နိုင်ငံ့ဆရာကို ကယ်မရနိုင်လောက်
Vol. 34 Ch. 506
အကျဉ်းထောင်တောင်ထိပ်သည် အမြဲတမ်း တိတ်ဆိတ်ငြိမ်သက်သည်။ အသံဟူ၍ အကျဉ်းသားများ၏ ညည်းညူသံသာ ကြားရလေ့ရှိသည်။
အကျဉ်းသားများညည်းညူသံက သိပ်မကြာတတ်။ အားလုံးကို မြန်မြန်ဆန်ဆန်ဝန်ခံကြသည်။ စကားမပြောလိုသူများကို လက်နက်ဝိညာဉ်အဖြစ် ချက်ချင်းသန့်စင်ပစ်လေ့ရှိသည်။
သို့သော် ယနေ့က ပုံမှန်နှင့်မတူ။ အကျဉ်းသားက နာရီဝက်ကြာအောင် မနားတမ်း ကျယ်လောင်စွာ အော်ဟစ်နေသည်။
ထိုအကျဉ်းသားက ကျင့်စဉ်အဆင့်မြင့်သည်။ အဆက်မပြတ်အော်ဟစ်နေသော်လည်း အသံပြာမသွား။
"ကဲ၊ ဘယ်လိုလုပ်ကြမလဲ"
လုယန် နတ်မယ်နှင့် ယွမ်ကျိတို့ ညည်းညူအော်ဟစ်နေဆဲဖြစ်သည့် နိုင်ငံ့ဆရာကို စိတ်ပျက်လက်ပျက် ကြည့်နေကြသည်။
နိုင်ငံ့ဆရာအော်သံက ဆူညံလွန်းသဖြင့် ယွမ်ကျိက အသံကာမှော်စက်ဝန်းတည်ဆောက်၍ အထဲသို့ထည့်ထားသည်။ အပြင်ဘက်မှ အသံမကြားရတော့။
အကျဉ်းခန်းထဲ ချက်ချင်းတိတ်ဆိတ်သွားသည်။
လုယန်ခေါင်းခါနေသည်။ သူနောင်တရသည်။ မဟာယု၏အဓိကလူကို နောက်ဆုံးကျမှ ဖမ်းမိခဲ့သည်။ သို့သော် ထိုလူက 'ခွံမာသီး'ဖြစ်နေသည်။ အချက်အလက်ထုတ်ပြောမည့်အစား ကျိန်စာဒဏ်ခံဖို့ ရွေးချယ်ခဲ့သည်။
ထိုကျိန်စာကိုပယ်ဖျက်ဖို့ ယွမ်ကျိ အမျိုးမျိုးကြိုးစားသည်။ သို့သော် ဘယ်နည်းလမ်းမှ အလုပ်မဖြစ်။
ကျိန်စာတစ်ခုတည်းဆိုလျှင် ရိုးရှင်းသည့်မှော်ပညာတစ်မျိုးသုံး၍ သူပယ်ဖျက်ပေးနိုင်သည်။ သို့သော် နိုင်ငံ့ဆရာက ကပ်ဆိုးနှင့်ဒုက္ခကျိန်စာအားလုံးသင့်နေခြင်းဖြစ်သည်။ ထို့ပြင် သူ့ကျင့်စဉ်အဆင့်ကလည်း ထိုထက်မတိုးတက်နိုင်တော့။ သေသည်နှင့် သူ့ဝိညာဉ်ကြေမွပျက်စီးသွားမည်။
တစ်ခါမှမကြုံဖူးသည့် ကျိန်စာကြီးတစ်ခုဖြစ်သည်။ ကံကြမ္မာအရိယဖလသန္ဓေပိုင်ဆိုင်ထားသည့် နိုင်ငံ့ဆရာပင် မကြုံဖူး။
