တန်ပြန်ကျိန်စာ
Vol. 34 Ch. 505
ကျိန်စာဆိုသည်မှာ ကံကြမ္မာ၏ ပြယုဂ်ဖြစ်သည်။
ပုံမှန်အားဖြင့် လူတစ်ယောက် ကျိန်စာတိုက်လျှင် ထိုက်တန်သည့် တန်ကြေးတစ်ခု ပေးဆပ်ရသည်။
ဥပမာ မုန်ကျင်းကျိုး ကိုယ်တိုင်သိနားလည်ခဲ့သည့် တစ်ကိုယ်တော်ကျိန်စာလက်သီးပညာသည် မသေမျိုးမဖြစ်မချင်း လူပျိုဘဝကို ထိန်းသိမ်းထားဖို့လိုသည်။
သို့သော် ကံကြမ္မာအရိယဖလပိုင်ထားသည့် နိုင်ငံ့ဆရာသည် ဘာမှပြန်ပေးဆပ်စရာမလို။
"ကပ်ဆိုးခုနစ်မျိုး ဒုက္ခရှစ်ပါး"အယူအဆသည် လောက၏ အဖြစ်ဆိုးအားလုံးကို အကျုံးဝင်သည်။ အမြင့်ဆုံးကျိန်စာဟု သတ်မှတ်သည်။ ထိုကျိန်စာနှင့်ယှဉ်လျှင် မုန်ကျင်းကျိုး၏ တစ်ကိုယ်တော်ကျိန်စာလက်သီးသည် ဘာမှမပြောပလောက်။
ရှုံးနိမ့်မှုများ ဆက်တိုက်ကြုံရပြီးနောက် အသက်စတေး၍တိုက်ခိုက်မှုကိုပင် တားဆီးနိုင်သည့် ယွမ်ကျိနှင့် ထာဝရနတ်မယ်လက်မှ မလွတ်မြောက်နိုင်တော့မှန်း နိုင်ငံ့ဆရာသိသည်။
သေမည့်အတူတူ တစ်ယောက်ယောက်ကို အပါခေါ်သွားဖို့ ဆုံးဖြတ်ခဲ့သည်။
သူ့ရန်သူအားလုံးထဲတွင် လုယန်သည် ကျင့်စဉ်အနိမ့်ဆုံးဖြစ်သည်။ မဟာယုကျင့်ကြံသူများ တာအိုလမ်းစဉ်ဂိုဏ်းသို့လာသည်မှာလည်း လုယန်ကြောင့်ဖြစ်သည်။
ကျရှုံးသွားသည့် သူတို့အစီအစဉ်တိုင်းက လုယန်နှင့် ပတ်သက်နေသည်။
ယင်ယန်အရှင် အဖမ်းခံထားရပြီဆိုလျှင် တစ်ခြားခိုးဝင်လာသူများလည်း အဖမ်းခံလိုက်ရသည့်သဘောဖြစ်သည်။ အားလုံး ရှင်းလင်းသုတ်သင်ခံရခြင်းဖြစ်သည်။
မဟာယုပြန်တည်ထောင်ဖို့ ကဖျက်ယဖျက်လုပ်ခဲ့သည်မှာ တာအိုလမ်းစဉ်ဂိုဏ်းမဟုတ်။ ဂြိုလ်ဆိုးကောင် လုယန်ဖြစ်သည်။
သူအဖမ်းခံရလည်း ကိစ္စမရှိ။ မဟာယုတွင် စွမ်းအားမြင့်ပုဂ္ဂိုလ်များ အိပ်မောကျနေသည့် မဟာယု အလယ်ခေတ်မှ နှောင်းပိုင်းခေတ်အထိ ကျင့်ကြံသူများ ရှိသေးသည်။ မဟာယုပြန်တည်ထောင်ဖို့ မျှော်လင့်ချက်ရှိသေးသည်။
ထို့ကြောင့် လုယန်ကို အပြတ်ရှင်းရန် သူဆုံးဖြတ်လိုက်သည်။
