြန်လည်နိုးထလာခဲ့သည်။
“ဟင်... ခင်ဗျားလည်း ကျုပ်ကမ္ဘာက ဘန်းစကားအသုံးအနှုံးတွေကို သိတယ်ပေ့ါ ဟုတ်လား”
အာရန်သည် စာရေးဆရာဆိုသူ၏ စကားများကြောင့် အနည်းငယ်အံ့အားသင့်သွားဟန်ဖြင့် ပြောလိုက်၏။
“ဒါပေမဲ့ ဒါက သိပ်အံ့သြစရာတော့လည်း မဟုတ်ပါဘူးလေ ခင်ဗျားက ကျုပ်ကို အဲ့ဒီ ကမ္ဘာကနေ ခေါ်လာခဲ့တာဆိုတော့ အဲဒီနေရာနဲ့ အဆက်အသွယ်ရှိနေနိုင်တာက ဖြစ်နိုင်ပါတယ်လေ”
စာရေးဆရာဆိုသူသည် မည်သည့်အဖြေမျှ ပြန်မပေးခဲ့ပေ။
အာရန်သည် မျှော်စင်သခင်အား နောက်ဆုံးတစ်ကြိမ် ပြန်ကြည့်လိုက်ပြီးနောက် ထိုနေရာမှ လှည့်ထွက်လာလိုက်သည်။
စာရေးဆရာဆိုသူပင် အာရန်တစ်ယောက် သူ၏ မေးခွန်းဘောက်ခြာကိုအသုံးပြု၍ အတင်းအကျပ်မေးခွန်းတစ်ခုကို ယခုအချိန်တွင် မေးရန် အစီအစဉ်မရှိကြောင်း နားလည်ထားလေသည်။
၎င်းသည် အမျှော်အမြင်ရှိသော အစီအစဉ်တစ်ခုလည်း ဖြစ်လေ၏။
သူသည် အာရန်နောက်သို့သာ ထပ်ကြပ်မကွာ လိုက်သွားခဲ့ကာ သူ၏ ခြေလှမ်းများသည် နှေးကွေးနေပုံရသော်လည်း အာရန်၏ ခြေလှမ်းများနှင့်မူ တူညီစွာ ရှိနေဆဲပင်တည်း။
“ခင်ဗျားအတွက် မေးခွန်းတစ်ခုရှိပါတယ်။ ဒါက ဒီကမ္ဘာရဲ့ လျှို့ဝှက်ချက်တွေအကြောင်း မဟုတ်ဘူးဆိုတော့ ခင်ဗျားကို အတင်းအကျပ် မေးခိုင်းစရာမလိုဘဲ ဖြေနိုင်မယ်လို့ ကျုပ် ယုံကြည်မိတယ်”
အာရန်သည် ၎င်းတို့နှစ်ဦးစလုံး တောအုပ်တစ်ခုကို ဖြတ်ကျော်လာပြီးမှသာ စာရေးဆရာဆိုသူအား ထပ်မံ ပြောလိုက်ခြင်းဖြစ်၏။
ဤကမ္ဘာတစ်ခုလုံးတွင် အချိန်များရပ်တံ့နေသောကြောင့် အာရန်သည် အနောက်ပိုင်းတိုက်ကြီးသို့ ပြန်ပျံသန်းသွားရန် မည်သည့်သားရဲကိုမျှ အသုံးမပြုနိုင်ခဲ့ပေ။
