မှော်တံဆိပ်အချုပ်အနှောင်ဖြေခြင်း
Vol. 34 Ch. 496
ဒိုင်လူကြီးက လုန်ဟော်ကို အသက်ကယ်ဆေးလုံးတစ်ချို့ပေး၍ ကယ်တင်သည်။
မုန်ကျင်းကျိုး နိုင်သွားသည်။
ဆေးအာနိသင်ပြလာသည်နှင့် လည်ချောင်းထဲတွင် အေးမြလာသည်ကို လော်ဟုန်ခံစားရသည်။ တဖြေးဖြေး သတိပြန်လည်လာသည်။ သူရှုံးသွားမှန်း နားလည်လာပြီးနောက် သူ့စိတ်ထဲ ခဏဗလာဖြစ်သွားသည်။
"အဆင်ပြေရဲ့လား။ မင်းတိုက်ခိုက်ခဲ့တာ အတော်ကောင်းပါတယ်"
မုန်ကျင်းကျိုးက လုန်ဟော်ကိုဆွဲထူပေးသည်။
လုန်ဟော် မချိပြုံးပြုံး၍ ခေါင်းခါသည်။
"ရှုံးတာက ရှုံးတာပါပဲ။ ကျုပ်က အရှုံးကိုလက်မခံနိုင်တဲ့လူမျိုးမဟုတ်ပါဘူး"
လုန်ဟော်၏ တာအိုနှလုံးထိခိုက်မည်စိုး၍ မုန်ကျင်းကျိုးက စေတနာဖြင့်ပြောသည်။
"နောက်တစ်ခါ မင်းငါ့ကိုအနိုင်ယူမယ့်အချိန်ကို စောင့်နေပါ့မယ်"
လုန်ဟော်ခဏသံတိတ်နေပြီးနောက် ခေါင်းငြိမ့်သည်။
"ကောင်းပြီလေ"
ခဏစကားပြောပြီးနောက် လုန်ဟော် စင်ပေါ်မှ ဆင်းလာသည်။ အောက်ဘက်တွင် သူ့ကိုစောင့်နေသည့် ရွာလူကြီးကို မြင်ရသည်။ ရွာလူကြီးသည် မျက်နှာတင်းတင်းနှင့် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်သည်။
"ခေါင်းဆောင်၊ ကျုပ်တို့ရွာ ကျုပ်ကြောင့် စိတ်ဓာတ်ကျကြရပြီ"
ရွာလူကြီးနှုတ်ခမ်းတွင် အပြုံးရိပ်တစ်ခုပေါ်လာပြီး လုန်ဟော်ပုခုံးကိုပုတ်သည်။
"ဒီလောက်ထိတိုက်ခိုက်နိုင်တာနဲ့တင် ဂုဏ်ယူစရာကောင်းနေပါပြီ။ မုန်ကျင်းကျိုးက သာမန်လူမဟုတ်ဘူးလေ။ မုန်မိသားစုရဲ့ အကြီးဆုံးသား၊ တာအိုလမ်းစဉ်ဂိုဏ်းတပည့်ပဲ။ မုန်မိသားစုဟာ ငါတို့ခေတ်ရဲ့ အကျော်ကြားဆုံး မိသားစုပါ။ တာအိုလမ်းစဉ်ဂိုဏ်းကလည်း ထိပ်တန်းဂိုဏ်းပဲ။ ဒီလိုနောက်ခံအထောက်အပံ့မျိုးရှိတော့ သက်တူရွယ်တူပြိုင်ဘက်အားလုံးကို အလွယ်တကူအနိုင်ယူနိုင်တာပေါ့။ ပြီးတော့...ဒီမှာဘယ်သူလဲကြည့်လိုက်ဦး"
ရွာလူကြီး ဘေးသို့ဖယ်ပေးလိုက်သည်။ သူ့နောက်မှ မိန်းမလှနှစ်ယောက် ပေါ်လာသည်။ တစ်ယောက်က လုန်ဟော်၏ငယ်ရည်စား။ တစ်ယောက်က သူ့ကို ကလေးဘဝကတည်းက ပြုစုပျိုးထောင်ပေးခဲ့သည့် မွေးစားအမဖြစ်သည်။
"အကိုလုန်က အရမ်းအံ့ဩစရာကောင်းတာပဲ"
ငယ်ရည်းစားသည် ဖျတ်လတ်တက်ကြွသည့် မိန်းကလေးတစ်ယောက်ဖြစ်သည်။
"လော်ဟုန်၊ မင်းတိုက်ခိုက်ခဲ့တာ သိပ်ကောင်းပါတယ်။ ငါမင်းကိုသင်ပေးရတာ အလကားမဖြစ်ဘူးပဲ"
မွေးစားအမက အကြီးတစ်ယောက်လေသံဖြင့်ပြောသည်။
"အားလုံးက...."