"သူ့ကျိန်စာပြယ်အောင် အရိယဖလသန္ဓေတစ်ခုပေးပြီး ခန္ဓာကိုယ်ကို အကြိမ်တစ်ရာလောက်ဖောက်ခွဲခိုင်းလိုက်ရင်ရမလား။ ပြီးမှ အရိယဖလကိုပြန်ယူမယ်လေ"
လုယန် အကြံပြုသည်။
ပြည့်ဝသည့်အရိယဖလတစ်ခု ပိုင်ဆိုင်ထားသူသည် အမျိုးစားတူအရိယဖလသန္ဓေ(ပုံပွား)များကို အပြည့်အဝထိန်းချုပ်နိုင်သည်။ သူတို့စိတ်ကြိုက် ပေးနိုင်ယူနိုင်သည်။
နတ်မယ်ခေါင်းခါသည်။ လုယန်အကြံကို လက်မခံ။
"မရဘူး။ သူ့မှာ အရိယဖလသန္ဓေတစ်ခု ရှိပြီးသား။ လူတစ်ယောက်က အရိယဖလနှစ်ခု တစ်ပြိုင်တည်းရှိလို့မရဘူး။
သူ့မှာ ကံကြမ္မာအရိယဖလမရှိရင်တောင် ငါ့ရဲ့ထာဝရအရိယဖလသန္ဓေ သူ့ကိုပေးလို့မရဘူး။
အရိယဖလသန္ဓေဆိုတာ အဝတ်အစားတွေလို စိတ်ကြိုက်ဝတ်လို့ချွတ်လို့ရတာမျိုးမဟုတ်ဘူး။
အရိယဖလသန္ဓေဟာ စည်းမျဉ်းတွေကို ကိုယ်စားပြုတယ်။ အရိယဖလပိုင်ဆိုင်ဖို့ဆို အဲဒီ့စည်းမျဉ်းကို အတိုင်းအတာတစ်ခုအထိ နားလည်ရမယ်။ ဒီအရူးက ငါ့ရဲ့ထာဝရအရိယဖလအကြောင်း ဘာမှသိတာမဟုတ်ဘူး။ ငါသူ့ကိုပေးလိုက်ရင် သူ့ဝိညာဉ်က ခံနိုင်ရည်မရှိဘဲ ချက်ချင်းကြေမွသွားမှာ"
နိုင်ငံ့ဆရာ၏လုပ်ဆောင်ချက်များကြည့်၍ သူ့စိတ်ဓာတ်ကို နတ်မယ်သံသယဖြစ်မိသည်။ မသေမျိုးတစ်ဝက်အဆင့်ရောက်အောင် ဟန်ဆောင်လိမ်ညာ၍ တက်လာခဲ့လေသလားဟု တွေးမိသည်။
"နေပါဦးနတ်မယ်။ ကျုပ်လည်း ခင်ဗျားရဲ့အရိယဖလအကြောင်း ဘာမှနားလည်တာမဟုတ်ဘူး။ ဒါတောင် ခင်ဗျားက ကျုပ်ကိုအရိယဖလတစ်ခု အတင်းပေးဖို့ ကြိုစားနေတာမဟုတ်လား"
ထာဝရအရိယဖလတစ်ခုပေးမည်ဟု နတ်မယ်အမြဲပြောနေသည့်စကားကို လုယန်ပြန်သတိရလာသည်။
နတ်မယ်က လုယန်ကို တအံ့တဩကြည့်သည်။
"ဒုခေါင်းဆောင်၊ နင်ဘာတွေပြောနေတာလဲ။ ငါ့ရဲ့လမ်းညွှန်မှုနဲ့ အရိပ်အာဝါသအောက်မှာ နင်အကြာကြီးနေခဲ့တာလေ။ ငါ့အရိယဖလကို နင်နားလည်တဲ့အတိုင်းအတာက ထာဝရအရှင်ထက် အများကြီးသာတယ်"
လုယန် "..."