အချိန်သည်လုံးဝ ရပ်တံ့နေသောကြောင့် သူ၏ စနစ်သိုလှောင်ခန်းအတွင်းသိမ်းဆည်းထားခဲ့သော ဖီးနစ်ငှက်ကိုပင်အသုံးပြုနိုင်စွမ်းမရှိချေ။
အာရန်သည် ကိုယ့်အားကိုယ်ကိုး၍သာ ခရီးတစ်ခုလုံးကို ချီတက်ရမည်ဖြစ်သောကြောင့် ၎င်းသည် အချိန်အလွန်ပုပ်သော ခရီးစဥ်တစ်ခုလည်း ဖြစ်လေသည်။
သို့သော် အကောင်းဘက်မှတွေးရမည်ဆိုလျှင်မူ ယခုသည် အချိန်များ ရပ်တံ့နေသောကြောင့် အချိန်လိုအပ်မှုကို ထည့်တွက်စရာမလိုအပ်ခြင်းပင်။
“မင်းရဲ့မေးခွန်းပေါ် မူတည်မယ်”
စာရေးဆရာဆိုသူသည် ဝိုးတဝါးသာ ပြန်ဖြေလိုက်သည်။
“ကျုပ် ဒီကမ္ဘာကို စရောက်လာတော့ အရင်ကမ္ဘာကလူတွေကို ဆက်သွယ်ဖို့ ကျုပ်ရဲ့ ဟန်းဖုန်းကို အသုံးပြုနိုင်သေးတယ်။ အင်တာနက်တောင် သုံးလို့ရတယ်။ ဒီကမ္ဘာမှာ ဆက်သွယ်ရေး တာဝါတိုင်တွေ မရှိတာ ကျုပ်သေခြာစုံစမ်းပြီးသွားပြီ။ ဒါဆို ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ရတာလဲ” အာရန်သည် သူအချိန်အတော်ကြာ ကတည်းက သိချင်နေခဲ့သော မေးခွန်းတစ်ခုကို စာရေးဆရာဆိုသူအား စတင်မေးလိုက်သည်။
“ဒါကဘာလို့လဲဆိုတော့ မင်း ယူလာခဲ့တဲ့ဖုန်းက မူလဖုန်းဆီကနေ တိုက်ရိုက် ပွားယူထားတဲ့ အရာတစ်ခုဖြစ်နေလို့ပဲ။ ဒါကို မင်းအတွက် ဆုလာဘ်တစ်ခုလို့ပဲ ယူဆကြည့်လိုက်။ မင်းရဲ့အစစ်အမှန်ဖုန်းက မင်းရဲ့ အရင်ကမ္ဘာမှာပဲ ရှိနေဦးမယ်။ နှစ်ခုစလုံးက တစ်ခုတည်းအဖြစ် တိုက်ရိုက်ဆက်သွယ်ပွားယူထားတာမို့ မင်းက ဒီကဖုန်းကို အသုံးပြုပြီး ဟိုကမ္ဘာမှာကျန်ခဲ့တဲ့ဖုန်းနဲ့ ခေါ်ဆိုမှုကို တိုက်ရိုက် လုပ်ဆောင်နိုင်တာဖြစ်တယ်”
“ဒီလိုဆိုရင် ကျုပ်ရဲ့ မူလခန္ဓာကိုယ်ကရော...”