လော်ဟုန် မျက်ရည်ကျလာသည်။ ထို့နောက် ရှိုက်ကြီးတငင်ငိုကြွေးသည်။ ပြန်ရောက်လျှင် ရွာသူရွာသားများ စိတ်ဓာတ်မကျအောင် ခါတိုင်းထက်ပို၍ ကြိုးစားမည်ဟု ကျိန်ဆိုသည်။
ထိုမြင်ကွင်းကို အဝေးမှလှမ်းကြည့်နေသည့် မုန်ကျင်းကျိုး ဆွံ့အသွားသည်။
'ငါတို့ ထပ်တိုက်ခိုက်ကြမလား။ ငါမင်းကို တစ်ကိုယ်တော်ကျိန်စာလက်သီး ကျွေးပစ်မယ်"
...
ဒုတိယပွဲစဉ် စတော့မည်ဖြစ်သည်။
"ကောင်းကင်ရုံးတော်ဂိုဏ်း၊ လုသခင်လေး"
"ရေတံခွန်ဂိုဏ်း၊ ခုန်ဟော်"
ရေတံခွန်ဂိုဏ်းသည် အခြေအင်အားနည်းပါးသည့် ဒုတိယအဆင့်ဂိုဏ်းတစ်ခုဖြစ်သည်။ ဂိုဏ်းချုပ်က လေဟာနယ်သန့်စင်အဆင့်ဖြစ်သည်။ ဒုတိယအဆင့်ဂိုဏ်းများထဲမှာပင် သိပ်မထင်ပေါ်လှ။
တိုက်ပွဲမစမီ ပြိုင်ဘက်တစ်ချို့ကို ပိုင်မင်သေချာလေ့လာခဲ့သည်။
"ဒီခုန်ဟော်ရဲ့ စရိုက်က ထူးဆန်းတယ်။ စကားနည်းတယ်။ စာပေသမားပုံပေါက်တယ်။ ဒါပေမယ့် တိုက်ပွဲထဲရောက်ရင် ဘီလူးသရဲစီးနေသလိုပဲ။ ကြမ်းတမ်းတဲ့ သူ့စွမ်းအင်ရောင်တစ်ခုတည်းနဲ့တင် ပြိုင်ပွဲမစခင် ပြိုင်ဘက်ကို ခြောက်ခြားအောင်လုပ်နိုင်တယ်"
ရေတံခွန်ဂိုဏ်းချုပ်က မုတ်ဆိတ်ကိုသပ်လျက် ပြိုင်ပွဲစင်ပေါ်မှခုန်ဟော်ကို ကျေနပ်စွာကြည့်နေသည်။
ခုန်ဟော်ကြောင့်သာ သူတို့ဂိုဏ်း ဤပွဲသို့တက်၍ နာမည်ကျော်ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခွင့်ရခြင်းဖြစ်သည်။
"ခုန်ဟော်က သူ့စွမ်းအားကို တကယ်လျိုထားနိုင်တာပဲ"
ခုန်ဟော်သည် စကားများများပြောသူမဟုတ်။ တစ်ခြားလူများနှင့်လည်း အဆက်အဆံလုပ်လေ့မရှိ။ ဘာသိဘာသာနေသည်။ သို့သော် ဂိုဏ်းပြိုင်ပွဲတိုင်းတွင် ပွတ်ကာသီကာဖြင့် ပထမနေရာရခဲ့သည့်ချည်းဖြစ်သည်။ ဒုတိယနေရာ ရမလိုလိုအမြဲဖြစ်ခဲ့သော်လည်း ဘယ်တော့မှမရှုံးဖူး။
သူ့စွမ်းအားကို လျိုထားမှန်း ဂိုဏ်းချုပ်လည်းသိသည်။ သို့သော် ထိုမျှစွမ်းအားကြီးမည်ဟုတော့ မျှော်လင့်မထား။
လုသခင်လေး ဓားကိုဆွဲထုတ်သည်။ ဂိုဏ်းရတနာတိုက်မှ ခဏငှားလာခြင်းဖြစ်သည်။
ချင်ဖုန်းဓားနှင့် ငရဲလဓားကို ချင်းကျိုးပွဲတော်တွင် ထုတ်သုံးခဲ့ပြီးဖြစ်၍ ဤပွဲတွင်ထပ်သုံးလျှင် သူ့သရုပ်မှန်ပေါ်သွားမည်။
ခုန်ဟော်နှင့် မျက်နှာချင်းဆိုင်မိချိန်တွင် လုယန် နည်းနည်းမျက်မှောင်ကျုံ့သွားသည်။ ပြိုင်ဘက်ထံမှ အန္တရာယ်အငွေ့အသက်ကို ခံစားရသောကြောင့်ဖြစ်သည်။ ကျင့်စဉ်ပြန်စသည့် အဆင့်မြင့်ကျင့်ကြံသူများနှင့် ရင်ဆိုင်စဉ်ကပင် ထိုခံစားချက်မျိုး မဖြစ်ခဲ့။
"တကယ်ကို ပုန်းနေတဲ့နဂါးစစ်စစ်ပဲ..."