ဘယ်အချိန်ကတည်းကလဲ...ကျုပ်လည်းဘာမှမသိလိုက်ရပါလား။
"ငါတို့ချင်းရင်းနှီးလို့ နင့်ကိုဒုခေါင်းဆောင်ခန့်ခဲ့တယ်ထင်နေလား။ အဲလိုလုပ်ဖို့ မဖြစ်နိုင်ဘူးလေ။ ငါက တရားမျှတတဲ့လူပါ။ ထာဝရမျိုးဆက်ရဲ့ ရာထူးတွေဟာ စွမ်းအားပေါ်မှာ အခြေခံထားတာ"
ရာထူးတိုးနိုင်ခြေရှိကြောင်း ကြားသဖြင့် ထာဝရအရှင် အမြန်ကြားဝင်ပြောသည်။
"စိတ်ချပါခေါင်းဆောင်၊ ထာဝရအရိယဖလကို နားလည်အောင် ဝီရိယစိုက်ပြီး ကြိုးစားပါမယ်။ ဒုခေါင်းဆောင်ဖြစ်လာအောင် ကျုပ်ကြိုးစားပါ့မယ်"
နတ်မယ်က သူ့ကို အထင်မကြီးဟန်ဖြင့် တစ်ချက်ကြည့်သည်။ ထို့နောက် စိတ်မရှည်သည့်လေသံဖြင့်
"သွားစမ်းပါ။ နင်သာ ဒုခေါင်းဆောင်နေရာကို မှန်းရဲရင် နင့်ရဲ့အရိယဖလသန္ဓေကို နင့်ဆီကနေ ဆွဲခွာပစ်မယ်"
ထာဝရအရှင် လုယန်ကို အားကျဟန်ဖြင်တစ်ချက်ကြည့်၍ နောက်ဆုတ်သွားသည်။
"နိုင်ငံကံကြမ္မာစွမ်းအားနဲ့ ကျိန်စာကိုဖျက်လို့ရနိုင်လား"
ကောင်းကင်ရုံးတော်ဂိုဏ်း၏ တော်ဝင်သားတော်မုန်ကျင်းကျိုး မိန်းမများအနားသို့မကပ်နိုင်သည့်ကျိန်စာမိခဲ့စဉ်က နိုင်ငံ့ကံကြမ္မာစွမ်းအားဖြင့် ကျိန်စာဖျက်ခဲ့သည်ကို သူပြန်သတိရလာသည်။
ယွမ်ကျိခေါင်းငြိမ့်သည်။
"ဒါလည်း နည်းလမ်းတစ်မျိုးပဲ"
သူ့လက်ညှိုးကိုကွေးလိုက်သည်။ မြေပေါ်တွင်လူးလှိမ့်နေသည့်နိုင်ငံ့ဆရာ လေထဲသိုမြှောက်တက်လာသည်။ လူးလှိမ့်နေဆဲပင်ဖြစ်သည်။
"ငါနန်းတော်ကိုသွားမယ်။ အကျဉ်းထောင်တောင်ထိပ်မှာပဲ စောင့်နေကြပါ"
နိုင်ငံကံကြမ္မာစွမ်းအား လိုအပ်သဖြင့် စွမ်းအားရင်းမြစ်ရှိရာသို့သွားသည်က အဆင်ပြေဆုံးဖြစ်သည်။
ယွမ်ကျိ ထိုသို့မှာခဲ့ပြီး နန်းတော်သို့ထွက်သွားသည်။
အကျဉ်းထောင်တောင်ထိပ်မှ အကျဉ်းသားအားလုံး အလွန်တရာကြမ်းတမ်းရိုင်းစိုင်းကြသည်။ ကြောက်တတ်သူများဆိုလျှင် ထိုနေရာတွင် ရပ်နေရုံဖြင့် တုန်လှုပ်မိကြလိမ့်မည်။
သို့သော် လုယန် ကြောက်စိတ်လုံးဝမရှိ။ အကျဉ်းသားဟောင်းများရော အကျဉ်းသားသစ်များပါ သူ့ကိုသိကြသည်။
အကျဉ်းသားသစ်များကို သူဖမ်းခဲ့ခြင်းဖြစ်သည်။ အကျဉ်းသားဟောင်းများက သူဖမ်းခေါ်လာသည်ကို မြင်ခဲ့ကြသည်။