အာရန်သည် အနည်းငယ်တုံ့ဆိုင်းနေပြီးနောက် ဆက်လက်၍ မေးလိုက်၏။
သူ၏ဝိညာဉ်သာ ဤကမ္ဘာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ကမ္ဘာပေါ်ရှိ သူ၏ မူလခန္ဓာကိုယ် ဘာဖြစ်သွားသနည်းဆိုသည်ကို သူအမှန်တကယ် သိချင်နေလေသည်။
သူ၏ မူလကမ္ဘာမြေမှ ခန္ဓာကိုယ်ကို ရန်နစ်ခရိုလိုင်း၏ ဝိညာဉ်က ပြန်လည်ပိုင်ဆိုင်သွားခြင်းများလား။
မြို့ပြလူဝင်စား ဝတ္ထုများကဲ့သို့ ထိုနေရာတွင် သူ၏ ခန္ဓာကိုယ်အားအပိုင်သိမ်း၍ သူဌေးသားများအား ပါးဖြတ်ရိုက်နေမည်လား။
သို့မဟုတ် ပုပ်ပွနေသော ရုပ်အလောင်းကောင်ကဲ့သို့ သူ၏နေအိမ်၌ပင် လဲလျောင်းလျက်ရှိနေခြင်းများလား...။
အခြားတစ်ဦးဦးမှ တွေ့ရှိသွား၍ မြေမြှုပ်ပစ်လိုက်ပြီလား...။
သို့သော် ယခုအချိန်တွင်မူ ဤအချက်များသည် သူ့အတွက် သိပ်တော့ အရေးမပါပေ။
ယခုဤနေရာတွင် နေရသည်မှာ အသားကျလာပြီဖြစ်သဖြင့် အာရန်သည် သူ၏ မူလကမ္ဘာမြေမှ ခန္ဓာကိုယ်အား အနည်းငယ်ပင် စိမ်းသက်သွားပြီဟု ခံစားလာရသည်။
အဘယ်ကြောင့်ဆိုသော် သူသည် ဤခန္ဓာကိုယ်ဖြင့်နေထိုင်ရသည်ကို အသားကျနေပြီဖြစ်သောကြောင့်ပင်တည်း။
သို့သော် သူ၏စူးစမ်းလိုစိတ်ကမူ သူ့အား လွှမ်းမိုးလျက်ရှိနေဆဲပင်။
“မင်းရဲ့ဝိညာဉ်သာ ဒီကို ရောက်လာခဲ့တာ။ မင်းရဲ့ခန္ဓာကိုယ်က အရင်ကမ္ဘာမှာ ပဲရှိနေသေးတယ်” စာရေးဆရာဆိုသူက ထပ်မံဖြေပေးလိုက်သည်။
“ဒါက အရင်ကမ္ဘာပေါ်မှာ ကျုပ် သေနေပြီလို့ ဆိုလိုတာလား။ တခြားသူတွေက ကျုပ်ရဲ့ ရုပ်အလောင်းကို ရှာတွေ့သွားကြပြီလား” ဟု အာရန်က ထပ်မံမေးလိုက်၏။
သူ၏ခန္ဓာကိုယ်သည် ဝိညာဉ်မပါဘဲ ဆက်လက်ရှင်သန်နေဦးမည်ဆိုလျှင်ပင် ၎င်းက အစားအစာနှင့် ရေမရရှိဘဲ ဆက်လက် ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။
၎င်းက အိမ်နီးချင်းများအား သတိပေးနိုင်လောက်အောင်ပင် ပုပ်စော်နံနေမည်ဖြစ်ကာ အချိန်အတော်ကြာကတည်းကပင် သူသည် သေဆုံးနေပြီးသားဖြစ်ပေလိမ့်မည်။
စာရေးဆရာဆိုသူသည် ဤတစ်ကြိမ်တွင်မူ ပြန်လည်တိတ်ဆိတ်သွားခဲ့ပြီး အာရန်၏အမေးကို ထပ်မံ အဖြေမပေးတော့ပေ။
အာရန်သည်လည်း တူညီသောမေးခွန်းကို ထပ်မံမမေးခဲ့ချေ။
ထိုအရာသည် တွေးကြည့်ရုံဖြင့်ပင် မည်မျှစိတ်ရှုပ်စရာကောင်းနေပါစေ သူသည် ဤကမ္ဘာတွင် ဘဝအသစ်တစ်ခုကို စတင်နေခဲ့ပြီဖြစ်၏။
ဤအချိန်၌ အာရန်သည် သူ့ကိုယ်သူ ရန် နစ်ခရိုလိုင်းအဖြစ် အမှန်တကယ် လက်ခံထားလိုက်မိပြီးဖြစ်ကာ မူလကမ္ဘာသို့ ပြန်သွားရန် စိတ်ကူးလည်းမရှိတော့ပေ။