ခုန်ဟော်လည်း ပြိုင်ဘက်၏စွမ်းအားကို နားလည်သည်။ စွမ်းအားကုန်ထုတ်သုံးပြီး တိုက်ခိုက်မှသာ နိုင်ခြေရှိမည်မှန်းသိသည်။
လက်နှစ်ချောင်းကို နှုတ်ခမ်းပေါ်တင်၍ အေးစိမ့်သည့်လေတစ်ချက် မှုတ်ထုတ်လိုက်သည်။ ပြိုင်ပွဲကွင်းထဲမှအပူချိန် ကျဆင်းလာသည်။ လုယန် ခြေတစ်ဘက်နည်းငယ်မြှောက်လိုက်သည်။ နွံအိုင်တစ်ခုထဲ ကျနေသကဲ့သို့ လေးလံသည့်ဖိအားကို ခံစားရသောကြောင့်ဖြစ်သည်။
မူမမှန်သည့်အဖြစ်ကို သူချက်ချင်းနားလည်သည်။
"ရေခဲပညာရပ်တွေဟာ ရှားပါးတယ်...။ မဟုတ်ဘူး၊ ဒါက လေကိုအေးခဲရုံတင်မဟုတ်ဘူး။ အဆိပ်လည်း ရောပြီးပါနေတယ်"
သာမန်လေအေးဟု အထင်မှားပြီး ဖယ်ထုတ်ရန် ကြိုးစားမိလျှင် အဆိပ်ကိုမြန်မြန်ရှူရှိုက်မိမည်။ အခြေအနေဆိုးသွားမည်။
"ဒါပေမယ့် ကိစ္စမရှိပါဘူးလေ"
ဆေးအိုးတောင်သို့ မကြာခဏသွားလည်ခဲ့သဖြင့် သာမန်အဆိပ်များကို သူခံနိုင်ရည်ရှိနေပြီဖြစ်သည်။ ခဏကြာလျှင် သူနေသားကျသွားလိမ့်မည်။ ဓားကိုအနည်းငယ်ဝှေ့ယမ်း၍ သူ့ဘေးပတ်လည်တွင် အဆိပ်နှင့်လေအေးကင်းမဲ့ဇုံတစ်ခု ဖန်တီးသည်။
လုယန်သုံးသည့် ပညာရပ်များက သိသာထင်ရှားသည်။ ဘယ်သူမဆို တစ်ချက်ကြည့်ရုံဖြင့်သိနိုင်သည်။
ကောင်းကင်ရုံးတော်ဂိုဏ်း၏ လုသခင်လေးအနေဖြင့် ဓားပညာကိုသာ သူသုံးရမည်။
ဓားဝိညာဉ်မြစ်ပိုင်ရှင်ဖြစ်၍ ဓားပညာထူးချွန်သာ တော်တော့သည်။
လုယန် လေအေးနှင့်အဆိပ်ရှင်းထုတ်ချိန်ကို အခွင့်ကောင်းယူ၍ ခုန်ဟော် တစ်ချက်မာန်သွင်းအော်ဟစ်လိုက်သည်။ သူ့ကြွက်သားများ သားရဲအရိုင်းတစ်ကောင်လို ဖောင်းထလာသည်။ သို့သော် မျက်လုံးများက ကြည်လင်နေဆဲဖြစ်သည်။ အသိဉာဏ်ထိန်းထားသည့် လက္ခဏာဖြစ်သည်။
သူရှေ့တက်သွားသည်။ လက်သည်းများက သားရဲတစ်ကောင်လိုရှည်ထွက်လာသည်။ ဓားချက်နှင့်ရင်ဆိုင်သည့်တိုင် ကျိုးကြေမသွား။
လုယန် မျက်မှောင်ကျုံ့နေသည်။ ခုန်ဟော်၏ အခြေခံစွမ်းအားက ဒုတိယအဆင့်ဂိုဏ်းတစ်ခု ကျင့်ကြံနိုင်သည့် အနေအထားမဟုတ်။ ပါရမီတစ်ခုတည်းဖြင့် ထိုအဆင့်မျိုးမရနိုင်။
ပြိုင်ပွဲကွင်းတွင် နှစ်ယောက်သား အပြင်းအထန် တိုက်ခိုက်သည်။ ပရိတ်သတ်ကြီး မင်သက်မိနေသည်။ ပထမပြိုင်ပွဲက အဆုံးသတ်မြန်လွန်းခဲ့သည်။ ဤတိုက်ပွဲက ပို၍လက်ရည်ညီသည်။
လုယန်အသာစီးရနေကြောင်း စုစည်းခြင်း ကျင့်ကြံသူများသာ မြင်နိုင်သည်။ လက်ရည်မျှသည်ဟု ထင်ရသော်လည်း ခုန်ဟော်က ဆွဲခေါ်ခံနေရခြင်းဖြစ်သည်။