လုယန်ကို အဆိုးဝါးဆုံး အရက်စက်ဆုံးကျိန်စာမျိုးတိုက်ခဲ့သည်။ လုယန်ကူးဖြတ်ခြင်းအဆင့်ရောက်လျှင်ပင် သေရမည်သာဖြစ်သည်။
နိုင်ငံဆရာအာရုံတွင် ကောင်းကင်မှ သံကြိုးများကျဆင်းလာသည်ကို မြင်ရသည်။ သွေးနှင့်ပြစ်ဒဏ်စုစည်းထားသည့် အဆိုးဝါးဆုံးကျိန်စာစွမ်းအားကို လောကသို့သယ်ဆောင်လာသည်။
ထိုသံကြိုးများသည် ကျိန်စာများကို ကိုယ်စားပြုသည်။ ကျိန်စာများ ရုပ်လုံးပေါ်လာခြင်းဖြစ်သည်။ ကံကြမ္မာကျိန်စာကျွမ်းကျင်သူများပင် ထိုသံကြိုးများကို မမြင်နိုင်။ ကံကြမ္မာအရိယဖလတည်ဆောက်ထားသည့် သူ့လိုမသေမျိုးတစ်ဝက်အဆင့်သာ အားလုံးကိုမြင်နိုင်သည်။
သံကြိုးများက လေးလံသည်။ တာအိုတေးသွားများပွတ်တိုက်သည့် အသံမျိုး ထွက်ပေါ်နေသည်။
'ငါ့နားကို လာကပ်ရဲတယ်ပေါ့။...အခုမှ နောင်တရလည်း နောက်ကျသွားပြီကွ'
အားလုံး၏အမူအရာကို နိုင်ငံ့ဆရာ စိတ်ဝင်တစားကြည့်နေသည်။ သူ့ကိုအထင်သေးခဲ့သည့်အတွက် နောင်တနှင့်ဝမ်းနည်းမှုပြည့်နေမည့် မျက်နှာများ၊ လုယန်၏ ကူကယ်ရာမဲ့သည့်အဖြစ်များကို သူမြင်လိုသည်။
လုယန်မျက်နှာ အပြောင်းအလဲမရှိသည်ကို သူမြင်ရသည်။ ထာဝရနတ်မယ်က ဇဝေဇဝါမျက်နှာမျိုးရှိသည်။ ယွမ်ကျိမျက်နှာက အေးစက်စက်။
သူထင်ထားသလို နောင်တရိပ် ဝမ်းနည်းရိပ်များ ဖြစ်ပေါ်မလာ။
သံကြိုးများ လုယန်နားသို့ ချဉ်းကပ်လာချိန်တွင် သူ့ကိုယ်မှ ရွှေရောင်အလင်းထွက်လာပြီး ကံကြမ္မာနှောင်ဖွဲ့မှုကို ကိုယ်စားပြုသည့် တုတ်ခိုင်သည့် ကြိုးနှစ်ချောင်းပေါ်လာသည်။ လုယန်ခန္ဓာကိုယ်ကို ရစ်ပတ်သွားသည်။ ကြိုးတစ်ချောင်းက နတ်မယ်နှင့်ချိတ်နေသည်။ နောက်ကြိုးတစ်ချောင်းက ယွမ်ကျိနှင့် ချိတ်ဆက်နေသည်။
သံကြိုးများက လုယန်ကိုထိသည်နှင့် ချက်ချင်းပြန်ကန်ထွက်သွားပြီး နိုင်ငံဆရာအပေါ် ကျလာသည်။
နိုင်ငံ့ဆရာ ထိတ်လန့်တုန်လှုပ်သွားသည်။ တန်ပြန်ကျိန်စာသင့်ခြင်းဖြစ်သည်။ မချိတင်ကဲသူအော်ဟစ်လိုက်သည်။
"အားးး.."