ကြောက်မည်ဆိုလျှင် ထိုအကျဉ်းသားများကသာ လုယန်ကိုကြောက်သင့်သည်။
လုယန်ကြားမည်စိုး၍ အကျဉ်းသားများ အချင်းချင်းတီးတိုးပြောနေကြသည်။
ထိုအကျဉ်းသားများသည် ဝိညာဉ်အဖြစ်သာ ရှိတော့သည်။ သူတို့မှော်စွမ်းအားနှင့် ဝိညာဉ်အာရုံအားလုံးကို ပိတ်ဆို့ထားသည်။ လုယန်မရိပ်မိအောင် သူတို့ချင်းပြောဆိုဆက်သွယ်နိုင်သည့် နည်းလမ်းများရှိသည်။
အကျဉ်ထောင်တောင်ထိပ်မှ အကျဉ်းခန်းများကို သန့်စင်ထားသည့် ကျောက်ရိုင်းတုံးများဖြင့် တည်ဆောက်ထားသည်။ ဝိညာဉ်များကို ပိတ်လှောင်ဖို့ အထူးတလည်ဖန်တီးထားခြင်းဖြစ်သည်။ လုံးဝဖျက်ဆီး၍မရ။
အကျဉ်းသားများက သံဘားတိုင်များကို စကားပြောသည်။ တုန်ခါမှုများမှတစ်ဆင့် ပြောလိုသည့်စကားများကို ပို့လွှတ်သည်။ ထက်မြက်သည့်ဝိညာည်အာရုံကို အသုံးချ၍ ထိုအသံလှိုင်းများကို အာရုံခံကြသည်။
"ဘုရားရေ၊ ခုန်က တိုက်ခိုက်သွားတာ မင်းမြင်လိုက်လား။ လုယန်ကို မသေမျိုးတစ်ဝက်အဆင့်စွမ်းအားရှင်က တိုက်ခိုက်တာ။ လုယန်က ပြန်တောင်မတိုက်ဘူး။ ဟိုကောင်ပဲ လဲကျသွားတယ်"
"ဒီလုယန်က ခန့်မှန်းရခက်တယ်။ ရွှေသန္ဓေအဆင့်ပဲရှိပေမယ့် သူ့စွမ်းအားအစစ်က အဲဒါထက် အများကြီးကျော်လွန်နေတယ်"
"လုယန် တာအိုလမ်းစဉ်ဂိုဏ်းထဲဝင်ပြီးကတည်းက အကျဉ်းထောင်တောင်ထိပ်မှာ အကျဉ်းသားအရေအတွက် တိုးလာတာကို မင်းတို့သတိထားမိလား။ အစက ကူးဖြတ်ခြင်းအဆင့်တွေပဲရှိတာ။ နောက်တော့ ကူးဖြတ်ခြင်းအဆင့်တွေရောက်လာတယ်။ အခု မသေမျိုးတစ်ဝက်အဆင့်တွေကိုပါ ဖမ်းခေါ်လာပြီ။ ရွှေသန္ဓေအဆင့်တစ်ယောက်က ဒါမျိုးလုပ်နိုင်လိုလ့ား"
"မသေမျိုးတစ်ဝက်အဆင့်စွမ်းအားရှင်ကို ငါ့တစ်သက် တစ်ခါမှမမြင်ဖူးဘူး။ ဒီကိုရောက်မှပဲ မြင်ဖူးတယ်"
"အခု မဟာကပ်ကို ရောက်နေပြီလား။ မသေမျိုးတစ်ဝက်အဆင့်တောင် အကျဉ်းသားဖြစ်လာပြီ"
ဆွေးနွေးလေလေ သူတို့တုန်လှုပ်မိလေဖြစ်သည်။ လုယန်သည် ခန့်မှန်းမရသည့်လူဖြစ်သည်။ လုံးဝရန်မစသင့်ဟု ယူဆကြသည်။
ကြမ်းတမ်းရက်စက်သည့် ထိုအကျဉ်းသားများ ပြောဆိုဆွေးနွေးနေသည့်ကိစ္စကို လုယန်မသိပါ။ ယွမ်ကျိမရှိချိန်ကို အခွင့်ကောင်းယူ၍ နတ်မယ်နှင့် ထိပ်တန်းလျှို့ဝှက်များကို ဆက်ဆွေးနွေးသည်။