ယခုပြောင်းလဲသွားသော အမူအကျင့်များနှင့်အာရန်သည် သူ၏ မူလကမ္ဘာမြေပေါ်တွင် သာဆိုပါက သူ့အား မကောင်းဆိုးဝါးတစ်ကောင်ဟုပင် သမုတ်ကြပေလိမ့်မည်။
“ကျုပ်ဖုန်းကို မူလကမ္ဘာက ဖုန်းဆီကနေပွားယူထားတာဆိုရင် အားသွင်းကြိုးကိုလည်း ထပ်ပြီးပွားယူနိုင်ရမယ် မဟုတ်လား”
အာရန်သည် ခေါင်းစဉ်ကို ပေါ့ပါးသည့်အရာတစ်ခုသို့ ပြောင်းလဲလိုက်သည်။
“ကျုပ်ဖုန်း ဘက်ထရီက နောက်ဆုံးတစ်ကြိမ် ဖွင့်ဖို့လောက်ပဲ ရှိတော့လို့ သာမန်အုတ်နီခဲတစ်ခုနဲ့တောင် သိပ်မကွာတော့ဘူး”
“မင်းရဲ့အားသွင်းကြိုးကို ပွားယူလာခဲ့ရင်တောင် မင်း အားသွင်းပေါက်ကို ဘယ်မှာသွားပြီးရှာမှာလဲ။ ပြီးတော့ မင်း အေစီ လျှပ်စစ်ဓာတ်အားကိုကော ဘယ်မှာ ရမှာလဲ။ ဒီကမ္ဘာက ဘယ်လိုကမ္ဘာမျိုးလဲဆိုတာကိုကော မင်း မေ့သွားပြီလား”
ဤတစ်ခါတော့ စာရေးဆရာဆိုသူသည် အနည်းငယ် စိတ်မရှည်တော့ဟန်ဖြင့် အာရန်၏အမေးကို ပြန်လည်ဖြေကြားပေးလိုက်သည်။
ထိုအခါမှသာ အာရန်သည်လည်း လျပ်စစ်နှင့် ဆက်စပ်ပစ္စည်းပြတ်တောက်မှု ပြဿနာတစ်ခုဖြစ်ကြောင်း သဘောပေါက်သွားမိ၏။
အားသွင်းကြိုးတစ်ခုတည်းဆိုပါကလည်း သူ၏ဖုန်းကို အားပြန်သွင်းရန် လျှပ်စစ်မီးမရှိသဖြင့် မူလကမ္ဘာပေါ်တွင် မည်သည့်အရာများ ဖြစ်ပျက်နေမည်ကို စုံစမ်းစစ်ဆေးနိုင်မည်မဟုတ်ပေ။
၎င်းတို့နှစ်ဦးသည် ကမ္ဘာနှစ်ခုအကြောင်း စကားစမြည်များပြောဆိုနေရင်းဖြင့် မျှော်စင်သခင်နှင့် ဝေးရာအရပ်သို့ ဆက်လက်လျှောက်လာနေခဲ့ကြသည်။
အာရန်သည် စာရေးဆရာဆိုသူနှင့် ဤမျှစကားအကြာကြီးပြောဖူးသည်မှာ ယခုသည် ပထမဆုံးအကြိမ်လည်း ဖြစ်လေ၏။
၎င်းပုဂ္ဂိုလ်သည် ဤကမ္ဘာ၏ ဥပဒေသများအတိုင်းမလိုက်နာသော လျှို့ဝှက်ဆန်းကြယ်သည် ဖြစ်တည်မှုတစ်ခုလည်း ဖြစ်နေသည်။
ဤသို့ဖြင့် အာရန်တို့နှစ်ဦးသည် အချိန်အတော်ကြာကတည်းက ငယ်ပေါင်း သူငယ်ချင်းကြီးများ ဖြစ်ခဲ့ကြသကဲ့သို့ ဆက်လက်ပြောဆိုနေခဲ့ကြပြီး ၎င်းသည် အာရန်အတွက် ထူးဆန်းသောခံစားမှုတစ်ရပ်လည်း ဖြစ်လေ၏။
သူသည် ဤကမ္ဘာတွင် တားမြစ်ထားသော ဖြစ်တည်မှုကြီးများထဲမှ တစ်ခုဖြစ်သော စာရေးဆရာဆိုသူနှင့် ယခုကဲ့သို့လက်ပွန်းတတီး အတူရှိနေရချိန်တွင် အဘယ်ကြောင့် ဤမျှသက်တောင့်သက်သာဖြစ်သည်ဟု ခံစားနေရသည်အား သူ့ကိုယ်သူပင် နားမလည်နိုင်ခဲ့ပေ။
စာရေးဆရာဆိုသူသာမက ဓားဧကရာဇ်တုံးကလည်း ထိုနည်းတူပင် ခံစားခဲ့ရလေသည်။
၎င်းမှာ တစ်ဦးနှင့်တစ်ဦး လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက သိကြွမ်းခဲ့ကြသော မိတ်ဆွေရင်းကြီးများသဖွယ် ခံစားချက်မျိုး ဖြစ်နေခဲ့၏။
....