ထိုကောင်လေး ဘယ်လိုကံကြမ္မာမျိုး ရှိနေသည်မသိ။
သူဂုဏ်ယူအားကိုးရသည့်ကျိန်စာကို ကံကြမ္မာကြိုးနှစ်ချောင်းတည်းဖြင့် ကာကွယ်နိုင်သည်။
သူ့ကိုပါးရိုက်ခဲ့သူက မသေမျိုးဖြစ်သည်။ မသေမျိုးတစ်ယောက်က သေမျိုးတစ်ယောက်နှင့် ထိုမျှခိုင်မာသည့် ကံကြမ္မာနှောင်ဖွဲ့မှုမျိုး ဘာကြောင့်ရှိနေသည်မသိ။
ထို့ပြင် သူ့မှော်စွမ်းအားကို နှောက်ယှက်ဖျက်ဆီးခဲ့သည့် နောက်တစ်ယောက်ကလည်း လုယန်နှင့် ကံကြမ္မာချိတ်ဆက်နေသည်။ ကျိန်စာကိုကာကွယ်ပေးသည်။
ကံကြမ္မာကျိန်စာကို တားဆီးနိုင်သည်ဆိုလျှင် ထိုတစ်ယောက်လည်း မသေမျိုးဖြစ်သည့်သဘောဖြစ်သည်။
မယုံနိုင်လောက်အောင်လှသည့် မိန်းကလေးနှစ်ယောက်လုံး မသေမျိုးများဖြစ်နေသည်။
ရယ်စရာကောင်းလှသည်။ ဂိုဏ်းငယ်လေးတစ်ခုတွင် မသေမျိုးနှစ်ယောက် ဘာကြောင့်ရှိနေသည်မသိ။
နှစ်တစ်သောင်းကျော်ရှင်သန်နေထိုင်ခဲ့သည့် နိုင်ငံ့ဆရာအနေဖြင့် မသေမျိုးနှစ်ယောက်ရှိသည့်ဂိုဏ်းဟူ၍ လုံးဝမကြားဖူးခဲ့။
မဟာယုခေတ်မှာပင်မရှိခဲ့။
ဤတာအိုလမ်းစဉ်ဂိုဏ်းသည် ဘယ်လိုနေရာမျိုးမှန်းမသိ။ နဂါးဂူ ကျားဂူဟုခေါ်လျှင်ပင် လုံလောက်မည်မထင်။
တာအိုလမ်းစဉ်ဂိုဏ်းသို့လာသည်ထက် မဟာရှားနန်းတော်ကို သွားတိုက်ခိုက်သည်ကပင် ပို၍စိတ်ချရလောက်သည်။
နိုင်ငံဆရာ၏နှလုံးအိမ်ထဲ မီးတောက်တစ်ခုလောင်ကျွမ်းနေသလို ခံစားရပြီး မြေပေါ်တွင် လူးလှိမ့်နေရသည်။ ရေလုံးများက သူ့ဦးခေါင်းကို ဖုံးအုပ်ထားသည်။ ရေနစ်နေသည့် သေမျိုးတစ်ယောက်လို ခံစားရသည်။
ကပ်ဆိုးခုနစ်မျိုးထဲမှ ရေနှင့်မီးကျိန်စာ တန်ပြန်သက်ရောက်ခြင်းဖြစ်သည်။
"ဘာတွေဖြစ်နေတာလဲ"
လုယန် ကြောင်သွားသည်။ နိုင်ငံ့ဆရာကသူ့ကို စားမတတ်ဝါးမတတ်စိုက်ကြည့်ခဲ့သည်။ သူ့နားမလည်သည့်စကားလုံးများစွာ ရွတ်ဆိုခဲ့သည်။ ထို့နောက် မြေပြင်ပေါ်တွင် စတင်လူးလှိမ့်၍ အဆက်မပြတ်အော်ဟစ်နေသည်။
"တန်ပြန်ကျိန်စာသင့်တာလေ။ သူကနင့်ကို ကပ်ဆိုးခုနစ်ပါး ဒုက္ခရှစ်မျိုးကျိန်စာ တိုက်ခဲ့တာ။ ဒါပေမယ့် ငါကနင့်ကို ကာကွယ်ပေးနေတာဆိုတော့ ဒီကျိန်စာတွေကို ကြောက်စရာမလိုဘူး။ ကျိန်စာတိုက်တဲ့လူအပေါ် ကျိန်စာစွမ်းအား တန်ပြန်သက်ရောက်သွားတာ"
နိုင်ငံ့ဆရာကို အရူးတစ်ယောက်ဟု နတ်မယ်မြင်မိသည်။ ဦးနှောက်သိပ်မထက်မြက်ကြေင်း သိသာသည်။