"ဒီလောက်နဲ့တော့ ခြိမ်းခြောက်လို့မရနိုင်ဘူး"
လုယန်တွေးလိုက်သည်။ စွမ်းအားကုန်ထုတ်ရန် ဆုံးဖြတ်သည်။
လက်ကောက်ဝတ်ကို တစ်ချက်လှည့်လိုက်သည်။ ဓားဦးထပ်က လေထဲတွင် စက်ဝိုင်းတစ်ခုဆွဲသွားသည်။ ခန္ဓာကိုယ်မွှေးညှင်းပေါက်တိုင်းမှ ဓားစွမ်းအင်များ ထွက်လာသည်။ ဓားသွားပေါ်တွင် သွားစုစည်းသည်။
ဓားစွမ်းအင်က မြူခိုးများလို ထိုးထွက်လာသည်။ ပင်လယ်လိုကျယ်ပြန့်သည်။ ပြိုင်ပွဲစင်တစ်ခုလုံး ပျံ့နှံ့လျက် အရာအားလုံး ဝါးမျိုဖုံးလွှမ်းသည်။
"ဖျောင်း"
ဓားချက်ကို ခုန်ဟော် အပြည့်အဝခံလိုက်ရသည်။ လက်မောင်းနှစ်ဘက်ဖြင့် ကာလိုက်သော်လည်း သွေးချင်းချင်းနီသွားသည်။ သူ့အသက်ရှူနှုန်း ချက်ချင်းအားနည်းလာသည်။ မောဟိုက်လာသည်။ အပြင်းအထန်ဒဏ်ရာရသွားသည်။
"ကောင်လေး၊ မင်းရှုံးတော့မှာလား"
သူ့စိတ်အာရုံတွင် အက်ကွဲလေးလံသည့် စကားသံတစ်ခု ပဲ့တင်ထပ်သွားသည်။ အသံရှင်သည် ကြီးမားသည့်ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်လိမ့်မည်။
"ခင်ဗျားအပူမပါပါဘူး"
ထိုဓားချက်မှ သူနှင့်လုယန်ကြားမှ ကွာဟချက်ကို ခုန်ဟော်နားလည်သွားသည်။ ပါရမီကွာခြားခြင်းဖြစ်သည်။ ဇွဲလုံ့လဖြင့် ဖြည့်ဆည်းနိုင်သည့်အရာမဟုတ်။
အသံရှင်က မောက်မာသည့်ခုန်ဟော်ကို လှောင်ရယ်သည်။
"မင်းလေသံကို သတိထားပါ ကောင်လေး။ ငါမရှိဘဲနဲ့ မင်းဒီနေ့လိုအနေအထားမျိုး ရောက်မလာနိုင်ပါဘူး။ မင်းမွေးကတည်းက မင်းကိုယ်ထဲမှာငါရှိခဲ့တာ။ မင်းဘယ်လောက်ခေါင်းမာလဲ ငါသိတယ်။ ခပ်လျှိုလျှိုနေတဲ့ပုံစံပေမယ့် တိုက်ပွဲမှာ မင်းဘယ်တုန်းက အရှုံးပေးဖူးလို့လဲ။ မင်းရဲ့အနိုင်ယူလိုစိတ်က တစ်ခြားလူတွေထက် ပိုပြင်းထန်တယ်။ အဲလိုမဟုတ်ရင်လည်း ငါမင်းကို ရွေးချယ်ခဲ့မှာမဟုတ်ဘူး။
မင်းဘာလိုချင်တာလဲ။ စွမ်းအားလေ။ မင်းမှာ စွမ်းအားမရှိဘူး။ အဲဒီ့စွမ်းအား မင်းကိုငါငှားပေးနိုင်တယ်"
ခုန်ဟော် ထိုအသံရှင်ကို အသံတိတ်ကြည့်သည်။ မှန်သည်။ ထိုအသံရှင်ထံမှ စွမ်းအားနည်းနည်းရသည်နှင့် ပြိုင်ပွဲအခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်သည်။
သို့သော် ထိုစွမ်းအားကိုသုံးဖို့ အချုပ်အနှောင်တံဆိပ်တစ်ခု ဖွင့်ပေးရသည်။
သူလုပ်သင့်သလား...