"နတ်မယ်၊ မသေမျိုးတွေက တိုးတက်ဖို့အတွက် ကံကြမ္မာချိတ်ဆက်မှုတွေကို ဖြတ်တောက်ဖို့လိုတယ်ဆိုရင် နိုင်ငံ့ဆရာရဲ့ ကံကြမ္မာအရိယဖလက သူ့အတွက် ပိုအကျိုးပြုတဲ့သဘောပဲမဟုတ်လား"
"မသေမျိုးတွေတိုးတက်ဖို့အတွက် ကံကြမ္မာဆက်နွယ်မှုဖြတ်ဖို့လိုတယ်လို့ မဟုတ်ပါဘူး။ ဒါက ယင်ထန်မသေမျိုးတို့လူစုရဲ့ ယုံကြည်ချက်ပါ"
နတ်မယ် အလေးအနက်ထပ်ပြောသည်။
"ဟုတ်ပါပြီ။ ယင်ထန်တို့က ဒီလိုတွေးတယ်။ ဒါဆို နိုင်ငံ့ဆရာက ကံကြမ္မာအရိယဖလ တည်ဆောက်ထားတော့ ကံကြမ္မာဆက်နွယ်မှုကို သူ့စိတ်ကြိုက်ဖြတ်တောက်နိုင်မယ်မဟုတ်လား။ မသေမျိုးတွေထက် အဆင့်မြင့်သွားသလို ဖြစ်မနေဘူးလား"
နတ်မယ်ခေါင်းခါသည်။
"ဒီလုပ်ဆောင်ပုံက အဲလိုမျိုးမဟုတ်ဘူး။ နိုင်ငံဆရာ ကံကြမ္မာအရိယဖလသန္ဓေ တည်ဆောက်တဲ့အချိန်မှာ 'ကံကြမ္မာကျိုးကြောင်းဆက်စပ်မှု'စည်းမျဉ်းနဲ့ နီးနီးကပ်ကပ်ချိတ်ဆက်မိသွားတယ်။ ကံကြမ္မာအရိယဖလသန္ဓေ တည်ဆောက်ပြီးရင် ဒီစည်းမျဉ်းနှင့်သူ့ကြားက ချိတ်ဆက်မှုပိုခိုင်မာလာတယ်။ တစ်သားတည်းဖြစ်သွားတယ်။
ကျိုးကြောင်းဆက်စပ်မှုစည်းမျဉ်းနဲ့ တစ်သားတည်းဖြစ်ပြီဆိုရင် ဒီဆက်သွယ်မှုကို သူဘယ်လိုဖြတ်နိုင်မှာလဲ။
မသေမျိုးတွေက ကျိုးကြောင်းဆက်စပ်မှုကို တန်ဖိုးထားကြတယ်လို့ သူတစ်နေရာရာမှာ ကြားဖူးခဲ့တာဖြစ်မယ်။ ဒါကြောင့် ကံကြမ္မာအရိယဖလကို တည်ဆောက်ဖို့ သူကြိုးစားတာ။ ဒါဟာ အဓိကအကျဆုံးအမှားတစ်ခုဆိုတာ သူနားမလည်လူး။
မသေမျိုးဖြစ်လာဖို့ ဖြတ်လမ်းမရှိဘူး။ ဖြတ်လမ်းနည်းသုံးဖို့လည်း မဖြစ်နိုင်ဘူး။ ငါပြောခဲ့သလိုပဲလေ။ မသေမျိုးတွေရဲ့အထက်မှာ အဆင့်တွေရှိကောင်းရှိနိုင်တယ်။ ဒါပေမယ့် ငါတို့ငါးယောက်လုံး အဲဒီ့ကိစ္စကို ဘယ်သူမှအရေးမစိုက်ဖူးဘူး"
"ဘာလို့လဲ"
"မလိုအပ်လို့ပေါ့။ ငါတို့က မသေမျိုးဖြစ်နေပြီလေ။ မရေမတွက်နိုင်တဲ့သက်တမ်းနဲ့ ပြိုင်ဘက်ကင်းစွမ်းအားမျိုး ရှိနေပြီ။ ကောင်းကောင်းနေလို့ရနေပြီပဲ။ ဘာလို့ဒီထက်အဆင့်မြင့်ဖို့ ကြိုးစားနေမှာလဲ"
နတ်မယ်၏စကား အတော်သဘာဝကျသည်ဟု လုယန်ခံစားရသည်။
************************************