နိုင်ငံ့ဆရာ၏ ဝှက်ဖဲနည်းလမ်းများ အကြိမ်ကြိမ်ဖျက်ဆီးခံရသည်ကိုကြည့်၍ ယင်ယန်အရင် စိတ်ဓာတ်အကြီးအကျယ်ကျသွားသည်။
တာအိုလမ်းစဉ်ဂိုဏ်း၏အခြေခံက နက်ရှိုင်းလွန်းသည်။
"ပထမခေါင်းဆောင်၊ ကျုပ်ကိုလည်း အဲလိုကာကွယ်ပေးနိုင်မလား"
ထာဝရအရှင် မျက်နှာချိုသွေး၍ ရှေ့တိုးလာသည်။
နတ်မယ်က သူ့ကိုတစ်ချက်ကြည့်၍ လက်ယမ်းပြသည်။
"သွားစမ်းပါ။ ငါကနင့်ကို ဘာလို့ကာကွယ်ပေးရမှာလဲ။ နင်ကျိန်စာသင့်ရင် ခန္ဓာကိုယ်ကို လေးငါးကြိမ်ဖောက်ခွဲလိုက်ပေါ်။ အဲဒါဆို ကျိန်စာပြယ်သလောက်ဖြစ်သွားမှာပဲ"
ထာဝရအရှင် နောက်တွန့်သွားပြီး ယင်ယန်အရှင်နှင့် ဆက်၍စကားပြောသည်။
"အကိုဘယ်လိုအဖမ်းခံရတာလဲ။ မြေပေါ်မှာ လူးလှိမ့်နေတဲ့ဟိုအရူးနဲ့ တစ်ဖွဲ့တည်း တာအိုလမ်းစဉ်ဂိုဏ်းကို ခိုးဝင်လာတာလား။ ဒီဂိုဏ်းက ကျုပ်တို့ခေါင်းဆောင်ရဲ့နယ်မြေဆိုတာကို မသိဘူးလား။
ဟိုအရင်တုန်းက မှတ်တမ်းဝင်ရှေးခေတ်မသေမျိုးလေးယောက်တောင့် ပထမခေါင်းဆောင်ရဲ့ နယ်မြေကို လက်လွတ်စပယ်မဝင်ရဲဘူး။ ဝင်ရင်တောင် အတော်သတိထားပြီးဝင်ကြတာ။ အသက်တောင်ကျယ်ကျယ်မရှူရဲဘူး"
ယင်ယန်အရှင် "...."
သောက်ပါးစပ်ကို ပိတ်ထားပါလားကွာ။ မင်းပြောလေ ငါပိုနောင်တရလေပဲ။
"တာအိုလမ်းစဉ်ဂိုဏ်းကို ကျုပ်အချိန်မီအညံ့ခံခဲ့တာ ကံကောင်းသွားတယ်။ မဟုတ်ရင် ကျုပ်လည်း အကို့လိုနှိပ်စက်ခံနေရမှာ"
နတ်မယ်ရှေ့တွင် အပိုးကျိုးကျိုး အညံ့ခံခဲ့သည်ကို ထာဝရအရှင် ဝမ်းသာမိသည်။
"ဒါဆို၊ မင်းကအခု တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ဧည့်သည်အကြီးအကဲလား။ ဒါမှမဟုတ် ဂိုဏ်းဝင်အကြီးအကဲလား"
"အကျဉ်းသားပါ"
ယင်ယန်အရှင် "..."
"ဘာပဲပြောပြော နောက်ဆုံးတော့ မဟာယုကျင့်ကြံသူတွေအားလုံးကို ကျုပ်တို့ဖမ်းမိခဲ့ပြီ။ အော်ပွဲခံသင့်ပါတယ်"
လုယန် လက်ခုပ်တီးလိုက်သည်။ အခုတလော သူအတော်ကံဆိုးသည်။ သွားလေရာတွင် မဟာယုကျင့်ကြံသူများနှင့် အမြဲတည့်တည့်တိုးသည်။ သို့သော်ယခု ထိုသို့ဖြစ်မည်ကို နောက်ထပ်စိုးရိမ်စရာမလိုတော့။
"ဟီးဟီး၊ ဒါတွေအားလုံးက ယာယီဂိုဏ်းချုပ်ဖြစ်တဲ့ငါ အစီအမံကောင်းခဲ့လို့ပါ"
နတ်မယ်က တင်ပါးပေါ်လက်တင်၍ သွားဖြဲရယ်နေသည်။
"ခင်ဗျားက ဉာဏ်ကြီးရှင်ပါ နတ်မယ်။ ခင်ဗျားရှိနေရင် မဟာယုကျင့်ကြံသူတွေကိစ္စ စိူးရိမ်စရာမလိုပါဘူး"
လုယန် ထပ်၍လက်ခုပ်တီးပြီး နတ်မယ်ကို ချီးကျူးလိုက်သည်။
"အားလုံးကို ဖမ်းမိပြီလား..."