[ရက်သတ္တပတ်များစွာကြာပြီးနောက်.....]
အာရန်သည် စာရေးဆရာဆိုသူနှင့်အတူတကွ အချိန်အတော်ကြာအောင် ခရီးဆက်ခဲ့ရလေသည်။
သူသည် သူတတ်နိုင်သရွေ့ ရံဖန်ရံခါ ကောင်းကင်ပေါ်တွင် ပျံသန်းရင်း သူ၏ အမြန်နှုန်းကို ကြိမ်ဖန်များစွာ တိုးမြှင့်ခဲ့သည်။
သို့သော်လည်း စာရေးဆရာဆိုသူကတော့ အေးအေးလူးလူး သက်တောင့်သက်သာ လမ်းလျှောက်လျှက်နှင့်ပင် သူအား အလွယ်တကူလိုက်မှီနိုင်နေဆဲပင်။
ဤသို့ဖြင့် မကြာမီမှာပင် အာရန်နှင့်စာရေးဆရာတို့သည် မြောက်ပိုင်းတိုက်ကြီး၏ အဆုံးသတ်နယ်နိမိတ်သို့ ရောက်ရှိလာခဲ့ကြလေသည်။
၎င်းနေရာက မြောက်ပိုင်းတိုက်ကြီးနှင့် အနောက်ပိုင်းတိုက်ကြီးကို ခွဲထုတ်ထားသော သေခြင်းရှင်ခြင်းမြစ်ပြင်ကျယ်ကြီး တည်ရှိရာနေရာလည်းဖြစ်လေ၏။
“ခင်ဗျားက ဒီကမ္ဘာမှာ အားအကောင်းဆုံး ဖြစ်တည်မှုတစ်ခုလား”
အာရန်သည် သူနှင့် အလှမ်းသိပ်မဝေးသောနေရာမှ မြစ်၏ လက်ဆတ်သောရနံ့ကို ခံစားမိရင်း စာရေးဆရာဆိုသူအား မေးလိုက်သည်။
“ငါက ဒီကမ္ဘာမှာ ခွန်အားအကြီးဆုံးလူ မဟုတ်ပါဘူး”
စာရေးဆရာဆိုသူသည် အာရန်အား ထူးဆန်းသောအကြည့်တစ်ချက်ဖြင့် ခဏတာ စိုက်ကြည့်လိုက်ပြီးမှ ထိုမေးခွန်းကို ပြန်ဖြေပေးလိုက်ခြင်းဖြစ်၏။
သို့သော် အာရန်သည် မြစ်ပြင်ကျယ်ဆီသို့သာ မျက်နှာမူနေမိသောကြောင့် စာရေးဆရာ၏ ထူးဆန်းသောအကြည့်ကို သတိမထားမိခဲ့ပေ။
#Catfoot