ဝေခွဲမရဖြစ်နေသည့် အသံရှင်က သွားဖြဲပြုံး၍ ကြီးမားသည့် သားရဲမျက်လုံးများဖြင့် သူ့အမူအရာကို ကြည့်နေသည်။
'ငါ့စွမ်းအားကို မင်းသုံးလိုက်တာနဲ့ ဒီစွမ်းအားက မင်းကိုဘယ်လောက်ပိုသန်မာအောင်လုပ်နိုင်သလဲဆိုတာ နားလည်သွားလိမ့်မယ်။ တံဆိပ်တွေကို တစ်လွှာပြီးတစ်လွှာ မင်းဖွင့်ပေးလာမှာပါ။ အဲဒီ့အချိန်ကျရင် ငါလွတ်မြောက်သွားပြီ'
ခုန်ဟော် အံတင်းတင်းကြိတ်လိုက်သည်။ ထိုအသံရှင်ပြောသည့်စကား မမှား။ သူမရှုံးချင်။ ချန်ပီယံဖြစ်ချင်သည်။
တစ်လွှာ။ တံဆိပ်တစ်လွှာတော့ ဖွင့်လိုက်မည်။ ကျန်သည့် တံဆိပ်ရှစ်ခုကို သူမဖွင့်။
အသံရှင်က ဘာမှမပြောဘဲ ပြုံးနေသည်။ တံဆိပ်တစ်လွှာ ဖွင့်လိုက်သည်နှင့် မကောင်းဆိုးဝါးစွမ်းအားတစ်မျိုး သိစိတ်လှောင်အိမ်ထဲမှ ထိုးထွက်လာသည်။ ခုန်ဟော်နှင့်အတူ ပေါင်းစပ်သွားသည်။
"ဟင်"
လုယန် ခုန်ဟော်ကို တအံ့တဩကြည့်နေသည်။ ခုန်ဟော်စွမ်းအားတိုးလာသည်ကို သူခံစားမိသည်။ ကြမ်းတမ်းရက်စက်၍ သွေးဆာနေသည့် မကောင်းဆိုးဝါးစွမ်းအင်ရောင်မျိုးဖြစ်သည်။
ခုန်ဟော်၏ခန္ဓာကိုယ် စတင်ပြောင်းလဲလာသည်။ ဒဏ်ရာများ ချက်ချင်းပျောက်ကင်းသွားသည်။ မျက်လုံးသူငယ်အိမ်များက သားရဲတစ်ကောင်လို ဒေါင်လိုက်ဖြစ်သွားသည်။ အရေပြားထဲမှ အမွှေးအမျှင်များ ထွက်လာသည်။ ဝိညာဉ်စွမ်းအင်ဖြင့် ဖန်တီးထားခြင်းလား တကယ်အစစ်လား ပြောဖို့ခက်သည်။
"ဝေါင်း..."
ခုန်ဟော် ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်သည်။
လုယန် ဆံပင်များ ထောင်သွားသည်။ ထိုအရာသည် သူအာရုံရခဲ့သည့် အန္တရာယ်အငွေ့အသက်ဖြစ်သည်။
သို့သော် ခုန်ဟောပုံစံကို အတော်ရင်းနှီးနေသလို ခံစားရသည်။ ကိုယ်ပိုင်မဟုတ်သည့် စွမ်းအားကို ငှားယူသုံးခြင်းဖြစ်လိမ့်မည်။
လုယန် လက်တစ်ဘက်ကိုဖြေးညှင်းစွာမြှောက်၍ ခုန်ဟော်ကို သတိဖြင့် ကြည့်နေသည်။ သူ့ဝှက်ဖဲကို သုံးရန်အသင့်ပြင်လိုက်သည်။
"ဒိုင်လူကြီး။ သူမရိုးမသားလုပ်နေတယ်"