လုယန်စကားကြောင့် ယင်ယန်အရှင် စိတ်မသက်မသာဖြစ်သွားသည်။
လုယန်က သူ့ကိုလှည့်ကြည့်၍ ပြုံးဖြဲဖြဲမျက်နှာဖြင့် ပြောသည်။
"မဟာယုဆဋ္ဌမအင်ပါယာ ဝူယွီထောင်ကို ခင်ဗျားသိတယ်မဟုတ်လား။ သူလည်း ဒီကိုရောက်နေတယ်။ နတ်မယ်နဲ့ကျုပ် အတူဖမ်းခဲ့တာ"
"မင်းကြီးကို မင်းတို့ဖမ်းခဲ့တာပေါ့"
ယင်ယန်အရှင် မျက်လုံးပြူးသွားသည်။ ဟန်ရွှေတိုက်ပွဲတွင် ဝူယွီထောင်ပျောက်သွားသည်။ ဝူယွီထောင်တို့ ဒဏ်ရာအပြင်းအထန်ရပြီး ပုန်းခို၍ ဒဏ်ရာကုနေသည်ဟု သူထင်ခဲ့သည်။ လက်စသတ်တော့ တာအိုလမ်းစဉ်ဂိုဏ်းက ဖမ်းဆီးလိုက်ခြင်းဖြစ်နေသည်။
ဤလုယန်သည် မဟာယုအတွက် တကယ့်အန္တရာယ်ကောင်ဖြစ်သည်။
ဟန်ရွှေ့တွင် လုယန်လုပ်ခဲ့သည်က ဟွမ်မင်သရုပ်မှန်ကို ဖော်ထုတ်ရုံလောက်ဟု သူထင်ခဲ့သည်။ သို့သော် အင်ပါယာမင်းကြီးကိုပင် လုယန်က ဖမ်းဆီးခဲ့သည်။
လုယန်နှင့်နတ်မယ် ကိုယ့်ဂုဏ်ကိုယ်ဖော်နေကြသည်ကို ယွမ်ကျိက အရေးမစိုက်။ မြေပေါ်တွင် မချိမဆန့်လူးလှိမ့်နေသည့် နိုင်ငံ့ဆရာကို စစ်ဆေးမေးမြန်းရန်ပြင်သည်။
"ကျွန်မမေးမယ်..ရှင်ဖြေပါ"
"အားးး"
"မဟာယုကျင့်ကြံသူတွေ ဘယ်လောက်ရှိလဲ"
"အားးးး"
"ဒီကိစ္စမအောင်မြင်ရင် မဟာယုမှာ ဘယ်လိုအရန်အစီအစဉ်တွေရှိလဲ"
"အားးးး"
နိုင်ငံ့ဆရာ ပြန်မဖြေလို၍မဟုတ်။ ကပ်ဆိုးခုနစ်ပါး ဒုက္ခရှစ်မျိုးကျိန်စာက ပြင်းထန်လွန်းသဖြင့် ဝေဒနာကြောင့် စကားတစ်ခွန်းမှ ပြန်မပြောနိုင်ခြင်းဖြစ်သည်။
ယွမ်ကျိ နည်းနည်းစိတ်ပျက်သွားသည်။ လူပေါင်းမရေမတွက်နိုင်အောင် သူစစ်ဆေးမေးမြန်းဖူးသည်။ ယခုလိုအခြေအနေမျိုး ပထမဆုံးကြုံရခြင်းဖြစ်သည်။
******************************